Sunday, May 30, 2010

သူ့လိုလူစားမျိုး



ဦးသာဘွားရဲ့ မြင်ကွင်းရှေ့မှာ ၁၄လက်မ တီဗွီလေး တစ်လုံးရှိနေတယ်။ တီဗွီမှန်သားပေါ်က ခပ်ညံ့ညံ့ သရုပ် ဆောင်နေတာတွေကို ၀တ္တရား မပျက် ထိုင်ကြည့်နေရပေမယ့် သူ့အာရုံက တီဗွီ ဇာတ်လမ်း ပေါ်မှာမရှိ။ တီဗွီကြီး ရှေ့မှာထားလို့ တောင်ရောက် မြောက် ရောက် တွေးနေ ရတာကို သူက သဘောကျတယ်။ ၁၂ပေxပေ၅၀ တိုက်ခန်း ကျဉ်းလေး ထဲမှာ တစ်ယောက်ထဲ နေလာတာ ၃လနီးပါးရှိနေပေမယ့် အခုထိ သူနဲ့ ဒီတိုက်ခန်းလေး နဲ့က အသားမကျသေး။ နယ်ကခြံလေး ဈေးကောင်းရ တုန်း ရောင်းလိုက်ပြီး ဒီတိုက်ခန်းမှာ နွယ်နီတို့ လင်မယားနဲ့ အတူလာနေခဲ့တာ။ အခု နွယ်နီက သူ့ယောကျာင်္းနဲ့ စကာင်္ပူ အတူလိုက်သွားတော့ သူက တစ်ယောက်ထဲ ကျန်ခဲ့ရ တာ။


နံရံကပ်နာရီကလဲ အခုထိ ဓာတ်ခဲကုန်တာ မလဲရသေးတော့ ညဘယ်နှနာရီရှိနေပြီလည်း မသိ တော့။ အင်း.. ၉နာရီခွဲ လောက် တော့ရှိနေမှာလို့ သူတွေးလိုက်တယ်။ တစ်နေ့လုံး ကျနေ ခံထား ရတဲ့ အခန်းရဲ့ အုတ်နံရံတွေက တရှိန်ရှိန်နဲ့ အပူပြန်နေတယ်။ သူနေတဲ့ ၅ထပ်မှာ အနည်းဆုံး လေလေး တစ်ဖြူးဖြူးနဲ့ ရှိနေသင့်တာ။ ခုတော့ ယပ်တစ်ဖျတ်ဖျတ် ခတ်နေယုံမှတပါး။


ပူပါတယ်ဆိုမှ လျှပ်စစ်မီးက ရုတ်တရက် ပျက်သွားပြန်တယ်။ ဒီလို မီးပျက်တာက ထုံးစံတစ်ခုမှန်း သိပေမယ့် မီးပျက်တိုင်း ဦးသာဘွားစိတ်ထဲ ကျဉ်းကျပ်သလို ခံစားရတယ်။ ရပ်ကွက် တစ်ခုလုံး မှောင်အတိ ကျသွားတယ် ။ ခနနေ မီးက ပြန်လာ ချင်လာမှာလို့ ဖြေတွေးတွေး နေလိုက်တယ်။ စိတ်ထဲ ပိုအိုက်စပ်လာသလိုခံစားရတယ်။


“ နွယ်နီတို့များ ကိုယ့်အဖေရယ်ဆိုလို့ ခရီးမသွားခင် ပန်ကာလေး တစ်လုံးလောက် ၀ယ်ပေး ခဲ့မယ် မရှိဘူး။ အဖေကိုထားခဲ့ပြီး ယောကျာင်္း အလုပ်လုပ်မယ့် စကာင်္ပူအထိ ကောက်ကောက် ပါအောင် လိုက်သွားတယ်။ ဒီမှာတော့ အသက်သာ ၅၆နှစ် ပြည့်ခဲ့ တယ်။ အခုထိ ဘ၀က အထီး ကျန် ကောင်းတုန်း။ အင်း.. မတင်မိ.. မင်းပဲ ကောင်းတယ်။ မင်းက ၀ဋ်ကျွတ်သွားတာ။ ဘ၀ တစ်ပါးမှာ အေးအေးလူလူနဲ့ အနားယူနေရတဲ့ မင်းကို ငါတစ်ခါတစ်ခါ မနာလို ဖြစ်မိတယ် ဟေ့ .. ”


ဦးသာဘွားက နွယ်နီတို့ လင်မယားနဲ့ လိုက်လို့ရရင် လိုက်နေချင် မိသေးတာ။ လေယာဉ်ပျံ စီးရမယ့် အဖြစ်ကို တွေးကြောက် နေမိတာနဲ့ပဲ အခုလို တိုက်ခန်းကျဉ်းလေးထဲမှာ တကိုယ်ထဲ ဖြစ်နေရတာပါ။ ဆွေမျိုးသားချင်း ထဲမှာ သူ့စိတ်နဲ့ တွေ့တဲ့သူကလည်း တစ်ယောက်မှမရှိ။ တူတော်တဲ့ တစ်ယောက်ကတော့ အတူလာပြီး စောင့်ရှောက်ပေးမယ် ပြောပေမယ့် ဆွေမျိုး ဆိုတာကလည်း အတင်လွယ်၊ အချခက်။ နောက်.. ရန်ကုန်မှာ လူတစ်ယောက်ရဲ့ နေစားရိတ်၊ စားစရိတ်က မနည်းဘူးဆိုတော့ သူ့ရဲ့ အိုစာမင်းစာ စုထားသမျှလေးကို အပွန်းအပဲ့ မခံနိုင် ဘူးလေ။ သူတစ်ယောက်ထဲဆိုတော့ စားချင်သလိုစား၊ နေချင်သလိုနေလို့ရတယ်။ နွယ်နီ က မသွားခင်ကတော့ ဟိုရောက်ရင် ငွေပို့ပေးမယ်ပြောခဲ့တာဘဲ။ အခုအချိန်ထိ ငွေမပြောနဲ့ လူကြုံ ပစ္စည်းတောင် မမြင်ဖူးသေးဘူး။ ဒီလိုပြောတော့ သာဘွားတို့ လိုချင်မျက်စေ့ရှိတယ် ပြောကြဦးမယ်။ ဒီကြားထဲ ဖုန်းလာရင် သူက အဖေကို ဆရာလုပ်ချင်နေသေး။


ဦးသာဘွား တစ်ယောက် မှောင်အတိပြီးနေတဲ့ တိုက်ခန်းကျဉ်းလေးထဲမှာ တစ်ယောက်ထဲ ဟိုတွေး သည်တွေးနဲ့ အထီးကျန်စွာ ရှိနေတယ်။ အိမ်မှာ ဖယောင်းတိုင်ထုတ်ရှိနေပေမယ့် ဘယ်နားသိမ်းထားမိမှန်း မမှတ်မိတော့။ မီးခြစ်ကလည်း ရှာရဦးမှာ။ ထရှာ ရမှာ ပျင်းပျင်းရှိတာနဲ့ အမှောင်ထဲမှာ ပေတေပြီး ဆက်ထိုင် နေမိတာ။ နွယ်နီတို့ ရှိတုန်းကတော့ သူတို့ လင်မယားပဲ သူ့ရဲ့ ဝေရာဝစ္စမှန်သမျှကို ဒိုင်ခံလုပ်ပေးခဲ့တော့ သူက ခြေမချိုး လက်မချိုး အေးအေးလူလူ နေခဲ့ရတာ။


လူသံသူသံ အချို့ကို ကြားလိုက်ရသလိုရှိလို့ အမှောင်ထဲမှာ ၀ရန်တာဆီကို စမ်းတ၀ါးဝါးနဲ့ မှန်းထွက်ခဲ့တယ်။ သူ့ရဲ့ ခြေလက်တွေက ကောင်းကောင်း လှုပ်ရှား သွားလာနိုင်ပေမယ့် သူ့ရဲ့ မျက်လုံးတွေက အမှောင်ထဲမှာ တော့ သဲသဲကွဲကွဲ မြင်နိုင်စွမ်း မရှိပါဘူး။ တိုက်အောက် ကို သူငုံ့ကြည့်လိုက်ပေမယ့် အမှောင်ထဲမှာ ဘာကိုမှ သူထင်ထင်ရှားရှား မမြင်ရပါဘူး။ ကျင့်သားရနေတဲ့ အမှောင်ထဲမှာ ဧည့်ခန်းဆီ ပြန်လာပြီး ကြိမ်ကုလားထိုင်မှာ ပြန်ထိုင်ချ လိုက်တယ်။


ဦးသာဘွားဟာ လုပ်နိုင်ကိုင်နိုင်ရှိစဉ်က စီးပွားရေးမှာ ကံဆိုးမိုးမှောင် ကျခဲ့သူ တစ်ယောက်ပါ။ ဒ့ါအပြင် ဆရာဝန်တွေက ဘာမှ မဖြစ်ဘူးပြောပေမယ့် သူ့အစာအိမ်က သိပ်မကောင်းတော့ သလို၊ သူ့ရဲ့ ကြွက်သားတွေ၊ အရိုးအဆစ်တွေကလည်း ကြံ့ခိုင်မှု မရှိတော့ဘူးရယ်လို့ သူ့ကိုယ် သူ ခံစားနေမိသူပါ။ ဦးသာဘွားရဲ့ ခံစားရတဲ့ ဝေဒနာတွေထဲမှာ သူ့ကို သမီးဖြစ်သူက ဂရုမစိုက် ပဲ ပစ်ပယ်ထားတယ်လို့ ထင်နေတဲ့ ခံစားမှုက အဆိုးဝါး ဆုံးပါ။ ဦးသာဘွား အသက်က ၅၆နှစ် သာ ရှိသေးပေမယ့် သူ့ရဲ့ ခံစားမှုတွေကတော့ အသက် ၈၀ အဖိုးကြီး တစ်ယောက်ရဲ့ ခံစားမှု ထက်တောင် ပိုနေဦးမယ်ထင်ပါတယ်။ ဦးသာဘွား ခိုင်ခိုင်မာမာ ယုံကြည်ထားမိတာက သူ့ဘ၀ တစ်ခုလုံးဟာ ဆိုးဆိုးဝါးဝါးကို စွမ်းအားတွေ ကုန်ခမ်းနေတဲ့ အိုမင်းမစွမ်းဘ၀ပဲ ဆိုတာကိုပဲပေါ့။ တွေးနေရင်းက သမီးဖြစ်သူ နွယ်နီဟာ သားသမီး ၀တ္တရားမကျေပြွန်သူ၊ သူ့အလှည့်ကျမှ ၀ဋ်လှလှ လည်လိမ့် မယ်၊ ငါ့လို အထီးကျန် ဘ၀မျိုး သူမခံစားပါရစေနဲ့ရယ်လို့ စိတ်ပေါက်ပေါက် နဲ့ ထပ်တွေးနေမိတယ်။


ဒီနောက် သူအခန်းရဲ့ အပြင်ဘက်လှေကားက ခြေသံ အချို့ထွက်ပေါ်လာပြီး မရှေးမနှောင်း မှာပဲ တံခါး ခေါက်သံကို ကြားလိုက် ရတယ်။ “ ဘယ်သူလဲဟေ့ ” လို့ မေးအပြီး တံခါးကိုဖွင့်လိုက်တော့ သူ့ရဲ့ အခန်းဝမှာ လူငယ်တစ်ယောက် လက်နှိပ်ဓာတ်မီး ထိုးလျှက်က “ ဒီတိုက်ကို ဆက်သွယ် ထား တဲ့ ပင်မမီးလိုင်းက ၀ါယာရှော့ ဖြစ်နေတယ်။ မီးလောင်နိုင်တယ်။ အန္တရာယ်ရှိနိုင် လို့ တိုက်အောက်ကို ခဏဆင်းနေပေးပါ ” လို့ ပြောပြီး အပေါ်ထပ်ကို ခြေဦး တည်လိုက်တယ်။ ဦးသာဘွားက “ ဟေ့.. သူငယ်။ ငါက နေသိပ်မကောင်းဘူးကွ။ ထွက်မသွားပါနဲ့ဦး။ ငါ့ကို တိုက်အောက်အရောက်ပို့ပေးပါဦး ” လို့ ပြောလိုက်တယ်။ ဒီတော့ လူငယ်က “ ဦးလေးသတိ ထားပြီး တဖြေးဖြေး ဆင်းသွားပါ။ ကျွန်တော် အပေါ်သုံးထပ်က ကျန်တဲ့သူ တွေကို သတိလိုက် ပေးရဦးမှာမို့ပါ ” လို့ ပြောပြီး အပေါ်တက်သွားလေတော့ တယ်။ “ အခုခောတ် လူငယ်တွေ၊ ငါ့မျက်စေ့နဲ့ကို မတွေ့ပါဘူး။ လူကြီးသူမကို ကူညီရကောင်း မှန်းကို မသိဘူး ” လို့ ဗြစ်တောက် ဗြစ်တောက် ရေရွတ်နေမိတော့တယ်။ ၀ါယာရှော့ ကိုတော့ ဦးသာဘွားကြောက်တယ်။ သူငယ် စဉ်က ဇာတိမြို့ကလေးမှာ မီးဘေး ကိုယ်တွေ့ကြုံခဲ့ဘူးတော့ သူပိုလန့်သွားတယ်။ ဦးသာဘွား ရဲ့ ခြေထောက်တွေ ရုတ်ချည်း အားရုတ် သွားသလို ခံစားလိုက် ရတယ်။ တကယ် တော့ သူက အခြားသူ တစ်ဦးဦးကို အကူအညီ တောင်းပြီးတဲ့ အခါတိုင်း အခုလို ခံစားရတတ်တာပါ။ သူက အခန်းတံခါးကို သော့ပိတ်ဖြစ်အောင် ပိတ်လို့ သူနေတဲ့ ၅ထပ်ကနေ အောက်ကို စဆင်းဖို့ ပြင်လိုက် တယ်။


အဲ့ဒီအချိန်မှာ အပေါ်ထပ်ကဆင်းလာတဲ့ ခြေသံမှန်မှန်ကို သူစတင်ကြားလိုက်ရတယ်။ ခြေသံ ကို ကြည့်ရပုံထောက် ဒီလူက သူ့ထက်တော့ မြန်မြန်ဆင်းနိုင်မယ့် ပုံဘဲ။ သူ့နဘေးနားရောက်လာ တဲ့အထိ အမှောင်ထဲမှာမို့ ဘယ်သူဘယ်ဝါ မှန်းမသဲကွဲ။ အသာလေးဘေးကပ်ပေးလိုက်တော့ ခြေသံရှင်က သူ့ကို ကျော်ဖြတ်ပြီး ဆင်းမယ်လုပ်တယ်။ ဒါနဲ့ ကသောကမျောနဲ့.…


` ဒီမှာ.. ကယ်ပါဦးဗျာ.. ကျွန်တော့ကို ကူညီပါ။ ကျွန်တော်သိပ်ကို နေမကောင်းတဲ့ အဖိုးကြီး တစ်ယောက်ပါ ´


ဦးသာဘွား အဲ့ဒီလိုလည်းပြောလိုက်ရော ခြေသံရှင်က တုန့်ကနဲ ရပ်လိုက်ပြီး ` ခင်ဗျား လမ်းရော လျှောက်နိုင်ရဲ့လား ´ လို့မေးလာ တယ်။ ကိုယ့်ကို ကူညီမယ့်လူရှိနေမှာတော့ ဒီလှေကား မှောင် မှောင်မဲမဲကြီးကို ဘာလို့များ စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက် ဆင်းနေ တော့မလဲနော်။


` ကျွန်တော့ ဒူးက လမ်းလျှောက်လို့ အဆင်မပြေဘူး။ ကျွန်တော့ကို ဖြစ်နိုင်ရင် သယ်ပိုး သွားပါ လားခင်ဗျာ ´



ဦးသာဘွားအသံက တကယ့်ကို ချိနဲ့ အားယုတ်နေတဲ့ လူအို တစ်ယောက်ရဲ့ အသံမျိုး ဖမ်းထား တာ ဆိုတော့ ခြေသံရှင်က..


` ကဲ.. ဒါဆို ခင်ဗျား ကျုပ်ရဲ့ လည်ပင်းကို မြဲမြဲ ဖက်ထား။ ကျုပ် .. ခင်ဗျားကို ကုန်းပိုးပြီး ခေါ် သွားမယ် ´ ဆိုပြီး ဦးသာဘွားကို သူ့ကျောပေါ်တင်ကာ လှေကားကို စတင် ဆင်းလေတော့ တယ်။


` သတိထားဆင်း၊ သိပ်မလောနဲ့၊ မှန်မှန်လေးသွား ´


ဦးသာဘွားက မြင်းတစ်ကောင်ရဲ့ ကုန်နှီးပေါ်မှာ စပ်ကျမတ်ကျ ခွစီးထားသလို ရှိနေလျှက်က သတိပေး လိုက်တယ်။ ` ခင်ဗျား မြင်ရော မြင်ရရဲ့လား ´ လို့လည်း မေးလိုက်တယ်။ဒီတော့ ကုန်းပိုးလာသူက ` မြင်တော့ ဘယ်မြင်ရပါ့မလဲဗျာ။ အသုံးပြုနေကြ လှေကားဆိုတော့ သိပ်တော့ မစိမ်းပါဘူး။ ကြိုးစားပြီး သတိနဲ့ ဆင်းနေရတာပေါ့ ´ လို့ ပြန်ဖြေလိုက်လေတယ်။ အဲ့ဒီအဖြေ ကြောင့် ဦးသာဘွား စိတ်တိုရပြန်တယ်။ ` မမြင်ရပဲ သူ ငါ့ကို ဘယ်လို ကျောပိုးပြီး ဆင်းမလဲ။ ဝေ့လည်ကြောင်ပတ် ပြောနေပြန်ပါပြီ ´ လို့ စိတ်ထဲ မြည်တွန်နေမိတယ်။ ဦးသာဘွားတို့ နှစ်ယောက်ဟာ မှောင်နဲ့ မဲမဲထဲမှာ လှေကားထစ်လေးတွေကို ကျော်ဖြတ်၊ လှေကား အကွေ့လေးတွေကို တစ်ကွေ့ပြီး တစ်ကွေ့ကျော်ဖြတ်လို့ လှေကားခြေရင်းကို ရောက်လာခဲ့တယ်။ ဦးသာဘွားရဲ့ ပါးစပ်ကလည်း ` သတိထားဆင်း၊ သိပ်မလောနဲ့၊ မှန်မှန်လေးသွား ´ လို့ တတွတ်တွတ် ပြောလာတယ်။ လှေကားခြေရင်းကို ရောက်ပြန်တော့ ဦးသာဘွားက ကျောပေါ်က မဆင်းချင်သေးပဲ ..


` ဘယ်လိုမှ သဘောမထားပါနဲ့။ တစ်လက်စထဲ ကျွန်တော့ကို ဟောဟိုက မီးတိုင်လေးအောက် က ခုံတန်းလျားလေးဆီကို အရောက်ပို့ပေးပါဗျာ ´ လို့ လက်ညိုးညွှန်ပြောလိုက် တယ်။


` ခင်ဗျာ ..ဘယ်ကနေသွားရမလဲ.. ´ လို့ ကုန်းပိုးလာသူက မေးခွန်း ပြန်ထုတ်တော့ ဦးသာဘွား က..


` ခင်ဗျားက ကောက်ညှင်းပေါင်းစားပြီး နှဲမှုတ်ရသူတွေလို တော်တော် လက်ပေါက်ကပ်တဲ့ သူပဲ။ ဟို အရှေ့လေးတင်လေ.. မမြင်ဖူးလား ´ လို့ ငေါ့တော့တော့ ပြောလိုက်တယ်။


အဲ့ဒီ အချိန်မှာ သူတို့ နှစ်ယောက် အနားကို လူတချို့ ၀ိုင်းအုံလာတယ်။ လူတွေအားလုံးရဲ့ အာရုံ က သူ့ကိုကျော်လို့ သူခွစီးထားတဲ့ လူဆီမှာ။ အုံလာတဲ့ လူတွေကြောင့် ဦးသာဘွား ဇဝေဇ၀ါနဲ့ အံ့သြသွားရတယ်။


` အဘက ဒီလောက်မှောင်နေတဲ့ ကြားထဲက လူတစ်ယောက်ကို ကုန်းပိုးပြီး လှေကားကနေ ခေါ်လာနိုင်တယ်သေးတယ်နော်။ အံ့သြစရာ၊ လေးစားစရာပါပဲ အဘရယ် ´


နောက်တော့ လက်ခုပ်သြဘာသံတွေ ထွက်လာတယ်။ နောက်.. ကြွက်စီကြွက်စီနဲ့ သရော်တဲ့ တီးတိုးသံတွေ။ အသံတွေ.. အသံတွေ… ချီးမွမ်းသံတွေ.. ကဲ့ရဲ့လှောင်သံတွေရဲ့အောက်မှာ ဦးသာဘွားပြေးစရာ မြေမရှိတော့။ လူတစ်ယောက်ကို လူတစ်ယောက်က ကုန်းပိုးခွစီးမိတာ ဒီလောက်တောင် ပြောဆိုစရာဖြစ်စရာလား။ ဒီကြားထဲ ဖြတ်ကနဲ ဖြတ်ကနဲ လင်းလက် သွားလို့ ကြည့် လိုက်တော့ လူတစ်ယောက်က ကင်မရာ ခလုပ်နှိပ်ပြီး သူတို့နှစ်ယောက်ကို စိမ်ပြေနပြေ လှည့် ပတ်ရိုက်နေတာ။ ကင်မရာ မီးတစ်ချက်အလင်းမှာ သူခွစီးလာတဲ့သူရဲ့ မျက်နှာကို ငုံ့ကြည့် လိုက်မိတော့ သူဟာ နေရာမှာတင် အရှင်လတ်လတ် မြေမြိုခံလိုက်ရသလို ခံစားလိုက်ရတယ်။


ဗလောင်ဆူနေတဲ့ စိတ်တွေကြားထဲက ဦးသာဘွား မေ့လျှော့နေမိတာက သူဟာ သူ့ထက် ၁၀နှစ် နီးပါးကြီးသူ၊ စက္ခုနှစ်ကွင်း အလင်းမရသူကို အခုအချိန်ထိ လူတွေအားလုံးရဲ့ အရှေ့မှာ သိသိကြီး နဲ့ ကျောပိုး ခွစီးမိလျှက်သား ရှိနေတာကိုပါဘဲ။


ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။


မြသွေးနီ

0 comments:

Post a Comment