Saturday, January 16, 2010

စိတ်အသစ်နဲ့လူ


ဒီပို့စ်လေးကို မစခင်... တစ်ခု အရင် ပြောပြချင်ပါတယ်။ ကျွန်မရဲ့ဘလော့ဂ်မှာ "လေးစားထိုက်သူများ " ဆိုပြီး ခေါင်းစဉ် တစ်ခု ခွဲထားတာကို တွေ့ရမှာပါ။ ဒီခေါင်းစဉ်လေးရဲ့ အောက်မှာ လူတန်းစား အမျိုးမျိုး၊ အလွှာအသီးသီးက လူအမျိုးမျိုးတို့ရဲ့ လေးစားထိုက်တဲ့ အမူအကျင့်နဲ့ သူတို့ ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သူတို့လုပ်ရပ်တွေဟာ ကမ္ဘာကျော်ကောင်း ကျော်သွားလိမ့်မယ်၊ ဒါမှမဟုတ် သူတို့ ပါတ်ဝန်းကျင်မှာ မွှေးပျံ့တဲ့ဂုဏ်သတင်းကျန်ရစ်ခဲ့မယ်၊ ဒါမှမဟုတ် ဘယ်သူမှတောင်မသိလိုက်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ကျွန်မရဲ့ ရင်ထဲမှာ လေးစားလောက်တယ်.. စံနမူနာ ထားလောက်တယ်လို့ မှတ်ကျောက်တင်ခံရမယ့် သူတွေ ဖြစ်နေတာကတော့ အသေအခြာပါဘဲ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


သူကလူငယ်လေးတစ်ဦးပါ။


သူ့အသက်က၂၄နှစ်။ သူ့ဝါသနာက ဂရပ်ဖစ်ဒီဇိုင်းနာ တစ်ယောက်ဖြစ်ဖို့ပါ။ သူ့အိမ်စီးပွားရေးက သိပ်မပြေလည်လှပါဘူး။ လက်ရှိ သူအလုပ်လုပ် နေတဲ့ မြို့ထဲကရုံးမှာဘဲ ညအိပ်နေခွင့်သူရတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်းမှာရှိတဲ့သူအိမ်ကိုတော့ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေမှ သူပြန်တယ်။ အခု လက်ရှိရုံးမှာ သူ့အထက်စီနီယာတွေစီကနေ ဂရပ်ဖစ်ဒီဇိုင်းပညာကို သင်ယူနေသူတစ်ဦးပါ။ သူက နှုတ်လည်းနည်းတယ်၊ အလုပ်ကိုလည်းလေးလေး စားစားနဲ့ လုပ်တတ်လို့ လူကြီးတွေက သူ့ကိုသဘောကြတယ်။ သူ့မှာ ထူးခြားတာက ဘာသာရေးကို လေးလေးနက်နက် လုပ်တယ်။ ညနေ ၆နာရီ တစ်ကြိမ်၊ မနက် ၆နာရီတစ်ကြိမ်၊ တစ်နေ့၂ကြိမ်ရွှေတိဂုံဘုရားကို မပျက်မကွက်ပုံမှန်တက်တယ်။ သူ.. ဘုရားကိုနေ့စဉ်သွားရတဲ့အကြောင်းကို ကျွန်မဘာလို့အဓိကထား ပြောနေရသလဲဆိုတော့ ကျွန်မဒီပို့စ်လေးရေးဖြစ်တာဟာ သူဘုရားတက်ရင်းကြုံတွေ့ခဲ့ရတဲ့ကိစ္စက အဓိက အကြောင်း ရင်း ဖြစ်နေလို့ပါဘဲ။


အဲ့ဒီနေ့ညနေရုံးဆင်းချိန်နောက်ပိုင်း ထုံးစံအတိုင်းသူ ဘုရားကိုသွားခဲ့တယ်။အဲ့ဒီနေ့ကသူအဓိဋ္ဌာန်ဝင်တာရက် (၆၀)ပြည့်တဲ့နောက်ဆုံးနေ့ရက်။ ပုတီးအမြဲစိတ်နေကြ ရှင်စောပုဘုရားနားက စေတီလေးနားကိုသူဖြတ်အသွား သူ့ခြေထောက်က တစ်စုံတစ်ခုကိုတက်နင်းမိတယ်။ ကြည့်လိုက်တော့ ရွှေရောင်းဝင်းအိနေတဲ့ ကြိုးပျော့လက်ကောက်လေးတစ်ကွင်း၊ ပါတ်ဝန်းကျင်ဘယ်ညာကိုသူကြည့်လိုက်တော့ သူ့ကိုဂရုပြုမိတဲ့သူဘယ်သူမှမရှိ။ သူ့ဟာသူသတိမထားမိခင်မှာဘဲ တဖြတ်ဖြတ်လက်နေတဲ့အဖြူရောင် စိန်ပွင့် သေးသေးလေးတွေပါတဲ့ ဒီရွှေလက်ကောက်လေးကို သူ့ရှပ်အိကျီင်္ ညာဘက်  အိပ်ကပ်ထဲ ကာက်ယူထည့်လိုက်မိတယ်။ လက်ကောက်လေးက အလေးချိန် တော်တော်စီးပုံရတယ်။ အိတ်ထဲမှာ လေးပြီး အေးနေတဲ့ အတွေ့ကိုရတယ်။ ဒါပေမယ့် သူ့ရင်တွေကတော့ ရုတ်ချည်းပူလောင်လာသလို ခံစားလာရပြီး ရင်ထဲမှာလည်း တစ်ဒိတ်ဒိတ်ခုန်လာတော့တယ်။ အဓိဋ္ဌာန်ပုတီး စိတ်မယ့်နေရာရောက်တော့ ထုံးစံအတိုင်းဘုရားရှိခိုးပြီးတော့ ပုတီးစစိတ်တယ်။ ဒါပေမယ့် အိတ်ကပ်ထဲက လက်ကောက်လေးက သူ့အာရုံကို ရှုပ်ထွေးအောင် တော်တော်လုပ်နေပါပြီ။ သူ..စိတ်ပုတီးထဲ အာရုံနှစ်ထဲ့ကြည့်တယ်။ မရဘူး။ သူ့အတွေးတွေက လက်ကောက်လေး ဘယ်လောက်တန်ကြေးရှိမလည်း တွေးနေမိပြီ။ သူ.. စိတ်ပုတီးဆီ အာရုံပြန်နှစ်တယ်။ မရပါဘူး။ အတွေးတွေက အိတ်ကပ်ထဲက လက်ကောက်လေး ဆီမှာဘဲ တစ်ဝဲလည်လည် ဖြစ်နေတယ်။ ပြန်ရောင်းရင် တော်တော်ရမှာ..။ အင်း.. ကွန်ပြူတာလေးတစ်လုံးလောက် အပိုင်ဝယ်ချင်နေတာနဲ့ အတော် ပဲ။ ဟာ...ငါ့စိတ်တွေမဟုတ်သေးပါဘူး.. ဆိုပြီး အာရုံကို ပြန်စုစည်း.. စိတ်ပုတီးထဲမှာ အာရုံပြန်ထည့်။ သူဘယ်လိုဘဲ အကြိမ်ကြိမ် ကြိုးစားပေမယ့် အချည်းနှီးပါဘဲ။ အဆုံးတော့ သူစဉ်းစားပြီး ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်တယ်။


အင်း.. ဒီနေ့ဟာ ငါအဓိဋ္ဌာန်ဝင်တာ နောက်ဆုံးရက်။ ဒါတွေဟာ အနှောက်ယှက်တွေ။ ငါ့သမာဓိကို စမ်းနေပြီ။ ငါ့ရဲ့ ရိုးသားတဲ့စိတ်ကို ဒီလက် ကောက် လေးတစ်ကွင်းနဲ့ ငါမလဲလှယ်နိုင်ဘူး။ ငါ့စိတ်တွေတောင် ဒီလောက်ပူလောင်နေရရင် ပစ္စည်းပိုင်ရှင်ဆို ဘယ်လောက်များ သောကရောက် နေရှာမလည်း။ အဓိဋ္ဌာန်ပုတီးက အချိန်နဲ့ စိတ်ရတာဆိုတော့ ပုတီးစိတ်ပြီးတာနဲ့ ပိုင်ရှင်ကို ငါတွေ့အောင်ရှာပြီး ပြန်ပေးရမယ်။


သူ.. ဒီလို စိတ်နှလုံးဒုံးဒုံးလည်း ချလိုက်ရော.. အံ့သြစရာ.. သူဟာ ပုတီးကို အနှောက်ယှက်ကင်းစွာနဲ့ ပြီးဆုံးတဲ့အထိ စိတ်လိုက်နိုင်တယ်။ အပြီးမှာ တော့ သူဟာ ဘုရားပေါ်က ရှိသမျှ တန်ဆောင်းတွေစီ တစ်ခုဝင် တစ်ခုထွက်နဲ့ လက်ကောက်ပိုင်ရှင် ရှာပုံတော်ဖွင့်ပါတော့တယ်။ ဒီလိုနဲ့ ရှာလာလိုက် တာ တနင်္ဂနွေထောင့်မှာရှိတဲ့ မင်းကွန်းခေါင်းလောင်းကြီးရှိရာ တန်ဆောင်းလည်း ရောက်ရော အသက် ၄၀၀န်းကျင် အမျိုးသမီးတစ်စု ဆူဆူညံညံ နဲ့ဟိုဟိုဒီဒီ ရှာနေတာတွေ့လိုက်ရတယ်။ ကံကောင်းထောက်မစွာ သူတို့ထဲက တစ်ယောက်ဟာ လက်ကောက်ပိုင်ရှင် ဖြစ်နေတယ်။ ပိုင်ရှင်ဖြစ်သူဟာ ဆရာမတစ်ဦးဖြစ်ပြီး နယ်ကနေ ရန်ကုန်ရောက်နေသူ တစ်ဦးလည်းဖြစ်တယ်။


သူက "  ပစ္စည်းတစ်ခုခုများ ပျောက်နေသလားခင်ဗျာ.. "လို့ မေးတော့ ကြိုးပျော့လက်ကောက်တစ်ကွင်း ဘုရားပေါ်မှာ ပျောက်သွားခဲ့ကြောင်း၊ တန်ဘိုး ရှစ်သိန်းခန့်တန်ကြောင်း၊ အခု ဆွဲထားတဲ့ဆွဲကြိုးနဲ့ ဒီဇိုင်းတစ်မျိုးထဲ ဖြစ်ကြောင်း၊ မိဘအမွေအနှစ်ဖြစ်လို့ နှမြောမိကြောင်း ပြောပြတယ်။ ဒါနဲ့သူလည်း အိတ်ကပ်ထဲက ဒီဇိုင်းတူ ကြိုးပျော့လက်ကောက်ကို ထုတ်ပေးလိုက်တယ်။ ဆရာမခမျာ ၀မ်းသာလွန်းလို့ ကျေးဇူးတင်စကားကို ဗလုံး ဗထွေး ပြောရှာတယ်။ နောက်.. သူ့ကို ကျေးဇူးဆပ်ပါရစေဆိုပြီး လက်ကိုင်အိတ်ထဲက တစ်ထောင်တန် ငွေစက္ကူတစ်အုပ် ချက်ခြင်းထုတ်ပေးတယ်။ လက်ခံဘို့လည်း အတင်းတိုက်တွန်းတယ်။ သူ့ရဲ့ကိုယ်ကျင့်တရားကို ငွေတစ်သိန်းနဲ့ သူတန်ဖိုးမဖြတ်ရက်ဘူး။ ဒါကြောင့် ယဉ်ကျေးစွာနဲ့ဘဲ သူငြင်း ပယ်လိုက်တယ်။ တန်ဆောင်းထဲက ထွက်လာတော့ သူ့ကို ဆရာမနဲ့အဖွဲ့က တအံ့တသြကြည့်ရင်း ကျန်ခဲ့ကြတယ်။


လမ်းလျှောက်လာတဲ့ သူ့ခြေဖ၀ါးနဲ့ ရင်ပြင်တော်က.. စကျင်ကြွေပြားခင်းလမ်းနဲ့.. ထိတိုင်းထိတိုင်းမှာ အေးမြမှုကို ခံစားသိနေတယ်။ သူ့ရင်ထဲမှာ လည်း အတိုင်းမသိ အေးချမ်းနေတယ်။ အမည်မဖော်နိုင်တဲ့ပီတိကို စားသုံးခွင့် ရလိုက်လို့ပေါ့။ ကားမှတ်တိုင်ရောက်တော့ အိတ်ကပ်ထဲက ဘတ်(စ) ကားခကို သူထုတ်လိုက်တယ်။ သူ့လက်ထဲမှာတော့ ငါးရာတန်တစ်ရွက်နဲ့ငွေစက္ကူအကြွေအချို့သာ...။


သူ့နာမည်ကို ကိုပိုင် လို့ဘဲမှတ်ထားပေးပါ။ ဒီအကြောင်းလေးကို ကိုပိုင့်ရုံးက ဆရာကိုယ်တိုင်ပြောပြလို့သိခွင့်ရခဲ့တာပါ။ သူ့လို ကိုယ်ကျင့်တရား ကောင်းသူ၊ လောဘစိတ်ကို ချုပ်ထိမ်းနိုင်သူဟာ ရှိတော့ရှိတယ်။ ရှားပါတယ်။ ဒီအကြောင်းလေးကို ကျွန်မဘလော့ဂ်ရဲ့ လေးစားထိုက်သူများ ခေါင်းစဉ် အောက်မှာ ထည့်ဘို့ ဆုံးဖြတ်လိုက်မိပါတယ်။ သူ့ကို ခွင့်မတောင်းဘဲ ရေးမိပေမယ့် ကိုပိုင်သိရင်ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။



ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

1 comments:

မောင်ဘကြိုင် said...

ခဏတာအချိန်လေးတွင်းမှာ သူ့စိတ်ကိုနိုင်သွားတယ်နော် အားကျစရာ အတုယူစရာပါ ကိုယ့်လိပ်ပြာ ကိုယ့်လန့်ပြီး သန့်အောင် ကြိုးစားသူကို တကယ်လေးစားမိတယ်ခင်ဗျာ
တကယ်လေးစားမိပါတယ်

Post a Comment