ဇန်န၀ါရီ ၂၄ရက် တနင်္ဂနွေရဲ့ မနက်ခင်း ။
ဒီနေ့မနက်မှာ ကျွန်မ ၀ီရိယတွေကောင်းစွာနဲ့ စောစောနိုးလာခဲ့တယ်။ ဒီနေ့ ကျွန်မစိတ်တွေ ပေါ့ပါးလန်းဆန်းနေမိတယ်။ ပတ်ဝန်းကျင်ကလည်း ဒီနေ့မှ ပိုပြီး သာယာနေသလိုဘဲ။ ငှက်ကလေးကလည်း စီစီစာစာနဲ့ သာယာနာပျော်ဖွယ် ကောင်းလိုက်တာ။ နံနက်စောစော အော်တဲ့ ပဲပြုတ်သည် အသံတောင် ဒီနေ့မနက်မှ ပိုချိုမြနေသလိုဘဲ။ တကယ်တော့ ဒီနေ့မနက်ကျွန်မရဲ့စိတ်ကိုက အရင်နေ့တွေထက် လန်းဆန်းတက်ကြွနေတော့ မြင်မြင်သမျှက မင်္ဂလာရှိနေတော့တာပေါ့။
မင်္ဂလာရှိတဲ့ ဒီနေ့မှာ ကျွန်မတို့ Save The Aged အဖွဲ့သားများဟာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရွှေသံလွင်ဘိုးဘွားရိပ်သာမှာနေ့လည်စာ ထမင်း၊ မွန်းလွဲစာ ကော်ဖီနဲ့မုန့်၊ ငွေပဒေသာပင်နဲ့အတူ အခြားလှူဖွယ်တွေကို အဖွဲ့လိုက် သွားရောက်လှူကြမှာဖြစ်ပါတယ်။ ကျွန်မလည်း အဖွဲ့ဝင်တဦး အနေနဲ့လိုက်ပါဖြစ်ခဲ့ပါတယ်။
သတ်မှတ်ထားတဲ့စုရပ်နေရာကို ရောက်တော့ Management က လူငယ်များနဲ့အတူ အဖွဲ့သားအချို့ရောက်နေကြပါပြီ။ လူစုံတာနဲ့ ကျွန်မတို့ အဖွဲ့ဟာ မနက် ၉း၄၅နာရီ စုရပ်ကနေ လှူဘွယ် ပစ္စည်းတွေနဲ့ အတူ စတင်ထွက်ခွာလာခဲ့ကြပါတယ်။ အဖွဲ့သား အားလုံးစုစုပေါင်း (၅၁)ယောက်တောင် ပါဝင်လိုက်ပါလာတဲ့အတွက် တချို့အဖွဲ့ဝင် မိန်းကလေးများနဲ့ ယောင်္ကျားအားလုံးအားလုံး မတ်တပ်ရပ်လျှက်နဲ့ တပျော်တပါး စီးကြရပါတယ်။ ကျွန်မနှစ်သက်မိတာက အဖွဲ့ဝင်လူငယ်အားလုံးဟာ တူညီတဲ့ဆန္ဒ၊ တူညီတဲ့စေတနာတွေနဲ့ ထုံမွှမ်းထားလို့လားမသိ သူတို့အားလုံးက တက်ကြွဖြတ်လတ်လို့၊ အပြုံးပန်းတွေ တူညီ ဆင်မြန်းကြလို့။
စီးလာတဲ့ BM ကားလေးဟာ မြို့ထဲကနေ ဗန္ဓုလတံတားကြီးကို ဖြတ်ကျော် ဒေါပုံ၊ သာကေတ၊ ယုဇနဥယျာဉ် မြို့တော်တို့ကို ကျော်ဖြတ်ပြီးတဲ့နောက် ကျွန်မတို့အားလုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ ရွှေသံလွင်ဘိုးဘွားရိပ်သာကို ၁၀နာရီ မခွဲခင်လေး ရောက်ရှိသွားပါတယ်။
ဂရုဏာ သက်စရာ ချစ်စရာ အဘိုးအဘွားများကို ခဏတာနှုတ်ဆက်ပြီးရကြပြီးနောက် နေ့လည် ထမင်းစားချိန် နီးပြီဖြစ်လို့ ယောဂီဝတ်ဆင်တူနဲ့ အဘိုးအဘွားများဟာ ထမင်းစားဆောင်သို့ အဖွဲ့နဲ့အတူတွဲပို့ပေးရင်း သွားကြပါတယ်။
ထမင်းစားဆောင်မှာ နေရာ အသီးသီး ယူပြီးကြတဲ့ အခါမှာတော့ အဘိုးအဘွားများက အလှူရှင်များကို မေတ္တာပို့ ကျေးဇူးစကား သံပြိုင် ၅ မိနစ်ခန့် ပြောပါတယ်။ အဘိုးအဘွားတွေရဲ့ တစ်ညီတစ်ညာတည်း မေတ္တာပို့သံများက ထမင်းစားခန်းနံရံ လေးဘက်ကို ပဲ့တင်ထပ် သွားပါတယ်။ တခြားအဖွဲ့ဝင်များတော့ မသိ။ ကျွန်မဖြင့် ကြတ်သီးမွှေးညှင်းများထလျှက် ပီတိအဟုန်ကြောင့် မျက်ရည်များပင်လည်လာမိပါတယ်။
အဘိုးအဘွားတို့ နေ့လည်စာအတွက် ကြက်သားဟင်း၊ ပန်းပွင့်ကြော်၊ ချဉ်ပေါင်ဟင်းရည်၊ ငပိ တို့စရာတို့ နဲ့ ကျွေးပါတယ်။ ထမင်းစားနေတဲ့ အဘိုးအဘွားတွေကို ကျွန်မတို့ အဖွဲ့သားများ အားလုံး လိုက်လံ နှုတ်ဆက်ပါတယ်။ ဖြူစင်တဲ့ ၀မ်းသာအပြုံးတွေဟာ အဘိုးအဘွားတိုင်းရဲ့ မျက်နှာမှာ ဆင်မြန်းထားကြပါတယ်။ ကျွန်မတို့ မေးမြန်းသမျှကိုလည်း ချစ်စဖွယ် ပြန်လည် ဖြေကြားရှာပါတယ်။
အဘိုးအဘွားတွေ ထမင်းစားပြီးတဲ့အခါမှာတော့ မိမိတို့နေထိုင်ရာ အဆောင်ကို ပြန်ကြရပါတယ်။ ကျွန်မတို့ အဖွဲ့လည်း ထပ်ချပ်မကွာ လိုက်ကြတော့တာပေါ့။တခြား အဖွဲ့ဝင်တွေကလည်း ကိုယ်စီ နွေးနွေး ထွေးထွေးနဲ့ စကားတွေပြောကြပါတယ်။ ရွှေသံလွင် ဘိုးဘွားရိပ်သာရဲ့ စောင့်ရှောက်သူ ၀န်ထမ်းတဦးဖြစ်တဲ့ မစန်းစန်းမူနဲ့ရော၊ အုပ်ချုပ်ရေးမှုးဖြစ်တဲ့ ဦးမောင်မောင်ကြီးနဲ့ပါ ကျွန်မ သိချင်တာ လေးတွေ မေးမြန်းခွင့် ရခဲ့ပါတယ်ရှင်။ စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် တာဝန်ရှိသူများကို ဒီနေရာကနေ ကျေးဇူးတင်စကားပြောကြားပါရစေရှင်။
နေ့လည်၁၂း၀၀ မှ ၁း၀၀ အထိအဘိုးအဘွားတွေ နားနေချိန်ဖြစ်လို့ ကျွန်မတို့ Save The Aged အဖွဲ့ ရွှေသံလွှင်မှ ခဏတာ ပြန်ထွက်ခွာ ခဲ့ကြပါတယ်။ ယုဇနဥယျာဉ် မြို့တော်မှာရှိတဲ့ တိုးအောင်ကဖီးနဲ့ အအေးဆိုင်မှာ ကျွန်မတို့ အဖွဲ့ နေ့လည်စာစားကြရင်း Management တဦးစီက စားပွဲတစ်ဝိုင်းစီမှာ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကို တခြားအဖွဲ့ဝင်တွေကို သိအောင် ရှင်းပြပေးပါတယ်။
Save The Age ဟာ ၃.၁.၂၀၁၀ ကနေ စတင်ဖြစ်တည်ခဲ့ပါတယ်။ Save The Aged ရဲ့ အဓိကကူညီပံ့ပိုးပေးသွားမယ့် အချက်၂ချက် ရှိပါတယ်။
၁။ လစဉ် သက်ကြီးရွယ်အို ၆၅ နှစ်ကျော် ကိုယ်တိုင် အလုပ်လုပ်နေရသူ သားသမီး မရှိသူ အဘိုးအဘွား ၄ ဦးကိုရွေးချယ်ပြီး တဦးလျှင်ငွေ ၁၀၀၀၀ိ/- စီ ၁ပါတ်၁ယောက်နှုံးနဲ့ အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ပေး လှူမှာပါ။ အဲဒီနေ့မှာ အဘိုးအဘွားတွေနဲ့ အတူ ၁နာရီ သို့မဟုတ် ၂နာရီလောက် အတူနေပေးပြီး သူတို့ရဲ့ ဝေရာဝိစ္စ လေးတွေဝိုင်းကူလုပ်ပေးရင်း Save The Aged ရဲ့ဘိုးဘွားတွေပေါ်ထားရှိတဲ့ စေတနာ မေတ္တာတွေကို ဖော်ပြပေးသွားမှာပါ။
၂။ တွဲဖက် ပရဟိတ လုပ်ငန်းတွေ လုပ်မှာပါ။ ဥပမာ မရှိနွမ်းပါးဆင်းရဲတဲ့ မိဘမဲ့ဂေဟာ ယခုလို ဘိုးဘွားရိပ်သာမျိုး ဘုန်းတော်ကြီး ပညာ သင်ကျောင်းလို မျိုးတွေမှာ သွားရောက်လှူဒါန်းကြမှာပါ။
ပြီးတဲ့နောက် ကျွန်မတို့ အဖွဲ့ဝင်တွေ တစ်ဦးကိုတစ်ဦး မိတ်ဆက်ကြပါတယ်။ ဆက်သွယ်ရမယ့် E-mail လိပ်စာတွေ ဖုန်းနံပါတ်တွေ အပြန်အလှန် ယူကြပါတယ်။ စားသောက်ဆိုင် နံရံမှာ စာရွက်အဖြူတစ်ရွက် ယာယီကပ်လိုက်ပြီး ဒီစာရွက်ပေါ်မှာ မှတ်ချက်လေးတွေ အမှတ်တယ ရေးကြပါတယ်။
အဲ့ဒီစားသောက်ဆိုင်ကနေ ကျွန်မတို့ အဖွဲ့ရိပ်သာကို ပြန်ရောက်တော့ ဘိုးဘွားတွေ အနားယူပြီးလို့ နေလည်စာ အဆာပြေစားချိန် ရောက်နေပါပြီ။ ကျွန်မတို့ အသင့်ပါလာတဲ့ မုန့် ကော်ဖီ များနဲ့ အတူလှူဖွယ်ငွေများ ပစ္စည်းကို ဘိုးဘွားအယောက် ၉၀ အတွက် ၁ဦးကျစီ လှူဒါန်းကြပါတယ်။ လှူဒါန်းတိုင်း ဘိုးဘွားတွေရဲ့ အပြုံး မျက်နှာတွေနဲ့တွေရဲ့မေတ္တာပို့ ဆုတောင်းပေး သံတွေက ကျွန်မတို့ နားထောင်လို့ မ၀နိုင်ပါဘူးရှင်။ အဘိုးအဘွားများ နေ့လည်စာ အဆာပြေစားချိန်မှာ ကျွန်မတို့ အဖွဲ့ ဘိုးဘွားတွေနဲ့ အတူ တစ်ယောက်စီ စကားပြောခွင့် ထပ်မံ ရရှိကြပါတယ်။
မပြန်ခင် အဖွဲ့သားများအားလုံး ရိပ်သာရှေ့မှာ အုပ်စုလိုက် အမှတ်တယ ဓါတ်ပုံရိုက်ကြပါတယ်။ ချစ်စရာ သနားစရာ ဘိုးဘွားတွေကို နှုတ်ဆက်ပြီး ရွှေသံလွင် ဘိုးဘွားရိပ်သာကနေ ဘိုးဘွားတွေကို နှုတ်ဆက်ပြီး ထွက်လာတော့ နေမင်းကြီး ခြစ်ခြစ်တောက်ပူ နေတဲ့ နေ့လည် ၂း၂၀နာရီ ၀န်းကျင်လောက်ဖြစ်နေပါပြီ။
ချွေးတလုံးလုံး အဆီပြန်မျက်နှာ ကိုယ်စီနဲ့ပေမယ့် ကျွန်မတို့အားလုံးရဲ့ ရင်ထဲမှာ ပီတိတွေ စားသုံးလာရလို့ ချမ်းမြေ့နေကြပါတယ်။ အပြန်ခရီးလမ်း တစ်လျှောက် သီချင်းတအေးအေး မြို့ထဲက မူလဆုံရပ်ကို ပြန်ရောက်တော့ (၃)နာရီ (၁၀)မိနစ်ခန့် ရှိပါပြီ။ ကားလေးဘီးလုံး ရပ်လိုက်တဲ့အချိန်မှ ကျွန်မတို့အားလုံး မရည်ရွယ်ဘဲ ပြိုင်တူ တီးလိုက်မိကြတဲ့ လက်ခုပ်သံများဟာ လမ်းမတစ်လျှောက် ပြန့်လွင့်သွားပါတော့တယ်။
ကျွန်မယုံကြည်ပါတယ်၊ ဒီလက်ခုပ်သံတွေဟာ ကျွန်မတို့အဖွဲ့အားလုံးအတွက် ခွန်အား ဖြစ်သလို Save The Aged ရဲ့ ပထမဦးဆုံး လှူဒါန်းမှု လေးဟာ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါပြီ။ Save The Aged အတွက် ရှေ့ဆက်ရမယ့် နောက်ခြေတစ်လှမ်းအတွက် အစပျိုးသံဘဲ မဟုတ်ပါလားရှင်။
< ဒီဆောင်းပါးကို Save The Aged ရဲ့ Management Organizers များ၊ အဖွဲ့ဝင်များ၊ ယနေ့အတူလိုက်ပါကြသော၊ အတူမလိုက်ပါနိုင်သော၊ ပြည်တွင်းပြည်ပမှ စေတနာရှင် အလှူရှင်များ အားလုံးအတွက် တလေးတစား ဂုဏ်ပြုရေးသားလိုက်ပါတယ်ရှင် >
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment