
မြောက်ကယ်လိုလိုင်းနားပြည်နယ်၊ ဘဲယ်လ်မော့မြို့ငယ်လေးမှာ လူတိုင်းလိုလို စက်ဘီးစီး ကြတယ်။ ဘဲယ်လ်မော့မြို့မှာ ကလေးတိုင်းလို ချင်ပြီးတော့ သူတို့မိဘတိုင်းက ၀ယ်ပေးချင်တာကတော့ စက်ဘီးပါဘဲ။ ဒါပေမယ့် အခြားမြို့ငယ်လေးတွေမှာလို သားသမီးတိုင်းကို စက်ဘီး မ၀ယ်ပေးနိုင်တဲ့ မိဘတွေရှိနေခဲ့ပါတယ်။
ဂျက်သရိုမဲန်း လို့ခေါ်တဲ့ လူတစ်ယောက်ကတော့ ကလေးတိုင်း စက်ဘီးမစီးနိုင်တဲ့ အဖြစ်ကို ကြည့်ပြီး ရင်နာနေရတယ်။ သူဘာကြောင့် ဒီလို ခံစားပေးနိုင်ရသလဲဆိုတော့ သူကိုယ်တိုင် ငယ်စဉ်အခါက စက်ဘီးစီးနိုင်ခဲ့သူ မဟုတ်ခဲ့လို့ပါဘဲ။
တစ်နေ့ သူ့က ကလေးတစ်ယောက်ကို မေးလိုက်တယ်။ ” ဘာလဲ.. မင်းမှာစက်ဘီး မရှိဘူးလား..” ။ ကလေးငယ်က ” မရှိဘူးဗျ” လို့ဖြေလိုက်တယ်။ ဒါနဲ့ဘဲ ဂျက်သရိုမဲန်းဟာ တကမ္ဘာလုံးမှာရှိတဲ့ ပြသ၁နာတွေကို မဖြေရှင်းနိုင်ပေမယ့် သူ့မြို့လေးက ကလေးတွေရဲ့စက်ဘီးစီးခွင့်ရရေးအတွက် စတင်အကောင်ထည်ဖော် ဆောင်ရွက်ပါတော့တယ်။
” ကဲ..ကလေး.. မင်းစက်ဘီးစီးရအောင် ဦး..လုပ်ပေးမယ်ကွဲ့”
ကလေးရဲ့ လင်းလက်သွားတဲ့ မျက်လုံးအစုံဟာ သူ့အတွက် ရှေ့ဆက်ဖို့ ပိုသေခြာသွားတယ်။ မဲန်းဟာ သူ့မော်တော်ကားရုံထဲက ရသမျှ စက်ဘီး အပျက်များကို အကောင်းဖြစ်အောင် စတင်ပြင်လေတော့တယ်။ စီးနိုင်တဲ့ စက်ဘီးတော်တော်များများ ရလာတဲ့အခါ သူ့ရဲ့ ကားရုံဟာ စာအုပ်ငှားတဲ့ စာကြည့်တိုက်လိုဘဲ စက်ဘီးငှားတိုက် ဖြစ်လာတော့တယ်။
” ကဲ.. ဘယ်သူစက်ဘီး စီးချင်သလဲဟေ့ ”
သူ့စက်ဘီးရုံမှာ လက်မှတ်ထိုးလိုက်ယုံနဲ့ စက်ဘီးတစ်စီး ငှားယူစီးခွင့် ရနိုင်တယ်။
” စက်ဘီး စီးချင်လို့ပါခင်ဗျာ ”
” ရှိတယ်ဟေ့.. မင်းကြိုက်ရာတစ်စီးယူစီး.. ပြီးရင်စာအုပ်ထဲမှာ နာမည်နဲ့ လက်မှတ်ထိုးထားခဲ့။ အေး.. သတိတော့ထားစီးနော် ”
ဒီလိုနဲ့ မဲန်းရဲ့ စက်ဘီးရုံမှာ စက်ဘီး ၃၅စီးမျှ ရှိလာတယ်။ အားလုံးဟာ အဟောင်းအပျက်တွေကို သူကိုယ်တိုင် ပြုပြင် ပြန်ဆင်ထားတဲ့ စက်ဘီးများ ဖြစ်လေတယ်။ ကလေးတွေက ငှားသမျှ ပြန်လာ အပ်ကြရဲ့လားလို့ မိတ်ဆွေ တစ်ယောက်က မေးတော့..
” ဟုတ်တယ်.. ဒီမှာစည်းကမ်းလေး တစ်ခုထားထားတယ်။ ကိုယ့်ကိုယ်ကို တာဝန်ယူရတဲ့ စည်းကမ်းပေါ့ဗျာ။ ဒီနေ့စက်ဘီးကို ပြန်မအပ်ရင် နောက်နေ့ကစပြီး သူစက်ဘီးငှားခွင့် မရှိတော့ဘူး..။ ဒီလိုလုပ်လိုက်တော့ သူတ်ု့လေးတွေ အားလုံး စည်းကမ်း သေ၀ပ်လာတယ်။ တာဝန်ယူတတ် လာကြတယ်ဗျ..။ သူတစ်ပါး ပစ္စည်းကို လိုချင်မက်မောစိတ် မရှိဘဲ တန်ဖိုးထားတတ် လာကြတယ်။ ဒီလိုနဲ့ဘဲ သူတို့တွေ ကိုယ့်တန်ဖိုးကိုယ် သိလာကြတာပေါ့။ “
မဲန်းရဲ့ ကားရုံထဲမှာ စက်ဘီးပျက် မျိုးစုံရှိတယ်။ ပျက်တာတွေပြန်ပြင်ဖို့ လာအပ်ကြတာ မဟုတ်ဘူး။ သူများမသုံးဘဲ ပစ်ထားတဲ့စက်ဘီးအပျက်တွေကို လိုက်ကောက်ပြီးတော့ သူက စိတ်ရှည်လက်ရှည် ပြန်ပြင်တာပါ။တချို့ တတ်နိုင်သူတွေက စက်ဘီးပျက်တွေကို အမှိုက်ပုံမှာ စွန့်ထားတတ်ကြတယ်။ ဒါတွေကို သူက လိုက်ကောက်ပြီး စုထားလိုက်တယ်။ သူ့ကားရုံထဲမှာ သာမက အပြင်ဘက် ခြံဝင်းထဲမှာလည်း စက်ဘီးအပျက်တွေက အစုလိုက် အပုံလိုက်။ မဲန်းက သည်စက်ဘီးအပျက်တွေကို နေ့မအားညမအား ပြင်လေတော့တယ်။ ကောင်းသွားပြီဆိုရင် တော့ ကလေးတွေ စီးလို့ရကြပြီပေါ့။
ဒါကြောင့်သူ့ကို တချို့က ” ခင်ဗျားဟာက စက်ဘီးအဟောင်းပြင်တာနဲ့ မတူဘဲ စက်ဘီးလုပ်တဲ့ သူနဲ့ တူနေပြီ ”
ဒီလိုပြောခံရရင် သူသိပ်သဘောကြတယ်။
“ဟုတ်တယ်ဗျ။ ကျုပ်က ၀ယ်တန်ဝယ်တယ်။ အလကားရတန်ရတယ်။ ဒီစက်ဘီးလေးကိုဘဲကြည့် ။ ဘာမှ ဟုတ်တိပတ်တိ ပျက်သေးတာ မဟုတ်ဘူး။ တတ်နိုင်တဲ့ လူတွေက ဒီလောက်လေးပျက် တာကို မပြင်ဘဲ လွှင့်ပစ်တာဗျ။ ဒီစက်ဘီးလေးမှာ လိုနေတာက ၀က်အူတစ်လုံး၊ ဘီးနှစ်လုံးနဲ့ ချိန်းကြိုး ဘဲဗျ။ ဒါလေးတွေတပ်လိုက်ရင် အကောင်းပကတိ စီးနိုင်ပြီဗျာ..။ ပြီးတော့ ဒီစက်ဘီး လေးက အမျိုးစား ကောင်းတယ်ဗျ..” လို့ စိတ်ရှည်လက်ရှည် ရှင်းပြတယ်။
ဂျက်သရိုမန်း က ကလေးငယ်တွေအတွက် စက်ဘီးတွေ ပြင်ပေးယုံတင်မကဘူး။ ကလေးများ စက်ဘီးစီးတတ်စေဘို့၊ စက်ဘီးပျက်ရင် ပြင်တတ်စေ ဘို့လည်း သင်ပေးပြန်သေးတယ်။ သူနဲ့ ကလေးတွေနဲ့ဟာ ခွဲမရနဲ့ တရုန်းရုန်းပါဘဲ။
တစ်နေ့ ဟဲန်ဒါဆင်ဆိုတဲ့ အသက် (၁၁) နှစ်သာရှိသေးတဲ့ ကလေးက ကေသီလို့ခေါ်တဲ့ အသက် (၆) နှစ်အရွယ် ကလေးမလေးရဲ့ စက်ဘီးကို ပြင်ပေးလိုက်တယ်။
မဲန်းက ” ကဲ..သမီး မင်းရဲ့စက်ဘီးကို ဟဲန်ဒါဆင်က ပြင်ပေးလိုက်ပြီ။ မင်း.. သူ့ကိုဘာ ပြောရမလည်း ”
” ကျေးဇူးတင်ပါတယ်ရှင် ” လို့ ကေသီက ဟဲန်ဒါဆင်ကို ချစ်စဖွယ် ပြောတယ်။
ဟဲန်ဒါဆင် ကလည်း ” ရပါတယ်။ အဆင်မပြေရင် ပြန်လာခဲ့ပါ။ ကျွန်တော်ပြန်ပြင်ပေးပါမယ် ခင်ဗျာ ” လို့ ယဉ်ကျေးစွာ ပြန်ပြောတယ်။
မဲန်းက ကလေးတွေပေမယ့် သူတို့နှစ်ယောက် လေးလေးစားစားပြောနေကြတာ ကြည့်ပြီး ပီတိတွေဖြစ်နေတယ်။
သူ့ရဲ့ စက်ဘီး အငှားဌာနမှာ စက်ဘီးငှားယုံတင်မကဘဲ တခြား လူမှုဆက်ဆံရေးတွေပါ သင်ပေး ခွင့်ရလို့ သူ့အတိုင်းမသိ ၀မ်းသာမိတယ်။ သူ့ မိတ်ဆွေတွေကို သူက အခုလိုပြောပြတယ်။
” ကျွန်တော်ထင်တယ်။ ယဉ်ကျေးမှုဆိုတာ ရောင်ပြန်ဟတ်တယ်။ ကလေးတွေက သူတို့ကို ကောင်းကောင်းမွန်မွန် ဆကိဆံရင် သူတို့ကလည်း ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံတာကို တွေ့ရတယ်။ ဒီလိုနဲ့ သူတို့လေးတွေ ယဉ်ကျေးလာကြမယ်။သူတို့လေးတွေဒီလိုဖြစ်လာဖို့ကျွန်တော်တို့ လူကြီးတွေက အရင် စံနမူနာထား နေပြရမယ်။ ဘာအခက်ခဲရှိရှိ ကျွန်တော့် ဆီလာခဲ့။ ဦးဆောင်ပြီး အတူတကွ ပူးပေါင်းဖြေရှင်းပေးမယ်လို့ သူတို့တွေကို ပြောပြထားတယ် “
မဲန်းရဲ့ မိတ်ဆွေက ပြောတယ်။ ” ဟုတ်တယ်ဗျ.. ကျွန်တော့် ကုန်စုံဆိုင်မှာ ဈေးလာဝယ်ရင် တောင် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက် ပြောဆိုပြီး ၀ယ်လာကြတာ တွေ့ရတယ်ဗျ..” လို့ ပြောပြတယ်။
ဒီတော့ မဲန်းက ” ကျွန်တော့ ကလေးတွေအတွက် ဂုဏ်ယူပါတယ်ဗျာ” ဆိုပြီး ပြုံးပြုံးကြီး ရှိနေ တော့တယ်။
ညနေစောင်းပြီဆိုရင် စက်ဘီးများကို အသီးသီး ပြန်လာအပ်ကြတယ်။ စက်ဘီးယူစဉ်က လက်မှတ်ထိုးပြီးမှယူသွားကြသလို ပြန်လာအပ်တော့လည်း စံနစ်တကျ လက်မှတ်ထိုးပြီး အပ်ကြတယ်။ ဒီလိုနဲ့ သူ့ရဲ့ အားသမျှ အချိန်ပိုတိုင်းကို ဒီစက်ဘီးလုပ်ငန်းမှာဘဲ နစ်မြုတ် ထားတော့တယ်။ သူ့အလုပ် က စိတ်ရှည်မှ၊ ပိုက်ဆံအကုန်ခံနိုင်မှ လုပ်နိုင်တာမျိုးဖြစ်လို့ သူ့ မိတ်ဆွေတွေက ပိုက်ဆံတော်တော် ကုန်မှာဘဲနော်..လို့ မေးကြတယ်။
” ဟာ.. ကုန်တာပေါ့။ ဒါပေမယ့် ကျွန်တော်က မကောင်းမှု ဒုစရိုက်အတွက် ကုန်တာမှ မဟုတ် တာ။ ဒါကို ဒုစရိုက်လို့ ဆိုချင်ဦးတော့။ ကျွန်တော်က တော့ ကလေးတွေကို ချစ်လို့ လုပ်ရမှာ ဘဲဗျ။ ဒီပြင်နေရာတွေမှာ ချွေတာရမှာပေါ့ဗျာ” ..လို့ သူကပြောလေတယ်။
ညမိုးချုပ်လို့ ကလေးတွေပါးသွားတော့ မဲန်းက အိမ်ထဲဝင်ပြီး ညစာစားတယ်။ သူ ထမင်းစား ပြီးလည်းမနား။ အလုပ်ရုံထဲ ပြန်ဆင်းတော့တာပါဘဲ။ ဒီလိုနဲ့ စက်ဘီးတွေပြင်ရင်း မနက်တစ် နာရီ၊ နှစ်နာရီထိုးသွားတဲ့ ရက်တွေမနည်းပါဘူး။
သူ့ကိုမေးလာသူတိုင်းကို …
” ကျွန်တော့ ဘ၀မှာ ကောင်းကောင်းမွန်မွန်နေခဲ့ ရပြီးပြီ။ နောက်နေရလှ ၁၅နှစ်ပေါ့။ ကျန်တဲ့ သက်တမ်းလေးမှာ နေခွင့်ရတုန်း သူတစ်ပါး အကျိုး သယ်ပိုးပေးချင်တယ်။ ဆောင်ရွက်ပေး သင့်တယ်လို့လည်း ထင်တယ်လေ။ ဒါကြောင့် ဒီအလုပ်ကို ကျွန်တော် လုပ်ရတာပါ..”
..လို့ ရှင်းပြတတ်တယ်။
ခွေးဟောင်သံတွေ ကြားနေရတယ်။ ကလေးတွေက သူ့ကို ” မင်္ဂလာညပါ ” လို့ နှုတ်ဆက်ပြီး ပြန်သွားကြလေတယ်။
တပါးသူအကျိုးကို အကျိုးအမြတ်မရှိဘဲ စေတနာအပြည့်နဲ့ ဆောင်ရွက်နိုင်တဲ့စိတ်ကို ပရဟိတစိတ် လို့ခေါ်ပါတယ်ရှင်။ ဒီလို စိတ်မျိုးထားနိုင်ဘို့ ဆိုတာ တကယ်တော့ မလွယ်ကူ လှပါဘူး။ မိမိ ပတ်ဝန်းကျင် အတွက်လည်း အကျိုးရှိ၊ မိမိအတွက်လည်း ကုသိုလ်ရစေတဲ့ ဒီလိုစိတ်ထားမျိုးရှိသူ မဲန်းကို တကယ့်ကို လေးစားမိပါတယ်ရှင်။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ကလေးများအတွက် ခုလိုမျိုး အရေးထား ဆောင်ရွက်ပေးမယ့်သူတွေ အများကြီးလိုအပ်လှပါတယ်ရှင်။
< Charles Kuralt ရဲ့ On The Roade With Charles Kuralt မှ စက်ဘီးဆရာကို ခံစာရေးဖွဲ့ပြန်ဆိုပါသည်။ >
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ