
ရွှေသံလွင် ဘိုးဘွားရိပ်သာဟာ ၈၈ရပ်ကွက်၊ ကွမ်အမ်သားမင်းသားလမ်း၊ မြို့သစ်ဆိပ်ကမ်း မြို့နယ်မှာ တည်ရှိပါတယ်။ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့မှာ စတင်ဖွင့်လှစ် ခဲ့တာပါ။ ယခု အခါ အဖိုး၂၀ယောက်၊ အဖွား ၇၀ယောက်၊ ၀န်ထမ်း ၂၂ယောက်နဲ့ လည်ပတ်နေပါတယ်။ အဖိုးအဖွား တိုင်းကို တစ်နှစ်ကို အ၀တ်၂စုံစီ၊ တစ်ဦးချင်းအတွက် ကုတင်၊မွေ့ယာ၊စောင်၊ခေါင်းအုံး၊ ဘီဒို၊ ဖိနပ်၊ ပန်းကန်း၊ ဇွန်း၊ ရေခွက် အစရှိတဲ့ ကိုယ်စီ ပေးထားပါတယ်။
ရိပ်သာဝင်းအတွင်းမှာ အဆောင် ၇ဆောင်ရှိပါတယ်။ အဖိုးတွေအတွက် ၁ဆောင်၊ အဖွားတွေအတွက် ၃ဆောင် ပါဝင်ပါတယ်။ ဘိုးဘွားတွေအတွက် ဘုရားဝတ်ပြုခန်း၊ အပန်းဖြေ တီဗွီကြည့်ခန်းများလည်း ထားရှိပေးထားပါတယ်။ ရာသီအလိုက် ပွဲတော်တွေမှာ ဘိုးဘွားတွေကို အားကစားပွဲ၊ ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပပေးပါတယ်။
ဒီရိပ်သာမှာ အသက် ၆၀အထက်ရှိတဲ့ ဘိုးဘွားများကို အောက်ပါအချက်တွေနဲ့ ညီညွတ်ရင် လက်ခံ စောင့်ရှောက်ပေးပါတယ်။
၁။ ကျန်းမာရေး စစ်ဆေးမှုခံယူပြီး ကူးစက်ရောဂါ၊ အဆုတ်ရောဂါ၊ စိတ်ကျန်းမာရေးချို့တဲ့သူ၊ HIVရောဂါပိုးရှိသူ မဟုတ်ပါမှ လက်ခံပေးပါတယ်။
၂။ ခိုကိုးရာမဲ့၊ စားရေးသောက်ရေး အခက်အခဲရှိသူ ဖြစ်ရပါမယ်။
၃။ အပေါ့၊ အလေး ကိုယ်တိုင် သွားလာနိုင်ရပါမယ်။
ဒီ ရွှေသံလွင် ဘိုးဘွားရိပ်သာမှာ ယခု အသက် အကြီးဆုံး ကတော့ အသက် ၉၉နှစ်ရှိ အဖွားဒေါ်မြကြည် ဖြစ်ပါတယ်။
အဖိုး အဖွားတွေဟာ ...
- မနက် ၅နာရီမှာ အိပ်ယာထကြပါတယ်။
- ၅နာရီခွဲမှာ ဘုရား ကန်တော့ကြပါတယ်။ ပရတ်ကြီး ၁၁သုတ် တစ်နေ့တစ်သုတ်ရွတ်ပါတယ်။
- ၆နာရီခွဲရင်တော့ မနက်စာစားပါတယ်။ အလှူရှင်ရှိရင် ကြာဇံကြော်၊ မုန့်ဟင်းခါ.းကျွေးပြီး အလှူရှင်မရှိရင်တော့ ယာဂုပြုတ် ကျွေးပါတယ်။
- ၇နာရီခွဲ အတွင်း ရေချိုး၊ အနားယူနိုင်ပါတယ်။
- ၁၀နာရီခွဲမှာ နေ့လည်စာ ထမင်းစားပါတယ်။
- ၁၂နာရီက နေ့လည် ၁နာရီ အထိက နေ့လည် တစ်ရေးတစ်မော အိပ်ချိန်ပါ။
- ၁နာရီ၁၅မိနစ် ကြေးစည်တီးရင်တော့ တရားထိုင်ရတော့မှာပါ။
- ၁နာရီခွဲကနေ ၂နာရီ အထိ တရားထိုင်ရပါတယ်။
- ၄နာရီ အထိက နားနေချိန်နဲ့ ဧည့်ချိန်ပါ။
- ၄နာရီ၁၅မိနစ်မှာ ညစာ ထမင်းစားရပါတယ်။
- ၄နာရီ ၄၅မိနစ်မှာတော့ ဘုရားခန်းဝင် ၀တ်ပြုရပါတယ်။ ၆နာရီ ၁၅မိနစ်မှာ ပြီးပါတယ်။
- ၇နာရီမှာ တီဗွီကြည့်နိုင်ပါတယ်။ နားနေနိုင်ပါတယ်။
- ည ၉နာရီဆိုရင်တော့ အဖိုးအဖွားအားလုံး အိပ်ရပါတော့တယ်။
ဒါကတော့ အဖိုး အဖွားတွေရဲ့ တစ်နေ့တာ အချိန်ဇယားပါရှင်။

အဖိုး အဖွားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ထားရှိဆောင်ရွက်ပေးနေပါတယ်။ ဒါပေမယ့် နာတာရှည် အဖိုးအဖွားတွေအတွက် သီးသန့်ထားရှိဘို့ အဆောင်တစ်ခု လိုအပ်နေပါသေးတယ်လို့ သိရပါတယ်ရှင်။ စေတနာရှင် အလှူရှင်များရဲ့ ပံ့ပိုးပေးမှုတွေ အရမ်းကို လိုအပ်နေပါ တယ်။ ယခုထိ အလှူရှင်စောင့်မျှော်နေဆဲလို့ သိရ ပါတယ်ရှင်။ ကျွန်မနားထဲမှာတော့ ...
" အလှူရှင်တွေလာရင် အဖွားတို့ အရမ်းပျော် ကြတယ် သမီးရယ် " ဆိုတဲ့ စကားသံလေးဘဲ ကြားယောင်နေမိပါတယ်။
ဂရုဏာသက်စရာ ခိုကိုးရာမဲ့ အဖိုးအဖွားတွေကို တတ်နိုင်တဲ့ ပံ့ပိုးမှုလေးတွေ ကျွန်မတို့ပေးကြပါစို့လားရှင်။ တစ်ယောက် တစ်လက်နဲ့ ၀ိုင်းဝန်း ကူညီကြပါစို့လားရှင်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment