ကျွန်မရုံးရောက်တော့ ရုံးက မိန်းကလေးတွေရဲ့ စားပွဲတိုင်းမှာ ပိတောက်ပန်းခက် ၀ါဝါလေးတွေတင်ထားတာတွေ့ရပြီး၊ မွှေးကြိုင် သင်းပျံ့နေတာကို တွေ့ရပါတယ်။ ရုံးက ညီမတစ်ယောက်က သူ့အိမ်နားက အပင်ကခူးလာပြီး စားပွဲတိုင်းမှာ တင်ပေး ထားတာ။ ရုံးခန်းရဲ့ ဘုရားစင်မှာလဲ ဝေေ၀ဆာ လျှက်။ ကျွန်မတောင် ပန်းမကြိုက်ပေမယ့် ရွှေဝါအသွေး ပန်းပိတောက် ကိုကြည့်လို့ ရင်ထဲမှာ ကြည်နူးသွားမိတယ်။ ဒီနေ့ အိမ်ကလာကထဲက ပိတောက်ပန်းတွေ နေရာအနှံ့မှာ ၀ါဝါ၀င်း နေတာ တွေ့နေရတယ်။ ပိတောက်.. စိတ်ကောက်လို့ ဒီနှစ်မပွင့်တော့ဘူးထင်ထားမိတာ ခုတော့ သူ့ခမျာ မာန်မတင်းနိုင်ရှာပဲ လှိုင်လှိုင် ပွင့်ရရှာပြီ။ ပိတောက်ပန်းလေး ကို မြင်တဲ့ သူတိုင်းရဲ့ စိတ်ထဲမှာ ကျေနပ်နှစ်သိမ့်မှုလေးတွေ ကိုယ်စီရနေတာကိုက ပိတောက်ရဲ့ အစွမ်းအစပါပဲနော်။ မိုးနတ်မင်း ကြီးရဲ့ ကျေးဇူးကိုလည်း မေ့လို့ မဖြစ်သေးဘူးနော...။
ရန်ကုန်မိုး...


ရန်ကုန်မှာ မေလ ၁၇ရက်နေ့ထဲက မိုးကွက်ကြား ရွာလာပြီ...။ အပူတွေ ချက်ချင်းလျှော့ကျသွားလို့ လူအားလုံး၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ နေရထိုင်ရတာ သက်တောင့်သက်သာ ရှိသွားမှာတွေးပြီး စိတ်ထဲမှာ ချမ်းမြေ့လွန်းလို့ နေမိတယ်။ ဒါပေမယ့် တချို့နေရာတွေ မိုးရိပ် ခုထိ မဆင်သေး၊ ရေတွေ ပြတ်လပ်နေဆဲလို့ သိနေရတယ်။ အလှူရှင်တွေလည်း သွားရောက်လို့ လှူဒါန်းနေဆဲလို့သိရပါတယ်။ အိန္ဒိယဘက်ကို ၀င်မယ့် မုန်တိုင်းလမ်းကြောင်းက မြန်မာပြည်ဘက် အဖျားခတ်လို့ မိုးရွာချလာတာ။ ပြီးရင်ပြန်ပူမှာပဲလို့လည်း ပြောနေကြပြန်တယ်။ ဘယ်လိုပဲဖြစ် ဖြစ် လတ်တလော ပူကြွပ်ရွနေတာတွေ လျှော့ကြ သွားလို့ နေရထိုင်ရ ကောင်းသွားတာတော့ မငြင်းနိုင်ပါဘူး။
Save The Agedရဲ့ ဒီနေ့အလှူ...

ကျွန်မတို့ Save The Aged အဖွဲ့လည်း ဒီနေ့မှာတော့ ဝေါမြို့နယ် ဘုရားဖြူ ကျေးရွာနဲ့ အနီးဝန်းကျင်မှာ ရေသွားရောက်ဝေငှနေ ပါတယ်။ ကြားရက်ဖြစ်နေလို့ ကျွန်မကတော့ မလိုက်နိုင်တော့ပေမယ့် နောက်တစ်ရက်မှာ အလှူ သတင်း လေး တွေ တတ်နိုင် သလောက် ပြန်လည် မျှဝေ ပေးသွားပါ့မယ်။ ဒီတစ်ခါ ရေအလှူမှာတော့ ပထမရေ အလှူတုန်းကလို ကျွန်မတို့ လူတွေအများ ကြီးနဲ့ မသွားတော့ပါဘူး။ အဖွဲ့ရဲ့ တာဝန်ခံအချို့၊ အဖွဲ့ရဲ့ ဆေးပညာရှင်များနဲ့သာ ပိုမို ထိရောက်စွာ လှူဒါန်းနိုင်ဖို့ သွားရောက်နေ ကြပါတယ်။ မနက် ၆နာရီထဲက စတင် ထွက်ခွာ သွားပြီဆိုတော့ ယခု အချိန်လောက်ဆို ရေကောင်းကောင်း ဝေငှနေလောက်ပါပြီ။ တစ်ပတ် တစ်ခေါက်သာ သွားလှူနေရင် ရက်နောက် ကျသွားမှာဖြစ်လို့ အနည်းဆုံး ၂ရက်တစ်ကြိမ်လောက် လှူနိုင်ဖို့ စီစဉ်ထား ပါတယ်။ ဒီနေ့ ဝေါမှာ လှူပြီးရင်တော့ နောက်ရက်များမှာ ပဲခူးတိုင်း၊သနပ်ပင် ကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ၊ နောက် ဒလ မြို့နယ်များကို သွားရောက်လို့ လှူဒါန်းမယ် လို့ ယာယီ စီစဉ်ထားပါတယ်။
ရေအလှူရှင်များရဲ့ ကျန်ရှိအလှူငွေ...
ယခု ရေအလှူရှင်များရဲ့ ကျန်ရှိအလှူငွေများကို ယခုကဲ့သို့ ဆက်တိုက် ရက်ခြား အမှန်တကယ် လိုအပ်မယ့်နေရာများမှာ အဖွဲ့က သွားရောက် လှူဒါန်းနေမှာပါ။ ရေအရင်းအမြစ်များဖေါ်ထုတ်ရန် အတွက်မူ ကျွမ်းကျင်သူများ၏ အကြောင်းပြန်ချက်အရ ရေချို ထွက်ရန် မသေချာခြင်း ၊ ရန်ကုန် ဝန်းကျင်သည် မိုးကျသည်နှင့် တွင်းကို အသုံးမပြုပဲ စွန့်ပစ်ထားပါက တစ်နှစ်ခန့်ကြာရင် တွင်းပျက်စီးသွားနိုင်ခြင်း စသဖြင့် အကြောင်းအချက် များကြောင့် ရန်ကုန်အစား ရေအစဉ်ရှားပါးသော အညာဘက်အခြမ်းသို့ ဦးတည် စဉ်းစားနေရပါတယ်။ မိုးကျလာပြီး သောက်သုံးရေ အတွက် စိတ်ချ နိုင်တဲ့ အခြေအနေရောက်လာပါက အညာကျေးလက် ဒေသသို့ နယ်စပ်စည်ပင် ရေအရင်းအမြစ်ရှာဖွေရေးအဖွဲ့များ၏ အကူအညီဖြင့် ရေရှားပါးတဲ့ ရေထွက် ရန်သေချာသော ဒေသများ ကို တချိန်ထဲမှာ ရှာဖွေနေပါတယ်။ တွင်းတစ်တွင်း၏ ခန့်မှန်းကုန်ကျငွေမှာ ၁၂ သိန်းဝန်းကျင် ရှိတယ်လို့ အကြမ်းဖျဉ်း သိရပါ တယ်။ ရေကုသိုလ် လက်ကျန် ငွေများ အကုန်လုံးအား Save The Aged ပြည်တွင်းပြည်ပ အသင်းသူ အသင်းသားများ အလှူရှင် များ နာမည်နဲ့ ကဗ္ဗည်းထိုးပြီး အ၀ီစိတွင်းများ တူးလှူဒါန်းရန် အကြမ်းဖျင်းရည်ရွယ်ထားပါတယ်။
Save The Aged နဲ့ (လုံးဝ) မသက်ဆိုင်ပါ...

Save The Aged အဖွဲ့က ရေအလှူပါဆိုပြီး အဖွဲ့နာမည် အသုံးချကာ ၁၆ရက်နေ့က ဝေါမှာ ရေအလှူ တစ်ခုလုပ်ပြီး အဲ့ဒီခရီးမှာ အဖွဲ့ဝင် တစ်ယောက်သေဆုံးသယောင်ယောင် ဖွဲ့နွဲ့ရေးထားတဲ့ စာတစ်စောင် အွန်လိုင်းမှာ သတင်း ပျံ့နှံ့နေပါတယ်။ Save The Aged အဖွဲ့ အနေနဲ့ ၁၆ရက်နေ့က ဝေါကို (လုံးဝ) သွားရောက်ခဲ့ခြင်းမရှိပါဘူး။ ထို့အတူ အဖွဲ့ဝင်အားလုံးလည်း
ပီတိတွေစားသုံးလို့ အေးချမ်း ပျော်ရွှင်စွာ ရှိနေပါတယ်။ အဖွဲ့ဝင် အားလုံး ကောင်းမှု ကုသိုလ်လုပ်နေတာမို့ ဒီသတင်းဟာ မဟုတ်မမှန်ကြောင်း အဖွဲ့ဝင်များကို ကြေညာပေးယုံကလွဲပြီး ကျန်တာဘာမျှ ပြောစရာမရှိပါ။ ထိုသူများ တကယ်ရေလှူခဲ့ တာဆို ရင်တော့ မွန်မြတ်တဲ့ ရေအလှူအတွက် သာဓုခေါ်ပါတယ်။ ဒါပေမယ့် Save The Aged အဖွဲ့ရဲ့ နာမည်ကို အလွဲသုံးစားလုပ်တာက တော့ မိမိစေတနာ မိမိအကျိုးပေးပါလိမ့်မယ်။ အဖွဲ့အနေနဲ့ မြန်မာပြည်တွင်း မည်သည့်နယ်၊ ဒေသကိုမျှ အဖွဲ့ဝင်တွေ စေလွှတ် အလှူငွေကောက်ခံ ခိုင်းခြင်းမရှိပါဘူး။ အဖွဲ့ရဲ့ အလှူသတင်းကိုလည်း အဖွဲ့ရဲ့ ဆိုက်ဖြစ်တဲ့ www.savetheaged.ning.com မှာပဲ ထုတ်ပြန်ပေး နေပါတယ်။
နိဂုံး...

ဒီပို့စ်လေး အပြီးသတ် ရေးနေချိန်မှာ မိုးက ၀ုန်းကနဲ ရွာချလိုက်တယ်။ မြန်မာပြည်တ၀ှမ်းလုံး မိုးတွေ ဖြိုင်ဖြိုင်ရွာပါစေ.. လို့ ပြူတင်းမှန်မှာ တွဲရွဲခိုနေတဲ့ မိုးသီးမိုးပေါက်လေးတွေကို ကြည့်ရင်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေမိတော့တယ်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ
0 comments:
Post a Comment