Tuesday, January 26, 2010

ရေဘ၀ဲ တစ်ကောင်ရဲ့ နိဂုံး


ရေဘ၀ဲဆိုတာ စုပ်ခွက်တွေ အများကြီးပါတဲ့ ခြေ(၈)ချောင်းရှိတဲ့ ပင်လယ်ထဲမှာ နေထိုင်တဲ့သတ္တ၀ါပါ။ အကောင်အကြီးကြီးတွေ ဆိုရင် ပေါင်၇၀ လောက် အထိလေးပါတယ်။ ဒါပေမယ့် အကောင် ဘယ်လောက် ကြီးကြီး သူ့ခန္ဓာကိုယ်က အရမ်းကို ပျော့ပျောင်း လွန်းတယ်။ ဘယ်လောက်တောင် ပျော့ပျောင်းလွန်းလဲဆို သူသွားချင်တဲ့ ဘယ်နေရာမျိုးကိုမဆို ဘယ်လောက်ကျဉ်းကျဉ်း တိုးဝင်နိုင်တဲ့ အထိ ပျော့ပျောင်းလှတယ်။


ရေဘ၀ဲမှာ ကျောရိုးမရှိဘူး။ ဒါကြောင့် ကျပ်စေ့အ၀ိုင်းလောက် အပေါက်လေးကိုတောင် သူတို့ခန္ဓာကိုယ်ကြီးနဲ့ တိုးဝင်နေနိုင်တယ်။ သူတို့ အနှစ် သက်ဆုံးက ပင်လယ်ခရုခွံ အလွတ်တွေထဲမှာ တိုးဝင်ပုန်းနေပြီး ဘေးနားက ဖြတ်သန်း ကူးခတ်သွားတဲ့ ငါး၊ ပုဇွန်တွေရဲ့ ခေါင်းကို သူ့တို့ရဲ့ လက်တံ လေး တွေကိုထုတ်ပြီး ဖမ်းယူကိုက်ဖြတ်၊ ပြီးရင်တော့ သူတို့ရဲ့ အဆိပ်ရည်တွေနဲ့ ထိတွေ့ မူးမေ့စေပြီးမှ သေဆုံးသွားတာနဲ့ အလွယ်တကူ မြိန်ရေ ယှက်ရေ စားတော့တာပါဘဲ။ ဒါကြောင့် ပင်လယ် သမုဒ္ဒရာထဲမှာတော့ ရေဘ၀ဲဆိုတာ တခြားသတ္တ၀ါတွေ အတွက် ကြောက်စရာ အကောင်းဆုံး သတ္တ၀ါထဲမှာ အပါအ၀င်ဘဲပေါ့။


ဒါပေမယ့် ကျွန်မတို့လို လူတွေ အတွက်ကတော့ ဒီရေဘ၀ဲကို လွယ်လွယ်နဲ့ ဖမ်းယူနိုင်တဲ့ နည်းလမ်း ရှိနေပြန်တယ်။ တံငါသည်တွေက ရေဘ၀ဲရဲ့ ပင်ကိုယ်ရှိနေတဲ့ သဘာဝကို ကောင်းကောင်းကြီးသိနေတော့ ခုလို အသုံးချလိုက်တယ်။



တံငါသည်တွေက ပုလင်းတွေကို တစ်လုံးနဲ့တစ်လုံး ကြိုးနဲ့ ဆက်ချည်ပြီး ပင်လယ်ရေအောက် ကြမ်းပြင်အထိ ချပေးလိုက်တယ်။ ရေဘ၀ဲတွေက သူတို့သဘာဝအတိုင်း ပုလင်းတွေကို တွေ့တာနဲ့ သူ့ထက်ငါ ဦးအောင် ပုလင်းတွေထဲကို တိုးဝှေ့ ၀င်ရောက် တော့တာပါဘဲ။ အဆုံးမှာတော့ ပင်လယ်ပြင်မှာ ဆရာကြီးလုပ်နေတဲ့ ရေဘ၀ဲတွေလည်း တံငါသည်တွေရဲ့ သားကောင်အဖြစ် ပုလင်းထဲမှာရောက်ပြီး ဖမ်းခံရတော့တယ်။ ပြီးမှ တံငါသည်တွေက ဒီပုလင်းတွေကို ပင်လယ်ထဲက ပြန်ဆယ်ယူ၊ နောက်တော့.. လူကုံထံတွေရဲ့ ထမင်းဝိုင်းမှာ တန်ဘိုးရှိတဲ့ ဟင်းလျှာတစ်ခွက် အဖြစ်နဲ့ ဘ၀နိဂုံးချုပ် ပေးလိုက်တော့တယ်။


ဘာတွေက.. ဘယ်သူတွေက ရေဘ၀ဲကို ဖမ်းဆီး ချုပ်နှောင်လိုက်တာလည်း …? ပုလင်းတွေက ဖမ်းတာလား..? မဟုတ်ပါဘူးနော်။ ပုလင်းတွေက လမ်းလျှောက်ပြီး ရေဘ၀ဲတွေနောက် တစ်ကောက်ကောက် လိုက်ပြီး ဖမ်းဘို့လည်း မစွမ်းဆောင် နိုင်ပါဘူးနော်။ ဖမ်းဆီးဖို့ဝေလာဝေး၊ ပုလင်းတွေက သူ့ဟာသူ ပင်လယ်ကြမ်းပြင်မှာ ငြိမ်ငြိမ်လေး စောင့်နေတာပါ..။



အမှန်တကယ်တော့ ရေဘ၀ဲတွေဟာ သူတို့ကိုယ်သူတို့ဘဲ ဖမ်းဆီး ချုပ်နှောင်နေမိတာပါ။ သူတို့ဟာ အကျဉ်းမြောင်းဆုံး လမ်းကိုမှ၊ မှောင်မိုက်ပြီး ထွက်ပေါက် မရှိတဲ့ တစ်ဖက်ပိတ်နေတဲ့ လမ်းကိုမှ ရွေးချယ်မိတော့ ကိုယ့်သေတွင်းကိုယ် တူးမိနေသလို ဖြစ်နေတော့တာပေါ့။


ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း လူအချို့တွေရဲ့ တွေးခေါ်မှု တွေဟာ ဒီရေဘ၀ဲ အကောင်တွေလိုပါဘဲ။ ဒီလို လူစားမျိုးတွေဟာ စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့တဲ့ အခါတိုင်း၊ စိတ်ဆင်းရဲ စိတ်ဒုက္ခရောက်တဲ့ အခါတိုင်း၊ မျှော်မှန်းချက် ဆန္ဒတွေ မပြည့်ဝတဲ့ အခါတိုင်း၊ အပြောကျယ်လှတဲ့ လွတ်လပ် သာယာလှတဲ့ ဘ၀ပင်လယ်ကြီးကို ကျောခိုင်းစွန့်ခွာပြီး ညှို့အားကောင်းပြီး ဖြားယောင်း သွေးဆောင်တတ်တဲ့ ပုလင်းထဲကို ပျော်ပျော်ကြီး တိုးဝင်မိ တတ်ကြတယ်။ တကယ်တော့ ကျယ်ပြောလှတဲ့ ပင်လယ်သမုဒ္ဒရာကြီးနဲ့ အလားသဏ္ဍန်တူတဲ့ ဘ၀ပင်လယ်ကြီးထဲမှာလည်း ကောင်းတဲ့ရွေးချယ်မှု တွေ အများကြီးရှိနေပါရက်နဲ့ ပုလင်းပေါက်နဲ့တူတဲ့ မကောင်းမှုရဲ့ ဖြားယောင်းမှုနောက်ကို ကောက်ကောက် ပါအောင်လိုက်ပြီး တိုးဝင်မိမယ် ဆိုရင် တော့ တစ်ချိန်မှာတော့ မကောင်းသောနိဂုံးတွေနဲ့ဘဲ မုချရင်ဆိုင်ရမှာပါ။ မိမိဆန္ဒ တဒင်္ဂလေးအတွက်နဲ့ ဘ၀တွေကို အပျက်အစီး မခံဘဲ ဘယ်အရာ မဆို သတိနဲ့၊ ဥာဏ်နဲ့ ဆင်ခြင်ပြီးမှလုပ်ဆောင်ဖို့ ဒီဆောင်းပါးလေးက မီးမောင်းထိုးပြနေ သလိုပါဘဲရှင်။






ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

4 comments:

shwezinu said...

ရေဘဝဲဖမ်းတာ ဒီလို ပုလင်း နဲ ဖမ်းတာ မသိသေးဘူး မီးနဲ့ ညှို့ဖမ်းတာဘဲ သိတယ် ကျေးဇူးညီမ ညီမ ပေးတဲ့ ဥပမာလေး ကောင်းတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုလင်းလေးထဲ မ၀င်မိအောင်တော့ သတိကို လက်ကိုင်ထားပြီး
ဆင်ခြင်ရမယ်နော်...
မဟုတ်ရင်တော့ မလှပတဲ့ နိဂုံး ဖြစ်သွားနိုင်တယ်...
ပေးချင်တဲ့ မက်ဆေ့လေးကကောင်းလိုက်တာ

Ko Gyi said...

ဆင်ခြင်စရာလေးပါပဲ
ကိုယ်တိုင်ရော ရေဘဝဲလိုများ ဖြစ်နေသလားဆိုတဲ့ အတွေးလေးရသွားပါတယ်။

oburma said...

ရေဘ၀ဲလေးက သူ့ရဲ့.အသက်ရှင်သန်ရေးအတွက်..ပုလင်းထဲ ၀င်ရရှာတာပါ....
အဲလိုပဲတံငါသည်..ကလည်း သူ့ဝမ်းစာအတွက်..ပုလင်းလေး.အသုံးပြုရတာပါ..
အမှန်ဆို..စားတဲ့သူတွေကသာ...အပစ်ရှိတာ..အဲ. အဲ..လိုလည်းပြောလို့ရသေးဘူး။
ကျွန်တော်လည်းကြီုက်တယ်.။ပေးချင်တဲ့မက်ဆေ့လေးကောင်းမှန်းတော့သိတယ်..

Post a Comment