
သက္ကရာဇ် ၂၀၀၉ ခုနှစ်ကတော့ မနေ့မှာကျန်ခဲ့ပြီ..။ ၂၀၀၉ ခုနှစ်က ကျွန်မအတွက် မမေ့နိုင်စရာ နှစ်တစ်နှစ်..။ ခုတော့..လွမ်းစရာ..။ ကျန်ခဲ့ပြီ။ မနေ့ ညက မိသားစုနဲ့အတူ ၂၀၁၀ အ၀င်ကို ပျော်ရွှင်စွာ စောင့်မျှော်ခဲ့ကြတယ်..။ အပြန်အလှန်ပို့ကြတဲ့ wish တွေက ဖုန်းထဲကို တစ်ဖွဲဖွဲဝင်လာ..။
ပျော်ရွှင်စွာနဲ့ဘဲ ၂၀၁၀ ထဲကို ရောက်ရှိခဲ့တယ်။ ၂၀၁၀က တကယ့်ကို နှစ်သက်စရာ အေးချမ်းမှုတွေခြုံလွှမ်းလို့..။ ၂၀၁၀ထဲဝင်ရောက်လို့ မိနစ်ပိုင်းအတွင်းမှာဘဲ ကျွန်မ တောင်စဉ်ရေမရတွေ စဉ်းစားမိနေခဲ့တယ်..။ ငါ..ဇန်န၀ါရီလ ၁ရက် နေ့မနက်ခင်းမှာဘာတွေလုပ်မလည်းပေါ့..။
ဒီနေ့မှာ အသက်၁နှစ် ကြီးသွားတာကတော့ အသေအခြာပါဘဲ..။ ဒီနေ့မှာ စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်လန်းဆန်းနေအောင် ထားရမယ်..။ ဒါမှ တစ်နှစ်လုံး စိတ်တွေ ကြည်လင်လန်းဆန်းမယ်..။ ဒီနေ့မှာ ပိုက်ဆံတွေ အများကြီးမသုံးရဘူး.။ ဒီနေ့မှာ ၀င်တဲ့ငွေဟာ တနှစ်လုံးအတွက် လာဘ် လို့ ပြောတယ်။ ဒီနေ့မှာ ကိုယ်လုပ်သမျှ အပြုအမူတွေဟာ တစ်နှစ်လုံးကို အကျိုးသက်ရောက်စေတယ်.... ဆိုလားဘဲ။ ကျွန်မကတော့ လက်တွေ့ သမားမို့ ဒါတွေကို အယုံအကြည်မရှိ..။ ဒါပေမယ့်.. အားလုံးက ကိုယ့်အတွက် အကျိုးရှိတာတွေဘဲဆိုရင်တော့.. ယုံယုံမယုံယုံ လိုက်နာနိုင်လည်း ဘာမှမဖြစ်ပါဘူးနော်။ :)
နှစ်တစ်နှစ်ကနေ နောက်တစ်နှစ်ကို ကူးတိုင်း ကျွန်မမှာ အလုပ်တစ်ခု မဖြစ်မနေလုပ်ရတယ်။ အဲ့ဒါကတော့...

ကျွန်မရဲ့ အလုပ်စားပွဲပေါ်မှာ အမြဲတမ်း စားပွဲတင် ပြက္ခဒိန်လေး တစ်ခုထားတယ်။ အဲ့ဒ်ီပြက္ခဒိန်လေးထဲမှာ.. မိသားစုအပါအ၀င် အခင်မင်ရဆုံးသော မိတ်ဆွေသူငယ်ချင်းများရဲ့ နေ့ထူးနေ့မြတ်လေးတွေ.. အမြဲ မှတ်သားထားခဲ့တယ်။ ဇန်န၀ါရီကနေစပြီး နှစ်ကုန်ဒီဇင်ဘာအထိ ကျွန်မရဲ့မိတ်ဆွေ.. သက်ဆိုင်သူတွေရဲ့ မွေးနေ့၊ နေ့ထူးနေ့မြတ်၊ အမှတ်တရ နေ့ရက်တွေပေါ့။ လတစ်လရဲ့ ပထမဦးဆုံးရက်ရောက်တိုင်း ဒီလမှာဘယ်သူ့ရဲ့မွေးနေ့ တွေရှိလည်း.. ဘယ်သူ့နေ့ထူး နေ့မြတ်တွေရှိလည်း အမြဲကြည့်ဖြစ်တယ်။ ပြီးရင်..သူတို့တွေရဲ့ နေ့တွေ ရောက်တိုင်းလည်း မပျက် မကွက် wish လုပ်တယ်။ နှုတ်ခွန်းဆက်တယ်။ ဒါ.. ကျွန်မရဲ့လစဉ် မပျက်မကွက် လုပ်ဖြစ်တဲ့ အလုပ်တစ်ခုပေါ့။
ဒီတော့ ကျွန်မဒီနေ့ ဇန်န၀ါရီ၁ရက်..မနက် ရုံးရောက်တာနဲ့ .. အလုပ်စားပွဲပေါ်က စားပွဲတင် ၂၀၀၉ ပြက္ခဒိန်အဟောင်းလေးကို ၂၀၁၀ ပြက္ခဒိန် အသစ် နဲ့လဲ။ အမှတ်တရနေ့စွဲတွေကို ၂၀၀၉ ပြက္ခဒိန်အဟောင်းလေးကနေ ၂၀၁၀ ပြက္ခဒိန်လေးထဲကို နေ့အလိုက်ပြန်ကူးထည့်။ ဒါ..ဇန်န၀ါရီ ၁ရက်နေ့ မနက်ခင်းရောက်တိုင်း နှစ်စဉ် ကျွန်မ မပျက်မကွက် လုပ်နေကြ အလုပ်လေးတစ်ခု။

နှစ်စဉ် စားပွဲတင် ပြက္ခဒိန် အဟောင်းလေးတွေကိုလည်း ကျွန်မက မစွန့်ပစ်နိုင်ဘဲ သေခြာ သိမ်းထားတတ်ပြန်တယ်။ ဒီပြက္ခဒိန်လေးတွေက မထင် မှတ်ဘဲ ကျွန်မနဲ့ ကျွန်မရဲ့မိတ်ဆွေတွေ ကြားက တွယ်ချိတ်ထားတဲ့ ကြိုးလေးတစ်ချောင်း ဖြစ်မှန်းမသိ ဖြစ်နေတယ်။ ဒါလေးက ဘာမှ မပြောပ လောက်ဘူး ဆိုပေမယ့်.. ကျွန်မအတွက်တော့ တကယ့်ကို အမှတ်တရပါဘဲ။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ကျွန်မကြားက အပြန်အလှန် ခင်မင်မှု သံယောဇဉ်တွေ တည်ဆောက်ပေးနေသလိုပါဘဲ။ သူတို့ရဲ့ နေ့ရက်တွေတိုင်းကို ကျွန်မက တန်ဖိုးထားတယ်။ ကျွန်မရဲ့ ပင်ကိုယ်စိတ်ကိုက ကိုယ့်ကြောင့် တဖက်သားမှာ စိတ်ကျေနပ်မှု တစ်စုံတစ်ရာရသွားတိုင်း ကိုယ်ပြန်ရတဲ့ပီတိကို အရမ်းနှစ်သက်မိတယ်။
တစ်နှစ်.... တစ်နှစ်နဲ့ မှတ်မှတ်လာလိုက်တာ.... နှစ်စဉ် ကျွန်မရဲ့ပြက္ခဒိန်လေးထဲမှာ အခင်မင်ရဆုံးသောသူတွေ တိုးတိုး လာလိုက်တာ..။ ဒီနေ့ မနက် ကျွန်မရေတွက်ကြည့်မိတော့..... အားပါးပါး...၄၈ယောက်တောင် ရှိနေပါရောလား..။ ဒီအထဲမှာ.. ကျွန်မရဲ့မိသားစု.. ကျွန်မရဲ့အရင်းနှီး ဆုံးသော မိတ်ဆွေများ..သူငယ်ချင်းများ.. ပြည်တွင်းပြည်ပက လုပ်ဖော်ကိုင်ဘက်များနဲ့... အွန်လိုင်းမှသိခွင့်ရသူ မိတ်ဆွေများပါ ပါဝင်နေတယ်။
{ ကျွန်မ အခုဒီစာရေးနေရင်းနဲ့တောင် ရေးဖော်ရေးဖက် ညီမတစ်ယောက်ရဲ့မွေးနေ့ကို အောက်တိုဘာလရဲ့ နေ့လေးတစ်ခုအောက်မှာ မှတ်ခွင့်ရ လိုက်ပြန်တယ်..။ ချောညီမရေ... ညီမက ဇန်န၀ါရီလ ၁ရက်နေ့မှာ မှတ်မှတ်ရရ တိုးလားသူနော်...၄၉ ယောက်မြောက်ပေါ့ :) }
ဒီနေ့ ဇန်န၀ါရီ၁ရက်နေ့မနက်ခင်းမှာ.. အမှတ်မထင် စားပွဲတင်ပြက္ခဒိန်လေးတွေမှာ မှတ်သားထားတဲ့ နေ့ရက်တွေအားလုံးရဲ့ ပိုင်ရှင်များဟာ ကျွန်မရဲ့ ဘ၀မှာအစိတ်အပိုင်း တစ်ခုခုကနေပါဝင် ပါတ်သက်ခွင့်ရနေသူများ.. ကျွန်မအတွက် အရေးပါနေသူများဖြစ်နေတာကို အံ့သြ၀မ်းသာဖွယ် သိခွင့်ရလိုက်ပါတယ်။
ဒီအတွက် အားလုံးကို ကျေးဇူးတင်မိပါကြောင်းနဲ့ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း.. ဆုမွန်ချွေလိုက်ပါတယ်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ
0 comments:
Post a Comment