Thursday, January 21, 2010

နွေးထွေးတဲ့ကြိုဆိုမှု


ကျွန်မဟာ ကားပေါ်ကို ပစ္စည်းတွေတင်နေရာက ” အခုပြောင်းမယ့် နေရာမှာ မပျော်ရင်ဘယ်လိုလုပ်မလည်း” ဆိုပြီး စိုးရိမ်စိတ်နဲ့ တွေးပူနေမိတယ်။ ” အိမ်နီးချင်းတွေ မကောင်းရင် ခက်တော့မယ်။ ဒီမှာ ကျန်ရစ်ခဲ့တဲ့ ဆွေမျိုးတွေ မိတ်ဆွေတွေကိုတော့ သတိရ အောက်မေ့ နေတော့မှာဘဲ” လို့လည်း စဉ်းစားနေမိပြန်တယ်။


ကျွန်မရဲ့ ခင်ပွန်း ဘင်န်က နှစ်သိမ့် အားပေးရှာတယ်။ အခုလက်ရှိနေနေတဲ့ ၀ိုလန်ဂေါင် ကနေ ပြောင်းရွှေ့နေထိုင်ကြမယ့် ဘရွတ်ဘေး က နေအိမ်က လွန်ခဲ့တဲ့ ၈နှစ်ထဲက ၀ယ်ယူထားတဲ့ အိမ်ပါ။ ဘင်န်ကတော့ ဒီအိမ်လေးက နေချင်စဖွယ်လေးပါလို့ ပြောရှာပါတယ်။


ပြောင်းမယ့်နေ့မှာ ကျွန်မ သူငယ်ချင်း ဘက်တီက ကားမောင်း ပို့ပေးမယ်ဆိုလို့ စိတ်သက်သာရာ ရပါတယ်။ ဘင်န်ကတော့ အိမ်ထောင်ပစ္စည်းများ ကို သူ့ရဲ့ ရွက်လှေအဟောင်းလေးနဲ့ ရေလမ်းက သယ်လာမယ့် အတွက် ကျွန်မနဲ့ ဘက်တီရောက်ပြီး ရက်အနည်းငယ်ကြာမှ သူက ဘရွတ်ဘေးကို ရောက်လာမှာပါ။


ကျွန်မတို့ အိမ်လေးက မရောက်တာ ကြာပေမယ့် ချစ်စရာအိမ်ကလေး ဖြစ်ကြောင်းနဲ့ တောတောင်သဘာဝ သာယာလှပကြောင်းကို လမ်းတစ် လျှောက်လုံး ဘက်တီကို ပြောပြလာခဲ့တယ်။


အိမ်အသစ်ကိုရောက်တော့ မျှော်လင့်ထား သလိုမဟုတ်ဘဲ စိတ်ပျက်ရပါတော့တယ်။ ပြတင်းမှန်တွေက ကွဲလိုကွဲ၊ ရေမြောင်းတွေက ပိတ်ဆို့၊ ခြံထဲမှာ လည်း မြက်တွေက တောထလို့၊ အိမ်သော့ခလောက်တောင် သံချေးတက်လို့ အတော် ခက်ခက်ခဲခဲ ဖွင့်ယူရတယ်။


ဘက်တီက ” နင်ပြောတော့ အိမ်လေးက အိပ်မက်ထဲက အမိုက်စားလေးဆို၊ ခုတော့ အိပ်မက်ဆိုးတွေ မက်ကုန်တော့မှာပဲ ” လို့ ကျီစယ်တော့တာ ပေါ့။

ကျွန်မက ” ကော်ဖီဖျော် သောက်ရအောင် ” လို့ ပြောပြီး ရေဘုံဘိုင်ကို ဖွင့်လိုက်တော့ ပိုက်လိုင်းတွေက ပြုတ်ထွက်နေပြီး ရေပန့်ကလည်း အလုပ် မလုပ်။ ရေမရှိရင် မဖြစ်တော့ အနီးဆုံး အိမ်ကိုသွားပြိး တံခါးခေါက်လိုက်တော့ လူလတ်ပိုင်း တစ်ယောက် ထွက်လာပါတယ်။  ” ဟဲလို.. ကျွန်မက မာဂရက်ပါ။ ရှင့်ကို အနှောက်အယှက် ပေးမိတာ တောင်းပန်ပါတယ် ” လို့ ကျွန်မက နှုတ်ဆက်လိုက်တယ်။ သူက လှိုက်လှိုက်လှဲလှဲ ပြုံးပြပြီး ” ကျွန်တော် က စတန်ပါ။ ကိစ္စမရှိပါဘူးဗျာ..။ အနှောက်အယှက် မဖြစ်ပါဘူး ” လို့ပြောပါတယ်။


ဒီလိုနဲ့ စတန်က အိမ်မှာ ရေရအောင် ပိုက်လိုင်းများ ပြင်ဆင်ပေးပြီး ကားပေါ်က ပစ္စည်းတွေကိုလည်း ၀ိုင်းသယ်ချပေးတယ်။ ကျွန်မက ကျေးဇူးတင် ကြောင်း ပြောပြတော့ ” စိတ်ထဲမှာ ဘယ်လိုမှ မထားပါနဲ့။ အိမ်နီးချင်းဆိုတာ ဒီလိုနေရာမှာ ကူညီဖို့ အတွက်မဟုတ်ဘူးလားခင်ဗျာ ” လို့ ပြောသွား ပါတယ်။


အနီးဆုံး မြို့လေးဖြစ်တဲ့ ဂျီဗက်ကို စားသောက်စရာတွေ ဘက်တီနဲ့ အတူ သွားဝယ်ဖြစ်ပါတယ်။ မြို့ကြီးပြကြီးမှာ အနေများခဲ့တဲ့ ကျွန်မတို့ကို ဆိုင်ထဲကလူတွေ ပွင်လင်းတဲ့ အကြည့်တွေနဲ့ စူးစူးဝါးဝါး ကြည့်နေကြတော့ ကျွန်မတို့ အနေရခက်နေမိပါတယ်။


ဆိုင်ရှင်က ဖော်ရွေစွာနဲ့ ” ဘရွတ်ဘေးကို ပြောင်းလာတဲ့ လူသစ်တွေထင်တယ်။ အဆင်ပြေရဲ့လား။ ကူညီဘို့လိုရင် လှမ်းသာ အကြောင်းကြား လိုက်နော် ” လို့ပြောရှာပါတယ်။ သူကို လေးလေးစားစားနဲ့ ကျေးဇူးတင်ကြောင်း ကျွန်မ ပြန်ပြောလိုက်ပါတယ်။ မြို့ကြီးတွေမှာလို ဈေးဝယ်လာသူလို မဆက်ဆံဘဲ လူလူချင်း စာနာတဲ့စိတ်နဲ့ ဆက်ဆံလိုက်ပုံက မြို့နေ လူတန်းစား ကျွန်မတို့အတွက် တမူထူး နေပါတော့တယ်။



နောက်နေ့ ဘေးခြံက စတန် ရောက်လာပါတယ်။ အခုတစ်ကြိမ်မှာတော့ မြို့ထဲက လူတချို့ပါ ပါလာပါတယ်။ ခဏတာ အချိန်အတွင်းမှာ ကျွန်မခြံထဲ မှာ မြက်ရိပ်ပြီး ခြံရှင်းသူကရှင်း၊ ထင်းခုတ်ပေးသူကထင်းခုတ်၊ ခြံထဲက သစ်သီးဝလံ ခူးယူသူကခူးယူ၊ အိမ်သန့်ရှင်းရေး လုပ်ပေးသူကလုပ်နဲ့ စည်ကား သိုက်မြိုက်နေပါတော့တယ်။


အလုပ်တွေ ပြီးသွားတော့ ကျွန်မက ” ဘယ်လောက် ရှင်းပေးရမလည်းရှင် ” လို့ မေးလိုက်တာကို နားမလည်နိုင်သလို ကြည့်နေကြပြီး ” တစ်ပြားမှ မပေးရပါဘူးဗျာ။ ကျွန်တော်တို့က သာယာလှပတဲ့ ကျွန်တော်တို့ နယ်လေးကို ခုလို လူသစ်တွေ ပြောင်းလာတိုင်း ကြိုဆိုနေကြပါ။ နောင်လည်း ကျွန်တော်တို့ကို ခိုင်းစရာရှိရင် လှမ်းခေါ်ဖို့ ၀န်မလေးပါနဲ့နော် ” ..လို့ ပြောသွားကြပါတယ်။


ကျွန်တို့ ရောက်ပြီး တစ်ပတ် အကြာမှာ ကမ်းခြေစောင့်ရဲက အကြောင်းကြားလာပါတယ်။ ခင်ပွန်းဖြစ်သူ ဘင်န်ရဲ့ ရွက်လှေမှာ လမ်းခရီးမှာ မုန်တိုင်း မိပြီး ရေဒီယို အဆက်အသွယ်ပြတ်တောက်သွားတယ် လို့ သိရပါတယ်။ ကျွန်မကတော့ ကမ္ဘာကြီး ပြိုလဲသွားသလို ခံစားလိုက်ရပါ တော့တယ်။


ဒါပေမယ့် သိလျှငိသိခြင်း အိမ်နီးနားချင်းတွေ ချက်ချင်း ရောက်လာကြပြီး အစားအသောက်တွေ ပို့ကြ၊ နှစ်သိမ့်အားပေးကြနဲ့၊ လိုလေသေးမရှိ ကူညီထောက်ပံ့ကြလို့ စိတ်သက်သာရာ ရရပါတယ်။ နောက်လေး ငါးရက်နေတော့ ဘင်န်တစ်ယောက် ဘေးအ န္တရယ်က လွတ်ကင်းသွားပြီဖြစ် ကြောင်း သတင်းကောင်း ကြားရပါတယ်။ ဒီလိုနဲ့ ၀ိုလန်ဂေါင်က ထွက်ခွာလာပြီး နှစ်ပတ် အကြာမှာ ကျွန်မတို့နှစ်ဦး ပြန်လည်တွေ့ဆုံခွင့် ရခဲ့ပါတယ်။



ကျွန်မတို့ ခြံနဲ့ အိမ်လေးပါ သပ်ယပ် လှပနေတာကို ဘင်န်မြင်ရတော့ ” ဒါတွေ မင်းတစ်ယောက်ထဲ ဖြစ်အောင် လုပ်ထားတာလား” လို့ အံ့သြတကြီး မေးရှာတယ်။ တဘက်ခြံက စတန်တစ်ယောက် ကြက်ဥတွေ ထည့်ထားတဲ့ ခြင်းကိုဆွဲပြီး ခြံထဲလှမ်းဝင်လာတာ တွေ့တော့ ကျွန်မက ဘင်န် ကို လှိုက်လှဲစွာ ခုလိုပြောလိုက်မိတယ်။


” ကိုယ်တို့ မိတ်ဆွေအသစ်တွေ ရဲ့ အကူအညီတွေကြောင့်ပေါ့ “


ကျွန်မတို့ ဘ၀တွေမှာလည်း ဒီလိုနွေးထွေးတဲ့ အကူအညီတွေ မကြာခဏ ရတတ်ပါတယ်။ ကိုယ်တိုင်လည်း ဒီလို အကူအညီမျိုးတွေ ပေးခွင့်ရခဲ့ ဘူးပါတယ်။ တခြားမကြည့်ပါနဲ့။ အခု ကျွန်မရဲ့ ဒီဘလော့ဂ်လေး ဖြစ်တည်လာရတာဘဲကြည့်။ ကျွန်မကို မြင်ဘူးတဲ့ သူတွေရော၊ မမြင်ဘူးတဲ့ သူတွေ ရော၊ ဆိုလိုတာက ဒီဘလော့ဂ် စဖြစ်တည်လာအောင် ပံ့ပိုးပေးသူတွေ အားလုံး၊ နောက် စာဖတ်သူ မိတ်ဆွေများ အားလုံးရဲ့ အားပေးစကား..။ သူတို့ အားလုံး နွေးထွေးစွာ ၀ိုင်းဝန်း ကူညီကြလို့ ခုလို ထိုက်သင့်တဲ့ ဘလော့ဂ်လေးတစ်ခု အချိန်တို အတွင်းမှာ လည်ပတ်နေနိုင်ခဲ့ရခြင်းပါ။ ဒီအတွက် ဒီဆောင်းပါးလေးကနေဘဲ အားလုံးကို ကျေးဇူးစကားထပ်လောင်း ပြောကြားပါရစေရှင်။

That’s Lifeမှ Margaretရဲ့ This is how to say welcome ကို ဆီလျှော်အောင် ပြန်ဆိုထားတာပါရှင်။





ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

0 comments:

Post a Comment