Sunday, May 9, 2010

အမေ့ အကြောင်းမရေးချင်သူ


အမေ…။ အမေ့အကြောင်းကို သမီး မရေးချင်ဘူး ။


ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းတွေမှာ အမေ့ကို သမီး ပြင်းပြင်းပျပျ သတိရနေမိလို့။ သမီးက စိတ်ထဲမှာ တင်းကျတ်လာတိုင်း စာမျက်နှာတွေပေါ် မှာ ချရေးတတ်တာ အမေသိသားပဲနော်။ အမေ့ကို သတိရတိုင်းလည်း ဒီလိုစာမျက်နှာပေါ်ချရေးဖို့ အကြိမ်ကြိမ် ကြိုးစားမိတယ်။ ဒါပေမယ့် ရေးလို့ မရဘူး အမေ ။ စာလုံးတွေနဲ့ သီကုံးရေးလို့ မရနိုင်လောက်တဲ့ အမေ့အပေါ် သတိရ နေမိတဲ့ စိတ်တွေက သမီးကို အခွင့်အရေး မပေးခဲ့ဘူး။ ဒီတော့ ဘယ်ရမလဲ.. သမီး အမေ့ အကြောင်းကို အားပါးတရကြီးကို စဉ်းစားနေလိုက်တာပေါ့။ အမေ့အကြောင်း စဉ်းစားမိတိုင်း အချိန်တွေ ဘယ်လိုက ဘယ်လိုကုန်သွားမှန်းကို မသိလိုက်တာ။ မီးခိုးကြွက်လျှောက် တစ်သီတစ်တန်းကြီးကို စဉ်းစားနေမိလိုက်တာ ဟိုးငယ်စဉ် ဘ၀ကနေ သမီး အမေ့ အနားမှာ နောက်ဆုံး ရှိနေတဲ့ အချိန်အထိပါဘဲ။ ဒီလိုစဉ်းစားနေရတာက စာရွက်ပေါ်မှာ ချရေးလိုက်ရတာထက် ပိုကောင်း တယ်။ စဉ်းစားရင်း အမေ့ကို လွမ်းလို့ရတယ်။ စဉ်းစားရင်း သမီးရဲ့ မျက်ရည်တွေ စာရွက်ပေါ်မှာ စွန်းထင်းပေမှာ စိုးရိမ်စရာ မလိုဘူး။ စဉ်းစားရင်း အမေက သမီးရဲ့ အနားမှာ ရှိနေဆဲလို့ သမီး ခံစားလို့ရတယ်။ ဒါကြောင့် အမေ့အကြောင်းကို သမီးမရေးချင်မိတာ အမေ..။


ဟိုး ငယ်ငယ်တုန်းက အမေချုပ်ပေးတဲ့ ဂါဝန်လှလှလေးတွေ သမီးဝတ်ခဲ့ရဘူးတယ်။ နိုင်ငံခြား စာအုပ်ထဲက ပုံစံလှလှလေးတွေကို သေချာ ကိုယ်တိုင် ကိုက်ညှပ်ပြီး ချုပ်ပေးခဲ့တာ၊ ရင်ဘတ်မှာ အရုပ်လေးတွေ ကပ်ပေးခဲ့တာ သမီးဝတ်ခဲ့ရဘူးတယ်။ သမီး မူကြိုကျောင်းကို အမေ လိုက်ပို့တော့ ကျောင်းမတက်ချင်ဘူးဆို မြေကြီးပေါ်မှာ လဲအိပ်ချပစ်တဲ့ သမီးကို တစ်ယောက်ထဲ မပြီး မချီနိုင်လို့ကားမှတ်တိုင်က လူတွေ အကူညီတောင်းပြီး ကျောင်းထဲကို ပွေ့ချီခေါ်ခဲ့ရတာ၊ သမီး က ထွန့်ထွန့်လူး အော်ငိုရင်း အမေနဲ့ပဲနေမယ်၊ ကျောင်းမသွားဘူး ဆို အာပြဲနဲ့ အော်ငိုခဲ့ရလို့ အမေ့ မျက်နှာမှာ ရှက်သွေးတွေ ဝေခဲ့ရတာ သမီး မှတ်မိနေသေးတယ်။ တစ်အိမ်ကျော်က ကုန်စုံဆိုင် လေး မှာ ကစားရင်း ” ပြီးရင် အမေလာပေးလိမ့်မယ် ” ဆိုပြီး မုန့်တွေ အကြွေး မှတ်စားခဲ့သမျှ အမေ လိုက်ရှင်းခဲ့ရတာ သမီးဘယ်မေ့ပါ့မလဲ အမေ။ သမီးတို့ အိမ် မျက်စောင်းထိုး က မုန့်တွန်စာ ရောင်းတဲ့ ကုလားမကြီးက သမီးကိုချစ်လို့၊ သမီးကြိုက်တတ်မှန်း သိလို့ မုန့်ဟင်းခါးဖတ်အမျှင် တွေလိုမျိုး မုန့်တွန်ဇာကို သကြား၊ အုန်းသီးနှိုင်းချင်းနဲ့ အလကား ခေါ်ခေါ်ကျွေးခဲ့တာ။ ဒါကို အမေက ” သမီးက ကုလားမကြီးသမီး၊ မေမေတို့က သနားလို့ ခေါ်မွေးစားထားတာ၊ ဒါကြောင့် သူ့သမီးကို မုန့်ခေါ်ခေါ်ကျွေးတာ ” လို့ ပြောတော့ ” ကုလားမကြီး သမီးမဟုတ်ဘူး၊ သမီးက အမေ့ သမီး ” ဆိုပြီး ခြေစုံကန် အော်ဟစ် ငိုကျွေးခဲ့ရတာကို သမီး အခုပဲသတိရလာမိတယ် အမေ ။ တစ်ခါတစ်လေ အဆင်မပြေမှု အခက်အခဲတွေ တစ်ဖန်တလဲလဲ ကြုံတွေ့လာတိုင်း ကလေးဘ၀ကလို ခြေစုံကန်ငိုခွင့် မရတော့ပေမယ့် အမေ့ရင်ခွင်ထဲ ခေါင်းထိုးဝှေ့လို့ ရှိုက်ကြီးတငင် ငိုမိချင်တယ်။ ဒါကြောင့် အမေ့အကြောင်းကို သမီးမရေးချင်မိတာ အမေ..။


အမေက စည်းကမ်းစံနစ်ကျသူဆိုတော့ အမေ့ရဲ့ စည်းကမ်းတွေနဲ့ သမီး ကြီးပြင်းခဲ့ရတာလဲ ဘယ်မေ့နိုင်ပါ့မလဲ အမေ။ သမီး အသက် ၅နှစ် သူငယ်တန်းမှာ အခန်းသီးသန့်ခွဲနေရပြီ။ သမီးရဲ့ အိပ်ယာ၊ သမီးရဲ့ ဘီဒို၊ စာကြည့်စားပွဲ၊ အားလုံးသီးသန့် အမေလုပ်ပေးခဲ့တာ။ အိပ်ရာခွဲတဲ့ ညက ကုတင်ဘေးမှာ နောက်မှီပါတဲ့ ထိုင်ခုံလေးတွေ ကျောပေးကာလို့ အအိပ်ဆော့တဲ့ သမီး ကုတင်ပေါ်က ပြုတ်မကျအောင် အမေ လုပ်ပေးခဲ့တာ၊ တဖက်အခန်းကနေ သမီးကို စကားတွေ လှမ်းလှမ်းပြောရင်း အားပေးအိပ်စေခဲ့တာ အခုတောင် ပြန်မြင်ယောင်လာမိတယ် အမေ။ သမီးကို အမေ ဂဏန်းသချာင်္သင်ပေးခဲ့တာလဲ သမီး အခုထက်ထိ အသည်းစွဲမှတ်မိ နေသေးတယ်။ သမီးရော၊ သမီး သူငယ်ချင်းတွေရော ကြိုက်တတ်တဲ့ မြေပဲလိပ် အထုတ်ကြီး တစ်ထုတ်ဝယ်ပေးပြီး ဈေးရင်းကို မှတ်ခိုင်းထားတယ်။ နောက် အမေကသမီးကို ဒီအထုတ်မှာ မြေပဲလိတ် အခု ၂၀ပါတယ်။ တစ်ခုကို ဘယ်လောက်နဲ့ရောင်းခဲ့။ ရောင်းရငွေထဲက ဈေးရင်းကို အမေ့ကို ပြန်ပေးချေ။ ကျန်တာ သမီးရဲ့ အမြတ်ငွေပဲတဲ့။ သမီးမှာလေ သူငယ်ချင်းတွေကို အိမ်ရှိလူကုန်၊ ကျောင်းက သူငယ်ချင်းတွေကို မြေပဲလိပ်ရောင်းပြီး အမေ့ကို ဈေးရင်းလဲ ပြန်ပေးပြီးရော လက်ထဲကျန်နေတဲ့ အမြတ်ငွေ အကြွေစေ့ လေးတွေကို ကြည့်မ၀ ရှုမ၀ ထားစရာ မရှိ ဖြစ်နေခဲ့ရတာ။ ပု စ္ဆာတစ်ပုဒ်ကို အမေက လက်တွေ့ ကျကျ သင်ပြပေးလိုက်တာ သမီးဘ၀ တစ်ခုစာ မှတ်မိခဲ့ရပါတယ် အမေ။ လက်ရှိမှာ ဘ၀ရဲ့ ရှုပ်ထွေးခက်ခဲတဲ့ ပု စ္ဆာတွေကို ခေါင်းပူမတတ် ဖြေရှင်းရတဲ့ အခါတိုင်း အမေသာရှိခဲ့ရင် လက်တွေ့ကျကျ အဖြေထုတ်ပေး ဦးမယ်ဆိုတာ သမီး ယုံကြည်နေမိတယ် ။ ဒါကြောင့် အမေ့အကြောင်းကို သမီးမရေးချင်မိတာ အမေ..။


အမေရော အဖေပါ စာဖတ်ဝါသနာပါသူဆိုတော့ ဆိုင်ကငှါးဖတ်တဲ့ စာအုပ်တွေရော၊ အိမ်မှာရှိတဲ့ စာအုပ်တွေရော သမီးဖတ်ခွင့်ရခဲ့တယ်နော်။ သမီးက ၃တန်းအရွယ်လောက်ထဲက အပြင်စာတွေကို ဖတ်ဖို့ စိတ်ဝင်စားနေသူဆိုတော့ အမေက ဖတ်ခွင့်ပေးယုံသာမက သမီးဖတ်နိုင်ရင် ကြိုက်ရာ စာအုပ်သာယူဖတ်။ မရှင်းတဲ့ စာလုံး၊ နာမည်တဲ့ အကြောင်းဆိုမေး၊ အချိန်တန်လာရင် ဘယ်စာပေမျိုးက ဖတ်သင့်တဲ့၊ ဖတ်ရမယ့် စာမျိုးလဲ ဆိုတာ သမီးကိုယ်တိုင် ခွဲခြား သိလာလိမ့်မယ် ဆိုပြီုး ကလေးတိုင်းမရနိုင်ခဲ့တဲ့ အခွင့်အရေးကိုတောင် ထပ်ပေးလိုက်သေးတယ်နော်။ မောင်သိန်းဆိုင်၊ ရွှေဥဒေါင်း၊ မိုးမိုး (အင်းလျား) တို့ရဲ့ တန်ဘိုးရှိတဲ့ စာတွေနဲ့ ကလေးဘ၀မှာထဲက စပြီးဖတ်ခွင့်ရခဲ့ယုံသာမက တက္ကသိုလ် မောင်နေ၀င်း၊ အထောက်တော် လှအောင် စတဲ့ စာရေးဆရာတွေရဲ့ ဘာသာပြန် စာအုပ်တွေနဲ့ပါ ၃တန်း ကျောင်းသူ ဘ၀လောက်ထဲက ရင်းနှီး ထိတွေ့ခွင့်ရခဲ့တာ အမေ့ရဲ့ကျေးဇူးပါ အမေ။ သမီး အခုဆို စာတွေ အများကြီး ဖတ်ခွင့်ရနေပြီ။ ဘယ်လိုစာမျိုးတွေက ဖတ်သင့်တဲ့စာ၊ ဘယ်လို စာပေမျိုးတွေက မဖတ်သင့်တဲ့ စာရယ်လို့ သမီးကွဲကွဲပြားပြားသိနေပြီ အမေ။ အခုလို စာလေး မတောက်တခေါက် ရေးနေတာ အမေသိရင် ဘယ်လိုမှတ်ချက်များ ပေးလေမလဲလို့ တွေးမိပြန်တော့ သမီး ရွှေမျက်ရည်စို့ချင်လာတယ် ။ ဒါကြောင့် အမေ့အကြောင်းကို သမီးမရေးချင်မိတာ အမေ..။


သမီး ၃တန်းကျောင်းသူ အရွယ်လောက်က စလို့ နံရံမှာကပ်ထားတဲ့ ကျောက်သင်ပုန်းပေါ်မှာ ” ယနေ့ သမီးကြီးလုပ်ရန် ” ဆိုတဲ့ သမီးနေ့စဉ် လုပ်ရမယ့် အလုပ်တွေ အမေ ရေးထားပေးတယ် နော်။ သမီးဟာ ကိုယ့်ရဲ့ အိမ်နေရင်းအိကျီ င်္ကို ကိုယ်တိုင်လျှော်ဖွတ်ရတယ်။ ပန်းအိုးတွေ ရေလောင်း ရတယ်။ ဘုရားသောက်တော်ရေလဲရတယ်။ မောင်လေးကို ပုခက်လွှဲပေးရတယ်။ ဖုန်သုတ်ရတယ်၊ တံမျက်စည်းလှဲရတယ်။ အမေ ဟင်းချက်ရင် ဟင်းရွက်တွေ သင်ပေးရတယ်၊ ကြက်သွန်အခွံနွှာ ပေးရတယ်။ နောက် အမေက ကျောင်းအိမ် စာတွေ အကုန်ပြီးမှ ကစားခွင့် ပေးတယ်။ အမေက အပြင် သွားရေစာတွေပေးမစားဘူး။ မီးဖိုထဲကဆင့်ပေါ်က သံဘူးတွေထဲမှာ မြေပဲလှော်၊ ထန်းညက်၊ ပဲကြီးလှော် လက်ခုပ်လေးထဲ ထည့်ကျွေးခဲ့ တယ်နော်။ အမေကြိုတိုက်တဲ့ သာကူချိုချို၊ အမေဖုတ်ကျွေးတဲ့ ကြက်ဥပူတင်း၊ အခုတွေးရင်းနဲ့တောင် သမီး လျှာဖျားထဲ အရသာတွေ ပေါ်လာသလို ခံစားမိတယ်။ သမီးကို ငယ်ငယ်က ဥပုသ်နေ့တွေတိုင်း ဘုရားစာတစ်ပုဒ်ဆီ ကျက်စေခဲ့ယုံသာမက ပါဋ္ဌိလို အသံထွက်တွေက ဘယ်လို ထွက်ယူရတယ်ဆိုတာကို သေချာ ရှင်းပြပေးခဲ့လို့ လို့ အများသူငှါနဲ့ ဘုရားစာရွတ်ဖတ်ဖို့ကြုံလာရင် အတုန့်အဆိုင်းမရှိ သမီးတို့ ရွတ်ဆိုနိုင်ခဲ့တယ်။ သမီးတို့ မိသားစု ညဆိုရင် ဘုရားအတူတူ ၀တ်တက်ခဲ့ကြတယ်နော်။ ဌာန်ကရိုင်းကျကျ အေးမြထူးခြားတဲ့ သံနေသံထားနဲ့ ဘုရားပင့် ရွတ်ဆိုတဲ့ အမေ့ အသံကို သမီးနားထဲက အခုထိမထွက်ဘူး အမေ။ အမေမရှိတော့ပေမယ့် အိမ်မှာ ဒီကနေ့အထိ မိသားစုဝင်တွေ ဘုရားဝတ်တက် မပျက်ခဲ့ကြပါဘူး။ အမေ့နေရာမှာ သမီးက ဘုရားပင့်ဂါထာတော်မြတ်ကို ဦးဆောင်ပြီး ဆိုနေရလေတိုင်း သမီးတို့ မိသားတစ်စု စုံစုံညီညီနဲ့ ပျော်ပျော်ရွှင်ရွှင် ဘုရားဝတ်တက်ခဲ့တာတွေကို သတိရမိတယ် အမေ။ ဒါကြောင့် အမေ့အကြောင်းကို သမီးမရေးချင်မိတာ အမေ..။


အမေ့ အပေါ် သမီးမြင်သလောက်ပြောကြည့်ချင်တယ်။ အမေဟာ ခောတ်အရမ်းမှီသူ၊ ခောတ်နဲ့ ရင်ဘောင်တန်းနိုင်သူ အမေပါနော်။ အမေက အင်္ဂလိပ် စကားပြောကောင်းတယ်။ အမေ့ ခောတ်တုန်းက အတန်းတွေ ကျော်တက်ခဲ့ရတယ်။ အင်္ဂလိပ် စာစောင် တွေမှာ ကဗျာတွေ စာတွေရေးခဲ့ တယ်။ အမေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိ တယ်။ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တယ်။ မဟုတ်လို့ကတော့ မခံရေး ချမခံ အစားမျိုး။ အမေ့မှာ တီထွင် ဖန်တီးနိုင်တဲ့ စွမ်းအားတွေလည်း အပြည့်အ၀ရှိတယ်။ အမေဟာ လူချစ်လူခင် ပေါသလောက် သီးသန့် အေးအေး နေချင်တယ်။ သမီးပြောတာ မှားတဲ့ အချက်ရှိရင် ပြောပါ အမေ။ အမေ့ကို ချစ်တဲ့ စိတ်နဲ့ သမီး အပိုတစ်ခုမှ မပြောခဲ့ပါဘူးနော်။ အပိုပြောတာတွေလဲ အမေ မကြိုက်မှန်း သမီးသိတာပေါ့။ အမေ မှတ်မိသေးလားဟင်။ သမီး တက္ကသိုလ် စတက်တော့ သမီးအတွက် အမေက ကိုယ်တိုင် အ၀တ်အစား တွေချုပ်၊ သမီးစီးဖို့ ဖိနပ်၊ သမီး လွယ်ဖို့ လွယ်အိပ်၊ သမီးထက် အမေကပိုပြီး စိတ်တွေ လှုပ်ရှားနေခဲ့တာ။ အမေက သမီးကို သိပ်ကို လှစေချင်သူ။ သမီးက အရပ်မြင့်ပြီး ခန္ဓာကိုယ် သူများထက်ထွားကျိုင်းတော့ ရှက်ပြီး လမ်းလျှောက်ရင် ကိုယ့်ကိုယ်ကို ဖွက်ဖွက် လျှောက်တော့ လက်ပြင်ကုန်းချင် လာတယ်။ ဒါကို အမေက ကြမ်းပေါ်မှာ မျဉ်းဖြောင့် တစ်ကြောင်း ဆွဲ၊ စာအုပ်ကို ခေါင်းပေါ်တင်ပြီး ပခုံးနှစ်ဖက်ကိုဖွင့်ပြီး လမ်းလျှောက်လေ့ကျင့်ခိုင်း ခဲ့တာ သမီး ဘ၀အတွက် တကယ့်ကို အမှတ်တရပါဘဲ။ အရပ်မြင့်သူ ဒေါက်ဖိနပ်မစီးရဘူး ဘယ်သူပြောလဲ ဆိုပြီး ဒေါက်ဖိနပ်လှလှလေးတွေ စီးစေခဲ့တာ၊ အိကျီ င်္တွေကို ဖက်ရှင်ကျကျ ဆန့်ကျင်ဘက် အရောင်တွေ တွဲဖက်ဝတ်စေခဲ့တာ။ သမီး အခု အ၀တ်အစားကို လိုက်ဖက်ညီစွာ ၀တ်နေ တတ်ပြီ။ ဒေါက်ဖိနပ် အချွန်အမြင့်တွေလဲ အသားတကျစီးတတ်နေပြီ။ လမ်းလျှောက်ရင်လည်း ရင်ကိုဖွင့်လို့ ခါးကိုမတ်ပြီး လျှောက်နေတတ်ခဲ့ပြီ အမေ။ သူများလုပ်တိုင်း လိုက်မလုပ်နဲ့၊ လူဆိုတာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် မူရှိရတယ်။ ကိုယ်နဲ့ သင့်တော်၏ မတော်၏ဆိုတာ ကိုယ်တိုင် သိအောင် လုပ်ရတယ်။ ကိုယ်ကိုယ်ကို ယုံကြည်မှု အပြည့်ထား..ဆိုတဲ့ အမေ့ရဲ့ ဆုံးမ စကားတွေ အခုပဲ သမီးရဲ့ နားဝမှာ ပြန်ကြားလာမိတယ်။ ဒါကြောင့် အမေ့အကြောင်းကို သမီးမရေးချင်မိတာ အမေ..။ ငယ်ငယ်က သမီးရဲ့ အော်တိုဂရပ်စာအုပ်လေးထဲ အမေရေးခဲ့ပေးတာ သမီးမှတ်မိနေသေးတယ်။


သမီးကြီး…


မိမိရဲ့ လုပ်ရပ် အကျိုးကို မိမိသာလျှင် ခံစားရမည်..။


မေမေ…


…တဲ့။ ဒီစကားလောက် ရိုးရှင်း၊ ထိမိ၊ ပြည့်စုံတဲ့ စကားမျိုး ဘယ်မှာမှ ရှာလို့ရမယ် မထင်ပါဘူး။ ကံ၊ ကံ၏ အကျိုးပေးကို သမီး အပြည့်အ၀ ယုံကြည် ပါတယ်။ ကိုယ်ပြုသမျှကံက ကိုယ်ဆီ တန်ပြန်လာမယ်ဆိုတာ အသက်တွေ ကြီးပြင်းလာရတဲ့ တလျှောက် အနိမ့်အမြင့် လောကဓံတွေ အပေါ် သင်ခန်းစာယူရင်း သမီး သဘောခဲ့ရပါတယ်အမေ။ အမေမကြာ မကြာမှတတ်တဲ့အတိုင်း သမီး ကိုယ်တိုင်ကိုရော၊ သမီးရဲ့ မိသားစု ကိုရော၊ သမီးနဲ့ သိတဲ့၊ မသိတဲ့ သမီးရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကိုရော အတတ်နိုင်ဆုံး သမီး အသက်ရှင်သန် နေထိုင်နေစဉ် အတွင်း နိုင်နင်း သလောက်လေး ကိုယ်စားပြုနိုင်ဖို့ ကြိုးစားနေပါတယ် အမေ။ အမေ သမီးတို့ကို ခွဲခွာသွားတဲ့နေ့လေး ကိုလည်း သမီးဘယ်တော့မှ မမေ့ပါဘူး။ အမေမရှိတဲ့နောက် အမေ့ကို သိပ်ချစ်တဲ့ အဖေ့ကို ပိုလို့ သမီး ဂရုစိုက် ခဲ့ပါတယ်။ အဖေဟာ အဖေ နေရာကနေရော၊ အမေနေရာကနေပါ သမီးတို့ကို ရင်အုပ်မကွာ တာဝန်ကျေလွန်းစွာ စောင့်ရှောက်ခဲ့ပါတယ်။ အမေရေ… သမီးတို့ မြန်မာမှာတော့ ပြာသိုလမှာ အမေများနေ့ရယ်လို့ သတ်မှတ်ထားပေမယ့် နိုင်ငံတကာမှာ သတ်မှတ်ထားတာကတော့ ဒီနေ့ဟာ အမေများနေ့ ( Mother Day) တဲ့ ။ သမီးမှာ အမေနေ့အတွက် မိခင်တွေနဲ့ ပတ်သက်တဲ့ အကြောင်းလေး ၂ခု ၃ခုလောက်ရေးဖို့ အဆင်သင့် ရှိနေတယ်။ အမေချစ်သူ တစ်ဦးမို့ သမီး အမှတ်တရလေး တစ်ပုဒ်လောက်ရေးလိုက်ချင်တာ။ ဒါပေမယ့် သမီး ချရေးလို့မရဘူး။ သမီးရေးမယ်လုပ်လိုက်၊ အမေကို သတိရမိ သွားလိုက်နဲ့။ ကွန်ပြူတာရှေ့မှာ မိုးလင်းညတွေ တစ်ပါတ်မကတော့ဘူး အမေ ။ သမီးကြီးကတော့ ဖြစ်ရမယ်ဆို အမေ ပြုံးချင်နေပြီလားမသိဘူးနော်။ အမေ့ အပြုံးတွေကိုလည်း သမီး အရမ်းကို မှတ်မိနေတယ်။ ဟိုး…ဟိုး… အဝေးက အမေ ပါဝင်ခဲ့တဲ့ သမီးတို့ရဲ့ ပြည့်စုံ ပျော်ရွှင်တဲ့ မိသားစု ဘ၀လေးကို ဒီနေ့မှာတော့ အားပါးတရကြီး ပြန်လည် လွမ်းဆွတ်နေမိပြီ။


ဒါကြောင့် အမေ့အကြောင်းကို သမီးမရေးချင်မိတာ အမေ..။


( ကွယ်လွန်သွားတာ ၁၅နှစ် ကြာပြီဖြစ်သော မိခင်ကြီးနဲ့ တကွ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသော အမေများအားလုံးကို ယနေ့ မေလ ၉ရက်နေ့မှာ ကျရောက်သော အမေများနေ့မှာ ဒီစာမူနဲ့ ဂါရ၀ပြုလိုက်ပါတယ်ရှင်။ အမေများအားလုံး ကျန်းမာချမ်းသာကြပြီး အေးချမ်းသောဘ၀များကို ပိုင်ဆိုင်ကြပါစေရှင် )


ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

0 comments:

Post a Comment