ဒီတစ်ခေါက် မေလမှာ ကျွန်မတို့ Save The Aged အဖွဲ့ရည်ရွယ်ထားတဲ့ ခရမ်းမြို့၊ ကံဦးကျောင်း မှာရှိတဲ့ ပရဟိတ စာသင် ကျောင်း အတွက် အလှူက ပြီးခဲ့တဲ့ ဥက္ကံမြို့မှာ ၂၅.၄.၂၀၁၀မှာ လုပ်ခဲ့တဲ့ အလှူရက်နဲ့ သိပ်မကွာလှပါဘူး။ ကျွန်မ ကိုယ်တိုင် တောင် မိသားစု ကိစ္စတွေရှိနေလို့ ဒီတစ်ခေါက် မလိုက်ဖြစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမယ့် တာဝန်ခံများနဲ့ တကွ အဖွဲ့မှညီမလေးများရဲ့ အတူလိုက်ဖို့ ပြောသံတွေ ကြောင့် ကျွန်မရဲ့ မနည်းတင်းထားရတဲ့ စိတ်တွေ အရည်ပျော်ပြီး အလှူ ရက်မတိုင် ၂ရက်အလိုမှာ ကျွန်မလိုက်ဖို့ ဆုံးဖြတ် လိုက်ရပါတော့တယ် ။ လိုက်မယ့်လိုက်တော့ တစ်ခါမှ အလှူတွေ မလိုက်ခဲ့ဖူး သေးတဲ့ ကျွန်မတို့ရုံးက အမာခံမန်ဘာ တစ်ဦးဖြစ်သူ မပြုံးနဲ့အတူ အွန်လိုင်းက သိကျွမ်းခဲ့ရတဲ့ ချစ်ရပါသော ညီမလေး 9popcorn (ထွဋ်)ကလဲ အမာခံမန်ဘာ ချက်ချင်းဝင်ပြီး အတူလိုက်ပါမယ် ပြောလာပါတယ်။ ကဲ.. ဒီလိုဆိုတော့ မြသွေးနီ ဒီအလှူလိုက်ဖို့ က မသေချာပဲ ရှိပါတော့ မလားနော်။ ဒါနဲ့ Ki Kiနဲ့ ကျွန်မ အလှူနေ့အတွက် စာရေး ကရိယာတွေ အပြေး အလွှား သွားဝယ်ကြ ပါတယ်။ ရုံးကညီမငယ် ဟေမာန်ကလည်း ကလေးများစားဖို့ မုန့်တွေဝယ် ထည့်ပေး လိုက်ပါတယ်။ ဒီလိုနဲ့ အလှူနေ့ မနက်မှာ ၉.၅.၂၀၁၀ – မနက် ၈နာရီ ၂၀မိနစ်တိတိမှာ ဆုံရပ် Tokyo Donut ရှေ့ကို မြသွေးနီ တစ်ယောက် အထုတ်အပိုးတွေ တိုးလိုး တွဲလောင်းနဲ့ ရောက်လာခဲ့ပါတယ်။
အလားလား.. ကိုယ်က ကိုယ့်ကိုယ်ကို စောလှပြီထင်နေတာ။ ကိုယ့်ထက်စောရောက်နေတဲ့ မောင်ငယ်၊ ညီမငယ်များနဲ့ သူတို့ရဲ့ လှူဒါန်းဖွယ် ပစ္စည်း အထုပ်အပိုးတွေက ဆုံရပ်က ပလက်ဖောင်း တစ်လျှောက် အပြည့်ပါဘဲ။ လူငယ်များရဲ့ မမောမပမ်းနိုင်တဲ့ ပရဟိတ စိတ်လေးတွေကို အလေးအနက် ပီတိဖြစ် ရပါတယ်။ ကျွန်မတို့ ဒီတခေါက် အလှူရက်က ပထမအလှူနဲ့ ကပ်နေတယ်၊ နောက် ခရမ်းမြို့အထိ ဆိုတော့ ဝေးလို့ သိပ်မလိုက်နိုင်ကြဘူး ထင်ခဲ့မိတာ။ တကယ်တန်းလူစုံတော့ ကားအကြီး တစ်စီးတောင် မလောက်ငှ၊ နောက်တစ်စီး အမြန်စီစဉ်ရတယ်။ ဒီတစ်ခေါက် အလှူမှာ ပြင်ပက စေတနာထက်သန်သူ ပရဟိတစိတ်ရှိသူ ဧည့်သည် လူကြီးများလဲ မိမိအစီအစဉ်နဲ့ မိမိ ပါဝင်လိုက်ပါလာတာကြောင့် စုစုပေါင်း အင်အား ၁၅၀လောက် ရှိမယ်လို့ ခန့်မှန်း မိပါတယ်။ မနက် ၉း၁၅ နာရီမှာ ဆုံရပ်ကနေ ကားကြီး ၂စီး၊ ပြင်ပမှ အလှူရှင်များရဲ့ ကားများ၊ လှူဘွယ်ပစ္စည်းများ အပြည့် တင်ထားတဲ့ Light Aceတစ်စီး နဲ့ အတူ ကျွန်မတို့ Save The Aged ရဲ့ မင်္ဂလာရှိတဲ့ အလှူခရီး စတင်ခဲ့ပါတော့တယ်။
ကျွန်မ၊ ထွဋ်နဲ့ သ န္တာ က အဆင်ပြေချင်တော့ ကျွန်မလေးစားရတဲ့ စာရေးဆရာတစ်ဦးဖြစ်တဲ့ မုံရွေးစာပေတိုက်က စာရေးဆရာ ကိုတာရဲ့ ဇနီး ဒေါ်အေးမြင့်ကြည် (မမကြီး) တို့အဖွဲ့နဲ့ သိခွင့်ရပြီး မမကြီးရဲ့ကျေးဇူးနဲ့ သူတို့ရဲ့ ကားလေးနဲ့အတူ အေးဆေး အဆင်ပြေစွာ လိုက်ပါခွင့်ရခဲ့ ပါတယ်။ သန်လျှင် တံတားကြီးကို ကျော်ဖြတ် လို့ နောက်က အဖွဲ့ရဲ့ ကားတွေကို စောင့်ရင်း ကျွန်မတို့တတွေ ကျိုက်ခေါက်ဘုရား စောင်းတန်းက မြန်မာမုန့်စစ်စစ်များ ကို တွေ့ထိခွင့်ရခဲ့ပါတယ်။ မြသွေးနီ တစ်ယောက် ဓာတ်ပုံလေး တွေ ရိုက်လိုက်မိတာလေး ပြန်လည် မျှဝေပါရစေနော်။
စေတနာ သဒ္ဒါစိတ် ထက်သန်တဲ့ မမကြီးအကြောင်း စာတွေထဲ ဖတ်ဘူးနေခဲ့တာ ယခုတော့ မြသွေးနီ ကိုယ်တိုင်လက် တွေ့သိခွင့် ရလိုက်ပါတယ်။ လမ်းတစ် လျှောက် ထည့်လာတဲ့ မုန့်တွေ ကျွေး၊ စကားတွေပြောလာလိုက်ကြတာ သုံးခွမြို့ကို ကျော်လွန်ပြီး ခရမ်းမြို့ ကို ရောက်လို့ ရောက်မှန်း တောင် မသိခဲ့ရပါဘူး။ အချိန် ကြည့်လိုက်တော့ နေ့လည် ၁၁း၃၀နာရီ ။
လူသွား အုတ်တံတားတစ်ခုကို ဖြတ်ကျော်ပြီးမှ သွားလို့ရမှာမို့ ကျောင်းရှေ့အထိ ကားဝင်လို့ မရပါဘူး။ ဒါလေးများ.. လမ်းလျှောက် ၀င်ကြတာပေါ့ နော်။ ကျောင်းနား မရောက်ခင်မှာ ကြာကန်ကြီး တစ်ကန်တွေ့ရလို့ ကန်ဦးကျောင်းလို့ ခေါ်တာဖြစ်မယ်လို့ တွေးမိ ပါတယ်။
နေကလည်း အစွမ်းကုန် ကျဲကျဲတောက်ပူနေပြီ။ ဘုန်းဘုန်းတို့က နေ့ဆွမ်းစားနှင့်ပြီး ကျွန်မတို့ အဖွဲ့ကို စောင့်မျှော်နေကြလေပြီ။ အဖွဲ့ရဲ့ ကားတွေ ၀င်ချလာတော့ ကျောင်းဝန်းထဲမှာ ရုတ်ချည်း အဖွဲ့ဝင်များနဲ့ စည်ကားသွားပါတယ်။ လှူဖွယ်တွေ ကားပေါ်ကချ၊ ကျောင်းပေါ်မှာ လှူဖွယ်တွေ နေရာချ။ အားလုံး ယပ်တစ်ဖျတ်ဖျတ်နဲ့ နဖူးကချွေး ခြေမကျလို့။ လက်ထောက် ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂ၀ံသ ကို ဦးချပြီး ဆွမ်းစား ဆောင်မှာ အဖွဲ့ကို နေ့လည်စာ ကျွေးပါတယ်။
နေ့လည်စာ အလှူရှင်က ကျွန်မတို့ စကာင်္ပူ Save The Aged အဖွဲ့မှ မသိ င်္ဂီဝင်းနဲ့ ကိုထွန်းဝင်း တို့ မောင်နှမရဲ့ မွန်မြတ်တဲ့ အလှူဖြစ်ပါတယ်။ ဒီနေရာမှာ လူကြီးဖြစ်ရတာ ( လူကြီးဆိုတာ အသက်ကြီးတာကို ပြောတာပါနော် :) ) ကောင်းသွားပြန်ရော..။ ကျွန်မတို့ကို အားလုံးက ဦးစားပေးပြီး အရင်စားစေပါတယ်။
နေ့လည်စာ စားသာနေရတယ် မြသွေးနီရဲ့ စိတ်က ပင်မကျောင်းတိုက်ပေါ်ကို ပြန်သွားချင်နေပြီ။ မြသွေးနီစိတ်တွေ ဂဏှာ မငြိမ်ဘူး။ ဓာတ်ပုံတွေ မရိုက်လိုက်ရမှာ စိုးမိတယ်၊ အစီစဉ်လေးတွေ လွတ်သွားမှာစိုးတယ်။ ဒါနဲ့ စားလက်စသတ်ပြီးတာနဲ့ မမကြီးတို့ကို နှုတ်ဆက်လို့ ပင်မကျောင်းတိုက် ဆီ ခုန်စွခုန်စွပြေးရပြန်လေတယ်။ မြသွေးနီ မကြီးမငယ်နဲ့ ဘုန်းကြီးကျောင်းထဲ ကစားနေတယ် မထင်ကြပါနဲ့နော်။ ခုန်စွခုန်စွပြေးရတယ်ဆိုတာက နေက ပူလွန်း၊ အင်္ဂတေခင်းလမ်းမက မီးအပူပေးထားတဲ့ သံပြားလို ပူခြစ်တောက်၊ အဆောင်တစ်ခုနဲ့ တစ်ခုက ခြေလှမ်း ၄၀စာလောက်ဝေးလေ တော့ အရိပ်အကာမဲ့ လမ်းပေါ် လမ်းလျှောက်လို့မရပဲ ခြေဗလာနဲ့ ခုန်စွခုန်စွ ပြေးရပါလေတယ်။
ကြည့်ကြပါဦး။ စေတနာတွေ ယိုဖိတ်လှူထားကြတာတွေ..။
ကျောင်းပေါ်ရောက်တော့ လှူဖွယ် ပစ္စည်းတွေကို ဓာတ်ပုံရိုက်၊ လှူဘွယ်စာရင်းတွေကို တာဝန်ခံတွေကို မေးမှတ်၊ဘုန်းဘုန်းကို မေးစရာရှိတာ လေးတွေမေးဘို့ အလစ်ချောင်းနဲ့ လူကလည်း ချွေးတွေနဲ့ ရွှဲရွှဲနစ်နေပါပြီ။ ထွက်သွားတဲ့ ချွေးတွေ ကာမိဘို့ ရေတစ်ဝသောက်ပြီး ကိုရင်လေးများ၊ ကလေးများရဲ့ အဆောင်ဘက်ကို ခုန်စွခုန်စွပြေးရပြန်ပါတယ်။ ကလေးတချို့က နွေရာသီကျောင်းပိတ်ရက်မို့ တွေ့ခွင့်မရခဲ့ပါဘူး။ ကျောင်းမှာလက်ရှိ နေထိုင်နေတဲ့ သနားဂရုဏာ သက်စဖွယ် ကိုရင်များ၊ ကလေးများကို တွေ့ခဲ့ရပါတယ်။
အဖွဲ့က မောင်လေး၊ ညီမလေးတွေက လက်မနှေးပါဘူး။ အဖွဲ့ဝင်အဟောင်းတွေရော၊ အသစ်လိုက်ပါလာတဲ့ အဖွဲ့ဝင်အသစ် တွေရော တက်ညီ လက်ညီ ရှိကြပါတယ်။ ကလေးတွေနဲ့ ဆော့ကစားဘို့အစီစဉ်လေးတွေ စနေကြပါပြီ။ ဘော်လုံးမှုတ်သူမှုတ်၊ ပုံပြောဖို့စီစဉ်သူကစီစဉ်၊ အဖွဲ့ရဲ့ လူရွှင်တော်တွေ က ဟာဒရရွှင်သွေး တိုက်ကျွေးကြနဲ့ ကလေးတွေရောလူကြီးတွေပါ တ၀ါးဝါးတဟားဟားနဲ့ ပွဲကျလို့ မဆုံးပါဘူး။
တစ်အောင့်နေတော့ ကစားဘို့နေရာကို ဆွမ်းစားဆောင်ဘက်မှာ စီစဉ်ပေးလို့ ကျွန်မတို့ ဆွမ်းစားဆောင်ဘက်ကို ပြန်လိုက်ရ ပါတယ်။ ကိုရင်ငယ် လေးတွေကိုတော့ ဒီနေ့တစ်ရက် ဆော့ကစားခွင့်ပြုပေးထားလို့ သူတို့ခမျာ ကျွန်မတို့ အဖွဲ့နဲ့အတူ ပျော်ရွှင် လွန်းစွာ ကစားကြပါတော့တယ်။ ကလေးတွေကို စားစရာမုန့်များ ဆုချပါတယ်။
ကလေးတွေ ကစားနေတာကို ကြည့်နေ ရပေမယ့် ကျွန်မရဲ့စိတ်က ပင်မအဆောင်ပေါ်မှာ ရေစက်ချတာ လွတ်သွားရင်ဆိုပြီး စိတ်ကရောက်နေ ပြန်ပါတယ်။ ခုနကမေးကြည့်တော့ လှူဘို့ ဆန်အိတ်တွေသွားဝယ်နေလို့ ပြန်လာမှ ရေစက်ချမယ်လို့ သိရပါတယ်။ ဒါနဲ့ နီးစပ်ရာကို ရေစက်ချ ရင်ပြောပါဆို မှာရပြန်ပါတယ်။ ပုံလေးတွေ မရိုက်လိုက်ရမှာစိုးလို့ပါ။
စိတ်ထဲထင်နေတာနဲ့ ပင်မအဆောင်ကို ခုန်စွခုန်စွနဲ့ ပြန်ပြေးတော့ ရေစက်ချပြီးနေပြီ။ ဂုဏ်ပြုမှတ်တမ်းလွှာ ဘုန်းဘုန်းက ပေးအပ်နေပြီ။ ဘုန်းဘုန်း က ရေစက်ချမယ်ဆိုလို့ ရှိတယ်လူနဲ့ ရေစက်ချလိုက်တယ်လို့ အစော ကပြောလာပါတယ် ။ ( အစောက သူ့ကို အစောလို့ မခေါ်ဘို့ ပြောပေမယ့် မှင်ချွေတာတဲ့ အနေနဲ့ အစောလို့ပဲခေါ်လိုက်ပါတယ်။: )) ။ မြသွေးနီပဲ.. ဘယ်ရမလဲ.. မမှီ မှီရာကို ရိုက်လိုက်တာပေါ့နော်။

ဒါပေမယ့် ဒီပို့စ်မတင်ခင်လေးတင်ပဲ ရေစက်ချတဲ့ပုံတွေ မေးလ်နဲ့ အချိန်မှီပို့ပေးလိုက်လို့ ညီမလေးဖြူ နဲ့ အစောကို ဒီနေရာ ကနေ ကျေးဇူး စကား ဆိုပါရစေနော်။ ဒါပေမယ့် ကွန်နက်ရှင်နှေးနေလို့ ရသလောက်ပုံလေးပဲတင်ပေးလိုက်ပါတယ်နော်။


ပြီးတော့ လူနည်းနည်းရှင်းသွားချိန် မယောင်မလည်နဲ့ ဘုန်းဘုန်းကို လျှောက်ပြီး သိလိုသမျှ မေးမိပါတယ်။ ဒါကို သီးသန့် ပို့စ်တစ်ပုဒ် ကျွန်မရေး ပ့ါမယ်။ သဘောကောင်းတဲ့ ဘုန်းဘုန်းကလည်း မညည်းမညူ အမေးထူသမျှ ဖြေပေးပါတယ်။ ဘုန်းဘုန်း ရှင်းပြတာတွေ လိုက်မှတ်နေရင်း ဆွမ်းစား ဆောင်က ကလေးတွေ တ၀ါးဝါး တဟာဟးဟားနဲ့ ပျော်ရွှင်စွာ ကစားနေကြသံတွေ ကြားရတော့ နားက စွင့်နေမိပြီး အင်း.. ဘာတွေကစားနေကြလဲ.. ပုံတွေတော့လွတ်ပြန်ပြီ..ဆိုပြီး လောဘစိတ်တွေ ဖြစ်နေမိပြန် သေးပါတယ်။ စေတနာ လောဘတွေပါနော်။
ဘုန်းဘုန်းနဲ့ စကားပြတ်တော့.. ကျွန်မလည်း ခုန်စွခုန်စွနဲ့ ကလေးတွေဆီပြန်ပြေးလာတော့ ကလေးများနဲ့ ကျောင်းရှိ လူကြီး များအတွက် ကျန်းမာရေး ပညာပေးဟောပြောပွဲလေးလုပ်ဖို့ စနေပါပြီ။ တော်ပါသေးရဲ့.. မှီလိုက်လို့။ အဖွဲ့ရဲ့ ဆေးအဖွဲ့က တစ်ဦးဖြစ်သူ ဒေါက်တာနတ်ဆိုး@ ဒေါက်တာ မြတ်သူစိုး က ၀မ်းရောဂါကာကွယ်ရေးနဲ့ သွေးလွန်တုတ်ကွေး အကြောင်း ပညာပေး ဟောပြောပါလေတယ်။
အသင့်ပြင်ဆင်လာတဲ့ လက်ကမ်းစာဆောင်လေးတွေ ဝေငှပေးပါတယ်။ ကလေးတွေက စိတ်ဝင်တစားဖတ်၊ နားထောင်ကြလို့ ဆေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို စိတ်ထဲ ကျိတ်လို့ သာဓုခေါ်မိပါတယ်။
ပြီးပြန်တော့ ကလေးတွေ အဆောင်မှာ မပြန်ခင် အဖွဲ့က ပုံပြောပြ။ သီချင်းတွေဆိုပြကြပါတယ်။
ဇလပ်ဖြူရဲ့ ကိုယ်တိုင်ရေး၊တီး၊ ဆိုပြတဲ့ သီချင်းလေးက ငြိမ်သက် ဆို့နင့် နားထောင်ကြရင်း ကျွန်မတို့ အားလုံးရဲ့ ရင်မှာ ရှေ့ဆက် လှမ်းဖို့ တူညီ ဆန္ဒတွေ တဖွားဖွား ပေါ်ပေါက်လာခဲ့ရပါတယ်။
အပြီးသတ်ကိုတော့ အဖွဲ့ရဲ့ ပင်တိုင်အဆိုရှင် ကိုသူရရဲ့ Save The Aged အဖွဲ့သီချင်းလေးနဲ့ ပျော်ရွှင်စွာ အဆုံးသတ် လိုက်ပါတယ်။
နေ့လည် ၃း၀၀နာရီ အပြန်ခရီးမှာတော့ စောင့်ခေါ်ရှာတဲ့ မမကြီးတို့ အဖွဲ့နဲ့ အတူ မလိုက်ဖြစ်ကြောင်း အားနားစွာ တောင်းပန်ရင်း မြသွေးနီတို့ အဖွဲ့ကားနဲ့ပဲ ရန်ကုန်မြေကို ပြန်ခဲ့ ကြပါတယ်။
အပြန်လမ်းမှာ နေက မခံမရပ်နိုင်လောက်အောင် ကျဲကျဲတောက်ပူနေတယ်။ အဖွဲ့သူ၊ အဖွဲ့သားများအားလုံး ချွေးတွေ နစ်အောင် အပူဒဏ်ကို ခံနေကြရတယ်။ ဒါပေမယ့် သူတို့ရင်ထဲအေးမြနေတယ်။ သူတို့ပီတိတွေစားသုံးလာကြလို့။ ဘယ်မှာမှ ပိုက်ဆံပေး ၀ယ်ယူလို့ မရတဲ့အရာ။ သူတို့ အားလုံးရဲ့ မျက်နှာမှာ အပျော်တွေ ရေးခြယ်ခံထားရတယ်။ သူတို့ အားလုံးပျော်ကြတယ်။ မြသွေးနီလဲ ပျော်မိတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
( ပြည်တွင်း+ ပြည်ပ)အလှူရှင်များ သာဓုခေါ်နိုင်ရန် အလို့ငှါ လှူဖွယ်ပစ္စည်းများကိုပါ ဖော်ပြပေးလိုက်ပါတယ်ရှင်။
၁။ ဆန်အိတ်အလှူ ( ၂၀ ) အိတ်
- ဒေါ်အေးမြင့်ကြည် ( စာရေးဆရာ ဆရာ ကိုတာ၏ဇနီး) မှ ဆန်၂အိတ်
- STA ရန်ကုန်အဖွဲ့မှ ပြည့်စော + ဖြူ + မျိုး ဆန် ၁အိတ်
- Save The Aged အဖွဲ့သူ၊ အဖွဲ့သားများ ( ပြည်တွင်း+ ပြည်ပ)မှ ဆန် ၁၇အိတ်
၂။ တစ်နေ့စာအလှူ ( ကျောင်းရှိရဟန်းကုန်+ လူကုန်+ Save The Agedအဖွဲ့ဝင်အားလုံး)
- Save The Aged S’poreမှ မသိဂီ င်္ဝင်းနဲ့ ကိုထွန်းဝင်း မောင်နှမ မှလှူဒါန်းပါသည်။
၃။ ထီး အလက် ၁၂၀ အလှူ
- Save The Aged Yangon မှ မသီတာလှမော်က မွေးနေ့အတွက်လှူဒါန်းပါသည်။
၎။ ဖိနပ် အရံ ၁၅၀ အလှူ
- ကိုအောင်မျိုးမင်း မိသားစု – ပဒုံမ္မာ စက်ရုံ မှ ကထ္ထီပါ ဖိနပ် အရံ ၁၅၀ လှူဒါန်းပါသည်။
၅။ စာအုပ်နှင့် စာရေးကရိယာအလှူ
- စာရေးဆရာ ဆရာကိုတာ၏ ကလေးငယ်များနှင့်သက်ဆိုင်သည့် စာအုပ်များ။
- Save The Aged S’pore အဖွဲ့မှ ၅တန်း မှ၁၀တန်းအထိ အဖုံးဖုံးအပြီး ကျောင်းပုံနှိပ် ဖတ်စာအုပ် ၅၁စုံ ။
- Save The Aged အဖွဲ့သူ၊ အဖွဲ့သားများ ( ပြည်တွင်း+ ပြည်ပ) မှ..
ဗလာစာအုပ် ဒါဇင် ၁၀၀ခန့်
အင်္ဂလိပ်-မြန်မာ အဘိဓာန် ၇အုပ်
ကွန်ပါဘူး ၇၀ဘူး
လွယ်အိတ် ၈၁လုံး
ခဲတံ၊ဘောပင်၊ ပေတံ ၊ ချွန်စက်များ ( များလွန်းသဖြင့် မရေတွက်နိုင်တော့ပါ)
၆။ အ၀တ်အစားအလှူ
- အဖွဲ့ဝင်များကိုယ်စီသယ်ဆောင်လာကြတဲ့ များပြားလှစွာသော အ၀တ်အစားများ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးစကားပြောတာ မင်္ဂလာတစ်ပါးမို့ ….
* အတူလိုက်ပါခဲ့ကြသော Save The Aged အဖွဲ့ဝင် မဟုတ်သည့် ပြင်ပမှ အလှူရှင်များ။
* အတူလိုက်ပါခဲ့ကြသော Save The Aged အဖွဲ့ဝင် အဟောင်း + အဖွဲ့ဝင်အသစ် အလှူရှင်များ။
* အတူမလိုက်ပါနိုင်သော ပြည်ပမှ စေတနာ သုံးတန်ပြဋ္ဌာန်းလှူဒါန်းနေသော Save The Aged အဖွဲ့ဝင်များနဲ့ အလှူရှင်များ။
* ပြည်တွင်း၊ ပြည်ပ နိုင်ငံ အသီးသီးမှ Save The Aged ရဲ့ တာဝန်ခံများနဲ့ အလှူရှင်များ။
* စာရေးဆရာ ဆရာကိုတာရဲ့ ” ပြုံးတဲ့ဂါထာများ ” စာအုပ်လက်ဆောင်ပေးသူ ဆရာ့ဇနီး မမကြီး။
* မြသွေးနီ.. ဒီပို့စ်လေးရေးဖြစ်နိုင်အောင် ပံ့ပိုးဝိုင်းဝန်းကြတဲ့ Save The Aged မှ မောင်၊ ညီမများ။
အားလုံးကို ရင်ထဲကနေ ကျေးဇူးစကားဆိုခွင့်ပြုပါ။
ရေးဖို့ ကြွင်းကျန်ခဲ့တာများရှိရင်၊ အချက်အလက်များ မှားယွင်းခဲ့ရင် မြသွေးနီရဲ့ အားနည်းချက်မို့ မေတ္တာရှေ့ထားဖြည့်စွက် နားလည်ပေးပါနော် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
” STA ကသူတို့ “
တူညီကြတယ်..
သူတို့အားလုံးတစ်နေရာစီက လာကြပေမယ့်လို့..။
ရိုင်းပင်းကြတယ်..
သူတို့အားလုံး စာနာစိတ်တွေ ပြည့်နှက်လို့..။
ညီညွတ်ကြတယ်..
သူတို့ အားလုံး ခံယူချက်တွေ ကိုယ်စီရှိလို့..။
ကိုယ်ကျိုးမဖက်ဘူး..
သူတို့အားလုံး ပရဟိတစိတ်နဲ့ ရှင်သန်လို့..။
သူတို့ နားလည်ကြတယ်..။
သူတို့ ... အရောင်တွေတူကြတယ်..။
သူတို့ ... စာနာတယ်ဆိုတာ ဘာလဲသိကြတယ်..။
သူတို့ ... ဘာတွေဆက်လုပ်ရမယ်ဆိုတာ ..
မပြောပဲ သူတို့ သိကြတယ်..။
ကိုယ်က ရရှိလိုက်လို့ ရလိုက်ရတဲ့ ပီတိထက်..
ကိုယ်က ပေးလိုက်လို့ ရလိုက်တဲ့ ပီတိကို..
သူတို့ ...အတူတကွ စားသုံးကြတယ်။
သူတို့....အားလုံး..
ဘာဆိုဘာမှ မခြားနား…
အားလုံး အတူတူ….။ ။
Save The Aged မှာလည်း Click နှိပ်လို့ ၀င်ရောက်ဖတ်ရှူနိုင်ပါတယ်ရှင်။
ဆန္ဒနဲ့ ဘ၀ တစ်ထပ်ထဲ ကျကြပါစေရှင်။
0 comments:
Post a Comment