Friday, January 8, 2010

တစ်မူးသာ



ကျွန်မ ဒီလမ်းလေးထဲကို ပြောင်းလာစကထဲက သူ့ကို သတိထားနေမိတာ။ သူ့ပုံစံက ထူးခြား တယ်။ ထူးခြားတဲ့ သူ့ အပြုအမူ တွေကလည်း သူ့ကို ပိုဂရုပြုမိစေတယ်။ ဒါကြောင့် သူ့လှုပ်ရှား မှုတွေကို အိမ်ရှေ့ ၀ရန်တာကနေ စောင့်ကြည့်ကြည့်နေမိတာ ကျွန်မအတွက် တာဝန်တစ်ခုလို ဖြစ်နေ ခဲ့တယ်။


သူ့နာမည်ရင်းကိုတော့ ကျွန်မ မသိဘူး။ ဒါပေမယ့် သူ့ကို လူတွေက ကင်ပွန်းတပ်ထားတာ က ” ဘိုးတော် ” ။ ဘိုးတော်လို့ ပြောလိုက်ရင် ဒီနား တစ်ဝိုက်မှာ ကလေးကအစ ခွေးအဆုံးသူ့ကို မသိတဲ့သူမရှိဘူး။ သူ့ အသက် က ၃၅နှစ်ဝန်းကျင် လောက်။ သူ့အရပ်က ခတ်ပြတ်ပြတ်၊ ရှိလှမှ လွန်ရော ၅ပေပေါ့။ သူက ဆံပင် ကို အမြဲခပ်တိုတို ညှပ်ထားလေ့ရှိတယ်။ သူ့ပါးစောင်မှာ ကွမ်း တစ်ယာအမြဲငုံလျှက်ဘဲ။ သူက ကျွန်မတို့ အိမ်နဲ့ မျက်စောင်းထိုးက ဖြတ်လမ်းတိုလေးထဲမှာ နေတာ။ သူက အ၀တ်အစားလည်း သပ်သပ်ရပ်ရပ် ၀တ်တတ်တယ်။ သူ့အိမ်ကလည်း မရှိမရှား ထဲက ပါဘဲ။ ဒါပေမယ့် တစ်ခုရှိတာက သူက သိပ်အဆိုးအ၀ါးကြီး မဟုတ်လှပေမယ့် သူ့စိတ်က မကျန်းမာလှဘူး။ သူကဘယ်သူ့ကိုမှလည်း အနှောက် အယှက် မပေးဘူး။ သူကစာရေးစာဖတ် လည်း တတ်သူဆိုတော့ သူစိတ်မကျန်းမာတာ မွေးရာပါ မဟုတ်ဘူးလို့တော့ ထင်ရတာဘဲ။ ကျွန်မလည်း သူ့အကြောင်းကို ဒီထက်ပိုမသိပါဘူး။ ကျွန်မက သူ့အကြောင်းထက် သူ့ရဲ့ အပြု အမူတွေကို ပိုစိတ်ဝင်စား မိတာပါ။


ကျွန်မ ဒီလမ်းထဲပြောင်းလာပြီး သိပ်မကြာခင်မှာဘဲ သူ့ကို ဘာလို့ လူတွေက ဘိုးတော်လို့ ခေါ် သလည်း ဆိုတာ သိလိုက်ရတယ်။ သူက မနက် ၆ နာရီလောက်ဆို လမ်းထိပ်က ၃ပေလောက် အမြင့်ရှိတဲ့ အုတ်ခုံလေးရဲ့ နံရံမှာ မြေဖြူခဲနဲ့ တဘောင်ဘိုလို စာချိုး လေး တွေ တစ်နေ့တစ်မျိုး မရိုးရ အောင် ရေးတတ်တယ်။ ဥပမာ – မမင်းဖြူ မှန်မှန်ပြော ..တို့၊ ရွှေပြည်တော် မျှော်လေတိုင်းဝေး ..တို့၊ လူသာလာပါ ပြသနာ မခေါ်ခဲ့နဲ့ ..တို့၊ ရွှေတံခါးကြီး ဖွင့်ပါဦး ..တို့ စသဖြင့် သူတစ်နေ့ တစ်မျိုးရေးတယ်။ မနက်ဈေး သွား ဈေးလာ အိမ်ရှင်မတွေ အချို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်တဲ့ လူကြီးလူငယ် အချို့ ဒီအုတ်ခုံ လေးနားက ဖြတ်သွားရင် ဘိုးတော်ရေး ထားတဲ့ အုတ်ခုံပေါ်က စာကြောင်းလေးကို မဖတ်ဘဲကို မနေနိုင်ကြပါဘူး။ တချို့က ရပ်ပြီး ဖတ်သွားတယ်။ တချို့ အိမ်ရှင်မများဆို ဈေးဝယ်မယ့် ပိုက်ဆံ အိတ်လေးထဲက စာရွက်ပိုင်းလေးတွေ ထုတ်ထုတ်ပြီး ကူးမှတ်နေ လိုက်တာများ အဲ့ဒီအုတ်ခုံ လေး ရှေ့မှာ လူကိုစည်ကားနေရောဘဲ။ သူတို့မပြောနဲ့ ကျွန်မတောင် မနက် အိပ်ရာနိုးတာနဲ့ ဒီနေ့ ဘိုးတော် ဘာများ ရေးထားမလဲဆိုပြီး မပျက်မကွက် ဖတ်တတ်တဲ့ အကျင့်ရနေပြီ။


နေ့လည် ၁နာရီလောက်ဆိုရင်တော့ ဘိုးတော်ရဲ့ နေကသိုဏ်းရှုချိန်ပါဘဲ။ နေ့ခင်း မွန်းလွဲ နေပူနေချိန်ဆို သူက အုတ်ခုံလေးပေါ် ထိုင်ပြီး ကျဲကျဲ တောက်နေတဲ့ နေမင်းကြီးကို တင်ပလ္လင် ခွေထိုင်ပြီး မမှိတ်မသုံ ကြည့်တော့တာပါဘဲ။ သူ အဲ့ဒီလို တစ်ခါတစ်ခါ ကြည့်ရင် အနည်းဆုံးတော့ တစ် နာရီဘဲ။ မျက်တောင်မခတ်ဘဲ ကြည့်နေလိုက်တာ ချွေးတွေ တစ်လုံးလုံး သူ့နားထင်က ယိုစီးကျ နေပေမယ့် သူကမမှုပါဘူး။ သူအဲ့ဒီလို ကြည့်ပြီးသွား ရင် သူ့အနားကို စောင့်နေကြတဲ့ သူအချို့ဝိုင်းလာကြပြီ။ သူတို့က ဘိုးတော် အတိတ်ကောက်ပေးပါဆိုရင် ဘိုးတော်က ခါးပုံကြားထဲက ကွမ်းထုတ်ပြီး တမြုံ့မြုံ့ဝါးလျှက်နဲ့ “ ဟေး..ဟေး.. ငါရေးချင်တာ ငါရေးတာ။ မင်းတို့ ဘာသာ မင်းတို့ အရူးထနေကြ။ ငါ့ လာအမှုမပတ်နဲ့” လို့ သူက ပြန်ပြော တတ်သေး တယ်။ တချို့ကလည်း ဘိုးတော်ကို ဦးနှောက် သွားမစားကြပါနဲ့ကွာ.. သူဘာသာ နေစမ်း ပါစေလို့ တားကြတယ်။


နောက်.. ညနေ ၆နာရီ နောက်ပိုင်းဆိုရင်တော့ ဘိုးတော်တစ်ယောက် ပေါက်တူးတစ်လက်၊ ဂေါ် ပြား တစ်ချောင်း၊ နှီးတောင်း တစ်လုံး၊ အုန်းလက် တံမြက်စည်းရှည် တစ်ချောင်းနဲ့ လမ်းတစ်လမ်း လုံးကို သန့်ရှင်းရေးစလုပ်ပြီ။ ကျွန်မတို့လမ်းက ဖြတ်လမ်းတို လေးပေမယ့် ကိုက်၅၀လောက် အရှည် ရှိမယ်။ ဘိုးတော်က လမ်းသန့်ရှင်းလုပ်ရင် ဘယ်တော့မှ ပြီးကပစ် မလုပ်ဘူး။ ပထမဆုံး ရိုးတံရှည် အုန်းလက်တံမြက်စည်းနဲ့ လမ်းဟို ဘက်ထိပ်က နေ ဒီဘက်ထိပ်အထိ စိတ်ရှည်လက်ရှည် စိမ်ပြေနပြေလှဲတော့တယ်။ အမှိုက်တွေကို နီးစပ်ရာနေရာတွေမှာ တစ်ပုံစီပုံ။ မီးရှို့တန်ရှို့၊ ဆာလာ အိတ်နဲ့ ထည့်ပြီး လမ်းထိပ် အမှိုက်ပုံမှာ သွားစွန့်ပစ်တန် ပစ်တယ်။ လမ်းပေါ်မှာ ခဲလုံး တွေရှိရင် ဖယ်ရှားပေးတယ်။ ချိုင့်ခွက်တွေရှိရင် သူ့နှီးတောင်း အစုတ် လေးနဲ့ မြေကြီးတွေ ရှာဖွေ သယ်ပြီး ဖို့ပေးတယ်။ ပြီးရင်တော့ ရေပုံးအစုတ်လေးနဲ့ ဘုံဘိုင်ရေခံပြီး တလမ်းလုံးကိုရေဖြန်း တော့တာဘဲ။ ဒီလိုနဲ့ နား နားပြီး လုပ်လိုက်တာ ည ၁၀နာရီကို ထိုးရောဘဲ။ လမ်းလေးတစ်ခုလုံး သန့်ရှင်းပြောင်လက်သွားတော့မှ သူ့ရဲ့ တစ်နေ့တာ ဆောင်ရွက်မှု အ၀၀ကို ရပ်တော့တယ်။


တစ်ခါကလည်း လွတ်လပ်ရေးနေ့အတွက် ကလေးတွေကစားဖို့ မတိုင်ခင်ညမှာ ဘိုးတော် တစ်ယောက် သူ့လမ်းလေးကို သနေ လိုက်တာ နောက်တစ် နေ့ နာရီပြန် တစ်ချက်လောက် အထိကိုမပြီးနိုင် တော့ဘူး။ အိမ်တစ်အိမ်က လူတစ်ယောက်က သူ့တံမြက်စည်းသံ တရှဲရှဲကို နားမခံ သာတော့ဘဲ ” ခင်ဗျားက လဲဗျာ.. မပြီးနိုင်မစီးနိုင်နဲ့။ အိပ်ချိန်ဗျ။ အိပ်လို့ကိုမရဘူး၊ ရပ်ပါတော့ ” လို့ ထပြော တယ်။ ဒီတော့ ဘိုးတော်က ” နားမခံသာလည်း မတတ်နိုင်ဘူးဗျာ။ ခင်ဗျား တစ်ယောက်ထဲ မအိပ်ရသေးတာ မဟုတ်ပါဘူး၊ ကျုပ်လည်း မအိပ်ရသေးပါဘူး၊ ခင်ဗျားနဲ့ ကျုပ် မအိပ်ရတာထက် နက်ဖြန် ကလေးတွေ ကစားရင် ခလုပ်မထိ ဆူးမငြိဘို့က ပိုအရေးကြီး တယ်ဗျ၊ အေးဗျာ.. ခင်ဗျား နားမလည်လို့ ပြောတာဘဲ၊ ဗွေမယူတော့ပါဘူး” လို့ ကွမ်းတမြုံ့မြုံ့ တံမြက်စည်းအလှဲမပျက်ပြန် ပြောလေတယ်။ ဟိုလူလည်း နောက်ဆုံးတော့ လက်လျှော့ပြီး အိမ်ထဲဝင်သွား ရတယ်။


တချို့က သူ့ကိုပြောတယ်။ “ ဘိုးတော်.. ခင်ဗျားအမှိုက်တွေလှဲလည်း နေတိုင်းပြန်ပွတာပါဘဲဗျာ။ ဒီလမ်းထဲ ဗန်ဒါပင်တွေလည်း ပေါတော့ ခင်ဗျား ဒီအမှိုက်တွေ လှဲလို့ကို ကုန်နိုင်မှာ မဟုတ်ဘူး ” လို့ပြောတော့ ဘိုးတော်က ” အေးဗျ.. ကျုပ်သိတယ်၊ ဒါပေမယ့် သန့်ရှင်း သပ်ယပ်နေတဲ့ လမ်း လေးပေါ်မှာ လျှောက်ရတာလောက် ကောင်းတဲ့ အရသာ ဘယ်မှာမှ မရှိဘူး။ ကျုပ်က လူတွေကို အဲ့ဒီ အရသာခံစား စေချင်တာဗျ ” လို့ ပြောတတ် တယ်။


ဘိုးတော်က တစ်ခါတစ်ရံ အရက်လေး မှီဝဲတတ်တယ်။ ဒါပေမယ့် သူက ဘယ်တော့မှ ပုံမပျက်ဘူး။ ရုပ်ပျက်ဆင်းပျက် မူးနေတာ မျိုး တစ်ခါမှ မတွေ့ ဖူးဘူး။သူ့နေ့စဉ်အလုပ်တွေကို ပုံမှန်လုပ်နေတာ ဘဲ။ တစ်ခါက လူငယ် တစ်ဦးက ” ဘိုးတော်.. ဒီနေ့ ရှပ်မဆွဲထားသေးပါလား၊ လာလေဗျာ၊ ကျွန်တော် ဒကာခံပါ့မယ်” လို့ပြောတော့ ” မင်းကွာ.. ငါက ၀ါတွင်း၃လလုံး ယမကာ မမှီဝဲဘူးကွ၊ မင်းတို့လည်း ဒီ ၃လတော့ မသောက်သင့်ဘူးနော် ” လို့ပြောလို့ ဟိုလူခမျာ ရယ်ရအခက် ငိုရအခက် ဖြစ်သွား သေးတယ်။


တစ်ချို့အိမ်တွေက ဘိုးတော်အတွက် ဆေးလိပ်တို့၊ ကွမ်းယာတို့ပေးတယ်။ ဒါမျိုးဆိုရင်တော့ သူယူတယ်။ အဲ.. ပိုက်ဆံတော့ သွားမပေးလေနဲ့။ သူက စိတ်ကိုဆိုးတော့တာ။ ” လူတွေများ မသိဆိုးဝါးနိုင်လွန်းတယ်။ ဒါကြောင့်မရှိတာထက် မသိတာက ပိုခက်တယ် ” ဆိုပြီး တဖျစ် တောက် တောက် ကို ပြောနေ တော့တာ။


သူကပြောသေးတယ်။ လူတွေက ငါ့အုတ်ခုံမှာ ရေးထားတဲ့စာတွေတော့ အငမ်းမရ ဖတ်ကြ၊ ကူးယူကြ၊ ငါနေကသိုဏ်းရှုရင် ငါ့ကို အတိတ်တွေ ကောက်ခိုင်း ကြနဲ့။ ငါ..လမ်းကို အမှိုက်သရိုက်လှဲကျင်း ရင်တော့ ငါ့အနားကို ဘယ်သူမှကို မလာကြဘူး။ လူတွေ.. လူတွေ.. တော်တော်တရားကျဖို့ ကောင်း တယ်တဲ့။



လူအားလုံးက ကိုယ့်ကိစ္စကိုယ်စီနဲ့ အလုပ်များနေကြတာ များတယ်။ သူ့လိုမျိုး ဘယ်သူမှလိုက် လုပ်တာလည်း မတွေ့ရဘူး။ သူ့လုပ်ရပ်တွေက ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်စေဘူး။အဲ့ဒါကိုကဘဲ သူ့ကို လူတွေက စိတ်ဝင်စားနေရတာ။ သူဘာလုပ်လုပ် မျက်လုံး ဒေါက်ထောက် ကြည့်နေပြီး တံဆိပ်တွေ လိုက်ကပ်နေကြတော့တာ။ဘာဘဲဖြစ်ဖြစ် ဘိုးတော်ကတော့ ၀ထ္ထရားမပျက် သူ့အလုပ်သူ လုပ်နေတာပါဘဲ။ မနက်တိုင်း အုတ်ခုံလေးမှာ ရေးနေကြအတိုင်း စာလေးတွေရေး တယ်။ နေ့လည်ဆို သူ့ဟာသူ နေကသိုဏ်းရှုပြီ။ ညနေဆိုရင်လည်း သူ့အုန်းတံမြက်စည်း အရှည်ကြီး တရှဲရှဲလှဲမပျက်ပါဘဲ။ သူ့ကို ဘယ်သူကမှ မခိုင်းပါဘူး။ သူကလည်းဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး။





ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

0 comments:

Post a Comment