
ကျွန်မ ဘ၀မှာ မေမေ့ဆီက အလိုချင်ဆုံး လက်ဆောင်လေး တစ်ခု ရှိခဲ့ဘူးတယ်။ အဲ့ဒါလေးက အများအတွက်တော့ ဘာဆိုဘာမှ တန်ဖိုးမရှိပေမယ့် ကျွန်မအတွက်တော့ တကယ့်ကို တန်ဖိုး အနဂ္ဂထိုက်တန်တဲ့၊ အသက်ရှင်သန်နေသမျှ ကာလပတ်လုံး အမြဲ သိမ်း ဆည်းထားချင်တဲ့ အရာလေးတစ်ခု ပါဘဲ။
——-~၀-၀~——–
အဲ့ဒီတုန်းက ကျွန်မက ကလေးမကျ လူကြီးမကျအရွယ်။ ၁၄နှစ်ဝန်းကျင်ပေါ့။ မေမေကအမြဲ သူ့ရဲ့ ဘီဒို အံဆွဲလေး ထဲမှာ သော့ခတ်ပြီး တယုတယ သိမ်းဆည်းထားတတ်တဲ့ ရတနာ ပစ္စည်းတွေ ထည့်ထားတယ်လို့ ထင်ရတဲ့ ယွန်းအစ် လေး တစ်ခုရှိနေတယ်။ ကျွန်မ ဒီ ယွန်းအစ်လေးကို သတိထား မိနေတာ ကြာပြီ။ မေမေ့ကို ကျွန်မ ဒီယွန်းအစ်လေးထဲမှာ ဘာတွေရှိလည်း၊ သမီး သိချင်တယ်မေမေလို့ ပြောတော့ သမီး မစပ်စု နဲ့စမ်းတဲ့။ မေမေ က အဲ့ဒီလိုပြောလေလေ ကျွန်မရဲ့ သိချင်စိတ်တွေက တားမရဖြစ်လေပေါ့။
တစ်နေ့တော့ မေမေ မြို့ထဲထွက်သွားချိန် ကျွန်မကိုအပါခေါ်တာတောင် မလိုက်တော့ပဲနဲ့ ကျွန်မ ကိုယ့်အကြံနဲ့ကိုယ် ချန်နေခဲ့ လိုက် တယ်။ မေမေ သွားတာကို အိမ်ရှေ့ ၀ရန်တာက စောင့်ကြည့်၊ သေခြာပြီ ဆိုတာနဲ့ မေမေ့အခန်းထဲ အပြေး လေးဝင် ဘီဒိုသော့ကို မေမေသိမ်းထားတတ်တဲ့ ဘီဒိုရဲ့ အပေါ်ဆုံး အဆင့် အခင်းအောက်ထဲကနေ အသာယူပြီး ဖွင့် လိုက်မိတော့တယ်။ စိတ်ထဲက လည်း မေမေ မသိအောင်ခုလို ခိုးကြည့်မိတာ သမီးကို ခွင့်လွှတ်ပါ မေမေလို့ တဖွဖွ ပြောနေမိ တယ်။ မဟုတ်တာခိုးလုပ်တဲ့ သူတွေရဲ့ ထုံးစံ အတိုင်း ကျွန်မ ရင်တွေ တဒိတ်ဒိတ် ခုန်နေတော့ တယ်။
ယွန်းအစ်လေးထားတဲ့ အံဆွဲ ငယ်လေးထဲမှာ မေမေ့ရဲ့ လက်ဝတ်ရတနာတွေ သိမ်းဆည်း ထားတယ်။ အံဆွဲထဲမှာက ဘွားဘွားရဲ့ အမွေအနှစ် ရထားတဲ့ပထ္ထမြားလည်ဆွဲလေးက အရည် တလဲ့လဲ့တောက်ပလို့။ ရွှေနဲ့ကွပ်ထားတဲ့ ပုလဲ ၀မ်းဆက်တစ် ဆင်စာလေး ကတော့ မေမေ ကိုယ်တိုင် နှစ်ခြိုက်လို့ လုပ်ယူထားတာ။ တခြား မေမေ စုဆောင်းထားတဲ့ လက်ဝတ်ရတနာတွေက အံဆွဲငယ် လေး ထဲမှာ ပြိုးပျက်လက်နေတယ်။ ဒါပေမယ့် ကျွန်မ ဒါတွေကို စိတ်မ၀င်စား။ ကျွန်မ စိတ်ဝင်စားတာက လေးထောင့် ယွန်းအစ်ငယ်လေး။ မေမေ့ကို မေးလို့ မရတဲ့ ဒီအစ်ကလေးကိုပဲ ကျွန်မ စိတ်ဝင်စား တာ။ ယွန်းအစ်လေးကို အသာဆွဲယူလိုက်တဲ့ ကျွန်မရဲ့ လက်တွေက အေးစက် တုန်ရီနေတယ်။

လေးထောင့် ယွန်းအစ်လေးရဲ့ အဖုံးကို ဖွင့်လိုက်တော့ အို..အံ့သြစရာ.. ကထ္ထီပါစနဲ့ချုပ်ထားတဲ့ အနီအိတ် ကလေးနဲ့ ယုယုယယ ထုတ်ထားတဲ့ ဘာဆိုဘာမှ တန်ဖိုးမရှိတဲ့ အဖြူရောင် ပန်းကန် ကွဲစလေး တစ်ခု ပါလား။ ကျွန်မ မျှော်လင့် ထားတာက အဖိုးတန် လက်ဝတ်ရတနာ တစ်ခုခု၊ ဒါမှမဟုတ် ဘွားဘွား ပေးထားတဲ့ အမွေအနှစ် တစ်ခုခု။ အခုတော့ ကျွန်မ အထင်နဲ့ အမြင်က တက်တက် ဆင်လွဲနေပြီ။ ဖန်ကွဲစလေးကို လက်မှာ ကိုင်ထားရင်း ဘာလို့များ မေမေ ဒီ ဖန်ကွဲစလေးကို သေသေချာချာ သိမ်းဆည်း ထားပါလိမ့်။ အဖိုးတန် လက်ဝတ်ရတနာ တစ်ခုခု တွေခဲ့ရင်တောင် ကျွန်မရဲ့ သိချင် စိတ်တွေက ဒီနေရာတင် တစ်စခန်းရပ်ခဲ့မှာ ။ မေမေ့ကိုလည်း မမေးရဲ။ မေးလိုက်မှ ကျွန်မ မေမေ မသိ အောင် ခိုးကြညိ့မိတာ သိသွားရင် ပြသနာ။ မေမေက အဲ့ဒီလိုခိုးကြောင် ခိုးဝှက် လုပ်တာ လုံးဝ မကြိုက်။ ခုတော့ ကျွန်မရဲ့ သိချင်စိတ်တွေက အဖြေ မပေါ်တဲ့ ဒီ ပန်းကန် ကွဲစလေး ပေါ်မှာအမျှင် တန်းနေပြီ။ ဒီကမ္ဘာပေါ်မှာ အဖိုးတန် ပစ္စည်းတွေ တစ်ပုံကြီးရှိရက်နဲ့ မေမေက ဘာလို့ ဒီပန်းကန်ကွဲစလေးကိုမှ သေခြာ သိမ်းထားရပါလိမ့်။ ယွန်းအစ် လေးကို နေသားတ ကျ ပြန်ထားလိုက်ရပေမယ့် ကျွန်မ စိတ် တွေက ပန်းကန်ကွဲလေး ပေါ်မှာကျန်ရစ်ခဲ့တယ်။
——-~၀-၀~——–
တစ်နေ့ အလုပ်ပိတ်ရက် ကျွန်မတို့ အိမ်မှာ အုန်းထမင်းချက်စားကြတယ်။ မေမေက သူသိပ် ခင်တဲ့ ဘေးခန်းက အန်တီ သီသီကို အုန်းထမင်း စားဘို့ ဖိတ်တယ်။ အန်တီသီသီ လာချိန်မှာ မေမေက ရှိုးကေ့စ်ထဲက ကြွေပန်းကန် အသစ်လေး တွေကို ထုတ်ပြီး ထမင်းစားပွဲပြင်နေချိန် ပေါ့။ အန်တီသီသီ က သေခြာ ပြင်ထားတဲ့ ထမင်းစားပွဲကို ကြည့်ပြီး တခြား ဧည့်သည်တွေပါ လာ မယ်ထင် နေတယ်။ မေမေက မဟုတ်ကြောင်းနဲ့ ဒီကြွေပန်းကန်တွေ ကို ဒီလိုနေရာမှာမှ မသုံး ရင် ဘယ်နေ ရာသုံးရမလည်း သီသီရဲ့ လို့ပြော တယ်။ အန်တီ သီသီက ကွဲသွားရင် နှမြောစရာ မို့လို့ပါကွာလို့ ပြောတော့ မေမေက..
“ ပစ္စည်းဆိုတာ သုံးစွဲဖို့ထားတာလေ။ သုံးစွဲရင်း ပျက်စီးသွားတော့လည်း ဘယ်တတ်နိုင် ပါ့မလဲ သီသီရဲ့။ မင်းကို ကိုယ်သိမ်းထားတဲ့ ပျက်စီးနေတဲ့ ကြွေထည်လေးတွေပြမယ် “ ..ဆိုပြီး အံဆွဲ တစ်နေရာမှာထည့်ထားတဲ့ ကြွေထည်ဇွန်း အကျိုးလေးကို ထုတ်ပြတယ်။
“ ဒီဇွန်းလေးကိုကြည့်။ ဘယ်လောက်လှလည်း။ ဇာမဏီငှက်လေးတွေ ထွင်းထားတာ။ ဒီ ဇွန်းလေး က သမီးတော်စုစု လုပ်လိုက်လို့ ကျိုးသွားရှာတာ။ ဒါပေမယ့် အဲ့ဒီနေ့က သူ (၈)တန်းစာမေးပွဲ ကို ဂုဏ်ထူး၃ခုနဲ့အောင်တဲ့ နေ့မို့လို့ မီးဖိုထဲမှာ ကိုယ့်ကို ၀မ်းသာအားရ ကူရင်းနဲ့ ပြုတ်ကျတာလေ။ ကိုယ်နှမြောပေမယ့် သမီးရဲ့ အပျော်လေး ပျက်စီးသွားမှာစိုးလို့ ကိုယ်ဘာမှမပြောရက်ခဲ့ပါဘူး။ ဒါနဲ့ ကိုယ် စူပါဂလူး လေး နဲ့ ကပ်ပြီး ပြန်ဆက် သိမ်းထားတာ “
မေမေက ကျွန်မကို ပြုံးထေ့ထေ့ကြည့်ပြီး လှမ်းပြောတော့ ကျွန်မ အားတုန့် အားနာဖြစ်လျှက် က.. “ မေ့.. သမီးကို ခွင့်လွှတ်လို့ “ လက်နှစ်ဘက်ကို ရင်ဘတ်နားမှာ ဆုတ်လျှက်ကနေ လှမ်းပြော လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ မေမေက နောက်ထပ် နှုတ်ခမ်းပဲ့နေတဲ့ ကြွေပန်းကန်ပြား တစ်ချပ်ကို ဆွဲထုတ် လိုက် ပြန်တယ်။
“ ဒီပန်းကန်လေးကတော့ ပိုကြာလှပြီပေါ့။ ကိုယ့် အသက် ၁၇နှစ်သမီးထဲက ကွဲသွားတဲ့ ပန်းကန် လေးပဲ ။ နှုတ်ခမ်းလေး ပဲ့နေတယ် တွေ့လား ”
ဒီတစ်ခါတော့ အန်တီသီသီ သာမက ကျွန်မကပါ … “ ဒီပန်းကန်ကရော ဘယ်သူ့ကြောင့် ခုလို ကွဲနေရတာလည်း။ ပြောပြပါ “ ဆို ပြိုင်တူတောင်းဆို မိလျှက်သား ဖြစ်သွားတယ်။ မေမေ့ မျက်ဝန်း တွေက ကြည်နူးရိပ်သမ်း လာတယ်။
“ ကဲ.. သမီးလည်း အရွယ်ရောက်လာတော့မှာဆိုတော့ မေမေ ပြောပြပါ့မယ်။ အဲ့ဒီတုန်းက ဆောင်းရာသီ တစ်ရက် မှာပေါ့။ မေမေ့ အသက် ၁၉နှစ် အရွယ်။ သမီး ဘိုးဘိုး သူငယ်ချင်း တစ်ယောက်က မင်းတို့ ဆိုင်မှာ စာရင်းကိုင်ဘို့ လူလိုတယ်ဆိုလို့ ငါခေါ်လာတာ။ မင်းတို့ စမ်းခိုင်းကြည့် ပေါ့ကွာ ..ဆိုပြီး လူတစ်ယောက်ကိုအိမ်ကို ခေါ်လာတယ်။ သူက ပိန်ပိန်ပါးပါး၊ ဆံပင်တွေကို သေသေသပ်သပ် ဖြီးသင် ထားတယ်။ သူ့မျက်လုံးတွေက မစူးရှ ပေမယ့် တည်ငြိမ် လှတယ်။ အထူးခြားဆုံးကတော့ သူ့ရဲ့ အပြုံးတွေပါဘဲ။ သိပ်ကိုဆွဲ ဆောင်မှု ရှိတဲ့ အပြုံးတွေပေါ့။ အဲ့ဒီညက ကိုယ်တို့ အိမ်မှာ သူတို့ သားအဖကို ညစာနဲ့ ဧည့်ခံတယ် ”
မေမေ့မျက်နှာလေးမှာ သွေးရောင်တွေ လွှမ်းပြီး နီမြန်းလာတယ်။ အန်တီ သီသီ့ကို ကြည့်ရင်း ဆက်ပြောပြန်တယ်။
“ အဲ့ဒီညစာ စားပွဲမှာ ဘာလို့လည်းမသိ။ ကိုယ်ဟာ အရမ်းကို ထူပူ ရှက်ရွံ့နေမိတယ်။ တိုတို ပြောရရင် အဲ့ဒီညက အကိုကြီးက သူ့ကို ကိုယ့်ဘေးကခုံ မှာ ၀င်ထိုင်ခိုင်းတယ်လေ။ ထမင်းစားရင်း သူက သူ့ပန်းကန်ပြားကို ဟင်းခတ် ထည့်ပေးဖို့ ကိုယ့်ကို လှမ်းပေးလိုက် တယ်။ ကိုယ်လည်း ရှက်ရှက်နဲ့ ကတုန်ကရီ ဖြစ်ပြီး ပန်းကန်လေးကို လှမ်းအယူမှာ ကျကွဲတော့တာပါဘဲ “
အန်တီသီသီက အသေးစိတ်ကို မှတ်မိနေပါလားကွယ်လို့ မေမေ့ကို လှမ်းစလိုက်တယ်။
” အို.. ဒါက မေ့နိုင်စရာမှမဟုတ်တာ သီသီရဲ့။ ဒါနဲ့ ညစာ စားအပြီးမှာ အဲ့ဒီလူက ကိုယ့်ဆီ လျှောက်လာပြီး အဲ့ဒီ ပန်းကန် ကွဲစလေးကို လက်ထဲကို ထည့်ပေးသွားတယ်။ စကားတစ်ခွန်းမှ မပြောခဲ့ပေမယ့် သူ့ရဲ့အပြုံးတွေက အဲ့ဒီအချိန်ထဲက ကိုယ့်ကို တစ်ဘ၀စာ ကျရှုံး သွားစေတော့ တာပဲ သီသီရေ။ အင်း.. နောက် ၃နှစ်အကြာမှာ ကိုယ်တို့လက်ထပ် ဖြစ်ကြ တယ်လေ။ အခု ဒီပန်းကန်ပြား အကွဲလေးကို မြင်တိုင်း ကိုယ့်အတွက်က အဖြစ်အပျက်တွေ မနေ့တစ်နေ့ကလိုပဲ ခံစားမိတယ်”
လွန်းဆွတ်မှုတွေ ခြုံလွှမ်းနေတဲ့ မေမေ့ရဲ့ မျက်ဝန်းအစုံကို ကျွန်မ ငေးကြည့် နေမိလိုက်တယ်။ မေမေက အနားပဲ့နေတဲ့ ကြွေပန်းကန် ပြားလေးကို ကြောင်အိမ်ထဲမှာ နေသားတကျ သေသေ ချာချာပြန်ထည့်လိုက်တယ်။ အထိမခံရွှေ ပန်းကန် ဆို သလို တကယ့်ကို ဂရု တစိုက်ပါဘဲ။
နောက်တစ်နေ့ မေမေအလစ်မှာ ကျွန်မရဲ့ စိတ်ထဲက ထင်မြင်ချက်ကို သက်သေထူဘို့ မေမေ့ရဲ့ အ၀တ် ဘီဒို အံဆွဲ လေးကို နောက်တစ်ခါ ထပ်ဖွင့်မိ ပါတယ်။ ကျွန်မလက်အစုံက ရတနာပစ္စည်း တွေကြားထဲက လေးထောင့် ယွန်းအစ် လေးဆီသို့။ ယွန်းအစ် လေးရဲ့ အဖုံးကို ဖွင့်ပြီး အနီရောင် ကထ္ထီပါ အိတ်လေး ထဲက ကြွေပန်းကန်ကွဲစလေးကို ယူကာ ထမင်းစားခန်းဆီကို အပြေးလေး လာခဲ့မိတယ်။ ကြောင်အိမ်ထဲက ကြွေပန်းကန်ပြားလေးကို လက်ထဲက အကွဲစလေးနဲ့ ပန်းကန် ပြားပေါ်မှာ စပ်ဟပ်ကြည့်လိုက်တော့ အံကိုက်။ ကွက်တိ။ သေချာပါပြီ။ ဒီ ကြွေပန်းကန် ကွဲစ လေးဟာ ဖေဖေ့ ကို မေမေ စတင်တွေ့ရှိတဲ့နေ့က အမှတ်တရ ပစ္စည်းလေး ဆိုတာ ကျွန်မ သေခြာ အတည် ပြုနိုင်လိုက်ပါပြီ။
——-~၀-၀~——–

အခုတော့ ဒီ ကြွေပန်းကန်ကွဲစလေးနဲ့ စတင်ခဲ့တဲ့ ဖေဖေနဲ့ မေမေတို့ရဲ့ မေတ္တာသက်တမ်း လေးက ငွေရတုတောင် တိုင်တော့မယ်။ ဒါပေမယ့် ဖေဖေ့ ဘ၀တစ်ပါးကူးပြောင်း သွားပြီးက တည်းက ဒီနေ့ ဒီရက်ထိတိုင်အောင် အဖေနေရာ ရော အမေနေရာမှာပါ တစ်ဦး တည်း မားမား မတ်မတ် ရပ်တည် ခဲ့တဲ့ ဖေဖေ့အပေါ်ထားတဲ့ မေမေ့ရဲ့ သစ္စာတရားက ဒီ ကြွေပန်းကန် ကွဲလေးနဲ့ အတူ သက်သေပြ နေပါတယ်။ ကျွန်မမေမေ့ဆီက အဖိုးထိုက်တန်တဲ့ ဘာ လက်ဝတ်ရတနာ ကိုမှ မလိုချင်ပါဘူး။ ကျွန်မအနေနဲ့ မေမေ အမြတ်တနိုး သိမ်းဆည်းထားတဲ့ ပစ္စည်းလေးတစ်ခုကိုသာ လိုချင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီ ကြွေပန်းကန်ကွဲ စလေးမှာ ချစ်ခြင်း မေတ္တာ တရားတွေနဲ့ ထုံမွှမ်းထားတဲ့ ဖေဖေနဲ့ မေမေရဲ့ ချစ်ခြင်းတွေ ပေါင်းစပ်ပါဝင်နေလို့ပါပဲရှင်။
တကယ်တော့ အမှတ်တရဆိုတာ တန်ဘိုးကြီးစရာမလိုပါဘူး။ ဘ၀မှာ နှစ်သက်မြတ်နိုးစရာ အမှတ်တရလေး တစ်ခု ဖြစ်နေဖို့ပဲ လိုအပ်လှပါတယ်။
Reader’s Digest – September 1996 issued မှ Bettie B. Youngs ၏ That Little Glass Chip ကို မြသွေးနီ ပြန်လည် ခံစားရေးဖွဲ့ပါသည်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment