Saturday, March 27, 2010

ဘ၀ဆိုတာ



ဘ၀ဆိုတာ တသတ်မတ်ထဲ ဘယ်တော့မှ မရှိနိုင်ပါဘူး။ နိမ့်မြင့်တက်ကျ ပျော်ရွှင်ဝမ်းနည်း ဆင်းရဲ ချမ်းသာ စတဲ့ လောကဓံ အနိမ့် အမြင့်ကို ရှင်သန် နေစဉ် မလွဲမသွေ ကြုံကြိုက်ရမှာမျိုးပါ။ ဘ၀မှာ အဆိုးတွေ အခက်ခဲတွေ တစ်ခါမှ မကြုံဘူးသူ ရှိကောင်း ရှိပါလိမ့် မယ်။ ဒါပေမယ့် သူတို့ရဲ့ ဘ၀တွေ ဟာ တသမတ်တဲသွားနေရပြီး အဆီအအိမ့်တွေပဲ နေ့စဉ်ရက်ဆက် စားနေ ရသူတွေလို ရိုးစင်း ငြီးငွေ့ဖွယ်ရာ ဖြစ်နေမယ်ထင်ပါတယ်။ တစ်ခါတစ်ရံ ချိုချဉ် ဖန်စပ်လေး တွေပြောင်းလဲစားမှ ခံတွင်း မြိန်သလိုပဲ ဘ၀ဟာ လည်း အခက်အခဲ အကြပ် အတည်း၊ အပြောင်းအလဲ၊ ၀မ်းသာ ၀မ်းနည်း ရောယှက်နေပါမှ ပိုမိုအဓိပ္ပါယ်ရှိသလို ခံစားရတယ်လို့ ပုံပြင်လေး တစ်ပုဒ်ကို ဖတ်အပြီးမှာ ကျွန်မ ရှာရှာဖွေဖွေ တွေးနေမိပါတယ်။ ပုံပြင်လေးကတော့ ဒီလိုပါ။


တစ်ခါတုန်းက လူတစ်ယောက်ဟာ တောအုပ် တစ်ခုထဲက ဖြတ်လျှောက်လာတုန်း ကံဆိုးချင် တော့ ရုတ်တရက် အစာရေစာ ငတ်မွတ် နေတဲ့ ကျားကြီး တစ်ကောင်နဲ့တိုးမိပါတယ်။ ကျားကြီးက ဟိန်းဟောက် လိုက်ပြီး သူ့နောက်ကို တဟုန်ထိုး လိုက်ပါ တော့တယ်။ သူလည်း အစွမ်း ကုန်ပြေး၊ ကျားကြီးကလည်း အနောက်က ထပ်ချပ်မခွာလိုက်နဲ့ နောက်ဆုံး ပြေးစရာ မြေမရှိတော့ပဲ တောင်ကမ်းပါး အစပ်ထိ ရောက်လာ တော့တယ်။ ဒါနဲ့ သူစဉ်းစားလိုက်မိတယ်။


” ဒီကျားရဲ့ ဖမ်းစားတာကို အရှင်လတ်လတ် ခံရမယ့်အစား ချောက်ထဲ ခုန်ချတာမှ ကံကောင်းရင် ငါ အသက်ရှင်နိုင် သေးတယ် ” ဆိုတွေးပြီး တောင် ကမ်းပါးကနေ လွှားကနဲ ခုန်ချလိုက်တော့တယ်။


ကံကောင်းချင်တော့ ချောက်ထဲ မကျပဲ ကမ်းပါးပြတ် တစ်နေရာမှာ တွယ်ကပ်ပေါက်နေတဲ့ ဆီးပင်တစ်ပင်ပေါ် သွားတင် နေတယ်။ အသက်မသေ လို့ ၀မ်းမြောက် ၀မ်းသာရှိနေဆဲမှာပဲ ကမ်းပါးပြတ်အောက်မှာ ခြင်္သေ့တစ်ကောင် ဟာ သူ့ကို မော့ကြည့်ပြီး ဟိန်း ဟောက်ကာ သူပြုတ် ကျ အလာ ကို စောင့်နေတာ အတိုင်းသား တွေ့လိုက်ရ လို့ ရင်ထဲ ဖိုကနဲ တုန်သွားရရှာတယ်။ ဒါနဲ့ ပြန်တွေး ကြည့်လိုက်တော့ ကျားဖြစ်ဖြစ် ခြင်္သေ့ ဖြစ်ဖြစ် ဘယ် အကောင်စားတာ ခံရခံရ မထူးဘူး။ သေမှာချည်းဘဲ လို့ တွေး နေမိပြန်တယ်။


စိတ်နှလုံး ဒုံးဒုံးချပြီး သစ်ပင်ပေါ် ငြိမ်ငြိမ်လေး ထိုင်နေကာမှ အသံတချို့ ကြားလိုက်ရလို့ ကြည့်လိုက်တော့ ကြွက်ဖြူနဲ့ ကြွက်မဲ နှစ်ကောင်က သူ ထိုင်နေတဲ့ ဆီးကိုင်းကို ကျကျနန ကိုက်ဖဲ့နေတယ်။ ရုတ်တရက် စိတ်ပူသွားပြီး မျက်လုံးထဲ ပြာကနဲ ဖြစ်သွား ပေမယ့် ပြန်စဉ်းစား လိုက်မိတော့ စိတ်က ပြန်ငြိမ်သွားပြန်တယ်။ ဟုတ်တယ်လေ။ သစ်ကိုင်းကျိုး ကျသေတာက ခြင်္သေ့စာ မိ မှာထက်စာရင် တော်သေးတာကိုး။


စိတ်ပြန်ငြိမ်သွားလို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိတော့ ဆီးသီးတွေက ပင်လုံးပြည့်ဝင်း မှည့်ပြီး သီးနေတာ တွေ့လိုက်လို့ မသေခင်တော့ ဆီးသီးတွေ ခူးစားဦးမှဆိုပြီး အားပါးတရ စားလေတော့တယ်။ သူ့တစ်သက် ဒီလောက် ကောင်း ဒီလောက် အရသာရှိတဲ့ ဆီးသီးမျိုး တစ်ခါမှ မစား ခဲ့ဘူး သလိုခံစားလိုက်ရတယ်။


ဗိုက်လည်း ပြည့်သွားရော အနှေးနဲ့ အမြန်သေရတော့မယ့် အတူတူ မသေခင် တစ်ရေးတစ်မော အိပ်ထားဦးမှ ဆိုပြီး အိပ်လိုက်တာ တခေါခေါနဲ့ အိပ်မောကျသွားပြန်တယ်။ အိပ်ရာနိုးလာလို့ ကြည့်လိုက်တော့ ကြွက်ဖြူနဲ့ ကြွက်မဲ နှစ်ကောင်လုံးကို မတွေ့ရတော့ဘူး။ ကမ်းပါးပေါ်က ကျားနဲ့ ချောက်ထဲက စောင့်နေတဲ့ ခြင်္သေ့လည်း ပျောက်နေတယ်။ ဒါနဲ့သူလည်း သစ်ကိုင်းတွေကို သတိနဲ့ ဂရု တစိုက်ဆွဲပြီး ကမ်းပါးထိပ်ကို ခဲရာခဲဆစ် ပြန်တက်ရင်း သေဘေးက သီသီလေး လွတ်ခဲ့ရတယ်။


ဖြစ်ပုံက သူအိပ်ပျော်သွားတုန်း ဆာလောင်လွန်းနေတဲ့ ကျားက မအောင့်နိုင်တဲ့ အဆုံး ကမ်းပါး ပေါ်က ဟိန်းဟောက်ရင်း သူ့ဆီ ခုန်ချ တယ်။ ဟန်ချက်လွဲတော့ ချောက်ထဲပြုတ်ကျပြီး ချောက် အောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ခြင်္သေ့နဲ့ အကြီးအကျယ် သတ်ပုတ်ပြီး နှစ်ကောင်လုံး အနိုင်မရ ကြပဲ ဒဏ်ရာဒဏ်ချက် ကိုယ်စီနဲ့ မောပမ်းပြီး ထွက်ခွာသွားကြတော့တယ်။ ကြွက်ဖြူနဲ့ ကြွက်မဲက တော့ ကျားဟိန်းပြီး ချောက်ထဲ ခုန်ချလိုက်ထဲက လန့်ပြီး ထွက်ပြေး ကုန်ကျပြီလေ။


ကျွန်မတို့ရဲ့ ဘ၀တွေမှာလည်း အမိဝမ်းထဲက အူဝဲဆိုပြီး ထွက်လာထဲကစပြီး အကျတ်အတည်း အခက်အခဲတွေဟာ ဆာလောင် နေတဲ့ ကျားကြီးလိုပဲ တကောက်ကောက်နဲ့ မပြတ်လိုက်ခြင်း ခံနေခဲ့ရတယ်။ ခြင်္သေ့နဲ့ တူတဲ့ သေခြင်း တရားဟာလည်း ကမ်းပါး အောက်က လည်တဆန့်ဆန့် နဲ့ မျှော်နေပြန်သေးတယ်။ နေ့လည်နေ့ခင်း နဲ့ ညဥ့်နက် သန်းခေါင်တို့နဲ့ တူတဲ့ ကြွက်ဖြူနဲ့ ကြွက်မဲ တို့က လည်း တခဏတာ ဘ၀ရဲ့ ခန္ဓာကိုယ် တွေကို တလှည့်စီ ကိုက်ဖြတ် နေကြတယ်။ တစ်နေ့မှာတော့ သေခြင်းတရားဆိုတဲ့ ခြင်္သေ့ရဲ့ အာခံတွင်းကို လူတိုင်းရောက်ကျရမှာပါ။


လူ့ဘ၀ရဲ့ အဆိုးဆုံး အချင်းအရာဟာ သေခြင်းတရားဆိုတာကို သိနေမှတော့ ပုံပြင်ထဲကလို အိပ်ရေးဝအောင်အိပ်ပြီး သောက တွေကို တစ်ဆင့် ချင်း အနည်းဆုံးဖြစ်အောင် လျှော့ချပြီး အောင်မြင်မှု ဆိုတဲ့ ဘ၀ရဲ့ ချိုမြိန်တဲ့ ဆီးသီးတွေကို စံနစ်တကျ စားသုံး တတ်ဖို့ လိုအပ် လှပါ တယ်။ အခက်အခဲ ဆိုတာတွေအတွက် ထိုက်သင့်သလောက် ရင်ဆိုင်ဘို့ ကြိုးစားပြင်ဆင်ထား ကြပေမယ့် ဘ၀မှာ မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေဟာ ကျွန်မတို့ကို စောင့်ကြိုနေ တတ်ပါ တယ်။ ကျွန်မ တို့ကိုယ်တိုင် မသိလိုက်ခင်မှာပဲ ဒီအခက် အခဲတွေကို ကိုယ်တိုင် နိုင်နိုင်နင်းနင်း ဖြေရှင်းမိရက်သား ဖြစ်နေတာ ကို အဆုံးမှာ ၀မ်းမြောက်စဖွယ် သိလာရပါတယ်။ အားလုံးပဲ စိတ်အေးချမ်းသာစွာနဲ့ ဘ၀ဆီးသီးတွေကို အတူတကွ စားသုံးကြ ပါစို့လားရှင်။











ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

0 comments:

Post a Comment