
ကျွန်မ ပုံပြင်တွေကို နှစ်သက်တယ်။ ကျွန်မ ပုံပြင်တွေနဲ့ ငယ်ငယ်လေးထဲက ရင်းနှီးကျွမ်းဝင် နေခဲ့တယ်။
ကလေးဘ၀တုန်းက အမေ့ရင်ခွင်မှာ အမေ့မျက်နှာကို ကြည့်ပြီး ပုံပြင်တွေနားထောင်ခဲ့တယ်။ ပုံပြင်ထဲက ဇာတ်ကောင်တွေကို စိတ် ကူးနဲ့ ပုံဖော် ရတာလောက် အရသာရှိတာ မရှိခဲ့ဘူး။ အမေ ပြောတဲ့ ပုံပြင်တွေထဲက ဖိုးရွှေယုန်နဲ့ဖိုးရွှေကျား၊ မြွေမင်းသားလေး ပုံပြင် တွေဟာ ကျွန်မ အသည်း စွဲ ပေါ့။ ဘယ်နှစ်ကြိမ်ပြော ဘယ်နှစ်ကြိမ်ကြားကြား နားထောင်လို့ မ၀နိုင်အောင် ပါဘဲ။
အမေ့လိုပဲ ပုံပြောကောင်းသူက ကျွန်မအဖေရဲ့ အမေ၊ ကျွန်မအဖွား။ တောင်နံကတိုးနံ့ သင်း နေတဲ့ အဖွားရဲ့ ကိုယ်သင်းနံ့လေးကို ရှူလို့ ပုံပြောပြ နေတဲ့ အဖွားရဲ့ မျက်နှာကို ငေးနေရတဲ့ အချိန်တွေ ကို ပြန်တွေးကြည့်ရင် တကယ့်ကို လွမ်းစရာပါ။ အဖွားကြောင့် ကျွန်မ ဇာတ်တော်၊ နိပါတ်တော် လာ ပုံပြင်တွေနဲ့ ရင်းနီးစေခဲ့ရပါတယ်။
ဟိုးအရင် တီဗွီတွေ မပေါ်ခင်က ရေဒီယိုက တနင်္ဂနွေနေ့ နေံလည် ၁၂နာရီဆိုရင် လွှင့်နေကြ ဟိုးရှေးရှေးတုန်းက အစချီတဲ့ ပုံပြော အစီအစဉ်လေး ဟာလည်း ကျွန်မမလွတ်တမ်း နားထောင် ခဲ့ တဲ့ အစီစဉ်ကောင်းလေး တစ်ခုပါဘဲ။ အခုတော့ ရေဒီယိုနား မထောင် ဖြစ်ခဲ့တော့လို့ အရင်လို ပုံပြင် တွေ လွှင့်သေးလားဆိုတာတော့ မသိတော့ပါဘူး။
အရွယ်နည်းနည်း ရောက်လာပြန်တော့ ခရစ်ယာန် သာသနာပြုကျောင်းမှာ အင်္ဂလိပ်စကားပြော သင်တန်းတက်ရင်း စစ်စတာကြီးရဲ့ ” Once upon a time, there was a king. He lives in a palace, in a big garden. One day,… ” အစချီတဲ့ သံစဉ်နိမ့်မြင့်နဲ့ ဟန် ပါပါ မာန်ပါပါ ပုံပြောပြ တာကို စွဲမက်ခဲ့ရပြန်ပါတယ်။
ဒီလိုနဲ့ ကလေးဘ၀ ကျော်လွန်မြောက်လာတော့ ကိုယ်တိုင်သတိ မထားလိုက်မိခင်မှာပဲ ကျွန်မ ဟာ အရင်ကလို ပုံပြင်တွေ နားထောင် သူ မဟုတ် တော့ပဲ အသက်အရွယ်အရ ပုံပြင်တွေ ပြောပြ ရသူဖြစ်လာခဲ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ ကျွန်မ လက်လှမ်းမှီ သမျှ ပုံပြင်စာ အုပ်တွေ အကုန်ဖတ် ပါတော့တယ်။ ဇာတ်ကြီးဆယ်ဘွဲ့ကစလို့ လှတောသားပုံပြင်၊ ယဉ်ကျေးလိမ္မာပုံပြင်၊ တထောင့် တစ်ညပုံပြင် အစ ရှိတဲ့ ရှိရှိသမျှ လက်လှမ်းမှီရာ ပြည်တွင်း ပြည်ပပုံပြင်တွေ ကို အငမ်းမရဖတ်ပါ တော့တယ်။

ကျွန်မ ဒီလောက်တောင် ပုံပြင်နဲ့ ပတ်သက်ပြီး အစပျိုးနေရတာကတော့ ကျွန်မရဲ့ ဘ၀မှာလတ် လတ်ဆတ်ဆတ်နဲ့ အမှတ်တရ ပြော ဖြစ်ခဲ့တဲ့ ပုံပြင်လေး တစ်ပုဒ် အကြောင်းကို ပြန်ပြီး ပြောပြ ချင်မိလို့ပါပဲရှင်။
၂၁.၂.၂၀၁၀နေ့မှာ Save The Ageအဖွဲ့ရဲ့ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ အနောက်အုတ်ကျင်း ပရဟိတ ဘုန်းတော်ကြီး စာသင်ကျောင်းမှာ ကလေး ပေါင်း ၁၂၅၄ယောက်ကို အလှူဒါနသွား ရောက် ပြုလုပ်ခဲ့ပါတယ်။ ကျွန်မတို့ အဖွဲ့ဟာ အလှူဒါနလုပ်ယုံသာမကပဲ ကလေး ငယ်များနဲ့ အတူတူ နွေးနွေးထွေးထွေးနေကြဖို့ စီစဉ်ထားလေတော့ ကစားပျော်ပွဲများ၊ သီချင်းဆိုခြင်း၊ ပုံပြော ခြင်းတွေပါ အစီစဉ်ထဲ မှာ ထည့်သွင်း ထားကြပါတယ်။ ဒီလိုနဲ့ အဲ့ဒီနေ့မှာ ကျွန်မလည်း ကြိုတင် ပြင်ဆင်ထားခြင်း မရှိပါပဲ ကလေးများကို ပုံပြောပြဖို့ ဖြစ်လာ ရပါတယ်။
ကျွန်မ ပုံပြောပြဖြစ်တဲ့ စာသင်ခန်းထဲမှာတော့ ကျောင်းသား၊ ကျောင်းသူ အယောက်၅၀လောက် နဲ့ အတူ ဆရာမကြီး တစ်ဦးပါ ရှိ နေပါတယ်။ ကလေးတွေကလည်း အရွယ်စုံ ၅နှစ်လောက်က နေ ၁၀နှစ် အရွယ်လောက်ထိ။ သနပ်ခါး ဘဲကြားရိုက်၊ ဖားဥစွဲအိကျီ င်္အနွမ်းလေးတွေနဲ့။ သူတို့ ရဲ့ မျက်ဝန်းလေးတွေကတော့ ကြည်မြ တောက်ပလို့။
ကလေးသဘာဝ ဆူညံပွက်နေတော့ ကျွန်မအသံကို အတော်မြှင့်အော်မှပဲ ရမယ်လို့ ဆရာမကြီး က ပြောပါတယ်။ ဒါနဲ့ ကျွန်မ စာသင် ခန်းတစ်ခန်း လုံးကို ဝေ့၀ဲကြည့်လိုက်မိပါတယ်။ အဲ့ဒီအချိန် အထိ ကျွန်မခေါင်းထဲမှာ ပြောရမယ့်ပုံပြင်ကို မရွေးချယ်ရ သေးပါဘူး။ စိတ် လှုပ်ရှားနေတာရော ဒီလို ကလေးတွေ အများကြီးကို ပုံပြောပြခဲ့တဲ့ အတွေ့အကြုံ မရှိခဲ့လေတော့ကလေးတွေ မသိ အောင် တုန်လှုပ် နေတဲ့ စိတ်ကို ဖုံးကွယ်ရင်း ဘာပုံပြင်ကို ပြောရမလည်းဆိုတာကို အပြေးအ လွှား စဉ်းစား ရပါတော့တယ်။
နွမ်းပါးလှတဲ့ ကလေးငယ်တွေကို စစချင်း တွေ့ထဲက ကျွန်မရဲ့စိတ်ထဲမှာ ဒီကလေးငယ်လေး တွေ ကို စာတတ်ပေတတ် ပညာတတ် ကြီးတွေ ဖြစ် လာစေချင်တဲ့ စိတ်တွေက ရင်ထဲမှာ တဖွား ဖွားနဲ့ ပြည့်လျှံလို့ နေခဲ့ရတာပါ။ ဒါနဲ့ မရည်ရွယ်ပဲ ကျွန်မတို့ ငယ်ငယ်က မြန်မာဖတ်စာမှာ သင်ယူခဲ့ ရတဲ့” မပုကြွယ်နဲ့ ခရုငယ် ” ပုံပြင်ကို ရုတ်တရက် သတိရလိုက် မိပါတယ်။ ကျွန်မဆုံး ဖြတ်လိုက်တယ်။ ဒီပုံပြင်လေးကို ကျွန်မပြောမယ်။
ဒီ ” မပုကြွယ်နဲ့ ခရုငယ် ” ပုံပြင်က သိပြီးးသား ဖြစ်ကြမှာပါ။ မပုကြွယ်ဆိုတဲ့ ကလေးမလေးစာ တွေ ကျက်မရလို့ ခြံထဲဆင်းထိုင်တုန်း ခြံတိုင်ထိပ်ကို တရွေ့ရွေ့ တွယ်တက်နေတဲ့ ခရုငယ် လေး ရဲ့ ဇွဲ. လုံ့လကို ကြည့်ပြီး စာတွေအထပ်ထပ် ကျက်မှတ်ရင်းနဲ့ နောက်ဆုံး စာ တွေရ သွားတဲ့ အကြောင်း လေးပါ။
ကျွန်မ ကျောက်သင်ပုန်းရှေ့မှာ နေရာယူလိုက်တယ်။
” သားတို့ သမီးတို့.. ပုံပြောပြမယ်..နားထောင်ကြမလား ကလေးတို့ ” ..လို့ မေးလိုက်တော့ ကလေးတွေက ” နားထောင်ပါမယ် ဆရာမ” လို့ သံပြိုင်ညီညာ ဖြေကြလေတယ်။ ကလေးတွေ ရဲ့ ညီညာဖျဖျ အသံလေးတွေကြောင့် ကျွန်မ တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲထ သွား တော့ တယ်။ ” ကောင်းပြီ.. ဒါဆို ငြိမ်ငြိမ်လေးနေပေးမှ ပုံပြောပြမယ်နော် ” လို့ဆိုလိုက်တော့ ကျွက်စီ ကျွက်စီ အသံတွေ တဖြေးဖြေး ရေဖြန်းခံရတဲ့ မီးလို ငြိမ်သက်သွားတော့တယ်။ ဟိုး…… ရှေးရှေး တုန်းကလို့.. ကျွန်မ အစလည်းချီလိုက်ရော ကလေးငယ်တို့ရဲ့ မျက်ဝန်း အစုံ တွေက သိချင်စိတ် လေးတွေနဲ့ ၀င်းလက်လာကြပါတယ်။
ကျွန်မကသူတို့လေးတွေကို ပုံပြင်တောက်လျှောက် မပြောသွားပဲ ပုံပြောနေရင်း ကြားထဲမှာဘဲ အမေး အဖြေလေးတွေနဲ့ ဆွဲခေါ်ယူသွားဖို့ စိတ်ကူး ရလိုက်ပါတယ်။ ပုံပြင်လေးကို ပြန်မဖော် ပြတော့ပဲ ကလေးများနဲ့ အပြန်အလှန်မေးဖြေ ထားတာလေးတွေကိုပဲ ဖော်ပြ ချင်မိပါတယ်ရှင်။
” အခုပြောမယ့် ပုံပြင်လေးနာမည်က ဘာတဲ့ လည်းကွယ် ”
” မပုကြွယ်နဲ့ ခရုငယ်ပါ ဆရာမ “
” ခရုဆိုတာ ဘယ်လို အကောင်းမျိုးလေးလည်း ..ကလေးတို့သိသလား ”
” ကျောကုန်းမှာ အခွံပါတဲ့ အကောင်လေးပါ ဆရာမ ”
” ခရုတွေက လမ်းလျှောက်ရင် နှေးသလား.. မြန်သလားကွယ် ”
” နှေးပါတယ် ဆရာမ ”
” ခရုလေးက ခြံတိုင်ထိပ်ကို ရောက်အောင် ဘယ်လိုတက်သလည်းကွယ်”
” ခဏခဏ တက်ရပါတယ် ဆရာမ ”
” မပုကြွယ်က ခရုလေးကို မြင်တော့ ဘာဖြစ်သွားသလည်း ကလေးတို့”
” ခရုလေး ခဏခဏပြန်တက်တာကို အားကျသွားပါတယ် ဆရာမ ”
” ဒါနဲ့ မပုကြွယ်က စာတွေကို ဘယ်လိုကျက်သလည်းကွယ် ”
” ခဏခဏ ကျက်ပါတယ် ဆရာမ”
” ကလေးတို့ကရော စာတွေမရရင် ဘယ်လို ကျက်မလည်း ”
” ခဏခဏကျက်ပါမယ် ဆရာမ ”
” စာရတဲ့ ကလေးတွေကို ဖေဖေ မေမေ ဆရာမတွေက ချစ်လား.. မချစ်ဘူးလား ”
” ချစ်ပါတယ် ဆရာမ ”
” စာတွေတတ်မှ ပညာတတ်ကြီးတွေ ဖြစ်မှာ။ ပညာတတ်ကြီးတွေ တကယ်ဖြစ်ချင်ကြရဲ့လား ”
” တကယ်ဖြစ်ချင်ပါတယ် ဆရာမ ”
” သေခြာရဲ့လားကွ”
” သေခြာပါတယ် ဆရာမ”
” ဒါဆို ပညာတတ်ကြီးဖြစ်အောင် ဘာလုပ်ရမလည်း ”
” စာကြိုးစားရပါ့မယ် ”
” ကဲ.. သားတို့ သမီးတို့ စာတွေ အများကြီးကျက်နိုင်ပြီး ပညာတတ်ကြီးတွေ ဖြစ်ပါစေလို့ အန်တီ ဆုတောင်းပေးပါတယ်ကွယ် ”
” ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ”
” လိမ်မာလှချည်လား။ ကဲ.. လိမ်မာတဲ့ ကလေးတွေအားလုံးကို အန်တီက သကြားလုံး ကျွေးမယ်နော်”
” ဟေး ”
ကလေးများရဲ့ လက်ခုတ်သံတွေက ” ဟေး ” နဲ့ အတူ ဆူညံစွာထွက်ပေါ်လာခဲ့တယ်။ ပုံပြင်လေး တစ်ပုဒ်က အတိုင်အဖောက် ညီညီနဲ့ အောင်မြင်စွာ ပြီးဆုံးသွားတယ်။ ကျွန်မလည်း မကြုံစဖူး အတွေ့အကြုံကြောင့် ပီတိမျက်ရည်ဝဲရပါတယ်။ ဆရာမကြီးက အလှူရှင်တွေ ပုံပြော ကောင်းလို့ ကလေး တွေ တော်တော်အားတက်သွားပြီလို့ အားပေးရှာပါတယ်။ နောက် အလှည့်ကျ ပြောမယ့် ညီမလေးအတန်း ထဲ ၀င်လာချိန်မှာတော့ ကျွန်မစာသင်ခန်း အပြင်ကို အသာ အယာထွက် လာခဲ့ပါ တယ်။
လူရှင်းတဲ့ ထောင့်တစ်ထောင့်မှာ မျက်ဝန်းအစုံက ယိုစိမ့်ကျလာတဲ့ မျက်ရည်စ အချို့ကို လက်ကိုင် ပုဝါ ထောင့်စွန်းနဲ့ တို့သုတ်လိုက် မိပါတယ်။ ပီတိ ဆိုတာ ကိုယ်ကပေးတတ်မှ ပြန်လည်ရနိုင်တာမျိုး ပါလားဆိုတာ ပုံပြောပြရင်း ကလေးတွေဆီက ကျွန်မသင်ယူခွင့်ရ လိုက်ပါပြီ။
ခနနေတော့ အနားရောက်လာတဲ့ ၆နှစ်အရွယ် သမီးငယ်ကို ကောက်ပွေ့ချီလိုက်ရင်း..” သမီး လေး.. ကြီးလာရင် ဘာလုပ်မလည်း ” လို့မေးလိုက်မိတော့..” မေမေ့လို ကန်ဇွန်းရွက် ရောင်းမှာ ” ..တဲ့။ ကျွန်မရင်ထဲ နင့်ကနဲ ဖြစ်သွားရလို့ ကလေးမလေးကို ကျစ်ကျစ်ပါ အောင်ဖက်ထား လိုက်မိပါတယ်။
ပုံပြင်ဆိုတာ လူတွေက မရှိကို အရှိဖန်တီးပြီးပြောထားတဲ့၊ သက်ရှိသက်မဲ့အားလုံး ပါဝင်ခွင့်ရတဲ့ ဒဏ္ဍာရီတွေလို့ ပြောကြပါတယ်။ ကျွန်မကတော့ ကလေးငယ်တွေ အတွက်ပြောပြမယ့် ပုံပြင် မျိုးဆိုရင် လက်တွေ့ ဘ၀နဲ့ ကင်းကွာလွန်းတဲ့ ပုံပြင်မျိုးတွေ မပြော စေ ချင်ပါဘူး။ ကလေးတွေရဲ့ လက် တွေ့ဘ၀တွေနဲ့ အံဝင်ခွင်ကျမယ့် ပုံပြင်လေးတွေသာ သူတို့လေးတွေကို နားထောင်စေချင်မိပါတယ်။ ကလေးတွေရဲ့နုနယ်တဲ့ စိတ်ကလေးတွေကို မဖြစ်နိုင်လောက်တဲ့ မက်လုံးပေးတဲ့ ပုံပြင်တွေနဲ့ တဒင်္ဂလောက်တောင် မဖျားယောင်းချင်ပါဘူးရှင်။
ဘယ်လိုပဲ ဖြစ်ဖြစ် အမှတ်မထင် ဘ၀မှာ ပုံပြောဖြစ်ခဲ့တဲ့ နေ့လေး တစ်နေ့ကိုတော့ ကျွန်မ အမြဲ အမှတ်ရ နေတော့မှာပါ။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment