Saturday, May 22, 2010

ကွမ်းခြံကုန်းမှာရေချိုလှူရာ...


၂၁.၅.၂၀၁၀ - သောကြာနေ့၊ ကွမ်းခြံကုန်းမြို့နယ် ရေအလှူမှာ ကြားရက် အလုပ်တာဝန်များကြောင့် မြသွေးနီ လိုက်ပါနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် Save The Aged ရဲ့ တာဝန်ခံများဆီက ဖုန်းသတင်းအရ ရေသန့်ဗူးကြီး ၅၀၀ သွားရောက် လှူဒါန်းမယ်လို့ နေ့လည် ၁၁နာရီ လောက်မှာ သိလိုက် ရပါတယ်။ တာဝန်ခံ တစ်ဦးဖြစ်သူ ဇင်အိကိုလည်း မနက်ထဲက အွန်လိုင်းမတွေ့၊ သတင်း ကြားလိုက်ရတော့ သူက ခရီးမှာ လိုက်ဖြစ်တယ်တဲ့။ မိန်းကလေး တစ်ဦး ထဲ၊ နေကလည်းမကောင်းသူမို့ ကျွန်မက သူ့ကို စိတ်ပူနေ မိသေးတယ်။ အစောနဲ့ အွန်လိုင်းပေါ် မနက်ပိုင်း တွေ့တော့ သူ လည်း လိုက်မယ်ပြောတယ်။ ကျွန်မလည်း ကိုယ်ကမလိုက်နိုင်တော့ သူ့ကို ဝေါအလှူတုန်းကလို သတင်းအချက်အလက်တွေ သေချာ မှတ်ဖို့မှာ မိတယ်။ နေ့လည်သူ့ကိုတွေ့တော့ ကျွန်မက အံတွေသြ လို့။ " အစ်မရေ.. ရေပဲစီစဉ်ပေးလိုက်နိုင်တယ်။ အရမ်းနောက်ကျနေမှာမို့ မလိုက်ဖြစ် တော့ဘူး " လို့ သိလိုက်ရတယ်။ ဒါနဲ့ ကိုယ်က လဲ ကိုယ့်အပူနဲ့ကိုယ်။ အချက်အလက်တွေ ဘယ်သူမှတ်လာပါ့မလဲ။ ဓာတ်ပုံတွေ ဘယ်သူရိုက် လာပါ့မလဲ ..တွေးပူနေမိပြန်တယ်။ မိုးကလည်း ၀ုန်းဆိုရွာပြန်တော့ သူတို့တွေ လမ်းခရီးမှာ အဆင်ပြေဖို့ ဆုတောင်းနေမိပြန်ရော..။



ဒီနေ့ - စနေနေ့ ၂၁.၅.၂၀၁၀ မနက်မှာတော့ ကျွန်မ အွန်လိုင်းမှာ ဆန္ဒစောစွာရောက်နေနှင့်ပြီ။ ဘယ်သူမှ လည်း မတွေ့ပါလားနော်။ ဖုန်းတွေက လည်း ချိတ်မရ။ ဒါနဲ့ ဇင်အိကို " လည်ပင်း ညောင်ရေအိုး ဖြစ်နေပြီ ဇင်အိရေ..လာပါတော့ " လို့ ၀ff line message လေးထား။ စနေနေ့တိုင်းလုပ် နေရတဲ့ အလုပ်က Weekly Report တွေကိုလည်း မြန်မြန် ပြင်ဆင်။ ထင်တဲ့ အတိုင်း မနက် ၁၂နာရီ သာသာမှာ " မမရေ.. မမရေ " နဲ့ တကျော် ကျော်အော်လို့ ဇင်အိတစ်ယောက် အွန်လိုင်းပေါ်ကြွလာတော် မူတော့ တယ်။ အဲ့ဒီမှာတင် သူက ကိုယ့်ပြော၊ ကိုယ်က သူ့ပြန်ဗျူးနဲ့ ဘတစ်ပြန် ကျားတစ်ပြန် အလှူ အတွက် အပြန်အလှန် မေးလိုက် ဖြေလိုက်ကြတာ နေ့လည် ၁နာရီကိုခွဲယူရော။ နောက်တော့သူလည်းမောမောနဲ့ နှုတ်ဆက် sign out သွားတယ်။ မြသွေးနီ လည်း ထမင်းကို စားပွဲမှာ ဇွန်းတပ်စားလို့ စည်သူပို့လာမယ့် ဓာတ်ပုံတွေ မျှော်ရပြန်ရော။ တစ်အောင့်နေတော့ ပုံတွေရလာတာနဲ့ size တွေချုံ့ ပြီး အောက်ဖော်ပြပါ ကွမ်းခြံကုန်းမြို့ ရေအလှူ ကို ရေးလိုက်မိပါတော့တယ်။



၂၁.၅.၂၀၁၀ - သောကြာနေ့ကတော့ ကျွန်မတို့ Save The Aged အဖွဲ့ ရဲ့ တာဝန်ခံများဟာ ကွမ်းခြံကုန်း မြို့နယ်မှာ သွားရောက်ပြီး သောက်ရေ သန့်ဗူး ၅၀၀ကို လှူခဲ့ပါတယ်။ ဒီတစ်ခါလည်း တာဝန်ခံ (၈) ယောက် သာ သွားခဲ့ပါတယ်။ သုံးခွကျောင်းစု ရွာမှာ ၁၉၆ ဗူး နေ့လည်ပိုင်းဝေငှခဲ့ပြီး စံပြရပ်ကွက်မှာ ၃၀၄ ဗူးကို ညနေနဲ့ ညပိုင်းမှာ သွားရောက်ဝေလှူခဲ့ပါတယ်။ စုစုပေါင်း အိမ်ခြေ ၅၀၀ လောက်ရှိပါတယ်။ ရေသန့်ဗူးတွေ စုစည်းပြီး ရန်ကုန်က စထွက်ချိန်မှာပဲ နေ့လည် ၁၂နာရီ ၀န်းကျင်လောက်ရှိနေပြီ။ ရန်ကုန်မှာ မိုးက တစ်ဖြိုင် ဖြိုင်ရွာနေဆဲ..။ ကျွန်မတို့ အဖွဲ့လည်း မိုးရွာသည် မရွာသည် မမှု၊ အရေးကြီးတာက ဒီနေ့ လက်ခုပ်ကုန်းမှာ ရေချို လှူနိုင်ဖို့က အဓိက။



အဖွဲ့ဝင်၂ယောက်က ရေကားနဲ့လိုက်တယ်။ ကျန်၆ယောက်က ဒလဘက်ကမ်းကို ဇက်စီးပြီး ဟိုဘက်ကမ်း ရောက်မှ ဗင်ကား တစ်စီးနဲ့ ကွမ်းခြံကုန်း ကို ခရီးဆက်ရတယ်။ ဒီခရီးမှာ ကြားရက်ဖြစ်တာမို့တာဝန်ခံ မိန်းက လေး ဇင်အိ တစ်ယောက်ထဲ ပါသွား ခဲ့တယ်။ ကျန်တဲ့ ၇ယောက်က ယောကျာင်္း လေးတွေဘဲ ။ ဒီနေရာမှာ အဖွဲ့ရဲ့ ပြည်တွင်း + ပြည်ပ တာဝန်ခံတွေကိုယ်စီဟာ လုပ်ငန်း ခွင်မှာ ကိုယ်စီအလုပ်လုပ်နေသူများ ဖြစ်ပြီး တဖက်က ရတဲ့အချိန်လေးမှာ အဖွဲ့ရဲ့ အလှူတာဝန်တွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေ ကြတဲ့ အတွက် တကယ့်ကို လေးစားမိပါတဲ့ အကြောင်း အခွင့်သင့် တုန်းလေး ဒီနေရာကနေ ပြောပါရစေရှင် ။



ကျွန်မတို့ အဖွဲ့ ကွမ်းခြံကုန်းရောက်တော့ နေ့လည် ၃နာရီခွဲ။ မိုးရိပ်မိုးခြေ နည်းနည်းလေးတောင်မှ မမြင်။ စံပြ၀ီဇယ မင်္ဂလာ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးမလာဝံသ က ရေလှူဖို့ ဂျစ်ကား တစ်စီးနဲ့ လိုအပ် တာ အကုန်လိုက်လုပ်ပေးပါတယ် ။ ဘုန်းဘုန်းရဲ့ ကျောင်းမှာ မိဘမဲ့ ကလေးရော၊ ကျောင်းဝေးလို့ မတက် နိုင်တဲ့ ကလေးရော ကျားမ ၄၈ ဦးပြုစု စောင့်ရှောက်ထား တယ်။ ဆောက်လက်စ မူကြိုကျောင်းလေး တွေ့ခဲ့ရ တယ်။ မူကြို ကျောင်းလေးက အလှူရင် မရှိတော့လို့ ဆက်မဆောက်ရဘူးလို့ သိခဲ့ရလို့ ကျွန်မတို့ အဖွဲ့ တစ်နေ့ ဒီနေရာကို ထပ်မံလာဖြစ်ဦးမယ် လို့ ထင်မိပါတယ်။



ဆရာတော်ကြီးက မိန့်ရာမှာ ရွာတွေမှာ နှစ်စဉ်နှစ်တိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ ၀မ်းရောဂါက ဒီနှစ်မှာ မဖြစ်ဘူး ။ စံပြရွာမှာ သောက်ရေ သန့်ကို တိုင်ကီတစ်လုံးကို ၂၀၀၀ နှုန်းနဲ့ဝယ်သောက်နေရတယ်လို့ သိရပါတယ်။



ဆရာတော်ကြီးမိန့်တော်မူတာတွေ နာယူအပြီးမှာတော့ ဆရာတော်စီစဉ်ပေးတဲ့ ဂျစ်ကားနဲ့ သုံးခွကျောင်းစုရွာကို ရေအလှူ စထွက် ခဲ့ပါတယ်။




" ရေက တန်ခူးမတိုင်ခင်ကထဲက ပြတ်သွားတာ.. ရန်ကုန်မှာမိုးရွာလာတော့ ရေလှူတဲ့အင်အားလျော့ကုန်တယ် ... သောက်ရေမရှိ တော့ဘူး ...ချောင်းရေ သောက် ရတော့မှာ .. ဒီဘက်မှာ မိုး ၁ခါပဲ ကောင်းကောင်းရွာ သေး တယ် " လို့ ရပ်မိရပ်ဖများက ပြောပြ ပါတယ်။



ကြည့်ပါဦး။ သောက်ရေကန်တွေ ခန်းခြောက်နေလိုက်တာများ။ ရေတစ်စက်ဆို တစ်စက်မှမကျန်။




ပြီးတော့ စံပြကျေးရွာကို ခရီးဆက်လို့ ရေဝေငှကြပါတယ်။



ညပိုင်းအလှူက ၆ နာရီခွဲမှာ စပြီး ည ၈နာရီခွဲလောက်မှာမှ ရေလှူခြင်းအမှု ပြီးတယ်လို့သိရပါတယ်။



ညပိုင်းရေလှူပုံတွေ မရသေးလို့ မတင်ပေးလိုက်နိုင်သေးပါဘူး။ ရလျှင်ရခြင်း ပုံတွေ ထပ်ဖြည့်ပေးပါ့မယ်နော်။




အဖွဲ့သားတွေအားလုံး ရန်ကုန်ပြန်ရောက်တော့ ရန်ကုန်မြို့ကြီး အိပ်ဖို့ အစပြုတဲ့ ည ၁၀နာရီခွဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြည်တွင်း+ပြည်ပ အလှူရှင်များ မိမိတို့ရဲ့ မွန်မြတ်တဲ့ လှူဒါန်းမှုအ၀၀ ကို သာဓုခေါ်နိုင်ရန် တာဝန်ရှိသူများ ထံမှ မေးမြန်း ဖော်ပြ လိုက် ရပါတယ်။


ရေအလှူ : ရေသန့်ဗူးကြီး ၁၉၆ ဗူး ( သုံးခွကျောင်းစုရွာ)

ရေသန့်ဗူးကြီး ၃၀၄ ဗူး ( စံပြရွာ)


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးစကားပြောတာ မင်္ဂလာတစ်ပါးမို့ ….



* စံပြ၀ီဇယ မင်္ဂလာစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးမလာဝံသ။
* သွားရောက်လှူဒါန်းခဲ့ကြသော Save The Aged အဖွဲ့ဝင် တာဝန်ခံများ။
* ပြည်တွင်း + ပြည်ပမှ စေတနာ သုံးတန်ပြဋ္ဌာန်းလှူဒါန်းနေသော Save The Aged အဖွဲ့ဝင်များနဲ့ အလှူရှင်များ။
* ပြည်တွင်း + ပြည်ပနိုင်ငံ အသီးသီးမှ Save The Aged ရဲ့ တာဝန်ခံများနဲ့ တကွ အလှူရှင်များ။
* ဒူဘိုင်းရောက် ရွှေမြန်မာများ။
* မြသွေးနီ မသိလိုက်သဖြင့် ဖော်ပြရန် ကျန်ရှိခဲ့သေးသော အလှူရှင်များ ။
* မြသွေးနီ.. ဒီပို့စ်လေးရေးဖြစ်နိုင်အောင် ပံ့ပိုးဝိုင်းဝန်းကြတဲ့ ဇင်အိ၊ စည်သူ နဲ့တကွ Save The Aged မှ မောင်၊ ညီမများ။


အားလုံးကို ရင်ထဲကနေ ကျေးဇူးစကားဆိုခွင့်ပြုပါ။

ရေးဖို့ ကြွင်းကျန်ခဲ့တာများရှိရင်၊ အချက်အလက်များ မှားယွင်းခဲ့ရင် မြသွေးနီရဲ့ အားနည်းချက်မို့ မေတ္တာရှေ့ ထား ဖြည့်စွက် နားလည် ပေးပါနော် ။ :)


စက်ရပ်သတင်း - ၂၂.၅.၂၀၁၀ တနင်္ဂနွေမှာ လက်ခုပ်ကုန်းကို တာဝန်ခံများသာ ကွင်းဆင်းလေ့လာမယ်။ ၂၅.၅.၂၀၁၀ အင်္ဂါမှာ ဒလမြို့။ ၂၇.၅.၂၀၁၀ ကြာသာပတေးမှာ သနပ်ပင်မြို့။ ၃၀.၅.၂၀၁၀ တနင်္ဂနွေမှာ ခရမ်း၊ သုံခွ ဘက်လို့ ယာယီလျာထားပါတယ် ။






ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။

မြသွေးနီ

0 comments:

Post a Comment