
တစ်ပတ်လောက်ရှိနေပြီ။ မနက်ရုံးရောက်ပြီး ၁၀နာရီခွဲထဲက ညနေ၅နာရီလောက်အထိ ဆက်တိုက် အပြင်ထွက် နေရတာ။ အဲကွန်းနဲ့ အေးမြနေတဲ့ ရုံးခန်းကနေ ပြင်ပကို ရောက်လိုက်တာနဲ့ ပူလောင်နေတဲ့ အပူရှိန်ရဲ့ ဒဏ်ကို အလူးအလဲခံနေရတာ။ ပူ လိုက်တဲ့နေ။ အပူချိန်က မတ်လပျမ်းမျှ အပူချိန်ထက်ကို မကျော်လွန် တဲ့နေ့တစ်ရက်မှမရှိ။ အပူရှိန်ကြောင့် ကတ္တရာလမ်းမတွေ တောင် အရည်ပျော်ချင်ချင်။ နာဂစ်နတ်ဆိုး လက်ချက်နဲ့ အရိပ်ရ အပင်တွေ နည်းပါးကုန်တော့ ပူချင်လျှက် လက်တို့သလို ပူချက် ကကမ်းကုန်။ အပူငွေ့က နေရာတိုင်းမှာ။ တံလျှပ်တွေက တဖျတ်ဖျတ် ထလျှက်။ တို့ထိမိသမျှ အရာတိုင်းက ပူကြွပ်ရွလို့။ လေပူ တွေကလည်း ပူသည်ထက် ပူအောင် ပံ့ပိုးနေသလို။ ဘယ်နေရာကြည့်ကြည့် နေအရှိန်နဲ့ တလက်လက်။ ချည်ထည်လေးတွေ ရွေးဝတ်၊ ဆံပင်ကို နောက်ဖက်မှာ ချည်နှောင်ထား တာတောင် လူကမခံနိုင်။
ရန်ကုန်ရဲ့ အပူက သြချလောက်စရာ။ လက်ဆောင်ရထားတဲ့ ကရမက် ယပ်တောင် လေး တဖျတ်ဖျတ်ခတ်ကာ ရန်ကုန်နွေရဲ့ အပူ ရှိန်ကို ဟန်ပါပါ ခုခံနေရပေမယ့် လူက ညနေ ရုံးပြန်ဝင်ချိန်မှာတော့ တနေ့လုံး ယိုစီးထွက်ထားတဲ့ ချွေးတွေနဲ့ ရွှဲနစ်နေပြီ။ ဒီလို နေကပူပြင်းနေတော့ ချွေးကထွက်၊ ချွေးကထွက်တော့ လူကရေငတ်လာရော။ ထွက်သွားတဲ့ ချွေးးတွေကို ပြန်လည်ကာမိဖို့ရော၊ ခန္ဓာကိုယ်ရဲ့ တောင်းဆိုချက်အရရော ရေကိုမပြတ် သောက်နေမိတာ တစ်နေ့ကို သုံးဗူးထက်မနည်း။ ကောင်းလိုက်တဲ့ အရသာ။ လည်ချောင်းထဲကနေ ရင်ထဲအထိ အေးမြစီးဝင်သွားတာ။ ဒါကြောင့် ရေအသက်ကို တစ်မနက် လို့သတ်မှတ်ပေးထားတာ။
ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ ၆၅% ဟာ ရေနဲ့ဖွဲ့စည်းထားတယ်လို့ မှတ်ထားဘူးပါတယ်။ ရေသာမရှိခဲ့ရင် လူသားတွေအနေနဲ့ ရပ်တည် ရှင်သန်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရေကို လုံလုံလောက်လောက် သောက်ပေးရင် အသက်ရှည်မယ်။ ကျန်းမာရေး ကောင်းမွန် မယ်။ အသက်ရှည်မယ်။ သစ်ပင်နဲ့ တိရစ္ဆာန်တွေတောင် ရေလိုနေမှတော့ ကျွန်မတို့လူသားတွေအဖို့ ရေလိုအပ်တာ မဆန်းပါ ဘူး နော်။ တစ်ခါက ကျွန်မတို့အိမ်နားက ဒေါ်ဒေါ်နဲ့ အတူ ဘိုးဘွားရိပ်သာ တစ်ခုကို ရောက်ခဲ့ဘူးတယ်။ ဒေါ်ဒေါ်က ပင်စင်စား ကျောင်း အုပ်ဆရာမကြီး။ အသက်၈၀နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ ဆရာမတစ်ဦးဖြစ်ခဲ့သူကို နှစ်သိမ့်အား ပေးဖို့ သွားတွေ့တာပါ။ ဒေါ်ဒေါ်မှာ က ပိုက်ဆံချမ်းသာသူတွေမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရောဂါတွေက နည်းနည်းစီ ခိုအောင်းနေတာ။ အထူးသဖြင့် သွေးတိုးနဲ့ ဆီးချို။ ဒီတော့ ဒေါ်ဒေါ်ခမျာ နိုင်ငံခြားက ပို့ပေးနေတဲ့ ဆေးဝါးကောင်းတွေကို မပြတ်မှီဝြဲပီး ဆေးကုသမှု ခံယူနေရတာပေါ့။ အစားအစာကို လည်း သတ်မှတ်ထားတာ ထက်ပိုစားလို့ မရဘဲ ချင့်ချိန် စားရပါတယ်။
ဒီလိုနဲ့ ရိပ်သာရောက်တော့ အသက်၈၀အဖွားက အံ့သြဖွယ်ရာ မျက်စေ့မမှုံသေး၊ နားမထိုင်းသေး။ ကျန်းမာရေးက ဒေါင်ဒေါင်မြည်လို့။ သွားကြည့် တဲ့ သူတပည့် ဒေါ်ဒေါ်ထက်တောင် ကျန်းမာလို့။ သူက ဒေါ်ဒေါ်ကိုတောင် ကျန်းမာရေး ဂရုစိုက်ဖို့ ပြန်မှာ နေသေး။ ဒါနဲ့ ဒီလောက်တောင် ကျန်းမာ ရေး ကောင်းနေရခြင်းရဲ့ လှို့ဝှက်ချက်ကို မေးလိုက်တော့ …
“ မနက်စောစော အိပ်ရာနိုးတိုင်း ရေတစ်ပုလင်း ကုန်အောင်သောက်တယ်။ ပြီးရင် ဗိုက်ထဲက ရေတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ် အောင် လမ်းလျှောက် ထွက်တယ်။ လမ်းကို ခပ်သွက်သွက်လေး လျှောက်တယ်။ ပြန်လာရင် နောက်ထပ် ရေတစ်ပုလင်း ကုန် အောင် ထပ်သောက်တယ်။ တစ်နေ့ကို ရေ၃ပုလင်းနဲ့ ၄ပုလင်းကြား ပုံမှန်သောက်တယ်။ ဒီရေတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့၊ ပိတ်ဆို့နေတဲ့၊ အညစ်အကြေးတွေကို အဆိပ်အတောက် တွေကို ဖယ်ရှားပေးတယ်လို့ ယုံကြည်တယ်လေ ” လို့ အဖွားက ပြော ပြတယ်။

ဒီလိုပြောတာ ကြားရ လက်တွေ့မြင်ရမှ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မတို့ ခန္ဓာကိုယ်ဟာ ၀င်္ကဘာလို ရှုပ်ထွေးနေတဲ့ ရေနှုတ် မြောင်းတွေနဲ့ မတူ နေပါလား။ ဒီရေနှုတ်မြောင်းတွေကို ရေမလောင်းချရင် အညစ်အကြေးနဲ့ အမှိုက်တွေ စုပုံလာမယ်။ အချိန် တွေကြာလာတာနဲ့ အမျှ မြောင်းကပိတ် ပြီး အနံ့အသက်ဆိုးတွေ ထွက်လာမယ်။ ရောဂါဘယတွေ ပေါက်ဖွားလာနိုင်တယ်။ ဒီတော့ နေ့စဉ် နဲ့အမျှ ခန္ဓာကိုယ်ထဲက ရေနှုတ်မြောင်းတွေ သန့်ရှင်း စင်ကြယ်အောင် ရေနိုင်နိုင်သောက်သင့်တယ်လို့ ကျွန်မထင်တယ် ။
တရုပ်ရိုးရာ ပုံပြင်တစ်ပုဒ်မှာ မှတ်တမ်းတင်ထားတာကတော့ တစ်နေ့မှာ ဧကရာဇ်ဘုရင်ကြီးတစ်ပါးက ရောဂါအမျိုးပေါင်း တစ် သောင်းပျောက် စေတဲ့ ဆေးကိုညွှန်းပါလို့ နာမည်ကြီး သမားတော် တစ်ယောက်ကိုမေးရာ သမားတော်က ရေကိုဆေးညွှန်း အဖြစ် သောက်သုံးဖို့ ပေးသတဲ့။ သမားတော် ကြီးပြောတဲ့အတိုင်း ဘုရင်က အချိန်ယူ မှီဝဲကြည့်ရာ အမှန်တကယ် ရောဂါတွေ သက်သာ ပျောက်ကင်းလာတာကို တွေ့ရလို့ ဆုလာဘ်များ ချီးမြှင့် တော်မူလေးတယ်တဲ့။ ဒါကြောင့် သန့်ရှင်း လတ်ဆတ်တဲ့ ရေကို များများ သောက်ပေးပါ။ သောက်တဲ့ရေထဲမှာ သကြား အစရှိတဲ့ မည်သည့်အရာမှ ထပ်မံမဖြည့်စွက်ပါနဲ့နော်။ တကယ့်ကို ရေ သန့်သန့် အေးအေးလေးကိုပဲ ရွေးချယ်သောက်ကြပါ။
ကျွန်မတောင် ဒီရက်ပိုင်းရေသောက်တဲ့ စံချိန်တွေ အရင်ထက် တက်လာလို့လားမသိ။ လူက နေပူရှိန်တွေအောက်မှာ သွားနေရ ပေမယ့် နေရ ထိုင်ရတာ အရင်ထက်တောင် ပိုမိုလန်းဆန်း နေသလိုပဲလို့တောင် ထင်နေမိပါတယ်။ ကဲ… ရေအေးအေးလေး တစ်ခွက် အခုပဲ ခပ်သောက်လိုက် ကြရအောင်လား။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment