Thursday, March 25, 2010

ရင်ထဲက အတွေးစများ နဲ့ မိတ်ဆွေဆိုတာ


တစ်နေ့က ချော-အစိမ်းရောင်လွင်ပြင် က ကျွန်မရဲ့ ပို့စ် တစ်ပုဒ်ဖြစ်တဲ့ “ သဘာဝတရား ရဲ့ဟိုး .. အဝေးမှာ” ဆိုတဲ့ ပို့စ်တစ်ပုဒ် တင်ပြီးလို့ သိပ် မကြာခင်မှာပဲ သူကပြောလာတယ်။ “ အစ်မ.. တိုက်ဆိုင်လိုက်တာ.. ဒီပို့စ် လေး ခဏသိမ်းထားပြီး တခြားတစ် ပုဒ်တင်ပါလား။ လာမယ့် မတ်လ ၁၃ရက်နေ့ ညီမရဲ့ ဘလော့ဂ်စတာ ၃လ ပြည့် အထိမ်းအမှတ်အနေနဲ့ အစ်မကို Tag မလို့။ အစ်မအခုတင်တဲ့ပို့စ်လေးဆို ကွက်တိဘဲ။ ညီမကို လည်း တစ်ဦးက “ အတွေး ” နဲ့ပတ်သက် ပြီးTagလုပ်ထားတာ။ အဲ့ဒါကို ပြန်ရေးရင်း ဒီ၃လပြည့်မှာ အမှတ်တရ ဖြစ်အောင် နီးစပ်ရာ မိတ်ဆွေများကို ပြန် Tag လို့မလို့ … .လို့ပြောလာပါတယ်။


ဘလော့ဂ်ဂါတွေနဲ့ Tagဆိုတာနဲ့ ကင်းကွာလို့မရဘူးဆိုတာ ကျွန်မဘလော့ဂ်လေး မစခင် ဟိုးနှစ်တွေ နှစ်တွေ အွန်လိုင်းက ဘလော့ဂ်တွေမှာ စာတွေလိုက်ဖတ်နေချိန်ထဲက သိထားမိ ပါတယ်။ ဒါပေမယ့် နဖူးတွေ့ ဒူးတွေ့ ပထမဆုံး Tagခံရတာတော့ ဒီတစ်ခါ ပထမဆုံးဖြစ်ပြီး ချောရဲ့ ဘလော့ဂ်လေး၃လပြည့်အတွက် ခုလို ရေးခွင့်ရ လိုက်တာ အမှတ်တရပါဘဲ။ ဒါနဲ့ ချောရဲ့ Tag အတွက် ပို့စ်အသစ်လေး တစ်ပုဒ် သေခြာရေးပေးဖို့ ကတိပေး လိုက်ပါတယ်။ ချောက “ ရင်ထဲက အတွေးစ များ ” ဆိုပြီး တစ်ခုခုရေးပါဆိုပြီး ခေါင်းစဉ်လေးကို ဖွင့်ပေးထားတော့ ဒီရက်ပိုင်းမှာ ကျွန်မ အတွေးထဲ အခုတလော မကြာခဏ ရောက်ရောက်နေတဲ့ “ မိတ်ဆွေ ” ဆိုတဲ့ စကားလုံးလေး နှစ်လုံးကို ပြန်သတိရ လိုက်မိပါတယ်။


မိတ်ဆွေ..တဲ့။


စကားလုံးလေးက ၂လုံးပါဘဲ။ အနက်ကတော့ ကျယ်ပြန့်တယ်။ ကျွန်မတို့တွေရဲ့ ဘ၀တွေမှာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အခန်းကဏ္ဍလည်း အရေးကြီးတဲ့ နေရာကနေ တစိတ်တစ်ပိုင်း ပါဝင်ပတ်သက်လို့နေပါတယ်။ သိတတ်တဲ့ အရွယ်ကစလို့ အရွယ် တွေရောက်၊ ကြီးပြင်း လာချိန်၊ ဘ၀နေ၀င်ချိန်ရောက်တဲ့ ကာလတွေအထိ ကျွန်မတို့ရဲ့ ဘ၀တွေ တိုင်းမှာ မိတ်ဆွေတွေ ကိုယ်စီ ကိုယ်ငှ ရှိနေကြတာ၊ ဒီမိတ်ဆွေတွေကလည်း ဘ၀ရဲ့ အစိတ် အပိုင်းတော်တော် များများမှာ ပါဝင်ပတ်သက် နေကြတာကို တွေ့ရပါတယ်။ ငယ်စဉ်ကထဲက သိကျွမ်းခဲ့ရတဲ့ မိတ်ဆွေများရှိသလို အသက်ကြီးပြင်းလာချိန်မှ ထပ်မံသိကျွမ်းခွင့်ရတဲ့ မိတ်ဆွေ တွေ လည်း ရှိနေကြပါတယ်နော်။


အသက်တွေ ကြီးရင့်လာတာနဲ့အမျှ သိကျွမ်းခွင့်ရလာတဲ့ မိတ်ဆွေတွေလည်း တိုးပွားလာမှာ မလွဲပါဘူး။ တချို့က မိတ်ဆွေရင်း မိတ်ဆွေစစ်တွေ ဖြစ်လာတယ်။ တချို့ကြတော့လည်း မိတ်ဆွေစစ် မိတ်ဆွေစစ် အဖြစ်ကိုတောင် မရောက်လိုက်ရပဲ သာမန် မိတ်ဆွေအဆင့်နဲ့ပဲ ကျေနပ် နှစ်သိမ့်လိုက်ရတာမျိုးလည်း ရှိခဲ့ကြမှပါပဲနော်။ တချို့ကြတော့ ဆွေရင်းမျိုးရင်းချာ များထက်တောင် ရင်းနှီးကျွမ်းဝင်သူတွေ ဖြစ်လာခဲ့ကြတယ်။


ရှင်သန်နေထိုင်စဉ် ဘ၀ခရီးလမ်းမှာ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေနဲ့ ကိုယ်တိုင်တွေ့ရှိရဖို့ထက်၊ ကျွန်မတို့ ကိုယ်တိုင်ကရော သူတစ်ပါးအတွက် မိတ်ဆွေစစ် မိတ်ဆွေမှန်ဖြစ်ခွင့်ရဖို့ ဘယ် လောက်များ အားထုတ်ခဲ့ ကြပြီးပြီလည်း။ မိတ်ဆွေဆိုတာ အမြတ် ထုတ်ဖို့ ရည်ရွယ်ချက် လုံးဝ မထားပဲ ကျွန်မတို့ဆီကို အသော့ပြေးလာပြီး ကူညီ တတ်ကြသူမျိုးပါ။


တခါတရံ မိတ်ဆွေတွေကြားမှာ ဘာမဟုတ်တာလေးနဲ့ နားလည်မှုလွဲ အထင်အမြင် လွဲမှား တာမျိုးကြောင့် ခင်မင်မှုတွေ ပျက်စီး သွားတတ် ကြတယ်။ မိမိရဲ့ မိတ်ဆွေတွေကို သံသယ အကျိုးခံစားခွင့်လေးတော့ ပေးသင့်တယ်လို့ ကျွန်မတော့ထင်မိတယ်။ ဘယ်လို အထင်မြင်လွဲမှု မျိုးကိုမဆို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း ဖြေရှင်းသင့်တယ်။ အဲ့ဒီလိုမှ မဟုတ်ပဲ စိတ်ထဲကြိတ်ပြီး နေမယ်ဆိုရင် တော့ မိတ်ဆွေကောင်း တစ်ဦးကို နှမြောတသစွာနဲ့ အနှေးနဲ့ အမြန် လက်လွတ်ဆုံးရှုံးရမှာ အသေအခြာပါဘဲ။ ခွင့်လွှတ်လို့ရတဲ့ မိတ်ဆွေတွေရဲ့ ချို့ယွင်း ချက်တွေကို တတ်နိုင်သလောက် လျစ်လျုရှုမေးလိုက်တာဟာ ကျွန်မတို့ကိုယ်တိုင် လုပ်ယူ လို့ရနိုင်တဲ့ အထူးအခွင့်အရေး တစ်ရပ်ပါ။


မိတ်ဆွေတွေနဲ့၊ သူတို့ရဲ့မိသားစုတွေနဲ့လည်း ရံဖန်ရံခါ တွေ့ဆုံသင့်တယ်။ မိတ်ဆွေတွေ ရဲ့မွေးနေ့တွေကို နေ့စွဲအလိုက် မှတ်သား ထားတာ လည်း ကောင်းမွန်တဲ့ အလေ့အကျင့်လေးပါပဲ။ ကိုယ်တိုင်လည်း မွေးနေ့မနက်ခင်း တွေမှာ မိတ်ဆွေတွေဆီက မွေးနေ့နှုတ် ခွန်းဆက် စကားလေး တွေများ ကြားလိုက်ရရင် လှိုက်လှိုက်လှဲလှဲ ၀မ်းသာမှုနဲ့အတူ သူနဲ့ကိုယ့်အကြား ရင်းနှီးမှု ကြိုးတစ်ချောင်းကို ထပ်မံ ချည်နှောင်မိလိုက် သလိုပါဘဲ။ ကျွန်မရဲ့ စားပွဲတင် ပြက္ခဒိန်လေး မှာတော့ လအလိုက် မိတ်ဆွေများရဲ့ မွေးနေ့တွေကို သေသေ ချာချာမှတ်သားထားတယ်။ လတစ်လရဲ့ ပထမဆုံး နေ့ရက်ရောက်ပြီဆိုရင် ဒီလမှာ ဘယ်သူတွေရဲ့ မွေးနေ့တွေရှိတယ် ဆိုတာ အလိုလို ဂရုပြုမိနေတတ်ပြီ။


မိတ်ဆွေတွေဆီက ကောင်းမွန်သောအရာတွေ မျှဝေပေးမှုကိုလည်း လက်ခံရတတ်တယ်။ တကယ်တော့ တန်ဘိုးကြီး စရာမလိုပါဘူး။ စာအုပ်ကောင်း ကောင်းလေးတစ်အုပ်ရဲ့ ခေါင်းစဉ် လေးပဲဖြစ်ဖြစ်၊ ၀က်ဘ်ဆိုက် လိပ်စာလေးတစ်ခုပဲဖြစ်ဖြစ်၊ သီချင်းကောင်းလေး တစ်ပုဒ် ပေးနား ထောင်တာမျိုး ပဲဖြစ်ဖြစ်၊ နှစ်သက်ရာ လေးတွေကို ဖလှယ်နိုင်ကြတာပဲနော်။ တချိန်ထဲမှာ မိတ်ဆွေအတွက် မသင့် တော်မယ့် ကိစ္စမျိုး၊ အခက်အခဲ အကြပ်အတည်း တွေကို အတတ်နိုင်ဆုံး ၀ိုင်းဝန်းဖြေရှင်းတာကလည်း မိတ်ကောင်းဆွေကောင်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ မွန်မြတ်တဲ့ စိတ်ထားလေးတွေ ပါဘဲနော်။


အခါအခွင့်သင့်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အားလပ်ရက်တွေကို ညှိနှိုင်းပြီး ပျော်စရာ အချိန် တွေကို အတူမျှဝေ ခံစားသင့်တယ်။ တကယ်တော့ ဘ၀ဆိုတာ ကြွေလွယ် ပျက်လွယ်ရှိလွန်းတယ်လေ။ ဘယ်သူကအရင် ဘ၀နေ၀င်ချိန်တွေကို ရင်ဆိုင်ပြီး လက်ပြနှုတ် ဆက်သွား မယ်ဆိုတာ ကြိုတင် မသိနိုင် ကြဘူးနော်။ ကျွန်မတို့ ကိုယ်တိုင်က မိတ်ဆွေတွေ အတွက် မီးတုတ်ပမာ ဖြစ်နေ သင့်တယ်။ မိတ်ဆွေတွေရဲ့ စိတ်ဓာတ် တွေကို ခွန်အားရှိစေမယ့် မီးတို့ညှိပေးရမယ်။ သူတို့ မြူးတူးတက်ကြွလာပြီး ကောင်းမွန်တဲ့ လုပ်ရပ်တွေမှာ ထူးချွန် ပြောင်မြောက်လာစေဖို့ မိတ်ဆွေ အချင်းချင်းကပဲ လှုံ့ဆော်မှု အပေးနိုင်ဆုံးပါနော်။


ကျွန်မတို့တွေ တစ်နှစ်ထက်နှစ် အသက်အရွယ်တွေ ကြီးရင့်လာတာနဲ့ အမျှ မိတ်ဆွေ အပေါင်းအသင်း တွေကိုလည်း တစ်ယောက်ပြီး တစ်ယောက် ဆုံးရှုံးလာကြရဦးမှာပါဘဲ။ တချို့က သေဆုံးကုန်မယ်။ တချို့က ရေကြည်ရာ မြက်နုရာကို ထွက်ခွာသွားကြမယ်။ ကိုယ်နဲ့ တစ်မြေတည်း တစ်ရေထဲ မှာ ရှိနေသူကြပြန်တော့ ကိုယ့်မိသားစုအရေးနဲ့ကိုယ် ရှုပ်နေကြပြီး အဆက်အသွယ်တွေ တဖြေးဖြေးပြတ် တောက် ကုန်ကြမယ်။ တကယ်တော့ မိတ်ဆွေတွေသာ မရှိခဲ့ရင် ဘ၀မှာ ရပ်တည်ဖို့တောင် မလွယ်လှပါဘူးနော်။ မိတ်ဆွေဆိုတာ အဲ့ဒီလောက်ထိ အရေးပါအရာရောက်နေတာ။


ကဲ.. ကျွန်မရဲ့ အတွေးတွေကို ဆန့်ထုတ်လိုက်တာ တော်တော့ကို ရှည်လျားသွားပြီ။ ညီမချော လည်းကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။


အရာရာတိုင်းဟာ ယာယီသဘောချည်းဆောင်တာပါဘဲ။ ကျွန်မတို့ရဲ့ဘ၀တွေ ဟာလည်း ယာယီတည်မြဲနေကြတာပါ။ ပန်းတွေဟာ ပွင့်တယ်။ ပြီးတော့ ကြွေတယ်။ လောကမှာ ဘယ်အရာမှ မတည်မြဲဘူး။ ကျွန်မတို့ရဲ့ တစ်ခဏတာနေထိုင်ခွင့်ရချိန်လေးမှာ ချစ်မိတ်ဆွေများနဲ့ အဆက် အသွယ် မပြတ်ကြပါနဲ့။ မိတ်ဆွေများနဲ့ နေပျော်ဖွယ်ဘ၀လေးများ အတူတကွ ဖန်တီး တည်ဆောက်ကြပါစို့လားနော်။


:) Let’s keep in touch! :)





ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

0 comments:

Post a Comment