
” ကျွန်တော်ဟာ သတင်းထောက်တစ်ဦး ဖြစ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် ဒီအလုပ်က ကျွန်တော် တကယ် လုပ်ချင်တဲ့ အလုပ်မဟုတ်ဘူးဆိုတာသိလိုက်ရ ချိန်က စပြီး ဒီအလုပ်ကို ရပ်ခဲ့ပါတယ်။ “
သတင်းထောက်ဘ၀မှာ သတင်းဦးရဖို့ နေ့မအိပ် ညမအိပ် ပူပန်ခဲ့ရ။ သတင်းတွေနောက် အူယားဖားယားလိုက်ခဲ့ရ၊ ကျည်ဆံတွေကြားထဲလည်း အသည်းတယားယား သွားခဲ့ရ၊ ပြိုင်ဘက်များက သတင်းဦးမှာကိုလည်း ကြောင့်ကျ စိတ်ပူရ၊ သတင်းတွေ အချိန်မှီ ပါဖို့လည်း ဖုတ်ပူမီးတိုက် စီစဉ်ရနဲ့။ နောက်ဆုံး ဒီအလုပ်ကို သူစွန့်ခွာလိုက်တော့တယ်။
၁၉၆၆ ခုနှစ်မှာ CBSရုပ်သံအကြီးအမှူး ဖရဒ်ဖရင်းဒ်လီကို ချဉ်းကပ်ပြီး သူ့ကို နယ်ဘက်ကို သတင်း သွားယူခွင့်ပေးဘို့ ခွင့်တောင်းခဲ့တယ်။ ဒါနဲ့ သူ့ကို ဗီယက်နမ်မှာ သတင်းသွားယူဘို့စေလွှတ်တာ ခံလိုက်ရတယ်။ အမှန်က အဲ့ဒီအချိန်က သူ ဗီယက်နမ်က ပြန်ရောက်တာ ကြာပင်မကြာ လှသေး။ နောက်တစ်ခေါက် ထပ်မသွားပါရစေနဲ့တော့လို့ ပြောတော့ သူ့ကို မြောက်ဝင်ရိုးစွန်းကို စေလွှတ်ပြန်တယ်။ ဒီလိုနဲ့ မြောက်ဝန်ရိုးစွန်းမှာ သတင်းတွေ သွားယူရပြန်ပါရော။ မြောက်ဝန်ရိုးစွန်းကပြန်လာတော့ သတင်းနဲ့ပတ်သက်ပြီးခေါင်းမာတဲ့ သူ့ရဲ့လုပ်ဖော် ဖရဒ်ဖရင်းဒ်လီက သတင်း ကိစ္စ အငြင်းအခုန်ဖြစ်ရာမှ CBS ကနေ အလုပ်ထွက် လိုက်ကြောင်း သိရလိုက်တယ်။ သူ့နေရာကို ရဒ်ချတ်အက်စလန်ရောက်လာတယ်။ ချားလ်စ်က စလန့်ကို ၀င်တွေ့တယ်။
” ကျွန်တော် နယ်ကိုသွားလို့ မရဘူးလားခင်ဗျာ။ နယ်ကနေ သတင်းတွေကို ကျွန်တော်ပို့ပေးပါ့မယ် “
ရဒ်ချတ်အက်စလန်လည်း များပြားလှတဲ့ အလုပ်တွေ စုပုံနေတဲ့ သူ့စားပွဲက ခေါင်းပင်မဖော်တော့ဘဲ “ ကောင်းပြီ.. သွား.. ငွေတော့ သိပ်မကုန်စေနဲ့ ” လို့ပြောလိုက်တယ်။ ချားလ်စ်လည်း သူစိတ်မပြောင်းခင် တချိုးထဲ နယ်ကို လစ်တော့တယ်။

အဲ့ဒီအချိန်က စပြီးတော့ ချားလ်စ်ဟာ စိတ်ကူးရရာ ပြည်တွင်းဒေသ အသီးသီးက လှည့်လည်သွား ရောက်ပြီး လူအများနဲ့ တွေ့ဆုံကာ သတင်းများ စတင်ရိုက်ကူး ရေးသားတော့တယ်။ လမ်းခရီးမှာ တွေ့တဲ့ နေရာတိုင်းမှာ ရပ်နားပြီး သတင်းရှာတယ်။ CBSက ချားလ်စ်နဲ့ အဖွဲ့ရဲ့ စားရိတ်အားလုံးကို အကုန်အကျခံတယ်။ သူတို့ သတင်းဌာနမှာ နိုင်ငံရေး၊ စစ်ရေး၊ ကပ်အမျိုးမျိုး ဆိုက်ရောက်ပုံ သတင်းတွေကိုသာ စိတ်ဝင်စားနေကြတော့ ချားလ်စ် ဘယ်ရောက် နေ တယ်ဆိုတာကို သူတို့မသိ။ စိတ်မ၀င်စား။
ချားလ်စ်ဟာ တစ်နေရာမှ တစ်နေရာကို ဖြေးဖြေးပင်သွားရောက် သတင်းတွေယူတယ်။ တောလမ်းတွေကို ရွေးသွားတယ်။ လူအများနဲ့ ဆုံတွေ့ပြီး စကားတွေ အများကြီးပြောဖြစ်တယ်။ တောခြေတောင်ခြေကို ကြည့်တယ်.။ ရာသီဥတု အပြောင်းအလဲတွေကို ခံစားတယ်။ အပတ်စဉ် စနေ၊ တနင်္ဂနွေသာ နယူးယောက်က သူ့အိမ်ကို ပြန်တယ်။ CBSရဲ့ “ တနင်္ဂနွေ မနက်ခင်း အစီအစဉ် ” မှာလည်း အစီအစဉ်မှူးအဖြစ် တာဝန်ယူထားရ သေးတယ်။
အဲ့ဒီလို အစီအစဉ်မှူး လို့ခေါ်တဲ့ သတင်းကိုင်သူ အလုပ်ဟာ သူ့အတွက် အံဝင်ခြင်း မရှိဘူးလို့ သူထင်တယ်။ တယ်လီဗီးရှင်း ဖန်သားပြင်ပေါ်က သူ့ရုပ်က သတင်းကြေငြာသူ တစ်ယောက်ပုံမပေါက်။ လမ်းပေါ်မှာ သတင်းယူရတာကိုသာ သူနှစ်ခြိုက်တဲ့သူ။ ၀ဖိုင့်တဲ့ ခန္ဓာကိုယ်နဲ့ ထိပ်ပြောင်နေ တဲ့ သူ့ပုံစံက သာမန်လူတွေ အတွက်ဘဲဖြစ်တယ်လို့ သူထင်တယ်။
ရယ်စရာပြောရရင် လမ်းပေါ်က အစီအစဉ်တစ်ခုအတွက် အီလီနွိုက်က ၀က်မွေးမြူရေး သမားကို မေးမြန်းပြီး သူတို့အဖွဲ့ ကင်မရာချိန်၊ မီးထိုး၊ အသံဖမ်းစက်ပြင်တော့ ပထမ ထိုလူကငြင်းဆန်သေးတယ်။ နောက် ချားလ်စ်ရဲ့ ရုပ်သွင်ကို မြင်မှ အင်း.. သူ့ရုပ်တောင် တယ်လီဗီးရှင်းမှာ ပါခဲ့ရ သေးတာ ငါရုပ်က သူ့ထက်သာပါသေးတယ်.. ဆိုပြီး နောက်ဆုံး ရိုက်ခွင့်ရလိုက်ဘူးတယ်။
လမ်းပေါ်မှာ ရုပ်မြင်သံကြား ရိုက်ကူးရေးအတွက် သူနဲ့ အတွဲညီခဲ့သူတွေကတော့ အစ်ဇီလို့ခေါ်တဲ့ ကင်မရာဆရာနဲ့ လယ်ရီလို့ခေါ်တဲ့ အသံဖမ်း ဆရာဘဲ ဖြစ်တယ်။ သူတို့ဟာ ချားလ်စ်ရဲ့ သူငယ်ချင်းများလည်း ဖြစ်ကြတယ်။ သူတို့နှစ်ယောက်ဟာ ချားလ်စ်နဲ့ အတူ အကောင်းဆုံး အရုပ် အသံ များရအောင် ပါဝင် ပူးပေါင်းခဲ့ကြသူများဖြစ်တယ်။

ချားလ်စ်က အခုလိုပြောတယ်။ ” ကျွန်တော်တို့ အခုလုပ်နေ တာက အကောင်းဆုံး ရုပ်မြင်သံကြား သတင်းစာ အတတ်ပညာဘဲ ။ ကျွန်တော်တို့ ကိုယ်တိုင် ခံစားပြီးမှလုပ်ခဲ့တာပါ “မနက်မိုး လင်းတာနဲ့ ချားလ်စ်နဲ့ အဖွဲ့ဟာ ကားလမ်းမပေါ် ရောက်နေကြပါပြီ။ အစ်ဇီမောင်းတဲ့ ကားပေါ်မှာ လယ်ရီက သူ့အသံဖမ်း ကရိယာတွေကို ကလိနေတယ်။ ချားလ်စ်ကတော့ ဒီနေ့ ဘယ်ကိုသွားရပါ့ဆိုပြီး လမ်းညွှန်မြေပုံကြည့် နေတယ်။ သူတို့ဟာ သတင်းဆောင်းပါးရှိနိုင်မယ့် နေရာကိုဦးတည်သွားနေကြတယ်။ ဒါပေမယ့် အဲ့ဒီနေရာ မရောက်ခင် ပိုစိတ်ဝင်စားဘွယ် သတင်းတစ်ခု ခလုပ်တိုက်မိ ရင်တော့ သူတို့ခြေဦးက အဲ့ဒီသတင်းနောက်ကို လိုက်ပြီပေါ့။ စိတ်ဝင်စားစရာ သတင်းတွေ ခလုပ်တိုက်မိဘို့ ချားလ်စ်က အမြဲဆုတောင်းမိတယ်။
ကားလမ်းမကြီးက ရှည်လျားလှတယ်။ ဒီနေ့ည သူတို့ ဘယ်နေရာမှာ အိပ်ရမယ်ဆိုတာကို မသိသေးဘူး။ သူက လမ်းမပေါ်မှာ ရှိမနေရင် နယူးယောက်က သူ့အိမ်မှာ အမြဲရှိနေသူပါ။
သူ့ကို ချားလ်စ်ကုရော့လို့ခေါ်ပါတယ်။ CBSသတင်းဌာနကပါ။ ချားလ်စ်ကုရော့ဟာ CBS ရုပ်မြင်သံကြားဌာနရဲ့ ညနေသတင်းကဏ္ဍ၊ သတင်း ကြေညာသူနဲ့ CBMသတင်းဌာနရဲ့ အစီအစဉ်မှူး တစ်ဦးဖြစ်ခဲ့တယ်။ သတင်းထောက်အနေနဲ့ ကမ္ဘာအနှံ့ရောက်ခဲ့သူပါ။ ၁၉၆၇ ခုနှစ်မှာ နိုင်ငံ အနှံ့အပြားကို သွားပြီး သတင်းဆောင်းပါးများ ထုတ်ယူခဲ့ သူဖြစ်ပါတယ်။ သူနဲ့ သူ့အဖွဲ့ဟာ ဆောင်းပါး တွေရဘို့ခရီးမိုင် သောင်းချီသွားခဲ့ပါတယ်။ အမ်မီဆု၂ဆု၊ ဂျော့ဖော်စတာပီးဘော်ဒီ ဆု၂ဆု အသီးသီးရခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ နိုင်ငံတကာ ရေဒီယိုနဲ့ တယ်လီဗီးရှင်း အသင်းကြီးကနေ ” တစ်နှစ် အတွင်း အကောင်းဆုံး သတင်းဖြန့်ချိသူ” အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသူဖြစ်တယ်။ သူရေးခဲ့တဲ့ ထင်ရှားတဲ့ စာအုပ်၂အုပ်ကတော့ To the Top of the World နဲ့ Dateline America စာအုပ်များ ဖြစ်ကြတယ်။

ဒီဆောင်းပါးကို ကျွန်မ အရင်ရေးပြီး စာဖတ်သူတွေကို ချားလ်စ်ကုရော့ နဲ့ မိတ်ဆက် ပေးမလို့ပါဘဲ။ ကျွန်မရဲ့ ရှားပါးတဲ့ အချိန်တွေကြောင့် သူရဲ့ သတင်းဆောင်းပါလေးတစ်ပုဒ် ဖြစ်တဲ့ ” ကလေးတို့ရဲ့ စက်ဘီး ဆရာ” ကို ဘလော့ဂ်မှာ အရင် တင်ဖြစ်သွားရပါတယ်။ လမ်းပေါ်က ရရှိခဲ့တဲ့ သူ့ဆောင်းပါးလေးတွေက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပြည်သူတွေရဲ့ ဘ၀ထဲအထိ တိုးဝင်ပြီး သာမန် မထင်မရှား လူတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ဘ၀ကို အများသိအောင် အခုလို တင်ပြပေးနေတာ ချီးကျူးစရာပါရှင်။ ကျွန်မလည်း သူ့ရဲ့ပြုမူလုပ်ဆောင်ချက်လေးတွေကို အရမ်းကို အားကျမိပါတယ်။ အခွင့်အရေးများရမယ်ဆိုရင် လုပ်ချင်စမ်းပါဘိ။ ကျွန်မလေးစားရတဲ့ဆရာကြီး စိန်ခင်မောင်ရီလည်း သူ့ရဲ့ ဆောင်းပါးများကို ပြန်ဆိုခဲ့ဘူးတယ်လို့ ကြားသိရပါတယ်။ ကျန်ရှိတဲ့ သူ့ဆောင်းပါးတွေ ကိုလည်း သူ့ရဲ့ On The Road With Charles Kuralt စာအုပ်ကနေ ကျွန်မခံစား လို့ရသလို ပြန်ဆို ဖော်ပြ ပေးသွားပါမယ်ရှင်။
မှတ်ချက် ။ 20 January 2010 မှ ပို့စ်အဟောင်းလေးအား ပြန်လည်သိမ်းဆည်းခြင်း။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment