Sunday, March 28, 2010

ဟ.. ဟဟာဟ ရယ်လိုက်ရ



ရယ်မောခြင်းတဲ့။


လူရယ်လို့ဖြစ်လာခဲ့ရင် မရယ်မောဘူးတဲ့သူ ဆိုတာ မရှိသလောက်ပါဘဲ။ ရယ်မောရတာ မနှစ် သက်သူ ဆိုတာလည်း မရှိပါဘူး။ လူတိုင်းဟာ ရယ်မောရတာကို နှစ်သက်ကြသူချည်းပါဘဲ။ ကျွန်မတို့ကသာ မသိတာ။ အဟိတ် တိရိစ္ဆာန် အချို့တောင် ရယ်မော ကောင်း ရယ်မောကြမှာ။ ဘာလို့လည်းဆိုတော့ အသိဥာဏ်ရှိသူတိုင်း၊ ခံစားတတ်တဲ့ စိတ်နှလုံး ရှိသူတိုင်းဟာ ရယ်မော ဖို့ အခွင့်အလမ်း အလိုလိုရရှိသူများ ဖြစ်နေလို့ပါဘဲ။


“ ရယ်သောသူ အသက်ရှည်၏ ” တဲ့။ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တိုင်း ဦးနှောက်ရဲ့ နာဗ်ကြောတွေက သက်ဆိုင် ရာ ဆဲလ်တွေကို သတင်းအမြန်ပေးပို့လိုက်ပြီး အဲ့ဒီအခါမှာ ခန္ဓာ ကိုယ်က သွေးကြောမျှင်လေးတွေရဲ့ သွေးလည်ပတ်မှု အားကလည်း ပိုမိုကောင်းမွန်လာ စေတဲ့ အတွက် ရယ်မောခြင်းဟာ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ အထောက် အကူပြု နေ တယ် ဆိုတာကိုတော့ ငြင်းမရပါဘူး။ တချို့ တိုင်းပြည်တွေမှာဆို ရယ်မောခြင်းကလပ်တွေ ဖွင့်လို့ လူတွေကို မဖြစ်မနေ ရယ်မောစေ အောင် ဖန်တီးလုပ်ဆောင်လာကြ တာကိုတွေ့ ရ ပါတယ်။


တစ်ခါက ကျွန်မ ကန်တော်ကြီးထဲ မနက်စောစော လမ်းလျှောက်ထွက်တုန်း ရေလည်ခေါင် ကျွန်းမှာရှိတဲ့ ဇရပ်တစ်ခုဆီက တဟားဟားနဲ့ ရယ်မောသံကို ညံညံစီအောင်ကြားလိုက်ရတယ်။ ဒါနဲ့ အဲ့ဒီဇရပ်ဆီကို ဦးတည်လျှောက်လိုက်တော့ အရွယ် မျိုးစုံ လူ၅၀လောက်ဟာ ဆရာတစ်ဦး ရဲ့ ဦးဆောင်မှုနဲ့အတူ စံနစ်တကျ ယောဂ လေ့ကျင့်ခန်း လုပ်နေကြတာကို တွေ့လိုက်ရတယ်။ လေ့ကျင့်ခန်းတွေထဲမှာ ရယ်မောခြင်းကလည်း တစ်ခုအပါအ၀င်ဖြစ်နေတယ်။ ဆရာက “ ရင်ကိုဖွင့်၊ ပါးစပ်တွေကို အကျယ် ကြီးဖြဲပြီး အော်ရယ်လိုက်စမ်းပါ ” လို့ လည်းပြောလိုက်ရော အဖွဲ့ဝင် ၅၀လုံးက သောင်းသောင်း ဖြဖြ အော်ရယ်လိုက်ကြတာများ တစ်ကျွန်းလုံးညံ သွားပါ တော့တယ်။ ကျွန်မတို့လို ဘေးက လမ်းလျှောက်ရင်း ကြည့်နေ သူတွေ၊ ပြေးနေကြသူတွေ၊ ကာယလေ့ ကျင့်ခန်း လုပ်နေကြသူများတောင် သူတို့ဆီက ရယ်သံကြောင့် ဓာတ်ကူးပြီး တဟားဟားနဲ့ လိုက်ရယ်မောမိပါတယ်။


ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာလည်း အရာရှိတစ်ယောက်ဟာ သူအိမ်မှာရှိနေတုန်း အမျိုးသမီး တစ်ယောက် ဖုန်းခေါ်လာ ပါတယ်။ ဒီအမျိုးသမီးဟာ သူ့ရုံးက ၀န်ထမ်းတစ်ဦးရဲ့ ချစ်သူလို့ သိထားသူပါ။ အဲ့ဒီဝန်ထမ်းဟာလည်း အလုပ်ကိစ္စနဲ့ ခရီးသွားနေချိန်ပါ။ သူမဟာ မိသားစု ကိစ္စ အဆင်မပြေမှုနဲ့ ၈ထပ်တိုက်ပေါ်က ခုန်ချပြီး သေကြောင်းမင်္ကြစည်ခင် သူ့ဆီ ဖုန်းဆက်ပြီး သူ့ချစ်သူကို နှုတ်ဆက်စကားတဆင့် ပြောပေးဖို့ မှာကြားတာပါ။ ဒါနဲ့ အရာရှိလုပ်သူလည်း သူမ ရှိနေတဲ့ ၈ထပ်တိုက်ကို မေးပြီး ဒရောသော ပါးထွက်လာခဲ့ပါတယ်။ လမ်းမှာ ကားမောင်းရင်း သူ့ကို ခဏစောင့်ဖို့ ဖျောင်းဖျရ ပါတယ်။ ဟိုရောက်တော့ သူမကို ချော့မော့ကားနဲ့ ခေါ်လာခဲ့ပြီး သူမ လွတ်လွတ်လပ်လပ် နဲ့ ၀၀လင်လင် ငိုကျွေး ချိန်ရအောင် ၁နာရီလောက်ကြာအောင် မြို့ထဲမှာ ကားပတ်မောင်း ပေးနေလိုက်ပါတယ်။ သူမငိုလို့ ၀သွားလောက်မှ မြို့လည်က အကောင်းဆုံးနဲ့ လူအစည်ကားဆုံး စားသောက်ဆိုင် တစ်ဆိုင်ကို ခေါ်သွားပြီး သူမကို သူကျွမ်း ကျင်တဲ့ ရယ်စရာအကြောင်းတွေ ရွေးချယ်ပြောပါတော့တယ်။ ပထမပိုင်းတော့ သူမက လက် ကိုင်ပ၀ါလေး ပါးစပ်ကိုအုပ်လို့ မပွင့်တစ်ပွင့်ရယ်ပါတယ်။ နောက်တော့ ရယ်သံလေး ထွက်လာ ပါတယ်။ နောက်တော့ သူ့ရဲ့ ဟာသတွေ အပေါ်မှာ ဘယ်လိုမှမထိမ်းနိုင်တော့ပဲ နှစ်ခြိုက်စွာနဲ့ အသံထွက် ရယ်မောမိပါတော့တယ်။ အဆုံးတော့ သူမကတောင် သူ့ကို ဟာသတွေ ပြန်ဖောက်နေပါ တော့တယ်။ သူမဟာ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တဲ့ သူမရဲ့ အဖြစ်ကို ရယ်စရာ တွေနဲ့ ဖုံးအုပ် ကျော်လွှားနိုင်ခဲ့ပါပြီ။ သူမဟာ သူ့ကို သူမရဲ့ အသက်သခင်လို့ အမြဲသတ်မှတ် ထား ပါတော့တယ်။ ကဲ.. ကြည့်၊ ရယ်စရာရဲ့ အစွမ်းထက်ပုံများနော်။


တကယ်တော့ ရယ်မောခြင်းဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခုပါ။ ကျွန်မလည်းရယ်မောရတာကို အလွန်နှစ်သက်ပါတယ်။ ပြောရရင် ဟိုးအရင်က ကျွန်မဟာ ဟာသဥာဏ်ရှိလေသူလို့ အပြော ခံရတဲ့အထိ ရယ်စရာပြောတတ်သူတစ်ဦးပါ။ “ သူ့ကိုအပါခေါ်။ သူပါရင် တစ်လမ်းလုံး ပါးစပ် မပိတ်ရဘူး ” ဆိုတဲ့ အထိ ပွဲတောင်းခံရသူပါ။ အဲ့ဒီတုန်းကတော့ စိတ်တွေက အရမ်းကိုပဲ လွတ်လပ်မှု အပြည့်အ၀ရနေပြီး ကိုယ့်ကြောင့် သူများရယ်မောနေတာကို နှစ်သက်တဲ့ စိတ်စေတနာကြောင့် လားတော့ မသိ။ ရယ်စရာတွေ ပေါပေါလှိုင်လှိုင် ပြောနိုင်ခဲ့တယ် ထင်တာပါဘဲ။ အခု အသက်တွေကြီးလာတော့ အရွယ် အရရော၊ အခြေအနေအရပါ ဟာသတွေ အရွှမ်း မဖောက်နိုင်ဖြစ်တာ တော်တော်ကြာနေပါပြီကော။


ရယ်မောနိုင်ဖို့အတွက်၊ ရယ်မောနိုင်အောင် လှုံ့ဆော်ပေးတဲ့ အရာများက ပိုမိုအဓိက ကျလှပါ တယ်။ ကျွန်မက ရယ်မော တာကို နှစ်သက်လှပေမယ့် တော်ယုံတန်ယုံ ရယ်စရာလောက်ကိုတော့ ဟန်ဆောင်လို့တောင် မပြုံးဖြစ်ပါဘူး။ အထူး သဖြင့် ကလိထိုး ရယ်ခိုင်းတဲ့ အခါမျိုးပေါ့။ ကျွန်မ မင်းလူရဲ့ ၀တ္တုတွေကို နှစ်နှစ်သက်သက် စွဲစွဲလန်းလန်း ဖတ်ဖြစ်တယ်။ အခုအရွယ်အထိ ပိုးဇာ ရဲ့ လေးလေးဇာ၊ လေးမွန်၊ထွေးမွန် ကာတွန်းတွေ မလွတ်တမ်းဖတ်နေတုန်းပဲ။ ကောင်းလိုက် တဲ့ ဟာသရုပ်ရှင်ရယ်လို့တော့ ခုထိ မကြည့်ရဘူးသေးပါဘူး။ ရှိရင် မြသွေးနီကို ညွှန်ပေးကြပါ ဦးနော်။ နောက်… လက်တွေ့ လူနေမှုဘ၀ကို ထင်ဟပ်စေတဲ့ လူရွှင်တော်တွေရဲ့ အငြိမ့်ပျက်လုံး တွေကိုတော့ လေးလေးစားစားနာထောင် ရယ်မော မိတယ်။ ကျွန်မနှစ်သက်တဲ့ လူရွှင်တော် တွေကိုတော့ နောက်ကြုံမှ ပြောကြတာပေါ့နော်။ ဒီတော့ သူများတွေ ရယ်ရလှ ပါချည်ရဲ့ လို့ ညွှန်းတတ်တဲ့ ရုပ်ရှင်တွေ၊ စာအုပ်တွေ တိုင်းဟာလည်း ကျွန်မနဲ့ အံဝင်ခွင်ကျ မဖြစ်တတ်ပါဘူး။ ကျွန်မ အတွက် တကယ့်ကို ရယ်မောချင်စရာများဟာလည်း တခြားသူတွေ အတွက် ဒါကို ရယ်စရာလို့ သတ်မှတ်နိုင်သလားလို့ မေးယူရတတ်ပါတယ်။ ဒါပေမယ့် ရှားပါးလှတဲ့ တစ်ခါ တစ်ရံမှာတော့ ကျွန်မတို့ အတူရယ်မောဖြစ်တဲ့ တူညီတဲ့ အကြောင်း အရာတွေလည်း ရှိတတ် ပါတယ်။ အသက်တွေ ငယ်စဉ်အခါမှာတော့ တော်ယုံရယ် စရာဆို ရယ်လို့ကိုမပြီးချင်။ ဒါကြောင့် “ လေတိုက်လို့ သစ်ရွက်လှုပ်တာတောင် ရယ်ကြတဲ့အရွယ် ” လို့ပြောကြတာ။ အသက်တွေ ကြီးလာကြတော့ ရယ်ရယ် မောမောဆိုတဲ့အတိုင်း ရယ်စရာအနောက်မှာ မောစရာတွေက ကပ်ပါလာတော့တာဘဲ။ စား၊၀တ်၊နေရေး (၃) ပါးနဲ့ လုံးပမ်းနေကြရင်း ရယ်စရာတွေ ရှားပါး လာလေ ရယ်စရာဆိုတဲ့ ရုပ်ရှင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးလေ။ ရယ်စရာ ဆိုတဲ့ စာအုပ်တွေ ငှါးမလောက်ဖြစ်လာလေပါဘဲ။



ရယ်သံကိုပဲ အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ကြသေးတယ်နော်။ ဟက်ဟက်ပက်ပက်ရယ်တယ်တဲ့။ အူလှိုက်သည်းလှိုက်ရယ်တယ် တဲ့။ ခိုးခိုးခစ်ခစ်ရယ်တယ်တဲ့။ ခနိုးခနဲ့ရယ်တယ်တဲ့။ ရယ်သံ တွေကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူကြပြန်ဘူး နော်။ တချို့က သိမ်သိမ်မွေ့မွေ့ ရယ်တယ်။ တချို့က ကျယ်ကျယ်လောင်လောင်ရယ်တယ်။ တချို့က မခိုးမခန့်ရယ် တတ်တယ်။ ကျွန်မဆို မိန်းကလေးတစ်ယောက် အနေနဲ့ မသင့်တော်ဘူးလို့ ပြောနိုင်ပေမယ့် တဟားဟား နဲ့ ရင်ဖွင့်ပြီး ရယ်မောလိုက်ရမှ ကျေနပ်သူ မျိုးပါ။ ကျွန်မတို့ အွန်လိုင်းမှာလည်း ရယ်သံတွေ အမျိုးမျိုးကြားရ ( အဲ.. တွေ့ရ) တတ်ပါ တယ်။ အွန်လိုင်းမှာက စာရိုက်ပြီး ရယ်ရတာမျိုးကို။ ချစ်ညီမဘလော့ဂ်ဂါ တစ်ဦးဆို “ ခစ်ခစ်ခစ် ” နဲ့ ချစ်စဖွယ်၊ အူယား စဖွယ် ရယ်တတ်ပါတယ်။ နောက်ညီမလေး တစ်ဦးကလည်း ကြံကြံဖန်ဖန် “ ခိခိခိ ” တဲ့။ စီနီယာ ဘလော့ဂ်ဂါကြီး တစ်ဦး ကြတော့ ကောလိပ်ဂျင်စတိုင် မခိုးမခန့်နဲ့ “ အဟတ်ဟတ် ” တဲ့။ ပို့စ်တွေကို စက်ကနေ ထုတ်သလို ဒရစပ်ရေးနိုင်တဲ့ ခင်မင်ရတဲ့ ဘလော့ဂါ မောင်လေးတစ်ဦးကတော့ တိုရေရှားရေနဲ့ “ ဟ ဟ ” တဲ့။ အင်္ဂလိပ်စကားပြောကောင်းတဲ့ ကျွန်မ သူငယ်ချင်းတစ်ဦးကတော့ ဘိုဆန်ဆန် “ ahahahaha ” တဲ့။ ကျွန်မကတော့ ထုံးစံအတိုင်း “ ဟားဟားဟား ” ပေါ့ ။


တကယ်တော့ ရယ်မောခြင်းဟာ အံ့ဖွယ်ဆေးတစ်ပါးပါ။ကျွန်မတို့မှာ သဘာဝက ပေးထားတဲ့ အံ့ဖွယ်ဆေးစွမ်းတစ်လက် ရှိနေ ပါတယ်။ ဒါကြောင့် ရယ်စရာများရှိခဲ့ရင် ပတ်ဝန်းကျင်ကို အမှု မထားပဲ ကျယ်ကျယ်လောင်လောင်သာ ရယ်မော ပစ်လိုက်ပါ။ ကျွန်မတို့ရဲ့ ရယ်မောခြင်းဟာ ပတ်ဝန်းကျင်ကို ကူးစက်ပျံ့နှံ့သွားပါလိမ့်မယ်။ ကျွန်မတို့ဟာ လျှပ်စစ်စီး ၀င်နေတဲ့ ၀ါယာကြိုး တစ်စဖြစ်လာပါလိမ့်မယ်။ ပြုံးခြင်းဟာ ရယ်မောခြင်းရဲ့ ရှေ့ပြေးဆိုရင်၊ ရယ်မောခြင်းဟာ ပျော်ရွှင် မှုရဲ့ နမိတ်ပုံပဲလို့ ရဲရဲကြီး ကျွန်မပြောလိုက်ချင်ပါတယ်။


( ဒီပို့စ်လေးကို ရေးမယ့်သာ ရေးရတာ။ ကျွန်မဒီရက်ပိုင်း မရယ်မောနိုင်တဲ့ အဖြစ်တွေနဲ့ချည်း နှစ်ပါးသွားနေရတာ။ ရယ် သာ ရယ်နေရတယ်။ မောတာတွေက နောက်က ထပ်ချပ်မကွာ အလိုက်ခံနေရသလိုပါဘဲ။ တခြားမကြည့်နဲ့။ ဒီပို့စ်လေး ကို ဈာန်ဝင် ပြီးရေးနေတုန်း save မလုပ်ခင် မီးကပျက်သွားလို့ ဟိုရှေးဟောင်းရုပ်ရှင်ထဲကလို “ အို.. အသင်လောက.. ဒါမျိုး ကြီးတွေလည်း ဖြစ်တတ်ပါတယ်.. ” လို့ အရွဲ့တိုက်ရယ်မောရင်း အစကနေ အတွေးတွေ ပြန်ကောက်ယူ ရေးလိုက် ရပါတယ်ရှင် )








ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

6 comments:

amayarko said...

အားလုံးရေးပြီးမှမီးပျက်သွားတာကတော့ ဇတ်တော်တော်နာတာပဲ။

ပေါ့ပေါ့ပါးပါး ရွှင်ရွှင်လန်းလန်း ထာဝရရယ်မောနိုင်ပါစေ ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ညင်းညင်းညင်း
ရယ်သံတစ်မျိုးလေးနဲ့ စတိုင်ထုတ်ပြီး ရယ်သွားတယ် အစ်မရေ..
အစ်မပိုစ့်မှာ အဲဒီရယ်သံမျိုးမပါသေးလို့ ရယ်ပေးသွားတာ...း)း)
ညီမကတော့ စိတ်မပါရင် ငါးခူးပြုံးလေး ပြုံးလိုက်ပြီး
စိတ်ပါလို့ကတော့ ၀ါးလုံးကွဲကို ရယ်မောမိတာပါဘဲ..
ဘာဘဲဖြစ်ဖြစ် ရယ်သောသူအသက်ရှည်တယ်လို့ ဆိုရိုးရှိတယ်မဟုတ်လား...

နေ၀သန်မှ said...

း))))... မှန်တယ်ဗျ.. ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို တကယ်ပဲ ပြေပျောက်စေတယ်.... အမြဲရယ်မောနေနိုင်ပါစေဗျာ....


ခင်မင်တဲ့
နေ၀သန်

shwezinu said...

ဟားးးးးးးးးးးးးးးးးးးးးးးး ရယ်လိုက်ရ မောတာ

ခိုင်နုငယ် said...

စား၊၀တ်၊နေရေး (၃) ပါးနဲ့ ရေးသုံးပါးမှ
လွတ်မြောက်လို့ ခိုးခိုးခစ်ခစ်၊ဟက်ဟက်ပက်ပက်
တ၀ါးဝါးတဟားဟား..ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းကျလို့
မောစရာတွေဝေးလို့..ရယ်စရာတွေ့ရင်အားရပါးရရယ်နိုင်ပါစေအမရေ။
ခင်မင်စွါဖြင့်...
ခိုင်နုငယ်

oburma said...

အိုဘားမားကတော့..သိပ်မရယ်ရဲဘူး.။။။...ရယ်လိုက်ရင်....အဲ..ဟို..ဒင်း....တွေထိန်းမရဘူး။
ဟူး............................................မောပါ့..

Post a Comment