Sunday, March 28, 2010

လူမှန်နေရာမှန်


အဖြစ်က ကျွန်မက စတင်ခဲ့တာပါ။


အဲ့ဒီနေ့က overseas က ရောက်နေတယ်ဆိုတဲ့ ကျွန်မရဲ့ဧည့်သည်နဲ့အတူ customer တစ်ဦးဆီ သွားတွေ့ ပါတယ်။ ကျွန်မရဲ့ ရုံးက ညီမလေး က ကျွန်မအတွက် ဧည့်သည်ရောက်နေစဉ် နေ့စဉ်သွားတွေ့ရမယ့် appointment တွေကို ထောင့်စေ့ အကွက်စေ့ ကြိုတင်တောင်းယူ စီစဉ် ထားပြီး သားပါ။ အဲ့ဒီကအပြန်မှာ နောက် customer တစ်ဦးနဲ့တွေ့ဖို့ appointment လုပ်ထားတဲ့ အချိန်က ၄၅မိနစ် လောက် ကြားမှာ ဟနေ ပါတယ်။ အမှန်က စောစောက တွေ့ခဲ့တဲ့ customer က အရေးပေါ် ကိစ္စနဲ့ အပြင် ထွက်စရာရှိလာတော့ ကျွန်မတို့ကို တောင်းပန်ပြီး စကား စောစောဖြတ် လိုက်လို့ အခုလို ကွက်တိစီစဉ်ထားတဲ့ကြားထဲက အချိန် တွေ ပိုလာရတာပါ။ ကြားထဲမှာ နောက်တစ်ယောက် အစားထိုးသွားတွေ့ ဖို့ကလည်း လွယ်လွယ်ကူကူ မဖြစ်နိုင်၊ ထမင်းစား ပြီးကာစလည်းဖြစ်နေ၊ နောက် appointment တစ်ခု မတိုင်ခင် တခြားဘယ်နေရာမှလည်း မသွားချင်တော့ ဧည့်သည်နဲ့ ကျွန်မ ကားပေါ်မတက်နိုင်သေးပဲ နာရီဝက်လောက် အချိန်ကို ဘယ်နားမှာ သွားဖြုန်းရင် ကောင်းမလည်း တိုင်ပင်ကြ ပါတယ်။ နောက်ဆုံး ကျွန်မကပဲ လွယ်လွယ်ကူကူနဲ့ မျက်စောင်းထိုး တဖက်လမ်းမှာရှိနေတဲ့ နာမည်ကြီး စူပါမားကက်မှာ တပေါင်းနွေရဲ့ အပူရှိန်ကို ခဏ ၀င်ခုခံဖို့ ဆုံးဖြတ်လိုက် ပါတယ်။


Shopping ထွက်ဖို့ အစထဲက အစီအစဉ်မရှိလေတော့ ကျွန်မတို့ အပေါ်ထပ်တောင် မတက်တော့ပဲ အောက်ထပ်မှာပဲ window shopping လုပ်နေမိပါတယ်။ ဧည့်သည်က အအေးဗူးတွေထားတဲ့ ကောင်တာနား ရောက်တော့ သူ့တို့တိုင်းပြည်က ဈေးနှုန်းနဲ့ ကျွန်မတို့ဆီက ဈေးနှုန်း သိပ်ကွာခြားမှု ရှိမရှိ တွက်ပြပါတယ်။ နောက် အသီးအနှံတွေ၊ ကြက်ဥတွေထားတဲ့ ကောင်တာနား ရောက်တော့ သူတို့ဆီက ကြက်ဥ အခွံတွေက ဒီမှာလို မဟုတ်ပဲ အရောင်က ဖြူဖွေးနေတယ်လို့ ပြောပြပါတယ်။ တကယ်တော့ ကျွန်မတို့ဟာ ရည်ရွယ်ချက်မရှိပဲ အချိန်ခဏဖြုန်းယုံ ဒီကိုရောက် လာလေတော့ ဟိုကြည့်သည်ကြည့်နဲ့ စိတ်ထဲမြင်ရာ တွေ့ရာ တွေကို ပြောနေမိကြတာပါ။


အဲ့ဒီအချိန်မှာ ကျွန်မက Name Card ထည့်ဖို့ Card Holder တစ်ခုဝယ်ဖို့ သတိရလိုက်မိပါတယ်။ ဒါနဲ့ပဲ စာရေးကရိယာရောင်း တဲ့ ကောင်တာ ဘက်ကို ဧည့်သည်နဲ့အတူ ဦးတည်လာခဲ့မိပါတယ်။ အဲ့ဒီမှာ ပြဿနာက စတော့တာပါဘဲ။ ပစ္စည်းတင်တဲ့ဆင့် တွေတစ်ခုနဲ့ နောက်ဆင့်တစ်ခုကြား လူသွားလမ်းလေးတွေက ကျဉ်းလွန်းလှပါတယ်။ ပုခုံးလေးကျုံ့ ကိုယ်လေးကိုယို့လို့ တစ်ဦးနဲ့ တစ်ဦးပွတ်ကာရှောင်ကာ သွားရပါတယ်။ အဲ့ဒီမှာ တဖက်က စာရေးကရိယာပစ္စည်းတွေထားတဲ့ အခြမ်းဖက်ကိုအကူး၊ မျက်နှာချင်းဆိုင်ကလာတဲ့ အဖွားကိုလမ်းဖယ်အပေး၊ ကျွန်မလွယ်ထားတဲ့ ဆလင်းဘက်ဂ်အိတ်က စင်အစွန်းမှာ တင်ထားတဲ့ ကြွေထည် စုံတွဲမတ်ခွက်၂လုံးနဲ့ ငြိမိပြီး ၂လုံးစလုံး ခွပ်ကနဲ ကျကွဲပါတော့တယ်။ အနောက်က ကပ်ပါလာတဲ့ ကျွန်မရဲ့ ဧည့်သည် လည်း ” အိုးမိုင်ဂေါ့ဒ် ” အော်ပြီး ကျွန်မကို ပြူးကြည့်ပါတယ်။ ကျွန်မက “ငါတော့ထီပေါက်ပြီဟေ့ ” လို့ ပြော လိုက်မိတယ်။


ဧည့်သည်ရှေ့မှာမှ ဒီလိုဖြစ်ရလို့ ကျွန်မရုတ်တရက် ထူပူသွားမိပါတယ်။ ကျွန်မ ကြွေမတ်ခွက်အပဲ့၂လုံးကို လက်က ကိုင်လို့ ငွေရှင်းကောင်တာကို ထွက်လာခဲ့ပါတယ်။ ဧည့်သည်က “ သူတို့နေရာထားတာလွဲမှားနေတယ်။ ဒီလို ကွဲရှတတ်တဲ့ ပစ္စည်း မျိုးဆိုတာ အစွန်အဖျားနေရာတွေမှာ မထား သင့်ဘူး။ အတွင်းဖက်မှာ၊ အလယ်နေရာမှာ ထားသင့်တယ်။ မင်း ၀င်မတိုက်မိလည်း တခြား တစ်ယောက်က ၀င်တိုက်မိမှာဘဲ ။ ငါပြောရဲတယ်.. ဟိုမှာကျန်ခဲ့တဲ့ ဖန်ထည်ငန်းရုပ်၂ကောင်လည်း သိပ်မကြာ ခင်ကျကွဲ လိမ့်မယ် ” လို့ ကျွန်မအနောက်က လိုက်ပါ လာရင်းနဲ့ပြောနေပါတယ်။ ကျွန်မက “ မဟုတ်ဘူး။ ငါကိုယ်တိုင်ကိုက အမှုမဲ့ အမှတ်မဲ့မို့ ဖြစ်ရတာပါ” လို့ ခပ်ရှက်ရှက်နဲ့ ပြောနေမိတာ။ အဲ့ဒီကောင်တာရဲ့ တာဝန်ကျ အရောင်း မိန်းကလေး ကတော့ ကျွန်မတို့ နောက်က ထပ်ချပ်မကွာပါလာတယ်။


အမှန်က ကျွန်မက ဒီမတ်ခွက်၂လုံးရဲ့ ကျသင့်တန်ဖိုးကို ပေးချေဖို့ ငွေရှင်းကောင်တာကို ထွက်လာခဲ့တာပါ။ ဒါပေမယ့် ဖြစ်ချင် တော့ ကောင်တာ ပေါ်မှာ မတ်ခွက်အကွဲ၂လုံးကို တင်လည်းတင်လိုက်ရော ငွေကိုင် မိန်းကလေးဆီက “ ဟင်.. ထပ်ဖြစ်ပြန်ပြီလား ” ဆိုပြီး အရောင်းတာဝန်ခံ မိန်းကလေးကို လှမ်းမေးလိုက်တာကို မထင်မှတ်ပဲ ကျွန်မကြားလိုက်ရပါတယ်။ ဒါနဲ့ ကျွန်မလည်း “ ဒီလိုကွဲဘူးတယ်ပေါ့.. ဒါဆို ” လို့ မေးခွန်း ချက်ချင်း ထုတ်လိုက်မိပါတယ်။ တာဝန်ခံ မိန်းကလေးရော၊ ငွေကိုင်မိန်းကလေးပါ မျက်နှာမကောင်းလျှက်က ကျွန်မမေးခွန်း အပေါ်မှာ နှုတ်ဆိတ် နေ ကြပါတယ်။


ဒါနဲ့ကျွန်မက မန်နေဂျာကို ဆက်သွယ်လို့ရမယ့် ဖုန်းရှိလားလို့ မေးလိုက်တော့ ငွေကိုင်မိန်းကလေးက “ အစ်မက မန်နေဂျာကို ဖုန်းဆက်ပြီး ငွေမရှင်းနိုင်ဘူးပြောရင် မန်နေဂျာက အစ်မတို့ကိုတော့ ဘာမှပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကွဲသွားတဲ့ ပစ္စည်း တန်ဖိုးကို လိုင်းတာဝန်ခံက ဆိုက်လျော်ရမှာ ” လို့ တာဝန်ခံကောင်မလေးကို မေးကလေးထိုးလို့ မျက်နှာငယ်ငယ်လေးနဲ့ ပြောလာပါတယ်။ တာဝန်ခံ ကလေးမကလည်း ခေါင်းပင်မဖော်၊ ကြွေပြားခင်းကြမ်းပြင်ကိုသာ သည်းသည်းမည်းမည်းကြည့်လို့။


ဒါနဲ့ ကျွန်မလည်း ငါးခူပြုံးလေးပြုံးမိလျှက်က ..


” ဒီမှာညီမ။ အစ်မက ကျသင့်တဲ့ တန်ဖိုးငွေ အားလုံးကို အခုပဲပေးမှာပါ ။ ဒါပေမယ့် မန်နေဂျာကိုတော့ ပြောချင်တာလေးရှိ နေမိလို့ပါ။ အိုကေ.. ဒါပေမယ့် အစ်မမှာ ဧည့်သည်လည်း ပါနေတော့ အစ်မ မပြောတော့ပါဘူး။ ဒါပေမယ့် ဒီကြွေထည် ဖန်ထည်ပစ္စည်းတွေဟာ ညီမတို့ အခုထား ထားတဲ့ ထောင့်စွန်းနေရာနဲ့ လုံးဝမှ မသင့်တော်လို့ နေရာရွှေ့ထားဖို့တော့ ညီမတို့ကိုပဲ ပြောခဲ့ချင်ပါတယ်။ မဟုတ်ရင် နောက်လူတွေလည်း အစ်မလိုပဲ အလားတူကြုံနေရမှာမို့လို့ပါ “


ဒီတော့မှ ကောင်မလေး၂ယောက်လုံး စိတ်သက်သာရာရသွားပုံနဲ့ ” ဟုတ်ကဲ့.. စိတ်ချပါ အစ်မ “လို့ ပြိုင်တူပြောပါတယ်။ ကျသင့်ငွေရှင်းပြီး ကျွန်မ တို့ထွက်လာတော့ လမ်းမှာ ဧည့်သည်က ” သူတို့ကို ဘာတွေပြောခဲ့တာလည်း ” လို့ မေးလာပါတယ်။ ကျွန်မက ” မန်နေဂျာနဲ့ ဖုန်းပြောခွင့် တောင်း တာပါ။ ဒါပေမယ့် ငါမပြောချင်တော့ပါဘူး ” လို့ပြောလိုက်တော့ ဧည့်သည်က သိချင်စိတ် မကုန်သေးပုံနဲ့ ” မန်နေဂျာကိုသာ ပြောခွင့်ရရင် မင်း ဘာပြောမလည်းလို့ သိချင်တယ် ” ဆို မေးလာပါတယ်။



ကျွန်မ မန်နေဂျာကို ပြောမယ့်စကား သူ့ကိုပြောပြလိုက်တော့ သူက သိပ်မှန်တာပေါ့လို့ ပြောရင်း ပြုံးလျှက်က ကျွန်မကို လက်မနှစ်ချောင်း ထောင်ပြ လိုက်ပါတယ်။ ကျွန်မပြောလိုက်တာကတော့ ..


” မင်းရဲ့ Super Market မှာ ပစ္စည်းတွေရော ၀န်ထမ်းတွေပါ နေရာလွဲနေတယ်။ သူတို့ကို သူတို့နဲ့ လိုက်လျှောညီထွေ ရှိမယ့် နေရာတွေမှာ မှန်မှန်ကန်ကန် နေရာချပေးဖို့ စီစဉ်သင့်တယ် “


ဒါလေးက နမူနာလေးတစ်ခုပါဘဲ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း အခုလို နေရာလွဲမှားနေတဲ့ အရာတွေ တပုံကြီးပါဘဲ။ နေရာတွေလွဲမှားနေတော့ အံဝင်ခွင်ကျမဖြစ်၊ အံဝင်ခွင်ကျမဖြစ်တော့ ဘယ်လောက်ပဲ ကောင်းတာတွေ လုပ်ပြလုပ်ပြ အရာ မထင်တော့ပါဘူး။ အရည်အသွေးတွေကလည်း လက်ရှိထက် ပိုထူးပြီးထွက်မလာတော့ပါဘူး။ ဒီတော့ သက်ရှိပဲဖြစ်ဖြစ် သက်မဲ့ ပဲဖြစ်ဖြစ် အံဝင်ခွင်ကြ လူမှန်နေရာမှန်ရှိနေကြရင် မကောင်း ပါလားရှင်။


ကျွန်မကတော့ အခါအခွင့်သင့်ရင် နောက်ထပ် တစ်ကြိမ် ဒီ Super Marketရဲ့ ကြွေထည်၊ ဖန်ထည် ပစ္စည်း အရောင်း ကောင်တာ ကို ဘာတွေများ အပြောင်းအလဲလေးတွေ လုပ်ထားပြီလည်းလို့ သွားရောက်ကြည့်ရှုချင်မိပါရဲ့။











ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

0 comments:

Post a Comment