မနေ့က ၂၀.၅.၂၀၁၀နေ့မှာတော့ ကျွန်မတို့ Save The Aged အဖွဲ့ဟာ ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ရေသွားရောက် လှူဒါန်းခဲ့ပါတယ်။ ဒီတစ်ခါတော့ ကြားရက်ဖြစ်နေတာကြောင့်ရော၊ ခရီးပိုတွင်အောင်လို့ရော၊ အဖွဲ့ရဲ့ တာဝန်ခံ အချို့နဲ့ အဖွဲ့ရဲ့ ဆရာဝန်အဖွဲ့၊ ပြင်ပ အလှူရှင်တချို့ အပါအ၀င် လူဦးရေ ၃၀ ခန့်သာ သွားရောက်ခဲ့ပါတယ်။ မြသွေးနီလည်း ကြားရက် အလုပ်ကရှိနေတော့ မလိုက်နိုင် ခဲ့ပါဘူး။ ဒီတော့ အလုပ်သာ လုပ်နေရတယ် စိတ်ကမဖြောင့်ချင်၊ အဖွဲ့ရဲ့ အလှူ ချောမော အဆင်ပြေစေဖို့သာ တစ်ဖွဖွ ဆုတောင်း နေမိပါတယ်။ မမကြီး - ဒေါ်အေးမြင့်ကြည် ကတော့ ဖုန်းနဲ့ Message တွေ အဖွဲ့ကို လှမ်းပို့ရင်း update သိရသမျှ အဆက်မပြတ် သတင်းပို့ပေးနေပါတယ်။ ဗေဒါဇော်ကလည်း ပြန်ရောက်လာတာနဲ့ သတင်း အချက်အလက် တွေနဲ့ ဓာတ်ပုံတွေ အချိန်မှီ ပို့ထား ပေးမယ်ဆိုလို့စိတ်တခြမ်းအေးရပြန်ပါတယ်။
ဒီနေ့ မနက်ရုံးရောက်ရောက်ချင်း မေးလ်စစ်လိုက်တော့ အဖွဲ့က " အစော " တစ်ယောက် ပုံတွေရော၊ သတင်းအချက်အလက် တွေပါ ပို့ထားတာ တွေ့ရလို့ ၀မ်းသာအားရ ကြည့်ဖြစ်ပါတယ်။ ကျေးဇူးရှင် ကွန်နက်ရှင်လေးကလည်း စောစောစီးစီး မင်္ဂလာရှိစွာ ကောင်းနေလေပြန်တော့ ဓာတ်ပုံတွေ ဒေါင်းလုပ် လုပ်ရတာ ရှောကနဲ ရှူကနဲပါပဲ။ တစ်အောင့်နေတော့ အစော အွန်လိုင်းပေါ် ရောက် လာလို့ သူနဲ့ မရှင်းတဲ့ အချက်အလက် တချို့ကို သေချာမေးဖြစ်ပါတယ်။ ခဏနေတော့ သူလည်း ဒီနေ့ ကွမ်းခြံကုန်း ဘက်မှာ သွား လှူမယ့် အစီစဉ်အတွက် လိုအပ်တာတွေလုပ်ရမှာမို့နှုတ်ဆက်ပြီး sign out သွားပါတယ် ။ မနေ့က ဝေါအလှူမှာ မနက် ၆နာရီ ရန်ကုန်က ထွက်ပြီး ည ၁၀နာရီ ၀န်းကျင်မှ ပြန်ရောက်ကြတယ်လို့ သိရပါတယ်။ ညတွင်းချင်း အပင်ပမ်းခံ ဓာတ်ပုံတွေ၊ သတင်း အချက် အလက်တွေ အချိန်မှီ စုဆောင်းပေးပို့တဲ့ အဖွဲ့တာဝန်ခံ တစ်ဦးဖြစ်သူ မောင်လေး ပြည့်စော ( အစော) ကို ကျေးဇူးမှတ်တမ်း တင်ပါရစေ။ ( ခြေထောက်တွေ ကိုက်နေတာလည်း ဆေးသောက်ဦး အစောရေ..) ။ ခဏနေတော့ မမကြီး ၊ နောက်ခရီးမှာ လိုက်ပါသွားတဲ့ ဒူဘိုင်းရောက်ရွှေမြန်မာများ တာဝန်ခံ ဦးအေးဝင်းကို၊ နောက် တာဝန်ခံ ဗေဒါဇော်တို့နဲ့ ဖုန်းဆက် ကွန်ဖန်းယူ အပြီးမှာတော့ ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ ဝေါမြို့ ရေ အလှူကို အောက်ပါအတိုင်း ဖော်ပြနိုင်လိုက်ပါတော့ တယ်။
ကျွန်မတို့ အဖွဲ့ဟာ သတ်မှတ်ထားတဲ့ စုံရပ်ကနေ မနေ့က ၂၀.၅.၂၀၁၀ နေ့ မနက်၆နာရီမှာ ရန်ကုန်ကနေ MACF ပံ့ပိုးလှူဒါန်းတဲ့ ရေဂါလံ ၅၀၀၀ဆန့် သောက်ရေချိုများတင်ဆောင်လာတဲ့ ကားကြီးတစ်စီးနဲ့ တကွ စတင်ထွက်ခွာကြပြီး ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အဗျားငှက်ချေးဝင်း ကျေးရွာအုပ်စုနဲ့ ဧကရာဇ်ကျေးရွာ တို့မှာ မွန်မြတ်တဲ့ ရေအလှူနဲ့ တကွ ကျန်းမာရေးစစ်ဆေး ပေးခြင်းတို့ကိုပါ ပြုလုပ်ခဲ့ပါတယ်။ ဘောက်ဆာ ၅စီးစာရေဂါလံ ၈၀၀၀နဲ့ ဂါလံ ၅၀၀၀ဆန့် ဘောက်ဆာ ကြီး၁စီးစာ အတွက် ရေများကိုတော့ ပဲခူးကနေ ကြိုတင် စီစဉ် သယ်ယူကြပါတယ်။
အဗျားငှက်ချေးဝင်းကျေးရွာဟာ ရွာပေါ် အိမ်ခြေ ၉၀၀နှင့် လူဦးရေ ၆၁၀၀ ၀န်းကျင်။ ရွာခွဲ နှစ်ခု အိမ်ခြေ ၃၀၀ နှင့် လူဦးရေ ၁၈၀၀ ၀န်းကျင်၊ စုစုပေါင်း အိမ်ခြေ ၁၂၀၀နှင့် လူဦးရေ ၇၉၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။ အဗျားငှက်ချေးဝင်းရွာမှာ (၁) ငှက်ချေးဝင်း (၂) သိုက်တူးကျန် (၃) စပ်စု (၄) ကျောင်းစု (၅) အဗျားဝ ဆိုပြီး ရပ်ကွက် ၅ခုရှိပါတယ်။ ကျေးရွာကွဲ နှစ်ခုကတော့ (၁) တကောင်း ၀င်း (၂) ဗက္ကလိမ်တို့ဖြစ်ပါတယ်။
အဗျားငှက်ချေးဝင်းကျေးရွာရောက်တော့ ရေကိုစံနစ်တကျ စတင်ဝေပါတယ်။
အဗျားငှက်ချေးဝင်းကျေးရွာမှာ ဧပြီလ ၁၅ ရက်နေ့လောက်ကစပြီး ရေအခက်အခဲ ဖြစ်လာခဲ့ပြီး သောက်ရေကန် များလဲ ခန်း ခြောက် လာတယ်လို့ သိရပါတယ်။ အမှန်တကယ် ရေအခက်အခဲနှင့် ကြုံတွေ့ရတာကတော့ ရက် (၂၀) လောက်ပဲရှိသေးတယ်လို့ ဥက္ကဌ ဦးကြည်စိုး နှင့် အဖွဲ့ဝင် ကိုမြင့်အောင်တို့မှ ရှင်းလင်းပြောပြ ပေးပါ တယ်။ ရေအခက်အခဲနှင့် စကြုံတွေ့ချိန်မှ စပြီး အခု အချိန်ထိ အလှူရှင်များ အဆက်မပြတ် လာရောက် လှုတမ်းကြတယ်လို့လည်း သိရပါတယ်။ ရန်ကုန်၊ ပဲခူး၊ ဒိုက်ဦး၊ တိုက်ကြီး စသည့်နေရာတွေက အများဆုံး လာရောက် လှူဒါန်းကြတယ်လို့ သိရပါတယ်။ ရွာခွဲ (၂) ခုဖြစ်တဲ့ တကောင်းဝင်းနှင့် ဗက္ကလိမ် တို့ကတော့ (၄) လပိုင်းကုန် လောက်မှ စပြီး ရေပြတ်လတ်နေကြပါတယ်။ ဒါပေမယ့် အဲ့ဒီိရွာတွေကိုလည်း အလှုရှင်များ ကိုယ်တိုင် မော်တော်ကားများဖြင့် တိုက်ရိုက်သွားနိုင်တာကြောင့် ရွာသူ ရွာသားများ အဆင်ပြေကြတယ်လို့ သိရပါတယ်။
ရေအလှုရှင်တွေက များသောအားဖြင့် ရေသန့်ဗူးကြီးများ၊ ရေလှောင်ကန်ကားများနဲ့ လာရောက်လှုတမ်းကြပြီး ရွာသူရွာသားများမှ အိမ်တွင်ရှိသော ရေပုံးများနှင့် လာရောက်ယူဆောင်သွားကြပြီး သူတို့အိမ်မှာ ရှိသမျှ အိုးများ၊ ခွက်များတွင် သိမ်းဆည်း စုဆောင်း ထားကြပါတယ်။ တချို့နေအိမ်များ ဆို ရေစုဆောင်းစရာ အိုးခွက်များ၊ တိုင်ကီများတောင် မရှိရှာကြလို့ အခက်တွေ့ရပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ရွာမှာ ရေလှောင်ကန် အသစ် များ စတင် တည်ဆောက်ပေးတဲ့အတွက် ရွာသူရွာသားများအတွက် အဆင်ပြေလျှက် ရှိနေပြီလို့ သိရပါတယ်။
ရွာနာမည်က ထူးဆန်းနေလို့ အဗျားငှက်ချေးဝင်းကျေးရွာလို့ ဘာကြောင့်ခေါ်ရတာလဲလို့ ဥက္ကဌ ဦးကြည်စိုးကို မေးကြည့်တော့ " အရင်ကတော့ ငှက်ကြီးတွေ နေတဲ့ဝင်းဖြစ်တာကြောင့် အဗရငှက်ကြီးဝင်းလို့ ခေါ်တာဖြစ်ပြီး နောက်ပိုင်းခေတ်ကာလ ပြောင်းလဲ လာလို့ အခေါ်အဝေါ်ပြောင်းလဲ လာတာကြောင့် အဗျားငှက်ချေးဝင်း ဖြစ်လာ တာ " လို့ သိရပါတယ်။ အဗျားငှက်ချေးဝင်း ကျေးရွာ မှာ အ၀ီစိတွင်းများရှိတာကြောင့် သုံးရေ အဆင်ပြေပေမယ့် သောက်သုံးဖို့လုံးဝမဖြစ်နိုင်တာမို့ ရွာသားတွေအတွက် အဓိကက သောက်သုံးရေအတွက်ပဲ အခက်အခဲရှိ နေကြတာပါ။
အ၀ီစိရေတွင်းတွေဆိုတာက ထုံးဓါတ်များတာ၊ နွေရာသီရောက်လာတာနဲ့ ရေငန်ခြင်း၊ ၀ါခြင်းများလဲ ဖြစ်တတ်ပါတယ်။ အ၀ီစိ တွင်းများကိုတော့ ပေ ၅၀-၆၀ တူးရုံမျှနဲ့ ရေရရှိနိုင်တယ်လို့ သိရပါတယ်။ အဗျားငှက်ချေးဝင်းကျေးရွာတွင် ငယ်စဉ်မှနေလာသော အဘွားဒေါ်သိန်းကြည် ပြောပြတာ ကတော့...
" ဒီရွာမှာ နေလာခဲ့တဲ့ သက်တမ်းတလျှောက်မှာ ဒီလို သောက်ရေပြတ်တာမျိုး ဒီတစ်ခါပဲ ကြုံဘူးတာပါ.. ရေအခက်အခဲ ဖြစ်နေ တာကတော့ (၁၅) ရက်လောက်ကြာပြီ.. ရေအခက်အခဲ စဖြစ်တဲ့ အချိန်မှာ ရွာဦးဘုန်းကြီးကျောင်းမှာရှိတဲ့ သောက်ရေကန်က
လက်ကျန်ရေက တစ်ရွာလုံးအတွက် မလောက်ငှတာမို့ အခုလို ရေအလှုရှင်တွေ လာပြီး လှူတာကို အရမ်းကို ၀မ်းသာမိပါတယ်.. တစ်ရက်ကဆို ရေကားလာလို့ ၀မ်းသာပြီး ရေကားနောက်ကိုလိုက်တာ ချက်လက်စ ထမင်းအိုးကြီး မေ့ပြီးထားခဲ့မိလို့ အိမ်တောင် မီးလောင်တော့မလို့၊ ကံကောင်း လို့..." လို့ ဂရုဏာသက်စဖွယ် ပြောပြရှာပါတယ်။
အသက် ၈၃ နှစ်ရှိ အဘွား ဒေါ်အေးကျင်ကလည်း ရေအခက်အခဲနှင့်ပတ်သတ်ပြီး ... " အဖွား တစ်သက် ဒီတစ်နှစ်ပဲ ကြုံဘူးတယ်၊ လူရော နွားပါ ဒုက္ခရောက်တွေရောက်တာ၊ နွားတွေကို လယ်ကွင်းထဲမှာ တုန်ကင်တူးပြီး ရေတိုက်ရတယ်။ လာလှူတဲ့ အဖွဲ့တွေ ထဲမှာ လူလေးတို့ STA အဖွဲ့ တစ်ဖွဲ့ထဲသာ ဆေးဝါးကုသမှုပေးတာ.. သာဓု.. သာဓု.. သာဓု " လို့ တုန်တုန်ရီရီနှင့် ၀မ်းသာအားရ ပြောရှာပါတယ်။
ဧကရာဇ်ကျွေးရွာကို အဖွဲ့ရောက်ပြန်တော့ အိမ်ခြေ ၅၀၀ ၀န်းကျင်ခန့်ရှိကြောင်းနဲ့ ဥက္ကဌ ဆီစက်ဝင်း သွားနေလို့ လူဦးရေ အတိအကျ မသိခဲ့ရ ပါဘူး။
အလှုရှင်များကိုယ်တိုင် မော်တော်ကားများနဲ့ တိုက်ရိုက် သွားနိုင်သောကြောင့် ရွာသူ ရွာသားများ အဆင်ပြေကြပါတယ်။ ရွာမှာ အ၀ီစိတွင်းများ ရှိတာမို့ သုံးရေ အစဉ်ပြေပေမယ့် သောက်သုံးဖို့လုံးဝမဖြစ်နိုင်တာမို့ သောက်သုံးရေ အတွက်ပဲ အခက်အခဲရှိ နေကြတာလို့ သိခဲ့ရပါတယ်။ အဖွဲ့ဝင်များလည်း လိုအပ်တဲ့ ရေချိုများကို ပေးဝေခဲ့ကြပါတယ်။
ဧကရာဇ်ကျေးရွာမှာ ရေပြတ်လပ်စဉ် မသန့်ရှင်းသောရေ အသုံးပြုမှုကြောင့် ၀မ်းရောဂါနဲ့ ၃ဦးဆုံးပါးခဲ့ရတယ်သိရပါတယ်။ အဖွဲ့ ရောက်တဲ့နေ့မှာပဲ ၁ဦးသေးဆုံးခဲ့တာပါ။ ဆေးရုံးမှာလည်း ၀မ်းရောဂါနဲ့ တက်ရောက်သူများရှိနေတာ သိရပါတယ်။ ရေပြတ်လပ်မှုရဲ့ နောက်ဆက်တွဲ ရောဂါဆိုးကို ဂရုစိုက်ဘို့ အရေးကြီးလှပါတယ်။
အဗျားအုပ်စုတွင် ရွာပေါင်း (၁၂) ရွာရှိရာတွင် (၄) ရွာကို လှူတန်း ပြီးခဲ့ပြီး ၀မ်းရောဂါဖြစ်နေတဲ့ အဗျားတံမန်ကြီးရွာ၊ အဗျားဘိုးတ ရွာနဲ့ အဗျား ထမင်းဆိုင်ရွာကို ဆေးဝါးကုသပေးနိုင်ရန် Save The Aged ရဲ့ ဆေးအဖွဲ့မှ ကျေးရွာမှ သူနာပြုဆရာမကြီးကို STA အဖွဲ့မှ ဆေးဝါးများ လှုတမ်း ခဲ့ပါတယ်။
Save The Aged ဆေးအဖွဲ့ရဲ့ စေတနာနဲ့ ဇွဲ ဟာလည်း အဖွဲ့အတွက် မှတ်တမ်းတင်စရာ၊ ဂုဏ်ယူစရာပါ။
အဗျားငှက်ချေးဝင်းကျွေးရွာမှာ ဘုန်းကြီး ၃အပါအ၀င် လူနာ ၂၀၀ကျော်ကို ဆေးဝါးကုသ ပေးခဲ့ပြီး ဆေးဝါးများလည်း ပေးဝေခဲ့ပါတယ်။
အဲ့ဒါအပြင် ဓာတ်ဆားထုတ်များဝေငှခြင်း၊ Water Guard များဝေငှကာ အသုံးပြုပုံတို့ကိုလည်း သေချာ ပညာပေး ပါတယ်။ အဗျားရွာမှာ Water Guard ၄၅၇ ဘူး နဲ့ ဧကရာဇ်ရွာမှာ ၄၃ ဘူး ပေးဝေခဲ့ပါတယ်။
ဝေါမြို့နယ်၊ စည်ပင်ရုံးရဲ့ မျက်နှာ ချင်းဆိုင်မှာ ပုဂ္ဂလိကများ ပူးပေါင်းတူးဖော်နေတဲ့ သောက်ရေကန်အတွက်လည်း Save The Aged အဖွဲ့မှ ငွေကျပ် ၅သိန်းတိတိ ပါဝင်ပေးလှူခဲ့ပါတယ်။
အဖွဲ့ဝင်အားလုံး မမော မပမ်းနိုင် ဆောင်ရွက်လိုက်ကြတာ အလှူ ကိစ္စအ၀၀ အားလုံးပြီးဆုံးသွားတော့ နေ၀င်ရီတရော ဖြစ်နေပါပြီ
အားလုံး ရန်ကုန်မြေကို ခြေဦးပြန်လှည့်ကြလိုက်တာ ည ၁၀နာရီ ၀န်းကျင်မှာ ပြန်ရောက်ခဲ့ပါတယ်။ အခုလို အောင်အောင်မြင် မြင်ပြီးဆုံးခဲ့တဲ့ အတွက် အားလုံးရဲ့ ရင်ထဲမှာ တူညီပီတိတွေ စီးပျော်ဝင်နေကြပါတယ်။ အားလုံးဟာ နောက်နေ့.. နောက်နေ့ တွေမှာ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေ အတွက် အားမာန်အပြည့်ဖြင့်..... ။
(
ဝေါမြို့ ရေအလှူမှာ ကိုယ်တိုင်မသွားရောက်နိုင်တာမို့ မောင်လေးပြည့်စောမှတ်တမ်းတင်ခဲ့သမျှနဲ့ ဒီခရီးကို သွားရောက်ခဲ့တဲ့ တာဝန်ခံ အချို့ကို ဖုန်းနဲ့ ပြန်ဗျုးထားသမျှကိုသာ သင့်လျှော်အောင် ပြန်လည် ဖော်ပြပေးလိုက်ပါ တယ်ရှင်..)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်တွင်း+ပြည်ပ အလှူရှင်များ မိမိတို့ရဲ့ မွန်မြတ်တဲ့ လှူဒါန်းမှုအ၀၀ ကို သာဓုခေါ်နိုင်ရန် တာဝန်ရှိ သူများထံမှ မေးမြန်း ဖော်ပြလိုက် ရပါတယ်။
ရေအလှူ :
ရေ ၅၀၀၀ ဂါလံ - MACF
ရေ ၅၀၀၀ ဂါလံ ( အဗျားရွာ) + ရေ ၈၀၀၀ ဂါလံ (ဧကရာဇ်ရွာ) = ၁၃,၀၀၀ ဂါလံ - Save The Aged
ရွာအလယ် သောက်ရေကန် အတွက်အလှူငွေ (၅)သိန်း - Save The Aged
ဆေးအလှူ :
Royal D ဓါတ်ဆား အထုပ် (၁၀၀၀) ထုပ်
ဘီပ်ီအိုင် ဓါတ်ဆားအထုပ် (၉၅၀) ထုပ်
Water Guard (၅၀၀) ဗူး
ဆေးဝါးစောင့်ရှောက်မှု
:
သံဃာ ၃ပါးအပါအ၀င် လူနာ၂၀၀ကျော်အား ဆေးကုသပေးခြင်း၊ ဆေးဝါးအလှူပေးခြင်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးစကားပြောတာ မင်္ဂလာတစ်ပါးမို့ ….
* ပဲခူးတိုင်း၊ ဝေါမြို့၊ စည်ပင် ဦးစီးမှုး ဗိုလ်ကြီးစောရွှေ ။
* ၁၂ဘီးကားနှင့် ရေအလှူရှင်ဖြစ်တဲ့ ၀တီပိုင်ကုမ္ပဏီနှင့် အဆင်ပြေချောမွေ့စွာ ကားမောင်းပေးသူ ကိုမျိုးမင်းလတ်။
* တန်ဘိုးငွေ ၁၆၀,၀၀၀ိ/- ကျပ်ရှိ Royal D ဓာတ်ဆားထုပ်အလှူရှင်များ (ကေကေ၊ စီစ၊ီ ၀င်းမင်း ၊ ပြည့်စုံနှင့် သူယ်ချင်းများ ၁၀၀,၀၀၀ိ/- + ကိုဝေယံမင်း နှင့်သူငယ်ချင်းများ ၆၀,၀၀၀ိ/-)
* ဒူဘိုင်းရောက် ရွှေမြန်မာများ
* ပူပေါင်းပါဝင်လှူဒါန်းသောMACF – Myanmar Active Caring Family
* လိုအပ်သမျှ ပံ့ပိုးကူညီလှူဒါန်းပေးသော Silta လုမ္မဏီ Nurseryကျောင်းမှ ဒေါ်အေးမြင့်ကြည်
* အတူလိုက်ပါခဲ့ကြသော Save The Aged အဖွဲ့ဝင် မဟုတ်သည့် ပြင်ပမှ အလှူရှင်များ။
* အတူမလိုက်ပါနိုင်သော ပြည်ပမှ စေတနာ သုံးတန်ပြဋ္ဌာန်းလှူဒါန်းနေသော Save The Aged အဖွဲ့ဝင်များနဲ့ အလှူရှင်များ။
* ပြည်တွင်း၊ ပြည်ပနိုင်ငံ အသီးသီးမှ Save The Aged ရဲ့ တာဝန်ခံများနဲ့ အလှူရှင်များ။
* အဖွဲ့ဝင်၃၀ကျော်စီးလာတဲ့ကားကို ဘေးမသီရန်မခမောင်းပေးတဲ့ ကိုပန်းမွှေး။
* မြသွေးနီ မသိလိုက်သဖြင့် ဖော်ပြရန် ကျန်ရှိခဲ့သေးသော အလှူရှင်များ
* မြသွေးနီ.. ဒီပို့စ်လေးရေးဖြစ်နိုင်အောင် ပံ့ပိုးဝိုင်းဝန်းကြတဲ့ အစောနဲ့တကွ Save The Aged မှ တာဝန်ခံ မောင်၊ ညီမများ။
အားလုံးကို ရင်ထဲကနေ ကျေးဇူးစကားဆိုခွင့်ပြုပါ။
ရေးဖို့ ကြွင်းကျန်ခဲ့တာများရှိရင်၊ အချက်အလက်များ မှားယွင်းခဲ့ရင် မြသွေးနီရဲ့ အားနည်းချက်မို့ မေတ္တာရှေ့ထားဖြည့်စွက် နားလည် ပေးပါနော် ။ :)
စက်ရပ်သတင်း...
Save The Aged အဖွဲ့တာဝန်ခံအချို့ဟာ ဒီနေ့ ၂၁.၅.၂၀၁၀ - သောကြာနေ့ မှာတော့ သောက်ရေသန့်များကို ကွမ်းခြံကုန်း မြို့နယ်မှာရှိတဲ့ မဟာဝိဇယ ကျောင်းတိုင်ဆရာတော်ရဲ့ အကူအညီနဲ့ ကွမ်းခြံကုန်းမြို့သို့ သွားရောက်လှူဒါန်းနေပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါတယ်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
0 comments:
Post a Comment