Wednesday, January 13, 2010

ကမ္ဘာကြီးကိုကယ်တင်ပါ


ကမ္ဘာကြီးပေါ်မှာ ကျွန်မတို့လူသားတွေမှီတင်းနေထိုင်ခဲ့တာ နှစ်သန်းပေါင်းများစွာ ကြာခဲ့ပါပြီ။ ကမ္ဘာကြီးက ကျွန်မတို့လူသားတွေကို သန့်ရှင်း တဲ့လေ၊ ကြည်လင်သောရေ၊ စိမ်းစိုနေတဲ့ သစ်တော၊ ပေါများလှတဲ့ သယံဇာတများကိုလည်း ပေးခဲ့ပြီ။ ကမ္ဘာကြီးလည်း တဖြည်းဖြည်း ညစ်ညမ်း နွမ်းလျှလာချေပြီ။ အခုအချိန်မှာ ကမ္ဘာကြီးက ကျွန်မတို့အားလုံးရဲ့အကူအညီကို စောင့်နေရှာပြီ။ မိခင်ကမ္ဘာကြီးကို ကယ်တင်ချင်တယ်ဆိုရင် ကျွန်မတို့အားလုံး မကောင်းတဲ့ အကျင့်တွေဖျောက်ပစ်ပြီး ကောင်းတဲ့ ဓလေ့စရိုက်တွေ လေ့ကျင့်ပျိုးထောင်ဖို့သင့်ပြီ။


ကမ္ဘာကြီးကို ကယ်တင်ဖို့၊ ကမ္ဘာကြီးစိမ်းလန်းစိုပြေ အေးမြလာစေဖို့ ကမ္ဘာကြီးမှာ မှီတင်းနေထိုင်တဲ့ လူသားအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှ ရမယ့် အကျင့်ကောင်းတွေကို ကျွန်မပြောပြချင်ပါတယ်။




၁။ ရေကိုချွေတာပါ။



၂။ လောင်စာဆီကိုချွေတာပါ။ အများသုံး ပို့ဆောင်ရေးဖြစ်တဲ့ မြို့ပတ်ရထား၊ ဘတ်စ်ကားများကို ဦးစားပေး သုံးစွဲပါ။



၃။ လျှပ်စစ်ဓာတ်ကိုချွေတာပါ။



၎။ နေအိမ်၊စက်ရုံ၊ အလုပ်ရုံတို့က ထွက်လာတဲ့ အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ။



၅။ တတ်နိုင်သမျှ ပစ္စည်းများကို ပြန်လည်သုံးခြင်းနဲ့ အမှိုက်ပမာဏကို နည်းပါစေ။


၆။ ပြန်လည်ပြုလုပ်တဲ့ ပစ္စည်းများ Recycle ကိုအားပေးပါ။ ဥပမာ – ပလပ်စတစ်များကို ပြန်လည်ကျိုတာမျိုး၊ စက္ကူနဲ့ပြုလုပ်တဲ့ ပစ္စည်းများ ပြန်လည် ထုတ်လုပ် အသုံးပြုတာမျိုးကို အားပေးပါ။




၇။ စက်များ၊ မော်တော်ယာဉ်များကို ပုံမှန်စစ်ဆေးပါ။ မီးခိုးများများ မထွက်ပါစေနဲ့။



၈။ မြစ်၊ချောင်း၊အင်း၊အိုင်များ အတွင်းကို အမှိုက်မပစ်ပါနဲ့။ ဓာတုပစ္စည်းများ မစွန့်ပါနဲ့။



၉။ ဆေးလိပ်သောက်ခြင်းမှ ရှောင်ရှားပါ။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို ညစ်ညမ်း ပျက်စီးစေတယ်။



၁၀။ တောင်ယာမီးရှို့တာ၊ စပါးခင်းရိုးပြတ်များ မီးရှို့တာ မပြုပါနဲ့။



၁၁။ အမှိုက်များလေထဲမှာ မီးမရှို့ပါနဲ့။


၁၂။ CFC လို့ခေါ်တဲ့ ကလိုရိုဖရိုလိုကာဗွန်ပါတဲ့ ပစ္စည်းတွေမသုံးပါနဲ့။ CFC ဆိုတာ ရေခဲသေထ္ထာ နဲ့ ရေမွှေး စတဲ့ လူ့အသုံးအဆောင် ပစ္စည်းများမှာ ထည့်သွင်း အသုံးပြုကြတယ်လို့ သိရပါတယ်။




၁၃။ မိမိနေအိမ် ပတ်ဝန်းကျင် သန့်ရှင်းမှုကို မိမိတာဝန်ယူပါ။



၁၄။ မွေးမြူရေး ၀က်၊ကြက်၊ဘဲ၊နွား အစရှိတဲ့ သထ္ထ၀ါများကို တတ်နိုင်သမျှ လွှတ်ထားပေးပါ။



၁၅။ စက်ရုံ၊ ဓာတ်အားပေးစက်တို့က ထွက်တဲ့ ဓာတ်ငွေ့ အညစ်အကြေးတွေကို သန့်စင်ပြီးမှ စွန့်ပစ်ပါ။



၁၆။ မိသားစု စီမံကိန်း အပေါ်မှာ စိတ်ဝင်စားပါ။


၁၇။ သစ်ပင်၊ ၀ါးပင်တို့ကို ခုတ်သလောက် ပြန်စိုက်ပါ။ အရိပ်ရ သစ်ပင်များ စိုက်ပျိုးပါ။


ရာသီဥတုတွေ ပူနွေးလာတာ၊ ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာတာ၊ ရေခဲတောင်တွေ ရေခဲမြစ်တွေ အရည်ပျော် ပျောက်ဆုံးကုန်တာ၊ သစ်တောတွေနည်းပါးလာတာ၊ သဲကန္တာရတွေ ပိုမိုကျယ်ဝန်းလာတာ၊ အိုဇုန်းလွှာ ပျက်ဆီးပြီး ကမ္ဘာကြီးပူနွေးလာတာ၊ မိုးကြိုးနဲ့ မုန်တိုင်းဖြစ်ပေါ်တဲ့ အကြိမ်အရေအတွက်တွေ များပြားလာတာ၊ အက်ဆစ်မိုးတွေ ရွာစေတာ… ဒါတွေအားလုံးဟာ သဘာဝပတ်ဝန်းကျင် ဖောက်ပြန်မှုတွေဖြစ်ပြီးတော့ အဲ့ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ကျွန်မတို့ လူသားအားလုံး မသိလို့ဖြစ်စေ၊ အမှတ်တမဲ့ နမော်နမဲ့နိုင်လို့ ဖြစ်စေ၊ သိလျက်နဲ့ မသိကျိုးကျွံဟန်ဆောင်နေလို့ ဖြစ်စေ၊ ဒီလုပ်ရပ်တွေ အားလုံးရဲ့ ရိုက်ခတ်မှုကြောင့်ဘဲဆိုတာ ငြင်းပယ်လို့မရနိုင်ပါဘူး။




ကဲ…ကျွန်မတို့ အားလုံး အတူတကွ ပူးပေါင်းပြီး ကမ္ဘာကြီးကို ကယ်တင်ကြပါစို့လားရှင်။
Ref : ဦးမြင့်ဝေ (ကြို့ပင်ကောက်) ၏ ဖောက်ပြန်လာသော ရာသီဥတုနှင့် လူသားအချို့၏ နမော်နမဲ့မှုများ။





ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

0 comments:

Post a Comment