
ပထမဦးဆုံး ကျွန်မတောင်းပန်ချင်တယ်။ အလှူခရီးတစ်ခုပြီးတိုင်း အလှူနဲ့ သက်ဆိုင်တဲ့ပို့စ်ကို အစောဆုံးနေ့မကူးခင်၊ နောက် အကျဆုံးနောက် တစ်ရက်မှာ မပျက်မကွက် တင်ပေးနေကြပါ။ အဓိက ကတော့အလှူမှာလိုက်ပါနိုင်ခြင်းမရှိတဲ့ ပြည်တွင်းက အဖွဲ့ဝ င်များ၊အလှူရှင်များနဲ့ ပြည်ပမှ အဖွဲ့ဝင် များ၊ အလှူရှင်များအလှူအကြောင်းသိရှိစေနိုင်ပြီး မိမိတို့ရဲ့ မွန်မြတ်တဲ့ အလှူ ဒါန အတွက် သာဓုခေါ်ဆိုနိုင်ရန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ ( ၂၃.၅.၂၀၁၀) နေ့ကသုံးခွအလှူ အပြီး မနေ့ကတော့ ကျွန်မ စိတ်ရော ကိုယ်ပါနေလို့မကောင်းတာကြောင့် ဓာတ်ပုံတွေ Size ချုံ့ထားရုံ က လွဲလို့စာတစ်လုံး မှရေးလို့ မထွက်ခဲ့ပါဘူး။ ဒါပေ မယ့် ဒီနေ့မနက်မှာ ကျွန်မ အားအင်တွေ ပြန်လည်ပြည့်ဝ လာတာ ကြောင့် အလုပ်တွေ မွန်းမတိမ်းခင် အမြန်ဖြတ်လို့
သုံးခွရေ အလှူ ပို့စ်လေး စတင်ရေးလိုက်ရပါတယ်ရှင်။ ပို့စ်အတင်နောက်ကျတဲ့ အတွက် ခွင့်လွှတ် ပေး ဖို့ အားလုံးကို လေးစားစွာ တောင်းပန်ပါတယ်နော်။
ပထမ ကျွန်မသိထားတာက (၂၃.၅.၂၀၁၀) နေ့ တနင်္ဂနွေနေ့မှာ လက်ခုပ်ကုန်းကို အဖွဲ့တာဝန်ခံ အချို့ ကွင်းဆင်းမယ်။ ဒါကလည်း ကွမ်းခြံကုန်းရေ အလှူတုန်းက ဆရာတော်ဘုရားက " လက်ခုပ်ကုန်းမှာ သောက်ရေချိုပြတ်နေကြတယ်.. 'ဒကာတို့ အချိန်မဆိုင်းပဲ ကူညီလှူဒါန်းပါဦး.." ဆိုပြီး ဖုန်းနဲ့အကြောင်းကြားလာလို့ ချက်ချင်း စီစဉ်လိုက်ရတယ်လို့ သိလိုက်ရပါတယ်။
လက်ခုပ်ကုန်းခရီးကလည်း ကုန်းတစ်တန်၊ ရေတစ်တန် ခရီးပါ။ လမ်းမှာ ရေရနိုင်တဲ့ အခွင့် အလမ်းရှိရင် ရေပါတစ်ခါထဲလှူမယ်လို့သိရပါတယ်။ ပန်းဆိုးတမ်းဆိပ်ကို မနက် ၆နာရီ တာဝန်ခံများအရောက်လာရမယ်၊ရေလမ်းခရီး၊ မုန်တိုင်းနဲ့၊ လူနည်းနည်းနဲ့ ရေများများတင်နိုင်အောင် စီစဉ်ရမှာမို့ လူအများကြီး မခေါ်ဘူး။ တာဝန်ခံ ကိုဗေဒါဇော်လည်း ပါမယ်လို့ ဝေါမြို့ရေအလှူ ပို့စ်လေး ရေးနေတုန်း စနေနေ့ ညနေ ၄နာရီလောက်မှာမှ သိလိုက် ရပါတယ်။ ကျွန်မခေါင်းထဲမှာ ဒီလက်ခုပ်ကုန်း ခရီးကို လိုက်ဖို့ မလိုက်ဖို့ ဒွိဟဖြစ်နေရပါတယ်။ ဘာလို့ဆိုတော့ ကိုယ်ရေး ကိုယ်တာ ကိစ္စတခုက အဲ့ဒီနေ့ည ၇နာရီ ချိန်းထားတယ်။
နောက်အရေးကြီးတာက ရေလမ်းခရီးပါ နေတော့ ကျွန်မက ရေလမ်းခရီးဖိုဘီးယား ဆိုတော့ ငါလိုက်နိုင်ပါ့မလား.. ငါလိုက်နိုင်ပါ့မလား..နဲ့ စဉ်းစား နေမိခဲ့တာ။ စိတ်ကလိုက်လည်း တနင်္ဂနွေနေ့ဆိုတော့ လိုက်ချင်နေမိတယ်။ နောက်ဆုံး တခုခုလမ်းမှာ လှိုင်းမူးလို့ ကျွန်မအတွက်နဲ့ တခြားသူတွေ ၀န်ထုတ်ဝန်ပိုး မဖြစ်ချင်တာနဲ့ မလိုက်တော့ဘူးလို့ စိတ်နှလုံး ဒုံးဒုံးချလို့ ည၇နာရီ လောက်မှာ ခရေ့ကို ဖုန်းဆက်လို့ မလိုက်တော့ကြောင်းပြော လိုက်တယ်။
ဒါပေမယ့် အဲ့ဒီနေ့ စနေနေ့ ည ၉နာရီခွဲတော့ ခရေ့ဆီက ဖုန်းပြန်ဝင်လာတယ်။ " မမ ရေ.. ရေသန့်ဗူးကြီး ၉၀၀ အခုညကြမှ အရေးပေါ်ရလိုက်လို့ မယူရင် လက်လွတ်သွားမှာမို့ နက်ဖြန် ကိုသူရတို့ သုံးခွဘက် သွားမယ်တဲ့။ သူတို့ခုည ၉နာရီလောက်က အရေးပေါ် စည်းဝေးကြတယ်။ အဲ့ဒါ မမလိုက်သွားပေးပါ။ ရုတ်တရက် စီစဉ်ရတာ ဆိုတော့ ကိုသူရတစ်ယောက်ထဲ ဖြစ်နေမှာ စိုးတယ်။ ခရေလဲ လိုက်မယ် ။ နောက် True Donation ကလည်း ဗူး ၅၀၀နဲ့ အတူလိုက်လှူမယ်လို့ သိရတယ်။ ၈မိုင် ရွှေဘဲရှေ့မှာ မနက်၈နာရီဆုံမယ်" ။
ရန်ကုန်မှာ ရေချိုလှူချင်ပေမယ့် waiting list နဲ့ စောင့် ၀ယ်ယူနေရတာ။ လှူဒါန်းသူတွေများလာတော့ ထုတ်လုပ်သူတွေ ဘက်ကလည်း ၀ယ်လို အားနဲ့ ရောင်းလိုအား မမျှတတော့ အနည်းဆုံး အော်ဒါ တစ်ပါတ်ကြိုမှာ နေရတာလို့ သိရပါတယ်။ အခုလို ရေဗူး ၉၀၀ ရုတ်တရက်ရလိုက်တော့ တာဝန်ခံများ လက်လွတ် မခံနိုင်ပဲ အရေးပေါ် စီစဉ်ရပြီ ဆိုတာ သိလိုက်ရပါတယ်။ တချိန်ထဲမှာ ကျွန်မလည်း နီးစပ်ရာများကို ဖုန်းဆက်၊ လိုက်နိုင်ပါ ကလိုက်ဖို့ အကြောင်းကြားပါတယ်။
တနင်္ဂနွေ မနက်အိမ်ကမထွက်ခင် ခရေကို ဖုန်းဆက်တော့ အရေးပေါ် ကိစ္စတစ်ခုကြောင့် မလိုက်နိုင်တော့ဘူးလို့သိရပါတယ်။ ဒါနဲ့ ရွှေဘဲရှေ့ကို တစ်ယောက်ထဲ စမ်းတ၀ါးဝါးနဲ့ရောက် ၊ ဟိုကြည့် ဒီရှာလုပ်နေတုန်း ကိုသူရတစ်ယောက် ထုံးစံအတိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ ရောက်လာတယ်။ သူ့နဘေး မှာ မချော ( မချောကလျာလင်း) ။
" အစ်မရေ.. ရေရလို့ အရေးပေါ်စီစဉ်လိုက်ရတာ။ အားနာတယ် " လို့ ပြောလာတယ်။ မချောကလည်း ကိုသူရနဲ့ အဆက်သွယ်ရလို့ မနက် ၆နာရီ ထဲက ပန်းဆိုးတမ်းဆိပ်မှာ ရောက်နေရှာ တာ။ အဲ့ဒီအချိန်မှာ အဆင်သင့်ဖြစ်နေတဲ့ Hello ရေသန့်ဗူး၃၀၀နဲ့ ကားက ကျီးကန်းနဲ့ နောင်ရိုးတို့ ၂ယောက်နဲ့ အတူ မနက် ၇နာရီကျော်ထဲက သံလျှင်မြို့၊ ကုလားဝဲ ရွာ အတွင်းပိုင်းကို ရေသွားရောက် ဝေနေနှင့်ပြီ။ ဒါနဲ့ လက်ဖက်ရည်ဆိုင်ထဲဝင် လိုက်တော့ ကိုဇော် ( ဇော်ဆီဆေ့ခ်ျ) နဲ့ သူ့အစ်ကို၊ နောက် True Donationက အဖွဲ့ သား၃ယောက်။ ခဏနေတော့ ကောင်မလေးနဲ့ မကေ (ကေသီကျော်) ရောက်လာတယ်။ True Donationက ရေဗူး ၅၀၀ရော၊ ကားရော အဆင်သင့်။ ဒါနဲ့ သူတို့ကို ကုလားဝဲရွာထိပ်က စောင့်နေဖို့ပြော။ သူတို့ထွက်သွားတော့ ကျွန်မတို့ ရယောက် (ကိုဇော်၊ ကိုသူရ၊ ကိုဇော့်အစ်ကို၊ မြသွေးနီ၊ မချော၊မကေ၊ကောင်မလေး) အမြန်ဆုံးဖြတ်ချက်ချ တာဝန် တွေခွဲလိုက်တယ်။ ကိုသူရနဲ့ ကိုဇော်က အဆင့်သင့်ပါလာတဲ့ရေတင်ကားနဲ့ ကျောက်ရေ တွင်းမှာ ရေဗူးသွားတင်၊ ကိုဇော့်အစ်ကိုနဲ့ မြသွေးနီ ရေဗူး တင်ဘို့ ကားတစ်စီးလိုတာသွားငှါး၊ မချော၊မကေနဲ့ ကောင်မလေးက Tokyo Donut ရှေ့မှာ သတင်းရလို့လိုက်လာမယ့် အဖွဲ့ဝင်များ၊ အလှူရှင်များ ရှိရင် သွားထိမ်းထားပေး။ လိုတာကို ဖုန်းနဲ့ ဆက်သွယ်မယ်။ အားလုံး လူစူခွဲတော့ မနက် ၉နာရီသာသာ။

ကိုဇော့်အစ်ကိုနဲ့ မြသွေးနီလည်း ရေကားရှာပုံတော်ထွက်ရတယ်။ ၈မိုင်ဒီဘက်ထိပ်ကနေ ဟိုဘက်အင်းစိန်လမ်းမဘက်ကိုသွားရှာ။ မရတော့ ကမာရွတ် ဘူတာရုံလမ်းဘက်ဆက်သွား။ အဲ့ဒီမှာလည်း ကားတစ်စီးမှမတွေ့။ တစ်ယောက်ကညွှန်လို့ လှိုင်၊ ဘတ္တာကို ကားပြန်စီး။ ကားရပြန်တော့ ဗူး၃၀၀ မဆန့်။ ၂၀၀ပဲဆန့်သတဲ့။ ဒါနဲ့ ကိုသူရကိုဖုန်းချိတ်တော့ " ဒီမှာငှားလိုက်မယ် .. အစ်မတို့ ပန်းဆိုးတမ်းကပဲစောင့်တော့ " ဆိုလို့ ပန်းဆိုးတမ်းကို ချီတက်ရ တော့တယ်။ လမ်းမှာသတိရလို့ ကိုဇော် နဲ့ ကိုသူရ လူခွဲပြီး မြရာကုန်း၊ ကန်တော်လေးမှာ ရေသည်ဖို့ လှမ်းပြော။ ပန်းဆိုးတမ်းရောက်တော့ မချောတို့ ၃ယောက်နဲ့ အတူ Dr.Natနဲ့ သူ့ညီမ လေး အေးသိမ့်ကို ပါတွေ့ရ။ ၁၁နာရီ ၀န်းကျင်မှာ ကိုဇော်က ရေကားနဲ့ ရောက်လာ။ ကိုသူရက မြရာကုန်း မှာ ယုန်လေးစီစဉ်ပေးတဲ့ ရေဗူး၃၀၀ကို သွားတင်နေပြီး နောက်ကလိုက်လာမယ်ပြောတယ်။ ကျွန်မတို့ အခုလက်ရှိ လူကို စစ်လိုက်တော့ စုစုပေါင်း ( ကျား ၃ + မ ၄) ၇ယောက်။ ကျား၃ယောက်က ရေကားနဲ့လိုက်၊ မ၄ယောက်က ကုလားဝဲအထိ ကားငှားလိုက်တယ်။
တကယ်တော့ ကိုဇော်နဲ့ Dr.Nat က မလိုက်တော့ဘူး ပြောထားတာပါ။ လိုတာစီစဉ်ပေးပြီး ပြန်မယ် လုပ်ထားတာ။ ကျွန်မကလည်း ည၇နာရီ appointment ရှိနေလေတော့ မမှီမှာစိုးပြီး ဖြစ်နိုင်ရင် နေခဲ့ဦးမလို့ပါဘဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ကျွန်မတို့ ၃ ယောက်လုံး ခရီးအစအဆုံး ပါခဲ့ဖြစ်ပါတော့တယ်။

ကုလားဝဲရွာကို မြသွေးနီ ဒုတိယအကြိမ်ရောက်ပြန်ပြီ။ ဒီတစ်ခါ ရွာထဲဝင်ရန်မလိုတော့။ ကျီးကန်းနဲ့ နောင်ရိုးက တာဝန်ကျေတယ်။ရွာခံလူကြီးတွေနဲ့ ဟိုးရွာအတွင်းပိုင်းတွေ စေ့စေ့ငှငှ ဝေထားပြီးပြီ။ ပထမတစ်ကြိမ် ရသလောက်ရေနဲ့ ရွာတွေမလောက် မငှဝေ ခဲ့ရတာ အခုတစ်ခါ ထပ်မံဝေငှနိုင်လို့ ၀မ်းသာမဆုံး။ ဒါနဲ့ရေကားကို ရေဘိုး+ကားဘိုးရှင်းပြီး ပြန်လွှတ်လိုက်တယ်။

ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။ လူတွေစီးဖို့ ကားထပ်မငှါးတော့ဘူး။ ရေကား၎စီးရဲ့ ခေါင်းခန်းမှာ မျှထိုင်ကြမယ်။ မိန်းကလေး၊ ယောကျာင်္းလေး အားလုံး ညီကြတယ်။ သူတို့ အနောက်မှာ ရေဗူးတွေ နဲ့လိုက်မယ်။ ကိုသူရကို မစောင့်တော့ပဲ အချိန်မနှောင်းခင် ကျွန်မတို့ ခရီးရှေ့ဆက်ဖို့ ပြင်ကြ တယ်။ True Donationက လည်း မိန်းကလေး၂ဦးအပါအ၀င် ၇ယောက်။ ကျွန်မတို့ Save The Aged က မိန်းကလေး၅ယောက် အပါအ၀င် ၁၀ ယောက်။ စုစုပေါင်း မိန်းကလေး ၇ယောက်က ကား၃စီးရဲ့ ခေါင်းခန်းမှာ မျှထိုင် နေရပေမယ့် ယောကျာင်္းလေးများက အနောက်မှာ မိုးမလုံ လေမလုံနဲ့ မျှဝေစီးကြတယ်။ ဒါပေမယ့် သူတို့ အားလုံးမမှု။ ဘာဆိုဘာမှ မမှု။

ဒီခရီးရဲ့ ရည်ရွယ် ချက်က သောက်ရေမရ ကြတဲ့ ကြားရွာသိမ်၊ရွာငယ်လေးတွေဆီ သောက်ရေ အရောက်ဝေငှဖို့။ မိုးကောင်းကင် တစ်ခွင်လုံး အုံ့ဆိုင်း၊ ညိုမှိုင်း လာချေပြီ။ ကျွန်မတို့ကား သုံးခွမြို့ဆီ ဦးတည်ထွက်ခွာလာတော့ မိုးစက်မိုးပေါက်တွေက ကျွန်မတို့ နဲ့ အတူလိုက်ပါလာလို့။ မိုးတွေရွာလို့ လူတွေ အားလုံး အေးချမ်းလာကြပေမယ့် သောက်ရေပြဿနာက အခုထိ ကျေးလက် ဒေသ တွေမှာ ရင်ဆိုင် နေရတုန်း။ လမ်းခရီးမှာ တခြား အလှူရှင်များကိုလည်း အဖွဲ့လိုက် အုပ်စုလိုက်တွေ့ရတယ်။ ကားခြင်းအဖြတ်မှာ အပြန်အလှန် နှုတ်ဆက်ကြတယ်။ ရေလိုနေတဲ့ ရွာတွေကို အပြန်အလှန် လမ်းညွှန်ပြကြတယ်။ မြန်မာတွေရဲ့ လက်မနှေးတဲ့ ဖေးမကူညီမှုတွေကို ဖောဖောလှိုင်လှိုင်တွေ့ရလို့ ၀မ်းသာပီတိတွေ ဖြစ်နေမိတယ်။ ကျွန်မတို့ Save The Aged အဖွဲ့ကလည်း ဒီဖေးမကူညီမှုတွေ ထဲက အုတ်တစ်ချပ် သဲတစ်ပွင့်ပဲပေါ့နော် ။

ပုလဲစံပြကျေးရွာထိပ်မှာ ကားခဏရပ်တယ်။ မှတ်တမ်းဓာတ်ပုံရိုက်ကြတယ်။ ကိုသူရကြီး မပါတာ ခွင့်လွှတ်.. :)

ခရီးစဉ်မှာ အတူပါလာတဲ့ True Donation အဖွဲ့ ..

ရွာကလူတွေမေးကြည့်တော့ အရှေ့ကရွာမှာ ရေတော်တော် ပြတ်နေတယ်ပြောတယ်။ ဒါနဲ့ ကျွန်မတို့ အဖွဲ့ သိုက်တူးကန်စံပြ ကျေးရွာအုပ်စုအောက် မှာရှိတဲ့ ရဲနွဲ့ကျေးရွာကို ခရီးဆက်ခဲ့ကြတယ်။

ရွာလေးက သပ်သပ်ရပ်ရပ်ရှိတယ်။ ဆိုင်ကယ်ကယ်ရီတွေ ရွာထိပ် မှာရှိတယ်။ ကျွန်မတို့ ရွာထိပ်မှာ ရပ်လိုက်တယ်။ မိုးတွေက တစ်ဖွဲဖွဲ စွေရွာနေဆဲ။ ကားရပ်တာနဲ့ ရေသည်မယ့် ရွာသူ ရွာသား တွေရောက်လာကြတယ်။ ယောကျာင်္းလေး တွေ အားလုံး ကတော့ မိုးရေတွေနဲ့ တုတ်တုတ်ရွှဲနေပါပြီ။ မိုးရေထဲမှာပဲ ရေတွေ ပေးဝေပါတယ်။ သူတို့ပျော်ကြတယ်။ STA လည်းပျော်တာပေါ့..။

" သောက်ရေပြတ်တာ ၃ရက်ရှိပြီ.. အခုလိုရေလာလှူတော့ ၀မ်းသာလိုက်တာ.. သောက်ရေကို ဇွန်းနဲ့ ချွေသောက်နေရတယ်။ မိုးကရွာတယ်ဆိုယုံ မစို့မပို့ရွာနေတော့ ရေမရဘူး။ ပန်းကန်ဆေးစရာတောင် မရှိဘူး." လို့ ရွာခံတစ်ဦးက ပြောပါတယ်။

ကလေးကအစ ရေလိုအပ်တာသိနေတယ်..။ သူကလေးလည်း ပျော်နေတယ်။

ကျွန်မနဲ့ကောင်မလေး စီးလာတဲ့ကားက တာလမ်းရိုးတစ်လျှောက် ရွာအဆုံးအထိ ၀င်ပေးမယ်ဆိုလို့ ၀မ်းသာမိပါတယ်။

ကျွန်မစီး လာတဲ့ ကားသမားဦးဇော်ဝင်းက စိတ်ကောင်း အလွန်ရှိတယ်၊ စိတ်ရှည်တယ်။ သူပါဝင်ရောက် ကူညီတယ်။ တခြားကားတွေ မ၀င်ပေးနိုင် ဘူးပြောတာကို သူက ရအောင်ဝင် ပေးတယ်။ အိမ်တစ်အိမ်စီမှာကို စိတ်ရှည်လက်ရှည်နဲ့ ရပ်ပေးနေတာ။
သူ့ကို ဗျူးကြည့် တော့ အသက်က ၅၉နှစ်။ ရေအလှူ လိုက်ပို့ဖြစ်တာ ဒါပါဆို ၃ခါရှိပြီ။ STAနဲ့က ရေစက်ရှိတယ်.. ၂ကြိမ် ရှိပြီလို့ ပြော တယ်။ စိတ်ထားတတ်ရင် မြတ်လို့ ကုသိုလ် အလကားရ နေသလို ခံစားရပါ တယ်တဲ့။ ကျွန်မနဲ့ကောင်မလေးက မိုးတွေမိထား တော့ အောင်တမာန် ဆေးထုပ်၂ ထုပ်တောင် တိုက်လိုက်သေး သူပါ။ သူ့ကို ဓာတ်ပုံရိုက်ခွင့်၊ သူ့အကြောင်းလေးဖော်ပြခွင့်တောင်း တော့ မလိုပါဘူးဆိုပြီး အားနာ ရှက်ရွံ့နေပြန်တော့ နာမည် ထင်ပေါ်လိုသူများ၊ ငါတစ်ကောကော သူများကြားမှာ ဒီလို လူ့အဖိုးတန် တွေလည်း ရှိနေသေးတာပဲလို့ အခုဒီစာရေးနေ ရင်း ဖြေတွေး နေမိပါသေးတယ်။

ဒါနဲ့ ကျွန်မတို့ကား ရွာထဲကို ဆက်ဝင်ပါတယ်။ True Donationက တာဝန်ခံနဲ့ ယောကျာင်္းလေး တစ်ယောက်လည်း ကျွန်မတို့ကား နဲ့ပါလာပါ တယ်။ ကျန်ကားတွေက လမ်းမကြီးမှာ စောင့်ကျန်ခဲ့ ပါတယ်။ ရဲနွဲ့ရွာ မရောက်ခင် တာလမ်းတစ်လျှောက်အိမ်ခြေတွေက ကျဲလှပါတယ်။ တကယ် တမ်းက သူတို့တွေမှာ သောက်ရေလုံးဝပြတ်နေကြတာပါ။ များသောအားဖြင့် အလှူရှင်တွေက လမ်းမတမ်းတွေပဲ လှူကြတော့သူတို့က မရကြပါဘူး။

" သောက်ရေလှူပါတယ်.. လာယူကြပါ ခင်ဗျာ" လို့ အဖွဲ့က ယောကျာင်္းလေးများက မျိုးကြီးကီး နဲ့တစ်ဖုံ ၊လေးဖြူကီးနဲ့ တစ်မျိုး တာလမ်းတစ် လျှောက် ဟစ်လို့အပြီးမှာတော့ ရေပုံးလေးတွေ ကိုယ်စီဆွဲလို့ ဟိုးပြပြလေးတွေဆီကနေ အပြေးအလွှား ထွက်လာ ကြပါတယ်။

ရဲနွဲ့ရွာရောက်တော့ ဆိုင်ကယ် ကယ်ရီဂိတ်ဆုံးပါဘဲ။ ကားဆက်ဝင်လို့ မရတော့ပါဘူး။

မိုးရွာထဲ ရေလှူမယ့်သူ ထိုင်မျှော်နေတာ..တဲ့။

အခုတော့ ရေရပြီ...။
အဖွဲ့သား တွေရော၊ ဆိုင်ကယ်သမားတွေကပါ သောက်ရေလှူပါတယ်လို့ မိုးရွာထဲ အော်ကြပြန် ပါတယ်။ မိုးကတစ်ဖွဲဖွဲစွေရွာ နေတော့ အားလုံးက အိမ်ထဲ ချမ်းချမ်းနဲ့ ကွေးနေကြပြီ ထင်နေကြတာ တစ်အောင့်နေတော့ တဆင့်စကားတဆင့်နဲ့ရေလာယူ ကြပါတယ်။ ကျွန်မတို့လည်း ၀မ်းသာအားရ ရေတွေမျှဝေ ကြပြန်တယ်။

ရေတွေဝေနေစဉ်မှာ လမ်းမကြီးက ကားပေါ်ကျန်ခဲ့တဲ့ မချောနဲ့ မကေတို့ဆိုင်ကယ်ကယ်ရီနဲ့ ရောက်ချလာပါတယ်။ ရောက်မှတော့ လမ်းပေါ်ဒီတိုင်း စောင့် မနေနိုင်တော့ဘူး .. မရမကကို လိုက်လာတာဆိုလို့ အဖွဲ့သားတွေက အာဂတွေပဲဗျို့လို့ ထောပနာပြုပါတယ်။

ကျွန်မတို့ရဲနွဲ့ ကျေးရွာကပြန်အထွက် လမ်းတစ်လျှောက်လုံး မရသေးသူ၊စောင့်ဆိုင်းနေသူများကို ထပ်မံ ဝေငှပြန်ပါသေးတယ်။ ကျွန်မလည်း ရွှံ့တစ်စိုစိုနဲ့ တာလမ်းပေါ်မှာ ကောင်မလေးရဲ့ ထီးအကူအညီနဲ့ ဓာတ်ပုံတွေ ရိုက်ယူပါ တယ်။ လေကလည်း ပြင်းပြင်း ဝှေ့လေတော့ အားလုံးက ရေတစ်စိုစိုနဲ့ ခိုက်ခိုက်ကို တုန်လို့ပါဘဲ။ ကျွန်မရဲ့ ကင်မရာအိုလေးလည်း ချမ်းရှာမှာ သေချာပါတယ်။ အဖွဲ့သားတွေအားလုံး တုန်ခိုက်ချမ်း နေကြပါပြီ။ ဒါပေမယ့် ကိုဇော်နဲ့ Dr.Natရဲ့ တုန်ခိုက်တဲ့ အသံတွေနဲ့ သီဆိုနေတဲ့ Save The Aged သီချင်းလေးက ကျွန်မတို့အားလုံးကို အနွေးဓာတ်တွေ ပေးနေပါတယ်။

မိုးရွာထဲမှာ ရေလိုနေတဲ့ အမေနဲ့ ဒီကလေးငယ်ကို မြင်ရပြန်တော့လည်း ကျွန်မတို့အားလုံး ချမ်းတုန်နေတာတွေ မေ့သွားရ ပြန်ရော..။

Save The Aged က ဘာသာလူမျိုးလည်း မခွဲခြားတတ်ပါဘူး ။ ဟိန္ဒူမိသားတစ်စု နာရေးရက်လည် အတွက် သောက်ရေပေးလှူ ခွင့်ရခဲ့ပါတယ်။ ချစ်စရာတောရွာ ဓလေ့.. ကျွန်မတို့ကို ဟိန္ဒူမိသားစုက သတ်သတ်လွတ် ထမင်းကျွေးမယ်ပြောပါတယ်။ တကယ် တော့ မွန်းလွဲ ၁နာရီကျော်ပြီမို့လို့ မကေ၀ယ်ကျွေးတဲ့ ငှက်ပျောသီး တစ်လုံးစီသာစားထားတာမို့ အားလုံးရဲ့ ဗိုက်အစုံက ဂွီဂွီဂွမ် ဖြစ်နေကြပါပြီ။ ကျွန်မတို့လည်း ခရီးဖင့်မှာ စိုးရိမ်တာကြောင့် ယဉ်ကျေးစွာနဲ့ ငြင်းပြီး ပြန်လည် ထွက်ခွာခဲ့ကြပါတယ်။ ကျွန်မစီးလာ တဲ့ကားက ပါလာတဲ့ရေဗူးတွေ တက်တက်စင်ပြောင်သွားပြီ။
ကျွန်မတို့ လမ်းမကြီးပေါ်ရောက်တော့ ကိုသူရကြီးက နောက်ကားတစ်စီးနဲ့ ရေဗူး အပြည့်နဲ့ ရောက်နေနှင့်ပြီ။ True Donationက လည်း လမ်းမကြီးမှာ ကျန်ခဲ့တဲ့သူတို့ကားကနေ သောက်ရေတွေကို ဝေငှပေးနေပါတယ်။ Dr.Nat၊ အေးသိမ့်နဲ့ ကျွန်မ အားသွားတဲ့ ကားနဲ့ နောက်ကြောင်းပြန်လှည့်ဖို့ ဆုံးဖြတ်ထားပေးမယ့် ကျွန်တို့အားလုံး ရှေ့ကိုခရီးဆက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ကိုဇော်က ရယ်စရာပြော သေးတယ်။ " ကျွန်တော်တို့အားလုံး ပင်ပန်းဆင်းရဲတာကို မပြောနဲ့ ။ သေသွားရင်တောင် အလှူအချိန် မှာသေရင် နတ်ပြည်တန်းနေတာပဲ " တဲ့။

လမ်းတစ်လျှောက်လုံး မိုးတွေက စွေလို့။ သုံးခွဲမြို့ပေါ်ရောက်တော့ နေ့လည် ၃နာရီခွဲနေပြီ။ ထမင်းဆိုင်တစ်ဆိုင်ဝင်ပြီး American System နဲ့ ထမင်းစားကြ။ မြို့ထဲမှာ ရေသတင်း စနည်းနာ။ အားလုံးလိုအပ်နေတယ် ပြောနေကြတာက သောက်ရေ။ ရွာတွေမှာ သောက်ရေ ပြတ်နေကြဆဲတဲ့။
ခရမ်းမြို့ကို ရှေ့ဆက်ကြမယ်ဆို ဆုံးဖြတ်ပြီး ထမင်းဆိုင်က ထွက်လာကြတော့ သုံးခွမြို့ထဲမှာ ရေ အလှူထွက်လာတဲ့ ကားတွေ ခြေခြင်းလိမ်နေ ကြပြီ။ မေးကြည့်တော့ ခရမ်းမှာ ကားလမ်းရေကျော်နေလို့ ရှေ့ဆက်မရပဲ နောက် ကြောင်းပြန်လှည့်လာကြတယ်လို့ သိလိုက်ရတယ်။ ကဲ.. မထူးတော့ဘူး။ ရေတွေက တစ်ဝက်လောက် ကျန်နေသေးတယ်။ အားလုံး နောက်ကြောင်း ပြန်လှည့်မယ်။ ကားလမ်းမကြီးရဲ့ တစ်ဖက်အခြမ်းမှာ ကျန်နေသေးတဲ့ ရွာတွေအရောက် ရေချို ဆက်ဝေ ငှသွားကြမယ် လို့ ဆုံးဖြတ်လိုက် တယ်။

ဒီနောက် ကျွန်မတို့ အနောက်ရွာနဲ့ ....... ညောင်နီကျေးရွာတွေမှာ ရေရပ်လှူကြပြန်တယ်။

ကလေးတွေလည်း ရေချိုတစ်ပေါက် သောက်ရဖို့ အရွယ်နဲ့ မမျှရေထမ်းနေရ။ သောက်ရေချိုတွေကို ခံယူလာတဲ့ ရေပုံးလေးတွေထဲမှာလောင်းသွန် ထည့်ပေးနေတယ်။ ဒီသောက်ရေချိုတွေ ထဲမှာ Save The Aged အဖွဲ့သားတွေ၊ အလှူရှင်တွေအားလုံးရဲ့ စေတနာချိုချိုတွေ ထုနဲ့ ထည်နဲ့ ပါဝင်နေတယ်။ ရွာသူ ရွာသားအပေါင်း ကျန်းမာချမ်းသာကြပါစေရှင်..။

ကျွန်မတို့ကား သူဋ္ဌေးကွင်းရွာရောက်တော့ ရေတွေဆက်ဝေပြီး နောက်က အတူပါလာတဲ့ ကားတွေက စောင့်ကြပါတယ်။ ကျန်ကားတွေက လမ်းမှာရေ တောက်လျှောက်ဝေနေတော့ ကျွန်မတို့ သူဋ္ဌေးကွင်းက နေစောင့်ကြပါတယ်။ အချိန်က ညနေ ၆နာရီ နီးပါးရှိနေပါပြီ။ ကျွန်မ ၇နာရီ appointment အမှီပြန်ဖို့ကို စိတ်လျှော့ချလိုက်ပါပြီ။ Dr.Nat လည်း အဖျားတွေတက်လို့ သူ့အိမ်က ပြန်လာရင် တုတ်ကောက်ခဲ့ပါ ဖြစ်နေပါပြီ။

သူဋ္ဌေးကွင်းရွာ အရောက် အငြိမ်မနေနိုင်တော့ ကုန်စုံဆိုင်တစ်ဆိုင်ရှေ့မှာ ကျောက်စည်တွေနဲ့ မိုးရေ တွေ အပြည့်ခံထား တာတွေ့ရ လို့ ဓာတ်ပုံရိုက် ယူလိုက်ပါသေးတယ်။ အင်း.. ခုန ကြားကရွာတွေမှာတော့ ရေခံဖို့ ပုံးတွေ ခွက်တွေတောင်မရှိရှာဘူးတဲ့...။

နေ၀င်နေလေပြီ။ ကိုသူရတို့ ကား သူဋ္ဌေးကွင်းရွာ ရောက်တော့ ရေဗူးတွေ လက်ကျန်ကျန်နေပါသေးတယ်။ ဒါနဲ့ အတွင်း ဘက် သပြေကန်ရွာကို ကိုသူရ၊ ကျီးကန်း နဲ့ နောင်ရိုးတို့ ၃ယောက် ဖွဲကောင်းကောင်းနဲ့ ဆက်သွားကြပါတယ်။ သပြေကန်ရွာက ကျွန်မတို့ ပထမဦးဆုံးအကြိမ် ရေလှူ တုန်းက ရေမလောက်လို့ စိတ်လျှော့ခဲ့ရတဲ့ရွာပါ။ ကျွန်မတို့က သူဋ္ဌေးကွင်းရွာ ကနေပဲ ဆက်စောင့်ပါတယ်။ Dr.Nat ဖုန်းထဲထည့်ထားတဲ့ Save The Agedရဲ့ သီချင်းနဲ့ ဇလပ်ဖြူရဲ့ သီချင်းလေးကို ဖွင့်လို့ ကျွန်မတို့ ငြိမ်သက်နားထောင်နေမိကြတယ်။ ခဏနေတော့ True Donationက ကားလည်း ရောက်လာပါတယ်။ တစ်ချိန်ထဲမှာ ကိုသူရက ဖုန်းလှမ်းဆက်လာပါတယ် ။ ဒီမှာရေတွေလိုနေတယ်။ ရေကျန်ရင်လာပို့ပါဆိုလို့ True Donationက လက်ကျန်ရေဗူးနဲ့ သပြေကန်ကို အမှီလိုက်လေ ပါတော့တယ်။

မိုးက စုန်းစုန်းချုပ်လေပြီ။ ကိုသူရ၊ ကျီးကန်း နဲ့ နောင်ရိုးတို့က သပြေကန်ရွာမှာ ကားတစ်စီးနဲ့ ကျန်ခဲ့လေပြီး ကျန်အဖွဲ့ဝင်များ အားလုံးက ရန်ကုန်မြေကို ပြန်လာကြပါတော့တယ်။ အပြန်ကားတစ်စီးကျန်ခဲ့တဲ့ အတွက် မိန်းကလေးအချို့လည်း ကားနောက်ခန်း ၀ါးကပ်ပေါ်မှာ ယောကျာ်း လေးများနည်းတူ ခက်ခက်ခဲခဲ ထိုင်ပြီး ပြန်လာရပါတယ်။ ကျွန်မနဲ့ မချောကို ဦးစားပေးလို့ကားအရှေ့ ခန်း မှာ ထိုင်စေတဲ့ မောင်ငယ်၊ ညီမငယ်များကို ကျေးဇူးတင် စကားပြောပါရစေ။ တော်သေးတာက တစ်နေ့လုံး စွေနေတဲ့ မိုးက ညပိုင်းမှာ ရပ်သွားလို့ပါပဲ။
အပြန်လမ်းမှာ ကျွန်မအတွေးတွေ တစ်သီတစ်တန်းကြီး တွေးလာမိတယ် ။ ကျွန်မမျက်လုံးထဲမှာတော့ ရွာသူ၊ ရွာသားတွေရဲ့ ရေချိုရလို့ ၀မ်းသာ ပီတိအပြုံးမျက်နှာတွေက တစ်ဝဲ၀ဲလည်ပေါ်လာပါတော့တယ်..။

ဒီတစ်ခါ သုံးခွမြို့ ရေအလှူက အရင်တစ်ခါလို နေပူပူ မဟုတ်၊ မိုးစက်မိုးပေါက်တွေအောက်မှာ လှူခဲ့ရတာ။ အရေးတကြီး စီစဉ်လိုက်ရ တာကလွဲလို့၊ အလှူခရီးစဉ်တလျှောက်လုံး မိုးတွေစွေခဲ့တာကလွဲလို့၊.... လွဲလို့၊ ....လွဲလို့.... ။ အားလုံး ချောချောမောမော အဆင်ပြေလို့။ လက်ခုပ်ကုန်းသွားတဲ့ အဖွဲ့ဝင် တွေလည်း အဆင်မှပြေရဲ့လား။ ရုတ်တရက်စီစဉ် နေရတဲ့ ရေအလှူတွေ အပေါ်မှာ အဖွဲ့သားတွေနားလည်မှု ပေးနိုင်ပါ့မလား။
ကျွန်မနားထဲမှာတော့ Save The Aged အဖွဲ့ရဲ့ သီချင်းစာသားလေးတွေက ပျံ့လွင့်နေတော့တယ်။
(.....Save The Aged..... Save The Aged... လူငယ်များရဲ့စေတနာ...လူ့ပတ်ဝန်းကျင်အလှတရား... တို့စွမ်းအားနဲ့ အလှဆင်မှာ...)
နောက်ဆက်တွဲ ။တနလာင်္နေ့ ကျွန်မရုံးရောက်တော့ ကိုသူရက မပျက်မကွက် မနေ့ညက သူတို့ ကျန်ခဲ့တဲ့ သပြေကန်ရွာ အကြောင်း မေးလ်ပို့ထားပါ တယ်။ သူပို့ ထားတဲ့ မေးလ်အတိုင်း ကျွန်မ ပြန်လည် ဖော်ပြလိုက်ပါတယ်။
အစ်မရေ ...
မနေ့က နောက်ဆုံး ကျွန်တော်တို့ သွားတဲ့ခဲ့ရွာကတော့ သပြေကန်ရွာပါ။ သောက်ရေမရှိဘူး။ သုံးရေတော့ရှိ တယ်။ လိုလိုချင်ချင် ယူကြတယ်။ ဟိုတစ်နေ့ကလိုတန်းစီပြီး ယူခိုင်းရတယ်..။ဆူဆူညံညံ နဲ့ ပေါ့..။ ရွာအ၀င်ရယ် နောက်ရွာလမ်းတစ်လမ်းမှာပဲ
ဘူးသုံးရာကျော် အကုန်ကုန်သွားတယ် ..။ ရေဘူးအလွတ်တွေလည်း စောင့်ကြည့်ပေးထားတယ်.။ကျွန်တော်တို့က ဒီအတိုင်းပုံ ထားခဲ့တာကိုး..။ ပြန်တင်တော့လည်း ရွာသားတွေ က ၀ိုင်းတင်ပေးတယ်..။ ပြီးတော့ ရွာသား ဦးစံရှင်း၊ ဒေါ်အုန်း မြင့် တို့က ထမင်း နဲ့ ဧည့် ခံ တယ်..။ တစ် ခြားကားတွေလည်း သူတို့ ပဲ ဧည့် ခံတာ..။ ၀က်သား အချို ချက်..၊ဆိတ်သား နဲ့ အာလူး..၊
တို့စရာအစုံပေါ့..။ ရွာထဲကားအ၀င်မှာ ကလေးလေး တစ်ယောက်က ဗလာစာအုပ်လှူတယ်။ ထင်လို့ အပြေးလာ သေး တယ် ..။ဒါ နဲ့ အဖွဲ့ က တစ်ယောက် က မုန့် ဖိုးပေး တော့ မုန့် မစား ပါ ဘူး တဲ့ စာ အုပ် ၀ယ် မယ် တဲ့ အစ်မ..။ကျောင်း သုံးကျောငိးရှိ တယ် လို့ သိရပါတယ်..။ ပြီး တော့ ရေတွင် ကိစ္စစုံ စမ်းကြည့် တော့ ပေသုံးရာ ရှစ် ဆယ်ဆိုရ တယ်တဲ့ ။ သောက်လို့ လည်းရတယ်တဲ့။ တူးပေးရင်တော့ ကောင်းတာပေါ့တဲ့..။ ကျနော် သိသမျှ မျှဝေ လိုက်ပါတယ် ။
ချမ်းမြေ့ ပျော် ရွင် ပါစေ ။
မောင် ငယ် - သူရအောင်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်တွင်း+ပြည်ပ အလှူရှင်များ မိမိတို့ရဲ့ မွန်မြတ်တဲ့ လှူဒါန်းမှုအ၀၀ ကို သာဓုခေါ်နိုင်ရန် သုံးခွမြို့နယ် ရေအလှူအတွက် လှူဒါန်း မှု အစုစုတို့ကို ဖော်ပြလိုက်ရပါတယ်ရှင်..။
သောက်ရေသန့်အလှူ :
ရေသန့်ဗူးကြီး ၉၀၀ ( Save The Aged)
ရေသန့်ဗူးကြီး ၅၀၀ ( Truth Donation)
စုစုပေါင်း ရေသန့်ဗူးကြီး ၁၄၀၀ ဗူး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးစကားပြောတာ မင်္ဂလာတစ်ပါးမို့ ….
* သွားရောက်လှူဒါန်းခဲ့ကြသော Save The Aged အဖွဲ့ဝင်များ။
* ပြည်တွင်း + ပြည်ပမှ စေတနာ သုံးတန်ပြဋ္ဌာန်းလှူဒါန်းနေသော Save The Aged အဖွဲ့ဝင်များနဲ့ အလှူရှင်များ။
* ပြည်တွင်း + ပြည်ပနိုင်ငံ အသီးသီးမှ Save The Aged ရဲ့ တာဝန်ခံများနဲ့ တကွ အလှူရှင်များ။
* Save The Aged နဲ့ ပူးပေါင်းပါဝင်လှူဒါန်းတဲ့ပြည်တွင်း + ပြည်ပ မှ ရွှေမြန်မာများ။
* မြသွေးနီ မသိလိုက်သဖြင့် ဖော်ပြရန် ကျန်ရှိခဲ့သေးသော အလှူရှင်များ ။
* မြသွေးနီ.. ဒီပို့စ်လေးရေးဖြစ်နိုင်အောင် ပံ့ပိုးဝိုင်းဝန်းကြတဲ့ Save The Aged မှ မောင်၊ ညီမများ။
အားလုံးကို ရင်ထဲကနေ ကျေးဇူးစကားဆိုခွင့်ပြုပါ။
ရေးဖို့ ကြွင်းကျန်ခဲ့တာများရှိရင်၊ အချက်အလက်များ မှားယွင်းခဲ့ရင် မြသွေးနီရဲ့ အားနည်းချက်မို့ မေတ္တာရှေ့ ထား ဖြည့်စွက် နားလည် ပေးပါနော် ။ :)
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ