Wednesday, March 10, 2010

ဖိနပ်လေးတစ်ရံ


အမေက “ ဘိုးထွန်း ..သားကို ခေါ်နေသံကြားလိုက်တယ်။ သွားလိုက်ပါဦး သားရယ်.. “ ဆိုလို့ ကျွန်တော် တစ်ဖက်ခြံထဲကို သွားနေကြ ခွေးတိုး ပေါက်ကနေ ငုံ့ဝင်ခဲ့တယ်။





……000_000…….






ကျွန်တော်စဉ်းစားမိတယ်။ ဘိုးထွန်းက ဘာလို့ ဒီအိမ်လေးမှာ တစ်ယောက်ထဲ နေနေရ တာလည်း။ ဘိုးထွန်း ရဲ့ သားသမီးတွေက ဘာလို့များ ဘိုးထွန်းကို တစ်ယောက်ထဲ နေနေစေ ရတာလည်း။ ဘိုးထွန်းရဲ့ နံဘေးမှာ ဘာလို့ သူ့သားသမီးတွေမရှိဘဲ နီမတို့ ငညိုတို့လို့ ခွေးမိသားစုတွေပဲ ရှိနေရတာလည်း။ မေမေက စပ်စုတာ မကြိုက်လို့ ဘိုးထွန်း အကြောင်းကို ကျွန်တော် ဘာမှသိပ်မ မေး မိပါဘူး။ ဒါပေမယ့် ဘိုးထွန်းကို သနားစိတ်နဲ့ ဒီလိုတော့ မကြာမကြာ တွေးမိပါတယ်။


ဘိုးထွန်းအိမ်လေးက ဘိုးထွန်းလိုပါဘဲ။ ယိုင်နဲ့နေပြီ။ အိုဟောင်းနေပြီ။ ထိမ်းသိမ်းပြုပြင် စောင့်ရှောက်မယ့်သူ မဲ့နေပြီ။ အထီးကျန် ဆန်လွန်းနေပြီ။ မေမေကပြောတော့ ဘိုးထွန်းကိုယ်တိုင်က သားသမီးတွေနဲ့ အတူသွား မနေချင်တာတဲ့။ အဘွားခေါင်းချ သွားတဲ့ ဒီအိမ်လေးကို သူမစွန့်ခွာနိုင် ဘူးတဲ့။ ကျွန်တော့ အမြင်တော့ ဒီလောက် အိုမင်းဟောင်းနွမ်းနေတဲ့ အိမ်လေး ကို ဘာမှ မစွန့်ပစ်စ ရာ အကြောင်း မရှိလို့ထင်မိတာပါဘဲ။


“ သူ့အိမ်လေး ပြူတင်းပေါက်ဘောင်တွေ ပဲ့ကျနေတာ၊ အိမ်ရှေ့ရေတံလျှောက် အမှိုက်တွေ ဆို့နေတာ၊ ရေတွင်းလေးမှာ ရေညှိ တွေ အထပ်ထပ် တက်နေတာ သူ့အတွက်ပြသနာ မဟုတ်ဘူး။ သရက်ပင်အိုကြား လေတိုးသံကိုလည်း သူစွန့်နိုင်မှာ မဟုတ်ဘူး၊ သူမွေးထားတဲ့ ခွေးမိသားစုကိုလည်း သူသံယောဇဉ် ဖြတ်နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်း သိလား။ နေရာဟောင်းမှာ အတိတ် ကို ပြန်ပြီး စိတ်ကူးယဉ် အိပ်မက်မက်လို့ရတယ်။ နှလုံးသားမှာ စွဲထင်နေတဲ့ အမှတ်တရ မှဲ့ခြောက် လေးတွေရှိနေနိုင်တယ်လေ။ လူအိုတွေရဲ့ စိတ်ဓာတ်နဲ့ ခံစားချက်တွေကို သားကြီးလာရင် တဖြေး ဖြေးနားလည် လာမှာပါ “ လို့ မေမေက ပြောပြ ဘူးတယ်။


ကျွန်တော့ကိုတော့ ဘိုးထွန်းက သံယောဇဉ်ရှိတယ်။ သူ့ရဲ့ ခွေးလေးတွေက ကျွန်တော်နဲ့ ကစားဖော်တွေ။ ငညိုတို့ နီမတို့က မျိုးကောင်းတဲ့ ချင်း ခွေးတွေ။ အမြှီးတဖွားဖွားနဲ့ အရမ်းကို ချစ်ဖို့ကောင်းတာ။ ကျွန်တော်အားရင် ဘိုးထွန်းခြံထဲ ရောက်နေတာ များတယ်။ ဖိုးထွန်းခြံထဲက ဆီးသီးတွေ မာလကာသီးတွေက ချိုမှချို။ ကျွန်တော့ကို ဆီးကိုင်းဆူးမှာစိုးလို့ ဘိုးထွန်းကိုယ် တိုင် တံချူ နဲ့ ချွေချ ခူးပေးတတ်တယ်။ ဘိုးထွန်းတောက်တိုမယ်ရ ခိုင်းစရာရှိရင် ကျွန်တော့ကို ခေါ်ပြီ။ ကျွန်တော်ကလည်း ဖင်ပေါ့ပေါ့ နဲ့ မငြီးမငြူလုပ်ပေးပါတယ်။ မေမေကလည်း ဘိုးထွန်း ကို သနားတယ်။ ဘိုးထွန်း စားဖို့ ဟင်းတစ်ခွက် ချက်ပြီးတိုင်းပို့ခိုင်းတယ်။ ကျွန်တော့ကိုလည်း ဘိုးထွန်းကို တတ်နိုင်သလောက် အကူအညီပေးဖို့ အမြဲမှာပါတယ်။


……000_000…….


ခြံထဲရောက်တော့ သရက်ပင်အောက်က ၀ါးကွက်ပစ်ပေါ်မှာ ဘိုးထွန်းထိုင်နေတယ်။ ထုံးစံ အတိုင်း ငညိုတို့ နီမတို့တတွေက အမြှီးတနှံ့နှံ့နဲ့ ကျွန်တော့ဘေးမှာ ၀ိုင်းနေတယ်။


“ ဘိုးထွန်း.. သားကို ခေါ်တယ်ဆို “


ဘိုးထွန်းက သူ့ရဲ့ရှပ်အိကျီ င်္ရဲ့ အိပ်ကပ်ထဲက ၂၀၀ကျပ်တန် အနွမ်းလေးကို ကျွန်တော့ကို ထုတ်ပေးရင်း..


“ ဟုတ်တယ် လူလေး..။ ဘိုးထွန်း ဖိနပ်ကို လမ်းထိပ်က ဆိုင်မှာသွားချုပ်ပေးပါဦးကွာ။ ပြတ်သွားပြန်ပြီ။ ငါ့ မြေးလည်း အားနာပါရဲ့။ အဘိုးမှာ ဒီဖိနပ် စုတ်လေးပဲ မှေးစီးနေရတာ ”


ဘိုးထွန်းရဲ့ ချုပ်ရာ ဗလပွနဲ့ ဒီရာဘာဖိနပ်စုတ်လေးကို ကျွတ်တော်ပဲ အခါခါ သွားချုပ်ပေးခဲ့ ရတာပါ။


အဲ့ဒီ အချိန်မှာပဲ ခြံရှေ့က ရေချမ်းစင်မှာ လမ်းသွားရင်း သားအဖနှစ်ယောက် နေရိပ်ခို ရေ၀င်သောက်လေတယ်။ ငညိုတို့ အဖွဲ့လည်း တ၀ုတ်ဝုတ် ဟောင်ရင်း ခြံရှေ့ကို ပြေးလေတယ်။ ရေသောက်နေတဲ့ ကောင်လေးက ကျွန်တော်နဲ့ ရွယ်တူ။ သူ့ကျောမှာ လွယ်ထားတဲ့ ကျောပိုးအိတ်လေးက လှလိုက်တာ။ နေရောင်ထဲမှာ နီရဲစိုတောက်ပြီး လှနေလိုက်တာ။ ကောင်လေးက ခွေးတွေကို ချစ်တတ်ပုံရတယ်။ သူလက်ထဲက မုန့်ကို နီမတို့ တစ်သိုက်ကို ချကျွေးနေတယ်။ ကျွန်တော့ မျက်လုံးတွေကတော့ ကောင်လေးရဲ့ ကျောပိုးအိပ်ကနေ ခွာလို့မရတော့ဘူး။ ဒါနဲ့ ကောင်လေးနား ကိုသွားမေးလိုက်မိတယ်။


“ မင်း ကျောပိုးအိတ်လေးက လှလိုက်တာကွာ။ ဘယ်က၀ယ်တာလည်းကွ “


“ ဒီအိတ်လေးက ၃ထောင်ပေးရတယ်။ လမ်းထိပ်က သျှီလာစတိုးဆိုင်က ၀ယ်တာလေ။ အရောင်စုံရှိတယ်ကွ “


ကျွန်တော် ဘိုးထွန်းပေးတဲ့ ငွေနှစ်ရာနဲ့ သတင်းစာနဲ့ထုတ်ထားတဲ့ ဖိနပ်အဟောင်းလေးကို ဆွဲယူပြီး အိမ်ဘက်ကို ပြန်ကူးလာ လိုက်တယ်။ ဘိုးထွန်း က..


“ လူလေး.. မြန်မြန်ပြန်လာနော်။ မင်းပြန်မလာမချင်း ဖိနပ်မပါပဲ ဘိုးထွန်း ဘယ်မှသွားလို့ရမှာ မဟုတ်ဘူးနော် ”


ဘိုးထွန်း အသံက ကျွန်တော့ အနောက်ကလိုက်ပါလာတယ်။ ကျွန်တော့ အာရုံကို အနီရောင် ကျောပိုးအိတ်လေးက စိုးမိုးနေပြီ။ မေမေဆီ ကျွန်တော် သွားလိုက်တယ်။


“ မေမေ.. သား စုထားတဲ့ ၃ထောင်ကို ဝေါ့ကင်းရှူး မ၀ယ်ချင်တော့ဘူး။ လမ်းထိပ် စတိုးဆိုင်က ကျောပိုးအိတ်လေး ၀ယ်ချင်တယ် မေမေ။ ၀ယ်ပါရ စေနော် “


“ ကျောပိုးအိတ်က သားကျောင်းအတွက်တကယ်လိုအပ်တာပဲ။ ၀ယ်ပေါ့သားရဲ့ “


စုထားတဲ့ ငွေ၃ထောင်ကို မေမေထုတ်ပေးတော့ ၀မ်းသာလွန်းလို့ မေမေ့ပါးကို ကျွန်တော် ရွှတ်ကနဲ နမ်းလိုက်မိတယ်။





……000_000…….







ကျွန်တော့ ခြေလှမ်းတွေက သွက်နေတယ်။ ပေါ့ပါးနေတယ်။ ဖိနပ်ချုပ်ဆိုင်မှာ ဘိုးထွန်းဖိနပ် အပ်ထားတုန်း ကျောပိုးအိတ် သွားဝယ်မယ် စိတ်ကူး လိုက်တယ်။ ဖိနပ်ချုပ်ဆိုင်ရောက်တော့ ဖိနပ်ချုပ်သူက သူနဲ့ ရင်းနှီးကျွမ်းဝင် ပြီးသား ဖြစ်နေတဲ့ ဘိုးထွန်းရဲ့ ချုပ် ရာ ဗလပွနဲ့ ဖိနပ် ခေါင်းပြုတ်လေး ကို ကြည့်ပြီး..


“ ဒီ ဖိနပ်က ထပ်ချုပ်လို့ မရတော့ဘူးကွ။ ဒီမှာကြည့်.. အောက်ခံတွေက ပါးလျှပ်နေပြီ။ ချုပ်လည်း ခဏပဲရမှာ။ အသစ်သာ ၀ယ် ခိုင်းလိုက်ပါတော့ကွာ “ လို့ ပြောတယ်။


ကျွန်တော်လည်း ချုပ်မရတဲ့ ဖိနပ်စုတ်လေးကို သတင်းအိတ်လေးနဲ့ ပြန်ထုတ်လိုက်တယ်။ ပြီးတော့ ကျွန်တော့ ခြေလှမ်းတွေက အဓိက ဦးတည်ချက်ဖြစ်တဲ့ ကျောပိုးအိတ်လေးရှိရာ စတိုးဆိုင်ဆီသို့ အမြန်ဦးတည် လိုက်တယ်။


ဆိုင်ရောက်တော့ ကျွန်တော်နှစ်သက်တဲ့ ကျောပိုးအိတ်လေးတွေက အစီအရီချိတ်လို့။ အရောင်အသွေးအစုံအလင်နဲ့ ကြိုက်ရာယူပါလို့ ပြောနေ သလိုလို။ အနီရောင်ကျောပိုး အိတ်လေးကို ခနယူကြည့်မိရင်း။ နောက် ဘယ်အရောင်ယူရင် ကောင်းမလဲလို့ စဉ်း စား ရင်း မျက်လုံးအစုံက ဆိုင်ရဲ့ တစ်ဖက်နံရံက ဖိနပ်ကောင်တာဆီ ရောက်သွားတယ်။


ကျွန်တော့ မျက်လုံးထဲမှာ ခြံထဲက ၀ါးကွက်ပစ်လေးပေါ်မှာ ခြေဗလာနဲ့ ကျွန်တော့ အပြန်ကို စောင့်နေတဲ့ ဘိုးထွန်းရဲ့ မျက်နှာက ပေါ်လာတယ်။ ကျွန်တော့ ခြေထောက်ကို ငုံ့ကြည့် မိ လိုက်တယ်။ အိုး….. ကျွန်တော့ ခြေထောက်အစုံက ဘိုးထွန်းရဲ့ခြေထောက် တွေနဲ့ တူလာသလို ခံစားလာ ရမိတယ်။ ဆိုင်က အစ်မကြီးကို လက်ထဲက ဖိနပ်အဟောင်းကို ပြရင်း ကျွန်တော် လှမ်းမေးလိုက် တယ်။


“ ဒီဖိနပ်နဲ့ ရွယ်တူ သားရေဖိနပ်တစ်ရံကို ဘယ်လောက်ပေးရပါလည်း ခင်ဗျာ “


“ ဘယ်သူ့အတွက် ၀ယ်မလို့လည်း “


“ သားတို့ ဘေးခြံက ဘိုးထွန်းအတွက်ပါ “


“ ဟင်.. ဘိုးထွန်းအတွက်လား။ သူဒီဆိုင်ကို ခဏခဏ လာတတ်တယ်။ လာတိုင်းလည်း ဟောဒီ သားရေ ဖိနပ်လေးကို ကိုင်ကိုင်ကြည့် သွားတတ် တယ်။ ဒီဖိနပ်လေး သူနဲ့ အဆင်ပြေနိုင်တယ် “


“ ဒါဆို.. ဒီဖိနပ်လေးယူမယ်။ ဘယ်လောက်ပါလည်း ခင်ဗျာ“


“ ၂၂၀၀ကျပ် ကျပါတယ် “


ကျွန်တော် ၂၂၀၀ကျပ်တန် သားရေဖိနပ် အသစ်လေးကို ခုနဖိနပ် အဟောင်းထုတ်ထားတဲ့ သတင်းစာ စာရွက်လေးနဲ့ ပြန်ထုတ်ထားလိုက်ပါ တယ်။ ဒီဇိုင်းလှလှလေးနဲ့ အနီရောင် ကျောပိုးအိတ်လေးကို စတိုးဆိုင်ရဲ့ ကောင်တာပေါ်မှာပဲ ၀မ်းနည်းစွာ ထားရစ် ခဲ့ရပါပြီ။ ဒါပေမယ့် ကျွန်တော့ ရင်ထဲ မှာတော့ ထူးဆန်းတဲ့ ခံစားမှုနှစ်ခု တစ်ပြိုင်နက်ထဲ ဖြစ်ပေါ်လို့ နေပါတယ်။ အဲ့ဒါကတော့ ၀မ်းနည်းမှု.. နောက် …၀မ်းသာမှု..။





……000_000…….






ဘိုးထွန်းအိမ်ကိုပြန်အလာ လမ်းမှာ ကျွန်တော် စဉ်းစားလာမိတယ်။ အမေက ပြောဘူးပါတယ်။ ကောင်းကင်ထဲက ကြယ်ပွင့် လေး တွေကို အလင်း ရောင်ထဲကနေ ကြည့်ရတာထက် မှောင်မိုက် တဲ့ နက်ရှိုင်းတဲ့ ချောက်ကမ်းပါး အစွန်းက ကြည့်ရတာ ပိုပြီးတော့ အနှစ်သာရရှိ တယ်တဲ့။ တစ်ခဏသာ ၀မ်းနည်းကြေကွဲမှုတွေ ပြီးဆုံးသွားချိန်မှာတော့ ပျော်ရွှင်မှုကို ကျွန်တော်ရရှိခဲ့ ပါတယ်။


ခြံထဲမှာ ခြေဗလာနဲ့ စောင့်နေရှာတဲ့ ဘိုးထွန်းဆီ ရောက်ချိန်မှာတော့ သတင်းစာနဲ့ အထုတ်ကို လက်ထဲထည့်ပေး လိုက်ရင်း…


“ ဘိုးထွန်းဖိနပ်က စုတ်လွန်းလို့ လုံးဝကို ချုပ်လို့ မရတော့ဘူး။ ရော့.. ဒီအစုတ်ကိုဘဲ သံကြိုးနဲ့တုတ်ပြီး စီးပေတော့ “


..လို့ ကျီဆယ်လိုက်မိတယ်။ ဘိုးထွန်းရဲ့ မှုန်သီတဲ့ မျက်ဝန်းအစုံက ကျွန်တော့စကားကြောင့် မှေးမှိန်မသွားဘဲ ထူးထူးခြားခြား ရွှန်းလက်တောက်ပနေလို့ ကျွန်တော် အံ့သြရပြန်ပါတယ်။


“ အေး.. ဟုတ်တာပေါ့ကွာ။ ဘယ်တတ်နိုင်ပါ့မလည်း။ ဒီအစုတ်လေးကို ကိုယ့်ဟာကိုပဲ ပြုပြင်ယူရမှာဘဲ “


ဘိုးထွန်းက ပြောပြောဆိုဆိုနဲ့ လက်ထဲက အထုတ်ကိုဖွင့်လိုက်လေတယ်။ သားရေစိမ်းနံ့ မွှေးနေတဲ့ ဖိနပ်အသစ်လေးကိုကြည့်ပြီး ဘိုးထွန်း အံ့သြ သွားတယ်။ အရေတွန့်လိတ်နေတဲ့ သူ့ရဲ့ လက်ချောင်းအစုံနဲ့ ဖိနပ် အသစ်လေးကို ယုယုယယ ပွတ်သပ်လေ တယ်။ ဘိုးထွန်းရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တို့စီးကျလာတယ်။


သူက ဘာမပြော ညာမပြော ကျွန်တော့လက်ကို အသာဆွဲယူလို့ သူ့ရဲ့ခြေဗလာနဲ့ပဲ အိမ်ထဲကို ကျွန်တော့ကို ခေါ်လာခဲ့တယ်။ အလို.. ဧည့်ခန်းက စားပွဲအိုလေးပေါ်မှာ ကျွန်တော် သိပ်လိုချင်တဲ့ အနီရောင်ကျောပိုးအိတ်လှလှလေးပါလား ။



“ မင်း.. ခုနထဲက ဒီကျောပိုးအိတ်လေးကို မျက်စိကျနေတာ ဘိုးထွန်း သိသားဘဲ။ အပေးအယူ တစ်ခုတော့လုပ်လိုက်ရတယ်။ ခုန သားအဖဆီက မင်းအတွက် ဒီကျောပိုးအိတ်လေးနဲ့ ဘိုးထွန်းရဲ့ ခွေးပေါက်လေး ၃ကောင်ကို လဲယူလိုက်တာလေ “


ဒီကျောပိုးအိတ်လေး ကျွန်တော့ကိုပေးရဖို့ သူသံယောဇဉ်ကြီးလှတဲ့ ခွေးလေးတွေနဲ့ လဲလှယ် ယူပေးတဲ့ ဘိုးထွန်းရဲ့ ကျွန်တော့ အပေါ်ထားတဲ့ မေတ္တာထုထည် ကို မျက်ဝါးထင်ထင် တွေ့ခွင့်ရ လိုက်ပါပြီ။


ကျွန်တော် ဘိုးထွန်းရဲ့ လည်ပင်းကို အားပါးတရ ဖက်ရင်း ခိုစီးလိုက်မိပါတယ်။ ကျွန်တော် လည်း ဘိုးထွန်းလိုပဲ မျက်ရည်တွေ ကျ နေမိပါပြီ။


ဘိုးထွန်းက ကျွန်တော့် ကျောကုန်းမှာ ကျောပိုးအိတ်အနီလေးကို နေသားတကျဖြစ်အောင် သေခြာ လွယ်ပေးတယ်။ ကျွန်တော် အိမ်ဘက်ကို ခြံစည်းရိုးရဲ့ မလွယ်ပေါက်နေ ဖြတ်လာခဲ့တယ်။


အမေ့ကို ကျွန်တော် အရမ်းကို ကြွားချင်နေမိပြီလေ။




( Mark Hager ရဲ့ The Red Sweater ကို မြသွေးနီို ပြန်လည်ခံစား ရေးဖွဲ့ပါသည်။ )









ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

0 comments:

Post a Comment