Wednesday, March 10, 2010

အကောင်းမြင်စိတ်


Mylovecafe လေးပုံမှန် ပြန်လည် လည်ပတ်နေပြီ။ မြသွေးနီလည်း နေရထိုင်ရတာ အရင် တစ်ပါတ်က လိုမဟုတ်။ တော်တော်လေး နေရထိုင်ရတာ အဆင်ပြေနေပြီ။ မဟုတ်ရင် လူက စိတ်နဲ့ ကိုယ်မကပ်။ Mylovecafe Admin လည်း တော်တော် ပင်ပမ်းသွားလောက်ပြီ၊ ကျွန်မ တို့ users တွေသာမက readers တွေပါ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီ။ Mylovecafe ဆိုက်ကို ၀င်လို့အဆင်မပြေဖြစ်ချိန်မှ ဒီဆိုက်လေးဟာ ကျွန်မဘ၀ရဲ့ တစိတ်တစ်ပိုင်း ဖြစ်နေ တာကို အံ့သြ စဖွယ် ခံစားသိလိုက်ရတယ်။


စာရေးဖို့လည်း မုဒ်ကဘယ်လိုမှမ၀င်။ စာတွေလည်း မရေး ဖြစ်တဲ့ အချိန်ကြ စိတ်တွေက ဟိုတွေး ဒီတွေးနဲ့။ ဒါနဲ့ နောက်ဆုံး စာရေးလို့မရပေမယ့် ငါစာတွေဖတ်ဘို့ အချိန်ရနေတာပဲ လို့စိတ်ကို စာအုပ်တွေစီ ပြန်လှည့် လိုက်တော့ တော်တော် လေး နေလို့ ကောင်းသွားတယ်။ ကျွန်မဆိုက်လေးစကထဲက အပြင်စာအုပ်တွေ သိပ်မဖတ် ဖြစ်တော့ ဘဲ စာတွေဘဲရေး ဖြစ် နေတာ။ ခုလို အချိန်မှာ ဘာမှ လုပ်မရမယ့် အတူတူ အကြွေးပုံ နေတဲ့ ဖတ်စရာ စာအုပ် တွေ ဖိဖတ် ပစ်လိုက်တယ်။

ဒီအချိန်မှာ အကြောင်း ရာလေး ၂ခုကို တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ ဖတ်မိလိုက်ပြီး လောလော ဆည် အဆင်မပြေ တွန့်ကြေနေတဲ့ ကျွန်မရဲ့ စိတ်ကို ပြန်လည် ဆွဲဆန့် သွားစေမိတယ်။ ကျွန်မ Mylovecafe ပြန်ကောင်းလာတဲ့ အထိ စိတ်ရှည်ရှည်နဲ့ စောင့်မယ်။ အဆင်မပြေ တဲ့ အခိုက်အ တန့်မှာ ဟိုးတုန်းက အချိန်မရလို့ မဖတ်နိုင်တဲ့ စာအကြွေးတွေ ဖတ်လို့ ရနိုင်သလောက် ကျွန်မ ဖတ်မယ်။ စာတွေဖတ်ဘို့ အချိန်တွေ ဖန်တီးပေးလာတာပဲ။ ဒီလို ဆုံးဖြတ်ပြီးလိုက်တာနဲ့ ကျွန်မ ခေါင်းတစ်ခုလုံး ပေါ့ပါးသွား တော့တယ်။

ကဲ.. ကျွန်မဖတ်ဖြစ်တဲ့ အကြောင်းအရာလေး ၂ခုကို မျှဝေကြည့် ရအောင်နော်..။


ပထမ တစ်ခုက …


အဘိုးကြီး တစ်ယောက်မှာ သမီး၂ယောက်ရှိတယ်တဲ့။ သမီးကြီးက ထီးရောင်းတဲ့ ထီးဆိုင် ပိုင်ရှင် နဲ့ အိမ်ထောင်ကျတယ်တဲ့။ သမီးငယ်က ဆေးဆိုးပန်းရိုက် အလုပ်ရုံတစ်ရုံ ထူထောင် လုပ် ကိုင် နေသတဲ့။ အဘိုးကြီးက နေသာတဲ့ ရာသီနေ့တွေမှာ သမီးကြီးရဲ့ ထီးဆိုင် မရောင်း ရမှာ စိုးရိမ် နေသတဲ့။ မိုးရွာတဲ့ နေ့များမှာတော့ သမီးငယ်ရဲ့ ဆေးဆိုးပန်းရိုက်ထည် တွေ နေမလှန်းရလို့ မခြောက်မှာ စိုးရိမ်နေပြန်သတဲ့။ ဒီလိုနဲ့ နေ့စဉ် သမီးတွေရဲ့ အလုပ်အဆင် မပြေမှာကို တွေးပူပြီး သောကရောက်နေသတဲ့။ ရက်လတွေကြာလာတော့ အဘိုးကြီးလည်း ဒီသောကတွေနဲ့ ကျန်းမာ ရေး ချူခြာလာတော့တယ်။ အတွင်း သိမိတ်ဆွေကောင်း တစ်ဦးက ဒီလိုပြောတယ်။


“ မိတ်ဆွေကြီး.. ခင်ဗျားကတော့ သိပ်ကံကောင်းတယ်ဗျာ.. မိုးရွာရင် ခင်ဗျား သမီးကြီးရဲ့ ထီး ဆိုင်မှာ လူစည်ကားတယ်ဗျာ။ နေပူပြန်တော့ ခင်ဗျား သမီးငယ်ရဲ့ ဆေးဆိုးပန်းရိုက် ထည်တွေ ရောင်းကောင်းပြန်ရော။ ဘယ်နေ့ မဆိုခင်ဗျား သတင်းကောင်းတွေ ကြားနေ ရတာချည်းပါလား “


ဒီစကားလည်း အဘိုးကြီးကြားရော “ ဟုတ်သားပဲ.. ငါ ဘာလို့ အစက ဒီလို မတွေးတောမိပါလိမ့် “ လို့လည်း စဉ်းစားလိုက်မိရော ပူပင်သောက စိုးရိမ်ကြောင့်ကြမှု မရှိတော့ပဲ အမြင်တွေပြောင်း သွားတဲ့ အတွက် ချို့ယွင်းစပြုနေတဲ့ ကျန်းမာရေးလည်း တစ်စစ နဲ့ ပြန်ကောင်းလာခဲ့တယ်။


တကယ်တော့ ရာသီဥတုကလည်း ဒီအတိုင်းပဲ။ အရောင်းအ၀ယ်ကလည်း ပုံမှန်ပါပဲ။ အဘိုးကြီးရဲ့ စိတ်သဘောထားပြောင်းလည်းသွားမှုပေါ်မှာ အကျိုး သက်ရောက်မှုတွေလည်း ပြောင်းလည်း သွားရတာပါ။


ဒုတိယ ဖတ်ဖြစ်တဲ့ တစ်ပုဒ်ကတော့ …


စိတ်ဓာတ်အကျကြီးကျနေတဲ့ မိန်းမငယ်တစ်ယောက်။ မြစ်ထဲဆင်းပြီး ကိုယ့်ကိုယ်ကို သတ်သေ ဘို့ လုပ်တယ်။ သမ္ဗာန်သမား အဘိုးကြီးက တွေ့လို့ ကယ်လိုက်တယ်။


“ ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြောင်းကြံချင်ရတာလည်း “ လို့ သမ္ဗာန်သမား အဘိုးကြီး က မေးလိုက်တယ်။ မိန်းကလေးက ငိုပြီးပြောလေတယ်။


“ လက်ထပ်ပြီး ၂နှစ်အကြာမှာ ယောကျာ်းကဆုံးတယ်။ ယောကျာ်းဆုံးပြီး မကြာဘူး သားက လည်း ဆုံးရှာတယ်။ ကျွန်မ ဘ၀မှာ ရှင်သန်နေရလည်း ဘာများထူးပါဦး မလည်းရှင် “ ..လို့ ပြောတယ်။


ဒီတော့ သမ္ဗာန်သမား အဘိုးကြီးကမေးတယ်။


“ လွန်ခဲ့တဲ့ ၂နှစ်မတိုင်မီက ညည်းဘယ်လို နေခဲ့လည်း “


ဒီတော့ မိန်းမငယ်က..


“ အဲ့ဒီတုန်းက ကျွန်မ လွတ်လွတ်လပ်လပ်နဲ့ အချုပ်အချယ်မရှိ အပူပင်မရှိနေခဲ့ပါတယ် “


“ အဲ့ဒီတုန်းက ညည်းမှာ လင်တွေ သားတွေရော ရှိနေပြီလား “


“ မရှိသေးပါဘူး “


“ ဒါဆိုရင် ကံကြမ္မာဆိုတဲ့ လှေငယ်က ညည်းကို အတိတ် ၂နှစ်ဆီ ပြန်ခေါ်သွားတာပဲ။ ခုဆို ညည်း လွတ်လွတ်လပ်လပ် အချုပ်အချယ် ကင်းကင်းနဲ့ ပူပင်သောက ဖြစ်စရာ မရှိတော့ ဘူးပေါ့ “


မိန်းကလေးလည်း သမ္ဗာန်သမား အဘိုးကြီးစကားကြားလိုက်ရတော့ စိတ်ထဲမှာ ရှင်လမ်း တစ် သွယ်ကို ဘွားကနဲ မြင်လိုက်ရသလိုပဲ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကမ်းပေါ်ခုန်တက်လို့ အဘိုးအိုကို နှုတ်ဆက်ပြီး ထွက်ခွာသွားလေတော့တယ်။


ဒီစာ၂ပုဒ်ကို ဖတ်ပြီးတော့ ကျွန်မသိလိုက်ရတာက အကောင်းမြင်တတ် တဲ့ သူတစ်ယောက်ဟာ ဘ၀မှာတွေ့ ကြုံလာတဲ့ အခက်အခဲ အနိုင်အရှုံး အပြုံး အမဲ့တွေကို ကိုယ်တိုင်ရင်ဆိုင်ရတိုင်း အကောင်း မြင်စိတ်လေး တွေနဲ့ ဖြည့်တွေးကြည့်မယ်ဆိုရင် ဘ၀ဟာနေပျော်လာမှာပါ ။ ဘ၀ ဆို တာ တကယ်တော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက အလွှာပါး လေး တစ်လွှာပါဘဲ။ ဒီအလွှာ လေးကို မပေါက်မပြဲ၊ မစွန်းမထင်းအောင် ကြိုး စားသူက ကြိုးစားကြ၊ ပေါက်ပြဲစွန်းထင်း သူတွေကလည်းဖာထေး လျှော်ဖွတ်ကြနဲ့ပဲ အချိန်တွေ တစ်ရွေ့ရွေ့ကုန် ဆုံးရင်း ရှင်သန်နေ ထိုင်နေကြရတာပါဘဲ နော် ။ ဘ၀ဆိုတာ ရှင်သန်နေသရွေ့ အခွင့်အရေးတွေ ရှိနေတတ် တာမျိုး ပါ။ အကောင်းမြင်စိတ်လေးနဲ့ ကြည့်ပြီး ဘ၀ကို ပျော်ရွှင်စွာ တည်ဆောက် ကြ ပါစို့လားရှင်။


ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

1 comments:

Amie said...

yes , optimism is absolutely necessary for us...good examples .. thanks ..

Post a Comment