Sunday, January 10, 2010

ငါးသလောက်ဇက်သားနဲ့ ပုဇွန်ထုပ်ခေါင်း



< အတိတ်>


ကျွန်မနှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီးမျက်နှာကိုအောက်စိုက်ချထားတယ်။ ထမင်းပန်းကန်ထဲက ထမင်းကို တစိစိမြည်အောင်နယ်နေလိုက်တယ်။ ဒီငါးသလောက်ကို ချက်စားတိုင်းထမင်းဝိုင်းမှာကျွန်မဒီလိုအမြဲဆန္ဒပြနေကြ။


ဘာလို့လည်းဆိုတော့ ကျွန်မက ငါးသလောက်ရဲ့အရသာကိုအရမ်းကိုကြိုက်တယ်။ ဒါပေမယ့် အရိုးစူးမှာစိုးလို့မစားချင်ဘူး။ ဒါပေမယ့် ကျွန်မ သိပ်ကြိုက်မှန်း သိတော့ အမေက ဟိုးငယ်ငယ်ကလေးဘ၀ထဲကအမြဲတကူးတကန့်အရိုးနွှံကျွေးရတယ်။ နောက်တစ်ခုကျွန်မ မကြိုက်တာက အမေကကျွန်မအတွက်အသားကောင်းကောင်းပါတဲ့အပိုင်း၊ အရသာရှိတဲ့ဝမ်းဗိုက်သားကို အရိုးနွှံစားစေပြီး သူကတော့ ငါးသလောက်ရဲ့ အရိုးအများဆုံးအပိုင်းဖြစ်တဲ့ ငါးသလောက်ဇက်သားကို “အမေက ငါးသလောက်ဇက်သားဆိုသိပ်ကြိုက်တာသမီးရဲ့” ဆိုပြီးမြိန်ရည်လျှက်ရည် စားတတ်တာကိုပါဘဲ။ ငါးသလောက်ဇက်သား ဆိုတာကလည်းသိကြတဲ့အတိုင်း အရိုးသေးသေးမွှားမွှားတွေအများဆုံးစုဝေးတဲ့နေရာ။ ငယ်ငယ်တုန်းကတော့ကျွန်မက အမေ့ကိုအရိုးစူးမှာ သိပ်စိုးရိမ်မိယုံပါဘဲ။


ကျွန်မအရွယ်ရောက် သိတတ်လာတော့ အရိုးနွှံကျွှေးရတဲ့အမေ့ကိုသနားလို့ ငါးသလောက်ဆို လုံးဝကိုမချက်ခိုင်းတော့ဘူး။ ကျွန်မက.. စားရင် နည်းနည်းနဲ့လည်းမရောင့်ရဲနိုင်၊ ငါးသလောက်တွေဈေးကြီးလာတာကလည်းတစ်ပိုင်း..အမေ့ကိုငါးသလောက် ဆိုလုံးဝကိုမချက်ခိုင်းတော့ပါဘူး။ ဘာလို့လည်းဆိုတော့ အမေ့ကိုအရိုးစူးမှာ စိုးရိမ်မိသလို ငါးသလောက်ဇက်သား ဘဲရွေးစားတတ်တဲ့အမေ့ကိုသနားလွန်းလို့ပါဘဲ။


ဒါပေမယ့်မရပါဘူး။ အမေကကျွန်မ ဂဂျီဂဂျောင်လုပ်တာခံပြီးခုလိုမကြာခဏ ချက်ကျွေးတော့တာပါဘဲ။ အမေကတော့ငါးသလောက်ဟင်းချက်တိုင်း ဒီလိုဂျစ်တိုက်တဲ့ ကျွန်မရဲ့ဒီပုံစံကိုအသားကျနေပြီ။ ထုံးစံအတိုင်း ကျွန်မနံဘေးနားမှာ စိတ်ရှည်လက်ရှည်နဲ့ အရိုးတွေကိုသူ့လက်ဖျားလေးနဲ့ နွှံပေး နေတယ်။ ပြီးတော့ ပြောနေကြအတိုင်း ” သမီးရဲ့..ငါးမှာ ငါးသလောက်တဲ့။ သိပ်ကောင်းတဲ့အရသာ။ ငါ့သမီးကိုစားစေချင်လို့ အမေက ဈေးကြီး ပေမယ့်ဝယ်ချက်ရတာ။ မန်ကျည်းရေလေးဆမ်းပြီး နံနံပင်အုပ်လို့ ရေကျိုလေးချက်တာ .. စားကြည့်လိုက်..ကောင်းမှကောင်း။ ဘာလည်း.. အမေက ငါးသလောက်ဇက်သား စားနေလို့..အမေ့သမီးက စိတ်မကောင်းဖြစ်နေရတာလား..။


“အမယ်လေး..အမေက ဒီအရိုးလောက်တော့..မမှုဘူး.. “..တဲ့။ ကဲ.. အမေ့ပြောပုံကိုကြည့်..။



<ပ စ္စု ပ္ပ န် >



ဒီနေ့လခထုတ်ရက်။ သားက ပုဇွန်ထုပ်ဟင်းစားချင်တယ် မေမေတဲ့။ သူ့ကိုလခထုတ်ရက်မေမေချက်ကျွေးပါ့မယ်သားရယ်..လို့ဂတိပေးပြီးသား။ ပုဇွန်ထုပ်ဆီပြန်ဟင်းနဲ့ ချဉ်ပေါင်ဟင်းမွှေချက်ကျွေးလို့ကတော့ သားက အနည်ဆုံးသုံးပန်းကန်လောက်ခေါင်းမဖော်တမ်း စားမှာသေခြာတယ်။ ဈေးကြီးမှန်းသိပေမယ့်မတတ်နိုင်။ ပုဇွန်ထုပ်အစိတ်သား ၄ကောင်နဲ့တင် ငွေနှစ်ထောင်ကလျှောကနဲ ထွက်သွားရပြီ။


ထမင်းဝိုင်းရောက်တော့ ပုဇွန်ထုပ်ဆီပြန်ဟင်းနဲ့ဆိုတော့ သားမျက်နှာကပြုံးလို့ပေါ့။ ကျွန်မလည်းသားရဲ့အပြုံးမျက်နှာကြောင့် ရင်ထဲအတိုင်းမသိ ကြည်နူးနေမိတယ်။ သားရဲ့ထမင်းပန်းကန်ထဲကို ပုဇွန်ထုပ်တစ်ကောင်ခတ်ထည့်ပေးလိုက်တယ်။ သားကပုဇွန်ထုပ်က ခေါင်းကိုဖြုတ်ယူလိုက်ပြီး ဘေးမှာချထားတဲ့ အရိုးပန်းကန်လွတ်ထဲကိုထည့်လိုက်တယ်။ ပြီးတော့ ” မေမေလည်း ပုဇွန်ထုပ်ဟင်းထည့်စားလေ” ..လို့လှမ်းပြောတယ်။ ကျွန်မ လက်ကအလိုလို အရိုးပန်းကန်ထဲက သားမစားဘဲ ပစ်ထားတဲ့ ပုဇွန်ထုပ်ခေါင်းစီရောက်သွားတယ်..။ သားကမျက်လုံးလေးဝိုင်းပြီး ကျွန်မကိုကြည့် ကာ ” ဟင်..မေမေ ကလည်း အဲ့ဒါခေါင်းကြီးလေ..မစားပါနဲ့လား “လို့ပြောလာတယ်။


အဲ့ဒီအချိန်မှာ ကျွန်မနှုတ်က သားကိုမရည်ရွယ်ဘဲပြောမိလိုက်တာကတော့…….

” ပုဇွန်ထုပ်ခေါင်းကို မေမေ သိပ်ကြိုက်လွန်းလို့ပါ သားရယ် “


အခုအချိန်မှာတော့ ကျွန်မရဲ့အမေဘာလို့ ငါးသလောက်ဇက်သား ကြိုက်ခဲ့ရသလဲဆိုတာကို ကျွန်မ ကောင်းကောင်းသိသွားပါပြီ။


ကမ္ဘာပေါ်ရှိ အမေအားလုံးအား ဦးညွှတ်လျှက်...





ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

0 comments:

Post a Comment