Saturday, May 15, 2010

ခရမ်းမြို့၊ ကန်ဦးကျောင်းဆိုတာ

ဒီနှစ်နွေရဲ့ အပူရှိန်က အငြိုးတကြီး အရှိန်တညီးညီး။ ပြီးခဲ့တဲ့ စံချိန်ချိုးထားတဲ့ အပူချိန်တွေကို ဒေသတိုင်းမှာ ပျော်ပျော်ကြီး စံချိန်ချိုးခဲ့။ ကထ္ထရာလမ်း မတွေလည်း ပူလွန်းတဲ့ဒဏ်ကြောင့် အရည်ပျော် ငိုကြွေးနေကြပြီ။ ကမ္ဘာကြီးက ပူနွေးတဲ့ အဆင့် ကိုကျော်လွန်နေပြီ။ အပူရှိန်ဒီဂရီက အရင်နှစ်တွေက ချိုးထားတဲ့ စံချိန်ကို ပျော်ပျော်ကြီးချိုးပြီး အစွမ်းကုန် ပူပြနေကြပြီ ။


နေရာအနှံ့ ဘယ်နေရာမဆို တို့ထိလိုက်တာနဲ့၊ အပြင်ကို သွားလိုက်တာနဲ့ ပူလောင်အိုက်စပ်နေကြတာ..။ နေကပူပူ၊ လေကပူပူ၊ မီးစက်မောင်း နှင်သံ တညံညံနဲ့ ရန်ကုန်မြို့ပြရဲ့ သရုပ်က ပူကြွပ်ရွနေတာ..။ မီးရချိန်တွေက ပိုနည်းလာတော့ မီးလာပြီးဆိုတာနဲ့ ရတဲ့ အချိန်လေး အလု အယက် ရေတင်ကြ၊ ရေလေးတင်မယ်ရှိသေး မီးကပျက်ပြန်။ မော်တာတွေပြန်ပိတ်။ ရေမော်တာတွေက ဖွင့်လိုက်ပိတ်လိုက်နဲ့ ဒဏ်မခံ နိုင်တော့ လောင် ကျွမ်း၊လူတွေကလည်း မီးမလာတော့ ရေမရ၊ ရေမရတော့ ရေ၀၀လင်လင် မချိုးနိုင်၊ ချွေးစီးတွေ ဒရဇပ်ထွက်ပြီး ပူလွန်းအိုက်လွန်းတော့ အယားဖု တွေ၊ အင်ပြင်တွေ ဒင်းကြမ်းထွက်နဲ့။ မြို့ပြက သူရိန်နေမင်း ကြီးအောက်မှာ အရမ်းကို ချူချာနေရပြီ။ မြို့ပြတွေမှာ မီးမလာတော့ ရေမရ၊ ရေမရတော့ ရေမချိုးရ အ၀တ်တွေမလျှော်ကြရ၊ မီးပူတွေလည်း မတိုက်ကြရ။ ချိုးဖို့ လျှော်ဖို့ထက် စားဖို့ အိမ်သာသုံးဖို့ကို ဦးစားပေး ခြိုးခြံနေ ကြရ။မြို့ပြတစ်ခွင် မီးစက်သံ ဆူဆူညံလို့ ။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လေထုထဲမှာ ပြည့်သိပ်လို့။ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း လူနာတွေ တိုးပွားလို့။ သတင်းစာ ရဲ့ နာရေးကြော်ငြာမှာလည်း စည်ကားနေကြလို့။ တိုက်အောက်က ဘုံဘိုင်လေးတွေမှာ ရေခတ်သူတွေ တန်းစီလို့ ။ ရေသန့်ရောင်းသူများ အလုပ် တွေ ဖြစ်ကြလို့။


အခုကျွန်မတို့ ပတ်ဝန်းကျင်မှာ ရေပန်းစားနေတဲ့ Breaking News က ” ရေ ” ။ ရေအသက် တစ်မနက်တဲ့။ မြို့ပြတွေမှာ ရေ အခက်တွေ့ နေရသလို ကျေးလက်တောရွာ ဒေသအချို့မှာတော့ လုံးဝကို သောက်ရေ၊ သုံးရေတွေ ပြတ်လပ် ကုန်ကြပြီ။ ကန်တွေ ခမ်းခြောက်ကုန်ပြီ။ သက်ကြီးရွယ်အိုတွေ၊ ကျွဲနွားတွေ ရေပြတ်လတ်လို့ အလူးအလဲ ခံစားရေကြရပြီ။ ကျွန်မတို့ အားလုံးရဲ့ ပတ်ဝန်းကျင်မှာ ရေအကြောင်း ပဲ ပြောနေကြပြီ။ မြန်မာပြည်က မြန်မာလူမျိုးတွေက မြန်မာပီပီ အပြောနဲ့ မဟုတ်၊ ရောက်ရာ အရပ်ကနေ လက်တွေ့ ကူညီနေ ကြပြီ။ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ အပြေးအလွှား လှူဒါန်းနေကြပြီ။ အရေးကြီးတော့ သွေးနီးကြပြီ။ စာနာစိတ်နဲ့ လှူဒါန်းနေ ကြပြီ။ ရေတစ်ပေါက် လေး သောက်ရဖို့ စောင့်ဆိုင်းနေကြတဲ့ လူတွေဆီ၊ သက်ကြီးရွယ်အို၊ ကလေးများဆီ အရောက်သွား လှူဒါန်းနေကြပြီ။



ကျွန်မတို့ Save The Aged အဖွဲ့လည်း မနက်ဖြန် (၁၆.၅.၂၀၁၀) နေ့မှာ သာကေတ တိုင်းရင်းသားကျေးရွာမှ ဆက်သွားလျှင် ယုဇနဥယျာဉ် မြို့တော် အကျော် ပဲခူးမြစ်လမ်း အဆုံးက ပဲခူးတံတား ကြီး၏ တစ်ဘက်ခြမ်း၌ တည်ရှိသော အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမရွာ၊ကုလားဝဲရွာတို့ကို သွားရောက်လှူဒါန်းကြ မှာဖြစ်ပါ တယ်။ ကားလမ်းပေါက်တဲ့ ကုလားဝဲ ရွာကနေ တဆင့် ကျန်ရွာများကို ရေ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ယခုအချိန်အထိ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေ စိတ်အားထက်သန်စွာ လှူဒါန်းနေကြတာကို တွေ့သိနေရပါတယ်။ ကျွန်မကိုယ်တိုင်လည်း မနက်ဖြန် ရေအလှူမှာ လိုက်ပါမှာ ဖြစ်ပြီး ရေပြတ်လတ်အတိ ဒုက္ခတွေ့ နေတဲ့ ရွာသူရွာသားများနဲ့ တွေ့ဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်မိပါတယ်။ ဒီခရီးက အပြန် ကိုယ်တွေ့ အတွေ့အကြုံလေးကို ပို့စ်လေး တစ်ပုဒ် ထပ်မံရေးပါဦးမယ်ရှင် ။



” ရေ ” လှူရတဲ့ မြတ်သော အကျိုးကျေးဇူး (၁၀) ပါးကို ကျွန်မသိသလောက် မျှဝေချင်မိပါတယ်။


၁။သန့်ရှင်းစင်ကြယ်ခြင်း
၂။ကျော်ကြားလူသိများခြင်း
၃။ဆာလောင်မွတ်သိပ်မှုကင်းခြင်း
၎။အဆင်းလှခြင်း
၅။ချမ်းသာကြီးခြင်း
၆။လျှင်မြန်ခြင်း
၇။အသက်ရှည်ခြင်း
၈။အခြွေအရံပေါများခြင်း
၉။ဥာဏ်ပညာ ကြီးမားခြင်း
၁၀။ခွန်အားဗလကြီးမာြး
ခင်း


စေတနာ၊ စာနာစိတ်များနဲ့ ရေလှူခြင်းအားဖြင့် ရရှိတဲ့ အကျိုးကျေးဇူးများကို ကျွန်မတို့ အရယူကြပါစို့လားရှင်။


အားလုံးရေပြတ်လပ်မှု၊ ရေ ငတ်မွတ်မှုမှ ကင်းဝေးကြပါစေလို့ ။



***ယခုလောလောလတ်လတ်ရထားတဲ့ Updateသတင်း (နေ့လည် ၁း၅၀မိနစ်)အရ ရေဗူး ၁၅၀၀ဗူးနဲ့ ဘောက်စာ ၆စီးစာ လှူဒါန်းဖို့ ရေရနေပြီ လို့သိရပါတယ်။ မနက်ဖြန် အလှူနေ့ မတိုင်ခင် ရေထပ်မံရေရရှိရေး၊ ကားများရရှိရေးအတွက် တာဝန်ခံများက အပူတပြင်း ဆက်လက်ဆောင်ရွက်
နေပါတယ်ရှင်..**
*



ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

0 comments:

Post a Comment