Tuesday, May 25, 2010

တွေး..တွေးတွေးပြီး..ပြုံး

” ဇရာအိုရဲ့ မှတ်ဥာဏ် ”




အသက်အရွယ် အလွန်ကြီးနေပြီ ဖြစ်တဲ့ အဘိုးအို၊ အဘွားအို စုံတွဲ နှစ်တွဲဟာ ခင်မင်ရင်းနှီးစွာနဲ့ ထွေရာလေးပါး စကားလက်ဆုံကျ နေကြတယ်။ အဲ့ဒီအချိန်မှာ အဘိုးအိုတစ်ယောက်က နောက် အဘိုးအို တစ်ယောက်ကို အခုလိုမေးလိုက်တယ်။


” ဖရက်.. ပြီးခဲ့တဲ့လက မင်းတို့ စုံတွဲ သွားခဲ့ကြတဲ့ မှတ်ဥာဏ်လေ့ကျင့်ရေး ဆေးခန်းက ဘယ်နှယ့် နေလဲ။ တိုးတက်မှု ရှိရဲ့လားကွ “

” သိပ်ကို ထူးခြားတာပေါ့ “ လို့ အဘိုး ဖရက်က ပြန်ပြောလေတယ်။ အဘိုးဖရက်က ဆက်ပြီးပြောလေတယ်။

” ငါတို့ကို နောက်ဆုံးပေါ် စိတ်လေ့ကျင့်နည်းတွေ အားလုံး သင်ပေးလိုက်တယ်။ အာရုံမှာ ပေါ်လာရင် ဘယ်လို ဆက်စပ် တွေးခေါ် ပုံက အစပေါ့။ လေ့ကျင့်ကြည့်တော့ ငါတို့ အတွက် တော်တော့ကို ထူးခြားမှုရှိသွားတယ်ကွ “

” ဟန်ကျလိုက်လေကွာ။ ငါတို့ စုံတွဲလဲ သွားဦးမှဘဲ။ ဒါနဲ့ အဲ့ဒီ ဆေးခန်း နာမည်က ဘာတဲ့ … “

အဘိုး ဖရက် စဉ်းစားတယ်။ မျက်မှောင်ကျုံ့လို့ တမျိုး၊ ခေါင်း ကုတ်လို့တစ်ဖုံ၊ ကျွတ်သတ် လို့ တစ်ခါ.. ပုံစံအမျိုးမျိုးနဲ့ ထပ်ခါထပ်ခါ စဉ်းစားတယ်။ ဒါပေမယ့် မမှတ်မိဘူးဖြစ်နေတယ်။ ခဏနေတော့ အဘိုးဖရက်ရဲ့ မျက်နှာပေါ်မှာ ပြုံးရိပ်လေးတစ်ခု ဖြတ်ပြေးသွား တယ်။

” သိပြီ.. အနီရောင် ပန်းပွင့်လေကွာ။ ရိုးတံရှည်ရှည်နဲ့။ ဆူးလေးတွေလည်း ပါသေးတယ်လေ။ အဲဒါကို ဘာပန်းလို့ခေါ်သလဲကွာ..။ အဲ့ဒီ… အဲ့ဒီနာမည်…..” လို့ အဘိုးဖရက်က ပြောတယ်။

” မင်းပြောတာ နှင်းဆီ မဟုတ်လား “

” အေး.. အေး.. ဟုတ်တယ်.. ဟုတ်တယ်ကွ… အဲဒါ.. အဲဒါ “

အဘိုးဖရက်က သူ့ရဲ့ဇနီး အဘွားဘက်သို့လှည့်ပြီး …

” မနှင်းဆီရေ.. ငါတို့ သွားပြခဲ့တဲ့ ဆေးခန်းနာမည်က ဘာတဲ့လဲကွာ ” …. တဲ့ ။ : )

~~~~~~~~~~~ :) ~~~~~~~~~~~

” သက်သေခံပစ္စည်း လိုတယ်ဆိုလို့ ”





တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီးတော့ အိမ်က သူ့ခွေးလေး အတွက် ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက ..


” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။

ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။

နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။

အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။

တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်.. သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…

” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့ ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့ ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက အခုလိုပြောလာပါတယ်။

” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့။

~~~~~~~~~~~ :) ~~~~~~~~~~~

” မအိုသေးတဲ့ အချစ် ”



အသက် ၇၀အရွယ်အဖိုးနဲ့အဖွားဟာ အရမ်းစိတ်လှုပ်ရှားနေကြတယ်..။ သူတို့၂ယောက်ဟာ ဟိုးအရင်အတူ ကုန်လွန်ခဲ့တဲ့ နုပျိုစဉ် အချိန်တွေ ကာလတွေကို ပြန်လည်တမ်းတနေမိကြတယ်။


သူတို့ဆုံးဖြတ်လိုက်ကြတယ်။ တို့တွေအသက်တွေကြီးပြီ..လောကကြီးမှာ နေရမယ့် အချိန်တွေလည်း သိပ်မကျန်တော့ဘူး..။ ဒီတော့ ၂ယောက် အတူ အသက်ရှင်နေစဉ် အချိန်မှာ.. တစ်နေ့လောက်တော့ ငယ်ငယ်တုန်းက အချစ်သည်းခဲ့ကြတဲ့ ဘ၀ကို တစ်ခဏလောက် ပြန်သွားကြရင် မကောင်းဘူးလား…ဆိုပြီး သူတို့၂ယောက်ရဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့ အမှတ်ရဆုံး ရက်ဖြစ်ခဲ့တဲ့ လာမယ့်နယူးရီးယားနေ့မှာ ဟိုး…လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက အတိုင်း ကျော်ဖြတ်ဘို့ ဆုံးဖြတ်လိုက်ကြတယ်။

အဲဒီလို ရက်သတ်မှတ်ပြီးနောက် အဖိုးရောအဖွားရောဟာ အဲ့ဒီနေ့ရောက်ဘို့ကို စိတ်ကူးရင်း စိတ်တွေ လှူပ်ရှားနေတော့တာပေါ့။ လွန်ခဲ့တဲ့ နှစ် ၅၀ရဲ့ အဲ့ဒီ ဒီဇင်ဘာ ၃၁ရက် မနက်ခင်းမှာ သူတို့နှစ်ဦး ဆုံတွေ့ပြီး ကဲခဲ့သဲခဲ့ကြတာကို သူတို့ ဘယ်မေ့နိုင်ပါ့မလည်းနော်..။

ဒီဇင်ဘာ ၃၁ရက်နေ့မနက်ခင်းမှာတော့ …..

အဖိုးတစ်ယောက် မနက် ၆နာရီထဲက သူတို့ နှစ်ယောက်တွေ့ခဲ့တဲ့ အမှတ်တရ နေရာလေးဖြစ်တဲ့ မြစ်ကမ်းနဖူးက သစ်ပင်ဆီကို အလျင်စလို ရောက်သွားခဲ့တယ်။ လမ်းတစ်လျှောက်မှာလဲ တွေ့တွေ့သမျှ တောပန်းအရိုင်းလှလှကြီးတွေကိုလည်း အဖွားကိုပေးဘို့ခူးယူခဲ့တယ်။ အဖိုးဟာ နေမထွက်ခင်ထဲက လူငယ်လေးတစ်ယောက်လို လန်းဆန်းတက်ကြွလို့ အဖွားကိုစောင့်ခဲ့တယ်။

အဖိုးစောင့်ခဲ့တယ်။ စောင့်ခဲ့တယ်..။ အဖွားလာမယ့်လမ်းလေးတစ်လျှောက်ကို မှုန်ဝေသီ နေတဲ့မျက်လုံးအစုံနဲ့မျှော်လို့ပေါ့။ တစ်နေ့လုံး စိတ်ရှည် ရှည်နဲ့ကိုစောင့်ခဲ့တယ်။ ဒါပေမယ့်.. အဆုံးမှာတော့ နေသာဝင်သွားတယ်။ အဖွားက ပေါ်မလာခဲပါ့ဘူး။

အဖိုးဟာ ဒေါကြီးမောကြီးနဲ့ အိမ်ကိုပြန်လာခဲ့တယ်။ သူက တံခါးကို ဒေါသတကြီး ဆွဲဖွင့်လိုက် တော့ ဧည့်ခန်း ဆိုဖာပေါ်မှာ ခေါင်းအုံးထဲ မျက်နှာ ဖွက်ပြီး လှဲလျောင်းနေတဲ့ အဖွားကို တွေ့လိုက်ရတယ်။ အဖိုးရဲ့ ဒေါသက တရှိန်ထိုး ဒီဂရီမြင့်တက်သွားပြီပေါ့။ ငါကတော့ တစ်နေကုန် တစ်နေခန်း စောင့်နေရတာ။ မယ်မင်းကြီးမက ဒီအိမ်ကနေ တစ်ဖ၀ါးမှ မခွာပဲ ဇိမ်တွေ့နေတယ်ပေါ့ ဆိုပြီး စိတ်တိုတိုနဲ့ လက်ထဲက ပန်းတွေကို ကြမ်းပြင်ပေါ် ပစ်ပေါက်ရင်း အော်မေးလိုက်တယ်။

” ဒီမှာ အမယ်ကြီး…မင်း..ချိန်းထားတဲ့နေရာကိုဘာလို့မလာတာလည်း..? ”

အဖွားက လက်ထဲကခေါင်းအုံးနဲ့ အဖိုးခေါင်းကို သာသာလေးရိုက်လိုက်ပြီး မျက်လွှာလေးချလို့ ချစ်စဖွယ် ရှက်စနိုး မျက်နှာလေးနဲ့ ပြန်ဖြေ လိုက်တာက…
….
….
….
….
….
….
….
….
….
….
….
….
….
….
….

” အမေက ကျွန်မကိုသွားခွင့်မပြုလို့..ပေါ့.. ” …တဲ့ ။

ဘ၀အမောတွေ သောကတွေ ကင်းဝေးလို့ ရယ်မောပျော်ရွှင်ကြပါစေနော်။


ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

1 comments:

ဟေမွန်ချမ်း said...

ဒီဆိုဒ်လေးကိ
အရမ်းကြိုက်တယ်
အမြဲလာအားပေးမယ်နော်

Post a Comment