မေလ ၁၃ရက်မနက်၊ ဗုဒ္ဓဟူးနေ့ မနက်၊ ရုံးရောက်လို့ ဆိုက်ထဲ ၀င်ကြည့်လိုက်တော့ ” Save The Aged အဖွဲ့ ရေလှူမယ် ” ဆိုတဲ့ ပို့စ်ကိုတွေ့ လိုက်ရတယ်။ ပို့စ်ကို ဖတ်ရင်း ခန္ဓာကိုယ်က သွေးကြောတွေ ဆူပွက်လာတယ်။ မနေ့ညကတင် အိမ်မှာ ဒီ.. ရေကိစ္စကို ပြောဖြစ်နေသေးတယ်။ အလှူနေ့ကို ကြည့်လိုက်တော့ မေလ ၁၆ရက်၊ တနင်္ဂနွေတဲ့ ။ ကြားထဲမှာ ၃ရက်သာကျန်တော့တယ်။ ခရမ်းမြို့ အလှူက ပြီးခဲ့တာမှ မကြာသေး။ ရက်ကတအား ကပ်လွန်းနေတယ်။ အင်း.. ဒါပေမယ့် ရေက အမှန်တကယ်လိုအပ် နေတာဆိုတော့ နေ့ည အချိန်မဆွဲပဲ ချက်ချင်းလုပ်ရတာဖြစ်မယ် ။ ကဲ.. ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့ဒီနေ့ အတွက် အခုကစပြီးပဲ စည်းရုံး ရေးဆင်းမှ ။ အဖွဲ့ဝင် တစ်ရုံးထဲဖြစ်တဲ့ Ki Ki နဲ့ မပြုံးကို သတင်းပို့၊ အွန်လိုင်းကနေ နီးစပ်ရာတွေ အကြောင်းကြား၊ ကျွန်မရဲ့ Head Office က CEO ကလည်း ရောက်နေတော့ အင်း.. ကိုယ်ကတော့ အဲ့ဒီနေ့ လိုက်မှ လိုက်နိုင်ပါ့ မလားဆို တွေးပူမိသေး။
သိပ်မကြာခင်မှာပဲ ဖုန်းတွေက တရစပ်ဝင်လာ ။ ရေအလှူအတွက် မေးလိုက်ကြတာ။ မရှိဆို အနည်းဆုံး တစ်နာရီကို ၃ယောက် လောက်။ မြန်မာ လူမျိုးများ အလှူဆိုလက်မနှေးတတ်တာချစ်စဖွယ်။ ရေအလှူဆိုတော့ စေတနာ သဒ္ဓါတွေ ယိုဖိတ်လာကြတာ။ ဒီလိုနဲ့ အလှူငွေတွေ လက်ခံပေးနေ လိုက်တာ အလှူနေ့ မတိုင်ခင် တစ်ရက် စနေနေ့ နေ့ဝက်ကို ရုံးမဆင်းနိုင်တော့တာ။ နေ့ဝက် လောက်မှာ အဖွဲ့ရဲ့ စီဘောက်မှာ ရေဗူး ၁၅၀၀ + ရေဘောက်ဆာ ၆စီးရထားပြီး လို့တွေ့လိုက်ရလို့ ၀မ်းသာသွားမိ။ ဒီတစ်ခေါက် ရေအလှူက အမှတ်မထင် ကျယ်ပြန့်သွားပြီး အချိန်တိုတွင်းမှာ ပြင်ပ အလှူရှင်တွေပါ ပါဝင်လာကြတာ။ နယ်တွေကလည်း ဖုန်းတွေ ဆက်တိုက်ဝင်၊ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ ပြည်ပကပါ ဖုန်းတွေဆက်ကြ၊ ပါဝင်လှူဒါန်း နေကြတာ။ ကိုရီးယားက အလှူငွေတွေ လက်ခံလိုက်ပြီးချိန်မှာ နာရီကြည့်လိုက်တော့ ည ၇နာရီခွဲနေပြီ။ ရေ..အတွက် အလှူငွေ စာရင်း အပြီးသတ် ပိတ်လိုက်တော့ ၃ရက်အတွင်းကောက်ခံရငွေ စုစုပေါင်း ၅၉၇,၈၀၀ ကျပ် တိတိ။
အလှူနေ့၊ မေလ ၁၆ရက်။ ဆုံရပ်ကိုရောက်တော့ လူတော်တော်များများရောက်နေကြပြီ။ များတာမှ တော်တော်များတာ။မျက်နှာသစ်တွေကလည်း အများကြီး။ ဂျာနယ်အချို့နဲ့ MRTV4မှလည်း အတူ လိုက်ပါလာကြတယ်။ လူတွေက တဖွဲဖွဲ ရောက်လာနေကြပြီ။ အလှူရှင်တွေ၊ အဖွဲ့ဝင် ၁၅၀လောက်အတွက် ကားကြီး၂စီးစာ စီစဉ်ထားတယ်။ တချို့က ကားပေါ်မှာ နေရာယူနေကြပြီ။ ကိုယ့်အစီစဉ်နဲ့ကိုယ်လိုက်သူများကလည်းရှိသေး။ ရေအတွက် ဘယ်လို စီစဉ်ထားလဲလို့ တာဝန်ခံတွေ မေးမိတော့ ယုဇနဥယျာဉ်မြို့တော်မှာ တာဝန်ခံအချို့ ရောက်နေနှင့်ပြီး ရေကို အဲ့ဒီကနေ ရွာကို ခေါက်ပြန် ကဲ့မယ်လို့ သိလိုက်ရတယ်။ ကျွန်မတို့ ဆုံရပ်ကနေစထွက်တော့ မနက် ၉း ၃၀ နာရီ။ ကားစထွက် တာနဲ့ တာဝန်ခံတွေက ခွင့်ပြုထားသူမှအပ အပြင်လူများ၊ မန်ဘာအသစ်များ၊ ပြင်ပ အလှူရှင်များ ဓာတ်ပုံမရိုက်ယူဖို့ ကားပေါ်မှာ သတိပေးပါတယ်။ ကျွန်မတို့မှာ တခြားဘာရည်ရွယ်ချက်မှမရှိ။ ကျွန်မတို့ အားလုံးဟာ စေတနာ အဖြူထည်များနဲ့ ဒုက္ခသည်များ ကို ရေလှူဒါန်းဖို့ သွားကြတဲ့သူများပါ။ ကျွန်မတို့ လိုအပ်တဲ့ ခွင့်ပြုချက်များ ရယူပြီးမှ ရေလှူဖို့ ခရီးစခဲ့ကြတာပါ။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အချိန်များကို ဖဲ့ပြီး သက်ကြီးရွယ်အိုများ၊ ဂရုဏာသက်စဖွယ် ကလေးများ၊ အခုလို ရေဒုက္ခရောက်နေသူများကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဖေးမပေးနေယုံ သက်သက်ပါ။

ယုဇနဥယျာဉ်မြို့တော်မှာ စောင့်နေတဲ့ တာဝန်ခံအချို့နဲ့ အဖွဲ့ဝင်တချို့ကို ခေါ်ယူပြီးချိန်မှာတောု့ သံလျှင် မြို့နယ်ထဲမှာ ပါဝင်တဲ့ ကုလားဝဲကျေးရွာကို ကျွန်မတို့ အဖွဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတော့တယ်။

အချိန်က ၁၁နာရီနီးပါး။ သူရိန်နေမင်းကြီးက မခံရပ်နိုင်အောင် အစွမ်းကုန် ပူပြနေပြီ။ ရေပုံးကိုယ်စီနဲ့ ရွာသူ ရွာသားများက ရေအလှူရှင်များကို စောင့်နေကြပြီ။ ကျေးရွာ တာဝန်ခံများက ရောက်နှင့်နေတဲ့ ရေဘောက်ဆာ ကားကြီး မှ ရေများကို ရွာသားများကိုခွဲဝေပေးနေလေပြီ။

ကုလားဝဲကျေးရွာ သား အသက် ၇၂နှစ်ရှိ အဘဦးချစ်လှိုင်ကို စကားပြောကြည့်တော့ ..

" ဒီရွာဇာတိပါ။ အသက် ၇၂နှစ်မှာ ရေ ဒုက္ခ ၇ ကြိမ်ကြုံဘူးတယ်။ နောက်ဆုံးကြုံခဲ့ရတာ ပြီိးခဲ့တဲ့ ၃နှစ်လောက်က။ ဒီတစ်ခါက အဆိုးဆုံးပါဘဲ။ ရွာက အားထားမှီခိုနေရတဲ့ သောက်ရေကန်ကြီး ၅ကန်လုံးရေခန်းခြောက်သွားပြီ။ ရေပြတ်တာ ရက် ၂၀ရှိနေပြီ။ အိမ်ခြေက ၅၀၀ရှိတော့ ဒုက္ခ တော်တော် ရောက်တာပေါ့။ အခုလိုဖြစ်နေတာသိတော့ အလှူရှင်တော်တော် များများ လာရောက် လှူနေကြပါတယ်။ သောက်ရေ တစ်အိမ်ထောင် နှစ်ပုံးပေါ့ ။ ဘယ်လောက်ပါ့မလည်း။ နေ့စဉ် ရေအလှူရှင် မျှော်နေရတယ်။ နေ့စဉ်လှူမယ့်သူရှိနေရင် တော်သေးတာပေါ့ ။ ငါ့သမီးတွေ အခုလိုလာလှူကြတာ အဘ သာဓုခေါ်ပါ တယ်ကွာ.. " လို့ စိတ်မကောင်း စဖွယ်ပြောရှာပါတယ်။
ကျွန်မလည်း ရွာရဲ့အနီးဆုံး သောက်ရေကန်ကို မေးလို့ ညီမများရဲ့ အကူအညီနဲ့ မြေကျစ်စာခဲတုံးကြီးများနဲ့ မံထားရံထားတဲ့ ရေကန်ဘောင်ပေါ် စွန့်စားလို့ တက်ကြည့်လိုက်တော့... ခမ်းခြောက်အက်ကွဲနေတဲ့ ရေကန်အောက်မြေသားပေါ်မှာ လက်ကျန် အသက်ဓာတ် ငွေ့ငွေ့လေးနဲ့ ရှင်သန်နေရတဲ့ ကြာပင်များကို တွေ့လိုက်ရပါတယ်။
" ရေမြင့်မှ ကြာတင့်တယ်" တဲ့။ အခုတော့ ရေမရှိတဲ့ကန်ကြမ်းပြင် မြေမာအက်ကွဲပေါ်မှာ ကြာတို့ရဲ့ဘ၀ မတင့်တယ်ပဲရှိနေရ။
ကန်ဘောင်ပေါ်က ပြန်ဆင်းလာတော့ ရေလာခံတဲ့ အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ကလေး၆ယောက်မိခင် မသီတာနဲ့ စကား ပြောဖြစ်ကြတယ်။
သူက... ရေအလှူရှင်တွေ နေ့တိုင်းမျှော်နေရတယ်။ သောက်ရေ လုံးဝပြတ်သွားတာ ။ သောက်ရေကန်တွေ အကုန် ခမ်းခြောက်ကုန်ပြီ။ နေ့တိုင်းလာတော့လှူနေကြတာပဲ။ အခုထိတော့ လာလှူတဲ့ ရေလေးသောက် နေရတာပေါ့ ..တဲ့ ။
တာဝန်ခံ တချို့နဲ့ အဖွဲ့ဝင် တချို့က နောက်ကရောက်လာမယ့် ရေကားကို စောင့်ရင်း ကျန်ခဲ့ပါတယ်။ ကျွန်မနဲ့ အဖွဲ့ဝင်တချို့က အတူလိုက်ပါလာတဲ့ အလှူရှင်ကားနဲ့ အတူ အတွင်းပိုင်းမှာရှိတဲ့ ကံသာမြင့်ရွာကို ခရီးဆက်ကြပါတယ်။ ကျွန်မတို့ကားရှေ့က ရေသယ်လာတဲ့ ကားနဲ့အတူ ယုဇန ဥယျာဉ်မြို့တော်က ကြက်ခြေနီတပ်ဖွဲ့က အတူ ပံ့ပိုးပါဝင်လာခဲ့ပါတယ်။
ကုလားဝဲကျေးရွာက ရွာအစပ် ကားလမ်းမကြီးရဲ့ နံဘေးဖြစ်တော့ အလှူရှင်တွေက ခလုတ်တိုက်လှူနိုင်ပါသေး တယ်။ အတွင်း ကျေးရွာများကတော့ ပိုလို့ ရေလိုအပ်တာကိုတွေ့ရပါတယ်။ လမ်းတွေက အတွင်းပိုင်းရောက်လေလေ ကားမောင်းရခက် လေ လေပါပဲ။ ဖုန်တွေကလည်း အလုံးအရင်းနဲ့။ ကြည့်ကြည့်သမျှ နေရာတိုင်းက သွေ့ခြောက်နေကြတာ။ ဘုရား..ဘုရား.. ဒီနားက ရွာကလူတွေ ဘယ်လိုများ နေနေကြ ပါလိမ့်နော်။ ကံသာမြင့်ရွာမရောက်ခင် ညောင်လေးပင်ရွာထိပ်မှာ ရေခံ စောင့်နေကြသူများကို ရေခဏရပ် ပေးဝေ ပါတယ်။
ကံသာမြင့်ရွာရောက်တော့ အရိပ်ကောင်းတဲ့ ရွာထိပ်ညောင်ပင်အောက်မှာ မမကြီးနဲ့အဖွဲ့က ရောက်နေနှင့်ပြီ။ ကံသာမြင့်ရွာလေးကို ဟိုး.. အဝေးပြပြမှာ လှမ်းမြင်နေရပြီ။ ကျွန်မတို့ အားလုံးကားပေါ်ကဆင်းကာ ရွာထဲဝင်ဖို့ ပြင်ဆင်ကြပါတယ်။
အလို ...ခြောက်သွေ့ မြေစာခဲတွေလွှမ်းနေတဲ့ နေကျဲကျဲပူအောက်မှာ ကောင်းကင်တိမ်ပြာ နောက်ခံထားလို့ ၀ါ၊ နီ၊ ပြာရောင်လေး တွေ ဟိုသည်တစ်စ ပေါ်ထွက်လာတာ အသက်ဝင်နေတဲ့ လက်ရာ မြောက် ပန်းချီကား တစ်ချပ် ကြည့်နေရသလိုပါပဲ။ ဒါပေမယ့် တကယ့် လက်တွေ့မှာ တော့ ရေပုံးရောင်စုံကိုယ်စီ ထမ်းပိုးမှာ ချိတ်ဆွဲလို့ ရေချိုလေး တစ်ပေါက်သောက်ရဖို့ ရေအလှူရှင်တွေဆီ သူတို့ အပြေးအလွှား လာနေကြရှာတာပါ ။
ရေကားက သူတို့ ရွာအစပ်ထိရောက်အောင် မောင်းနှင်သွားပြီးတော့ ကျွန်မတို့ အဖွဲ့ကတော့ ရိုးပြတ်တွေနဲ့ ခြောက်သွေ့လယ် ကန်သင်းများ ကျော်ဖြတ်လို့ ရွာစပ်ဆီသို့..။ ရန်ကုန်သူ ရန်ကုန်သားတွေ နွေနေပူပူမှာ စေတနာဇောတွေ ကပ်လို့ မမောနိုင် မပမ်းနိုင် သွားနေကြတာ။ ဖုန်အလိမ်းလိမ်းနဲ့ ခြေထောက်ကိုယ်စီ၊ ချွေးတွေနင့်နေကြတဲ့ ခန္ဓာကိုယ်စီနဲ့ လှပနေပုံတွေကို တစ်ယောက်ကို တစ်ယောက်ကြည့်ကြကာ ရယ်မော မိကြသေး။
ရွာစပ်ရောက်တော့ ကလေး၊ လူကြီး အားလုံးက ရေပုံး ကိုယ်စီနဲ့ အဆင်သင့်စောင့်နေကြပြီ။ ရေကို စံနစ်တကျ ဝေငှ ပေးကြတယ်။ အဖွဲ့ဝင် ယောကျာင်္းလေးတချို့က ကိုယ်တိုင် ထမ်းပိုးလို့ လိုက်ပို့ပေးကြတယ်။
ရေ၂ပုံး ဆွဲရောက်လာတဲ့ ကိုယ်ဝန်ဆောင်သည်ကို အဖွဲ့ဝင် ညီမလေးများက လိုက်ပို့ပေးတယ်။ စေတနာတွေ ယိုဖိတ်နေကြတာ။ စိတ်ထဲ သာဓုခေါ် မုဒိတာပွားနေမိပါတယ်။
ရေထမ်းနဲ့ အစ်မကြီးကို ကြည့်ကြပါဦးနော်။ သည်ရေလေး တစ်ထမ်းရဖို့ ဟိုးမြင်ရတဲ့ ရွာကနေ လာပြီး ခတ်ရတာ။ အခု ရေရပြန်တော့... ဟိုးကရွာလေးကို နေပူကြီးထဲမှာ ပြန်ရရှာဦးမှာ..။
ဒီရွာရဲ့ ဘုန်းကြီးကျောင်းမှာ အ၀ီစိတွင်းတစ်တွင်းရှိတယ်ဆိုလို့ သွားရောက်ကြည့်ဖြစ်ပါသေးတယ်။ ကျောင်းရောက်တော့ အ၀ီစိ တွင်းမှာ မော်တာနဲ့ရေကို အုတ်ကန်လေးထဲကို မောင်းတင်ပေးနေတာ တွေ့ရပါတယ်။
မော်တာမောင်းပေးတဲ့ ရွာခံ လူတစ်ဦးကို မေးကြည့်တော့.. " ကန်သာမြင့် ဘုန်းကြီးကျောင်းမှာ ဆရာတော် ဦးမင်္ဂလ ကျောင်းထိုင်ပါတယ်။ ရွာမှာ သောက်ရေ ပြတ်ကထဲက ဘုန်းကြီးကျောင်းကနေ ရေကို အချိန်နဲ့ ဝေပေးနေပါတယ်။ တစ်ရွာလုံးမှာ ဒီတစ်တွင်းပဲရှိတာပါ။ မနက် ၆နာရီကနေ နေ့လည် ၁နာရီထိ တစ်ကြိမ်၊ နေ့လည် ၁း၃၀နာရီကနေ ည ၉နာရီထိတစ်ကြိမ် လူတွေ အတွက်ရော၊ ကျွဲနွားတွေ အတွက်ပါ ပေးဝေနေ ပါတယ်။ ဒီရွာမှာ အိမ်ခြေ ၁၅၀လောက်ရှိပါတယ်။ ဆီဖိုးကာမိအောင်တော့ ရေ၃ထမ်းကို တစ်ရာနှုန်း ယူရပါတယ် လို့ပြောပြပါ တယ်။ နွမ်းပါးရှာတဲ့ သူများတော့ ရေ၃ထမ်း ၁၀၀ ကျပ်တောင် မပေးနိုင် ရှာပါဘူး။ ဒီတော့ အစ်မတို့လို အလှူရှင်မျိုးကို မျှော်နေကြတာပါ။ ရေပြတ်တာ တစ်လလောက်ရှိနေပါပြီ.. " လို့ပြောပြပါတယ်။ ကျွဲ၊နွားတွေလည်း ရေသောက်ချင်ရှာကြမှာ။
ကျွန်မတို့ ကံသာမြင့်ရွာလေးကခွာတော့ နေ့လည် ၁၂း၃၀နာရီရှိနေပါပြီ ။ ရွာခံတွေကို နှုတ်ဆက် ရိုးပြတ်တွေကို ကျော်ဖြတ်ပြီး ရွာထိပ် ညောင်ပင်အောက်ကို ပြန်ရောက်လာကြပါတယ်။
ညောင်ပင်အောက် မှာတော့ စာရင်းအဖွဲ့က ရုံးခန်း အကျအန ဖွင့်ထား တာတွေ့ရပါတယ်။
မမကြီး ကြော်ထည့်လာတဲ့ ခေါက်ဆွဲကြော် ၅ဆင့်ချိုင့်က တက်တက်ပြောင်နေပါပြီ။ မြသွေးနီလည်း တဂွီဂွီမြည် နေတဲ့ ဘိုက်ကို ကြိတ်လိမ်ဆွဲပြီး အနားက ညီမလေးဆီက ရေကိုသာ အငမ်းမရသောက်လိုက်ပါတော့တယ်။ စားသောက်ဆိုင်မရှိ၊ အင်တာနက် access မရှိ၊ .... ကုန်ကုန်ပြောရရင် သောက်စရာရေတောင် မရှိတဲ့... ဘာဆိုဘာမှ မရှိတဲ့ ပကတိကျေးရွာလေးမှာ ကျွန်မတို့ ရောက်နေကြတာပါ။ ဒါပေမယ့် ကျွန်မတို့ အားလုံး မမှုပါဘူး။ ဒီခရီးမစခင်ထဲက ပင်ပမ်းမယ်၊ ခက်ခဲမယ် ဆိုတာ သိထားပြီးသားပါ။ အားလုံးက ဆာလောင်ခြင်း နဲ့ ပူလောင်ြခင်း..ဆိုတဲ့ လောင် (၂)လောင်ကို ထွေးပိုက်လို့ နောက်တစ်ရွာဖြစ်တဲ့ ရုံးသပြေကန်ရွာကို ရှေ့ဆက် ခရီးနှင်ခဲ့ပါတယ်။ ဖုန်တွေကလည်း တလောင်းလောင်းထလို့...။
ရုံးသပြေကန်ရွာဘုန်းကြီးကျောင်းရောက်တော့ ရေသန့်ကားတစ်စီး ရောက်နေနှင့်ပါပြီ။ ကြိုတင်ရောက်နေတဲ့ အဖွဲ့ဝင်များနဲ့ ကျေးရွာတာဝန်ရှိ လူကြီးများက ဝေပြီး ရေဘူးခွံများကို ကားပေါ်တင်နေပါတယ်။ ရေဘူးခွံ ဈေးက ရေဈေးထက်တောင်ကြီး တာကြောင့် ဘူးခွံများကို သေချာ စောင့်သိမ်းရပါတယ်။
ဆရာတော်ကို ၀တ်ပြုပြီးချိန်မှာ MRTV4နဲ့ ဂျာနယ်တိုက်များမှာ ကျေးရွာဥက္ကဌ ဦးတင့်လွင်ကို တစ်ဖက်က ကျောင်းဆောင် နေရာမှာ အင်တာဗျုးမယ်ဆိုလို့ မြသွေးနီလည်း ကင်မရာအိုလေးဆွဲလို့ အသာလေး အနောက်က ကပ်လိုက် ခဲ့မိပါတယ်။
ဥက္ကဌပြောပြချက်အရ ရုံးသပြေကန်ရွာဟာ အိမ် ၄၀၀ကျော်၊ လူဦးရေ ၃၀၀၀၊ အိမ်ထောင်စု ၆၄၁စုရှိတဲ့ရွာပါ။ သောက်ရေကန် ၇ ကန်ကိုအားထားသုံးစွဲနေရပါတယ်။ သောက်ရေကန် ၆ကန်ကတော့ ပြီးခဲ့တဲ့ ၂ပါတ်လောက် ထဲက ခမ်းခြောက်သွားခဲ့တာပါ။ တစ်ရွာလုံး အဓိကထားတဲ့ လက်ကျန် အကြီးဆုံးကန်ကြီးကလဲ ပြီးခဲ့တဲ့ ၅ရက်လောက်က ခမ်းသွားခဲ့ပါတယ်။ ပုဂ္ဂလိကအိမ် ၅အိမ်ရဲ့ အ၀ိစိတွင်းကနေ မေတ္တာရပ်ခံမျှဝေ ပေးခဲ့ရ ပါတယ်။ ရွာက ဝေးခေါင်တော့ အလှူရှင်တွေ သိပ်မလာကြပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ကစပြီး အလှူရှင်တွေ လာလှူကြပါတယ်။ ရေပြတ်တဲ့ အတွေ့အကြုံတွေရှိနေပေမယ့် ဒီနှစ်ကတော့ အဆိုးရွားဆုံးပါပဲ။ အခုတော့ အလှူရှင်တွေလာလှူလို့ ၀မ်းသာမိပါတယ်။ မိုးရိပ်လေးတွေလည်း အခုထိ မမြင်မိသေးတော့ ဘယ်လောက် အထိ တာရှည်မယ်မှန်းမရပါဘူး။ ထူးခြားတာတစ်ခုက ရေငန်လို့ ပိတ်ထားတဲ့ ခရမ်းရေထိမ်း တံခါးက ရေက ၁၄ရက်နေ့မှာ ပြန်ချို လာပါတယ်။ ရေလုံးဝပြတ်သွားရင်တော့ အနည်းဆုံး ကလိုရင်းခတ်လို့ပဲဖြစ်ဖြစ် သုံးရေ အဖြစ်နဲ့သုံးရမှာပါ။ ရွာကလူတွေကတော့ ရောဂါဖြစ်မှာစိုးတော့ သိပ် မသုံးချင်ကြပါဘူး.." လို့ ရှင်းပြပါတယ်။
ဆရာတော် ကျောင်းဆောင်ဘက်ပြန်ရောက်တော့ နောက်ကလိုက်ပါလာတဲ့ အဖွဲ့ဝင် တချို့ နဲ့ ပြည့်လို့နေ ပါပြီ။ ကျောင်းက ဧည့်ခံတဲ့ ကိတ်ခြောက်၊ ကော်ဖီ၊ ရေနွေးကြမ်းနဲ့ ကျွန်မတို့ အဖွဲ့ တော်တော်လေး ၀မ်းမီး ငြိမ်သွားကြပါတယ်။ ဒူဘိုင်းမှ ရွှေမြန်မာတွေကိုယ်စား အလှူငွေယူလာပေးတဲ့ ဦးအေးဝင်းကို၊ မမကြီး၊ ကျေးရွာ ဥက္ကဌ နဲ့ အတွင်းရေးမှူး ၊ ကိုဗေဒါဇော်၊ ကိုဇော်ဆီဆေ့ခ်ျ့တို့ short meeting လေး ထပ်လုပ်တာ တွေ့ရပါ တယ်။
တဖက်မှာလည်း ကျွန်မတို့ အဖွဲ့က " ကျီးကန်း " တစ်ယောက် အသံတောင်မထွက်နိုင်ပဲ မူးလဲနေလို့ ၀ိုင်းဝန်းပြုစု ကြရပါသေးတယ်။ နေက မခံရပ်နိုင်လောက်အောင် ပြင်းလွန်းတာကိုး....။
တစ်အောင့်နေတော့ လက်ကျန်ရေများ ရွာထဲ သွားလှူမယ်ဆိုလို့ မမကြီးကားနဲ့ ကျွန်မ အပါအ၀င် အဖွဲ့ဝင် ၄ယောက် ကပ်လိုက် ခဲ့ပါတယ်။ အရှေ့က ကျေးရွာ အတွင်းရေးမှူးက ဆိုင်ကယ်နဲ့ လမ်းပြခေါ်သွားပါတယ်။ လမ်းမှာ လော်စပီကာနဲ့ ရေဝေနေကြောင်း နှိုးဆော်ပေးနေတာကို ကြားရပါတယ်။ ဖြစ်ချင်တော့ အရှေ့က ဦးအေးဝင်းကိုတို့ကားက တံတားလေးတစ်ခုမှာ ဖြတ်ဖို့တစ်နေ ပါတယ်။
ဒါနဲ့ မမကြီးတို့အဖွဲ့လည်း စိတ်လျှော့လို့ ကားနောက်ကြောင်းပြန်လှည့်ပါတော့တယ်။ မြသွေးနီကတော့ ဘာရမလဲ.. မမကြီးတို့ကို နှုတ်ဆက်၊ ကားပေါ်ကဆင်းလို့ ...၉၆၉၃ နဲ့ ရေလှူတဲ့ ဆီ ရောက်ခဲ့ရတာပေါ့။ ရွာလမ်းရဲ့ ဟိုဘက်ထိပ်နဲ့ သည်ဘက်ထိပ် နှစ်နေရာခွဲလို့ ပေးလှူနေတာ တွေ့ရ ပါတယ်။
အဖွဲ့က ညီမလေးတွေကလည်း နေပူပူ၊ ချွေးတစိုစို နဲ့ မခိုမကပ်ပါဘဲ။
ကိုသူရကြီးလည်း ရေတွေ စိုရွှဲ ဖုန်တွေ သဲတွေလူးလို့။ အပူရှပ်မှာတောင် စိုးရိမ်မိရပါတယ်။ နောက်တစ်ခါ မျက်နှာပါအောင် ရိုက်ပါ့မယ်။ ဒီတစ်ခါတော့ ခွင့်လွှတ်ပါ။ :)
ဒီဘက်မှာ ပုံတွေရပြန်တော့ ဟိုဘက်ထိပ် လှူတဲ့နေရာကို ပြေးရပြန်ပါတယ်။ သြော်.. အံသြစရာ ..ငါ့နှယ့် အခုအချိန် ၃နာရီနီးပါး အထိ ဗိုက်ထဲ ဘာအစာမှမရှိပဲ၊ ဒီလောက် ပူအိုက် ဖုန်တွေလူးနေတဲ့ ကြားထဲ တောင့်ခံနိုင်ထားတုန်းပါလား။ အင်း ငါတစ်ယောက် ထဲမဟုတ်ဘူး... အားလုံး.. အားလုံး အတူတူပါပဲလား..လို့ တွေးမိလိုက်သေး။
ဟိုဘက်ရောက်တော့ ရေကုန်သွားလို့ ရေဘူးတွေတောင် သိမ်းနေပြီ။ ဒီတော့ ပထမနေရာပြန်လာ၊ အနားက ရေခမ်းခြောက်နေတဲ့ သောက်ရေကန်ကြီးကို ဇင်အိနဲ့ တက်ကြည့်။
ပြီးတော့ ကလေးတွေ Group Photo ရိုက်နေတုန်း ကိုယ်လည်း တစ်ပုံလောက် အရရိုက်ယူလိုက်တယ်။
ဘုန်းကြီးကျောင်းကို ပြန်ရောက်တော့ အချိန်က မနည်းတော့။ ပြန်ဖို့ အချိန်တန်ပြီ။ ပါသမျှရေအားလုံးလည်း ကုန်စင်အောင် လှူခဲ့ပြီးကြပြီ။
အိမ်အပြန် ကားပေါ် မတက်ခင် ဖုတ်တွေမလူးစဖူး လူးနေကြတဲ့ ခြေထောက်တွေ ကို အမှတ်တရ ဓာတ်ပုံရိုက်ကြ။
ဇင်အိလေး မူးလဲကျလို့ ၀ိုင်းနှာနှပ်ကြ။ ( သူက နေမကောင်းသူ၊ မလိုက်ဘူးဆိုပြီး ဇွဲတင်းပါလာခဲ့သူ၊ ဇင်အိ..ကို ကားနဲ့ တင်ခေါ်ပေး သွားတဲ့ ဦးအေးဝင်းကို ကို ကျေးဇူးစကား ဒီနေရာကနေ ဇင်အိကိုယ်စား ဆိုပါရစေရှင်.. )
ဒီခရီးက ၃ရက် အတွင်း အရေးပေါ် အမြန်တက်သုတ်စီစဉ်လိုက်ရလို့ စီစဉ်သူတွေ ဘက်မှာလည်း အဆင်မပြေမှု့များ၊ အခက် အခဲများစွာရှိခဲ့ပါတယ်။ အခက်ခဲဆိုတာက ကျွန်မသိသလောက် ရေလိုသလောက် ရှာဝယ်လို့မရခြင်း၊ ရေသယ်ရန် ကားအခက်ခဲရှိခြင်း အပြင် တခြား ကျွန်မ မသိနိုင်တဲ့ အခက်အခဲများစွာ ရှိနိုင်ပါတယ်ရှင်။ ဒီလိုမစီစဉ်ရင်လည်း ရေလိုအပ်သူတွေ အဖို့ တစ်ရက် ဆို ဆိုသလောက် နောက်ကျသွား ရမှာပါ။ ဒီကြားထဲက အခုလို အောင်အောင်မြင်မြင် ပြီးဆုံးသွားတာကို ၀မ်းသာလို့ မဆုံးပါ ဘူးရှင်။
ကျွန်မတို့ ရေအလှူပွဲကြီးက အခက်အခဲတွေအများကြီးကြားက အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ အပြန်ခရီးမှာတော့ ကား၂စီး စာကို တစ်စီးထဲ ကြပ်ညပ် ပေါင်းစီးခဲ့ကြပါတယ်။ အားလုံးက ပင်ပမ်းနွမ်းနယ် နေကြပါပြီ။ ဖုန်အလူးလူး ကိုယ်စီနဲ့ အကျီ င်္ အ၀တ်အစားတွေလည်း ညစ်ပေတူးနေကြပါပြီ။ ဒါပေမယ့် အားလုံးရဲ့ စိတ်အဟုန်ကတော့ ကြည်လင်လျှက်၊ တောက်ပလျှက် ဆိုတာ မငြင်းနိုင်ကြပါဘူး။ ရေကြည်တစ်ပေါက်ကို ရွာအရောက်ပေးလှူခဲ့ရတဲ့ မြင့်မြတ်တဲ့ စေတနာတရားကြောင့် ရေအကျိုး (၁၀) ပါး မတောင်းပဲ ပြည့်ကြမှာ သေချာပါတယ်ရှင်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်တွင်း+ပြည်ပ အလှူရှင်များ လှူဒါန်းမှုအ၀၀ ကို သာဓုခေါ်နိုင်ရန် တာဝန်ရှိသူများထံမှ မေးမြန်း ဖော်ပြလိုက်ရပါတယ်။
သောက်ရေသန့် ရေဘူးကြီး - ၁၅၀၀ ဘူး
ရေပေပါ - ၄၄လုံး ( ၁ပေပါ = ဂါလံ၅၀)
ရေဘောက်ဆာ - အကြီး ၂စီး ( ဂါလံ ၁၆၀၀ + ဂါလံ ၂၄၀၀ = ဂါလံ ၄၀၀၀)
မှတ်ချက် -
၁။ ပထမ သိထားတဲ့ ဘောက်ဆာ ၆စီးက ၁ကားကို ဂါလံ ၇၀၀ကျော်သာဆန့်တဲက ကား အသေးလေးများဖြစ်လို့ ခေါက်ရေ နည်းနည်းနဲ့ ထိရောက်မယ့် ဘောက်ဆာ အကြီး ၂စီးကို အစားထိုး လိုက်ရတယ်လို့ သိရပါတယ်ရှင်။
၂။ အထက်ပါပို့စ်မှာ ဖော်ပြထားသမျှ မြသွေးနီ သိသလောက်၊ ကိုယ်တိုင် ပါဝင်သလောက်ရေးထားတာပါ။ မြသွေးနီလိုက်ပါမသွားနိုင်တဲ့ တခြားရွာမျာရဲ့ အလှူများက ဒီပို့စ်မှာ ပါဝင်မှာ မဟုတ်ပါဘူးရှင်..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးစကားပြောတာ မင်္ဂလာတစ်ပါးမို့ ….
* အတူလိုက်ပါခဲ့ကြသော Save The Aged အဖွဲ့ဝင် မဟုတ်သည့် ပြင်ပမှ အလှူရှင်များ။
* အတူလိုက်ပါခဲ့ကြသော Save The Aged အဖွဲ့ဝင် အဟောင်း + အဖွဲ့ဝင်အသစ် အလှူရှင်များ။
* အတူမလိုက်ပါနိုင်သော ပြည်ပမှ စေတနာ သုံးတန်ပြဋ္ဌာန်းလှူဒါန်းနေသော Save The Aged အဖွဲ့ဝင်များနဲ့ အလှူရှင်များ။
* ပြည်တွင်း၊ ပြည်ပ နိုင်ငံ ( Singapore, Russia, Korea ) အသီးသီးမှ Save The Aged ရဲ့ တာဝန်ခံများနဲ့ အလှူရှင်များ။
* ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဦးအေးဝင်းကို ( ရွှေဒူဘိုင်းအဖွဲ့- ကန္တာရ၀ဿ)
* ရေရရှိရန် ၀ိုင်းဝန်းအားထုတ်ပေးတဲ့ MACF – Myanmar Active Caring Family
* လိုအပ်သမျှ ပံ့ပိုးကူညီပေးသော Silta လုမ္မဏီ Nurseryကျောင်းမှ မမကြီးနှင့်တကွ ဆရာမများ။
* Treasure သောက်ရေသန့်
* အောင်သုခ Construction
* မြသွေးနီ မသိလိုက်သဖြင့် ဖော်ပြရန် ကျန်ရှိခဲ့သေးသော အလှူရှင်များ
* မြသွေးနီ.. ဒီပို့စ်လေးရေးဖြစ်နိုင်အောင် ပံ့ပိုးဝိုင်းဝန်းကြတဲ့ Save The Aged မှ မောင်၊ ညီမများ။
အားလုံးကို ရင်ထဲကနေ ကျေးဇူးစကားဆိုခွင့်ပြုပါ။
ရေးဖို့ ကြွင်းကျန်ခဲ့တာများရှိရင်၊ အချက်အလက်များ မှားယွင်းခဲ့ရင် မြသွေးနီရဲ့ အားနည်းချက်မို့မေတ္တာရှေ့ထား ဖြည့်စွက် နားလည် ပေးပါနော် ။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ
0 comments:
Post a Comment