
ဒီရက်ပိုင်း နေ့လည်စာ ရုံးမှာ မစားဖြစ်တာ ၄ရက်ရှိနေပြီ။ ပုံမှန်က နေ့လည်စာဆို ရုံးမှာပဲ ထည့်သွားတဲ့ ထမင်း ဘူးကို လုပ်ဖော် ကိုင်ဖက်များနဲ့ အတူ အေးအေးလူလူ စားနေကြ။ ခုတော့ နေ့စဉ် အပြင်က ထမင်း ဆိုင်တွေမှာ လွှေးနေရတာ တယ်မနိပ်လှ။ ဒါပေမယ့် ပြည်ပဧည့်သည် ရောက် နေလေတော့ အလုပ်သဘောအရ စားပေ လေဦးတော့ပေါ့။ ပူပြင်းလှတဲ့ ရာသီဥတုအောက်မှာ ဧည့်သည်နဲ့ အတူ နေ့လည်စာကို ဘာစားရင် ကောင်း မလဲ၊ ဘယ်ဆိုင်သွားရင် ကောင်းမလဲ စဉ်းစားရတာ တကယ့်ကို ပျော်ရွှင် ဖွယ်ကောင်းလှပါတယ်။ အပြင်က စားသောက်ဆိုင်တွေ မစားတာကြာတော့ စိတ်ထဲမှာ အပြောင်းအလဲဖြစ်ပြီး နဂိုထက်တောင် စားလို့ပိုကောင်း နေသလိုပါဘဲ။ ပုံမှန်အချိန်ဇယားထဲမှာ နစ်မြုပ်နေရင်း ရံဖန်ရံခါအပြောင်းအလဲ လေးတွေနဲ့ ကြုံရတဲ့အခါ ပိုမို ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေကို ဖန်တီးယူစရာမလိုပဲ ရရှိလာတတ်ပါတယ်။
ပြင်ပက စားသောက် ဆိုင်တွေမှာ သွားပြီးစားသောက်တဲ့ အလေ့အထနည်းသူ ကျွန်မအတွက် ကတော့ စားသောက်ဆိုင်ရောက် လို့ မီနူးကြည့်ပြီး ဘာမှာရ မလည်း စဉ်းစားရတာ ကွန်ပြူတာ ဂိမ်းတစ်ခုကို စိတ်လှုပ် ရှားစွာနဲ့ ကစားနေရသလိုပါဘဲ။ ကျွန်မက အဲ့ဒီလို စားသောက်ဆိုင်တွေမှာ ဦးစီးပြီး အစားအစာ တွေကို လိုက်ဖက်အောင် မှာယူတဲ့နေရာမှာ ပါရမီ နည်းလွန်းလှပါတယ်။ ညစာ စားပွဲတွေမှာ ကျွန်မက ဘူဖေးခေါ်တဲ့ ကိုယ်ကြိုက် ရာ ရွေးချယ်စားစံနစ်နဲ့ ကျွေးတာတောင် ရွေးချယ်စားဘို့ ခက်ခဲနေ တတ်သူပါ။ ဒါကြောင့် ဧည့်ခံပွဲတွေ သွားရင် မီနူးစံနစ်နဲ့ တစ်ပွဲချင်းချကျွေးတဲ့ ပွဲမျိုးကို ကျွန်မက ပိုနှစ်သက်ပါတယ်။ ကိုယ်မစား ချင်တဲ့ ဟင်းမျိုးဆို ထည့်မစားပဲ အသာလေး နေလိုက်ယုံဘဲ မဟုတ်လား။ ပထမဦးဆုံးရက်ကတော့ ကျွန်မသူဋ္ဌေးက မြန်မာ စားသောက်ဆိုင်တခုကို ဦးဆောင်ပြီး ရွေးချယ်လိုက်တဲ့ အတွက် တော်တော်လေး အဆင်ပြေ သွားရ ပါတယ်။ အစားဂျီး မများ တတ်တဲ့ ကျွန်မက သူမှာပေးတာကို အသာသင့်လေး စားလိုက်ယုံပါဘဲ။ ကျွန်မတို့ အားလုံး တော်တော်လေး စားကောင်း ကြပါတယ်။ တစ်ခါတရံ တချို့အလုပ်တွေဟာ ကိုယ်တိုင် လုပ်နိုင်လျှက်နဲ့ ရွေးချယ်စရာရှိနေတဲ့အခါမျိုး၊ ဒါမှမဟုတ် တစ်ဦး တစ်ယောက်က အသင့် အမြဲ လုပ်ပေးတဲ့ အခါမျိုးမှာ လူ့သဘာဝအရ အသာလေး ရေလိုက်ငါးလိုက် မှိန်းနေမိတတ်ပါတယ်။ အသစ် အသစ်တွေကို မြည်းစမ်း ကြည့်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေတတ်ကြပြီး ပုံမှန်လုပ်ဆောင်မှုတွေပေါ်မှာပဲ အသားကျ နေတတ်ပါတယ်။
ဧည့်သည်ကလည်း အိန္ဒိယကလာသူဖြစ်ပေမယ့် အိန္ဒိယအစားအစာ လုံးဝမစားချင်ပါတဲ့။ ကျန်တာ အိုကေဆိုလို့ ဒုတိယရက်မှာ တရုပ်စာ ကြိုက်တဲ့ ကျွန်မက တရုပ်စားသောက်ဆိုင်ကိုရွေးတော့ ဧည့်သည်က အားနားပါးနာနဲ့ လက်ခံလိုက်ပုံရပါတယ်။ အဲ့ဒီမှာ လွဲပုံက ဧည့်သည်မှာတဲ့ White Rice ကို ကျွန်မရော၊ နားထောင်တဲ့ ၀ိတ်တာလေးရော နားကြားမှားတာက Fried Rice။ ကျွန်မ ကတော့ ထမင်းဖြူမှာ၊ ပြီးတော့ သူရော၊ ကျွန်မ ပါစားလို့ ရတဲ့ တွဲဖက် ဟင်းတချို့မှာ။ ဒါနဲ့ ဧည့်သည်ခမျာ လာချပေးတဲ့ တရုပ်ထမင်းကြော် တစ်ပွဲကို အားနာပါနာနဲ့ ကုန်အောင် စား။ အချိုမှုန့် မထည့်ပါနဲ့ ပြောထားတာတောင် တရုပ်စာတို့ရဲ့ ထုံးစံအတိုင်း ချို၊ အီ၊ စိမ့် ဆိုတော့ ဧည့်သည်ရော၊ ကျွန်မပါ နေ့လည်စာလည်း စားပြီိးရော နေကပူပူနဲ့ ဗိုက်တွေ တောင့်ပြီး မအီမလည် ဖြစ်နေ ရတော့ တာပါဘဲ။ တစ်ခါတစ်ရံ ကျွန်မတို့ဟာ အကြောင်းအရာ တစ်ခုကို ပြိုင်တူ ဦးတည် နေမိကြပေမယ့် နားလည်မှု တွေ လွဲမှားနေကြတာကြောင့် ရည်ရွယ်ရာကနေ ဖယ်ခွာနေကြရပြီး ရလာဒ်တွေက မလှပနေတာမျိုး ကြုံတွေ့ရတတ် ပါတယ်။
တတိယရက်မှာတော့ ဧည့်သည်က “ ငါ.. ထမင်းဖြူကို မြန်မာဟင်းနဲ့ပဲ စားချင်တယ်တဲ့ ”။ ဒီဧည့်သည်က အာရှက ဧည့်သည်။ မြန်မာထမင်း၊ ဟင်း ရဲ့ အရသာကို ဟိုး ၂၀၀၈နှစ် ပထမအကြိမ်လာကတည်းက သူက ခံတွင်းတွေ့သွားတာ။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ နိုင်ငံခြားသားက ကိုယ့် လူမျိုးရဲ့ ထမင်းဟင်း ကြိုက် တယ်ဆိုတော့ မြန်မာပီပီ သဘောခွေ့မိပါတယ်။ ဒါနဲ့ပထမဦးဆုံးသူရောက်တဲ့နေ့က သူဌေးနဲ့ အတူတူ သွား စား ဖြစ်တဲ့ဆိုင်ကိုပဲ လွယ်လွယ်ကူကူ ပြန်လည်ရွေးချယ်မိပါတယ်။ အဲ့ဒီမှာ သူက ပထမဦးဆုံးနေ့က မှာစားတဲ့ ပုဇွန်မြေအိုး ဟင်းကိုပဲ ထပ်မံမှာ စား ပါတယ်။ ထမင်းစားချိန်ကျော်နေပြီဆိုတော့ ဆာဆာနဲ့စားလိုက်ကြတာ လိုက်ပွဲ၂ကြိမ်ကြီးများတောင် ထပ်ယူကြရပါတယ်။ စားအပြီးမှာတော့ ဧည့်သည်က “ ဟင်းရဲ့ အရသာကို ပထမနေ့ကလို အရသာ မလွဲပဲ တစ်ထပ်ထဲကြအောင် ချက်နိုင်တာ အံ့သြစရာပါဘဲ။ အရသာကလည်း တကယ့် ကို ကောင်းမွန်လှတယ်။ လိုလေးသေးမရှိ ၀န်ဆောင်မှုပေးတာကလည်း ဟင်းတွေရဲ့ အရသာကို ပိုမိုကောင်းမွန်အောင် အားဖြည့် ပေးနေ သလိုပါဘဲ ” လို့ ဆိုင်က ကောင်မလေးကို ချီးမွမ်းခန်းဖွင့်ပါတော့တယ်။ မိမိရဲ့ ပင်ကိုယ်စံ ကို ရေရှည် မပျက်ယွင်းစေပဲ ထိမ်းထားနိုင်ဖို့ အရေးကြီးပါတယ်။ အဲ့ဒီအပေါ်မှာ စေတနာနဲ့ ဖော်ရွေမှုလေး ကဲလိုက်ရင်တော့ အောင်မြင်မှုဆိုတာဟာ လက်တစ်ကမ်းမှာ ရှိနေမှာပါ။
စတုထ္ထနေ့ဖြစ်တဲ့ မနေ့ကတော့ အချိန်ကာလ တော်တော်များများထဲက နာမည်ရှိပြီးသား မြေနီကုန်းက ထမင်းဆိုင် တစ်ဆိုင်ကို ရွေးချယ် လိုက်ပါ တယ်။ အဲကွန်းတတ် သီးသန့်အခန်းမှာ အခန်းခပေးပြီး စားပေမယ့် ၀န်ဆောင်မှု ပေးတာကတော့ တော်တော့ ကို ဆိုးဝါးလှပါတယ်။ မှာထားတဲ့ ဟင်းပွဲတွေရောက်ပြီးချိန်မှာတော့ အခန်းထဲမှာ ၀န်ဆောင်မှုပေးမယ့်သူ တစ်ယောက်မှ မတွေ့ရ တော့ပါဘူး။ ဧည့်သည်အတွက် အအေးမှာဖို့၊ ထမင်းလိုက်ပွဲ ထပ်ထည့်ဖို့၊ သောက်ရေဖန်ခွက်ယူလာဖို့ကို လူခေါ်ဘဲလ် အကြိမ် ကြိမ်နှိပ် မှာယူရတယ်။ ဧည့်သည် ထမင်းစား နည်းလို့ စားမ ကောင်းဘူးလားလို့ မေးကြည့်တော့ ပြုံးနေတယ်။ အဓိ ပ္ပါယ် ရှိရှိ သူပြုံးတာ ကို အပြန်လမ်းမှာ သူကရှင်းပြတယ်။ “ အစား အသောက် မကောင်း တာထက် ၀န်ဆောင်မှုပေးတာက အားနည်း လွန်းလှလို့ အဲကွန်းအခန်းမှာ တန်ဘိုးကြီးဟင်းတွေနဲ့ စားနေရပေမယ့် ဟန်ဆောင်လို့ပင် ဆက် မစားနိုင်ပါဘူး။ အရင်နေ့တွေက စားနေကြဆိုင်မှာ အများနဲ့ လွတ်လွတ်လပ်လပ် စားရတာက ပိုလို့ပင် စားကောင်း ပါတယ် ” .. တဲ့။ တန်ဖိုးကြီး ပေမယ့် အရည် အသွေးညံ့ဖျင်းနေရင် ကျီးအာသီးလို အပေါ်ယံလှတာသက်သက်ပဲရှိတော့မှာပါ။ တန်ဖိုးနည်းပေမယ့် အမြင်မသားနားလှပေမယ့် အရည် အသွေးကောင်း အနှစ်သာရပြည့်နေတာမျိုးတွေ ကျွန်မတို့ရဲ့ ၀န်းကျင်မှာ အများကြီးပါပဲနော်။
အကြောင်းအရာက ဘာမှတော့ မဟုတ်ပါဘူး။ အလုပ်တွေများလို့ ပို့စ်အသစ်တွေ မရေးသေးဘူး လို့ဆိုထားပေမယ့် ဒီနေ့တော့ သွားရင်း လာ ရင်းနဲ့ စားရင်းသောက်ရင်းနဲ့ ဒီပို့စ်လေးကို ရေးဖို့ စိတ်ကူးရလိုက်လို့ မနေနိုင်တော့ပဲ အချိန်လေးလု ရေးလိုက် ပါတယ်။ နောက် နေ့ကြရင် စူပါမားကက် တစ်ခုမှာ ဧည့်သည်ရှေ့ ကျွန်မချောက်ကျပုံလေး ရေးပါဦးမယ်နော်။ အချိန်လေး ရခဲ့ရင်ပေါ့။ :)
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment