
Save The Aged အဖွဲ့ရဲ့ Member တစ်ဦးဖြစ်ပြီးနောက်ပိုင်း ကျွန်မရလာတဲ့ အကျင့်ကောင်း တစ်ခုက ဘယ်သွားသွား မိမိရဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာ လာတတ်တာပါဘဲ။ ကျွန်မက အပြင်ထွက် သွားလာတာ အားနည်းသူ တစ်ဦးပါ။ အလုပ်ပိတ်ရက် အားလပ်ချိန်တွေဆို အိမ်ထဲမှာပဲ စာဖတ်ရင်ဖတ်၊ မဖတ်ရင်စားရေး၊ မရေးရင် ဆွေမျိုးတွေအိမ် ရံဖန်ရံခါသွား၊ ဒါလောက်ပါဘဲ။ Shopping ဆိုတာမျိုးကလည်း တကယ်ဝယ်စရာ ရှိလာကာမှ သွားဝယ်ဖြစ်တာမျိုးပါ။
ခုနပြောသလို အခုနောက်ပိုင်းတော့ အပြင်သွားရင် အဖွဲ့ရဲ့ လှူဒါန်းခွင့်နဲ့ သင့်တော်မယ့် အဖိုးအဖွားတွေ တွေ့လိုတွေ့ငြား ဟိုကြည့် သည်ကြည့် ရှာဖွေကြည့်နေတတ်ပါပြီ။ ဒါပေမယ့် ကျွန်မကပဲ ညံ့တာလား၊ ကံကြမ္မာ ကပဲ မျက်နှာသာ မပေးသေးတာလားမသိ။ တွေ့သမျှ အဖိုးအဖွားတွေကို ကိုယ်တိုင် မေးမြန်း လေ့လာ ပြီးတဲ့ အခါတိုင်း အဖွဲ့ရဲ့သတ်မှတ်ထားတဲ့ လှူဒါန်းခံ အဖိုးအဖွားတွေမှာ ရှိရမယ့် စည်းမျဉ်း စည်းကမ်း တွေနဲ့ တစ်ချက် ချက်ကတော့ ကိုက်ညီမှု မရှိတာကိုတွေ့နေရပါတယ်။ ဒါနဲ့ ကျွန်မလည်း အသင်းကို သတင်းပို့တဲ့ အဆင့်ကိုတောင် မရောက်ခဲ့ပါဘူး။
ကျွန်မတို့ ဒီလို သက်ကြီး ရွယ်အို ဘိုးဘွားတွေကို ပေးလှူထောက်ပံ့နေတာကို တချို့က အဲ့ဒီလို ထောက်ပံ့ နေတော့ ပိုက်ဆံလွယ်လွယ် နဲ့ ပုံမှန်ရ နေတော့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကျဆင်းမသွားနိုင်ဘူးလား၊ အသက်ကြီးလာတာနဲ့ ငါတို့ တော့ အသုံးမ၀င် တော့ဘူး အရာမရောက် တော့ဘူး လို့ ထင်မသွားနိုင်ဘူးလား လို့ စောဒကတက် မေးလာ သူတွေရှိပါတယ်။ အဲ့ဒီတုန်းကတော့ ကျွန်မက အဖွဲ့အနေနဲ့ အသက် ၆၅နှစ် အထက် ကျောထောက် နောက်ခံ သားသမီး ဆွေမျိုးညာတိမရှိ၊ ထမင်းတစ်လုပ်အတွက် ကိုယ်တိုင် ခက်ခဲ ပင်ပန်းစွာနဲ့ ရှာဖွေစား သောက် အတိ ဒုက္ခရောက်နေတဲ့ အဖိုးအဖွားများကိုသာ စီစစ်ရွေးချယ် ထောက်ပံ့ပါ ကြောင်း ရှင်းပြဖြစ်ပါတယ်။
ဒါနဲ့ ကျွန်မနဲ့ ပူပူနွေးနွေးတွေ့ခဲ့တဲ့ အဖွားတစ်ယောက်နဲ့ လွန်ခဲ့တဲ့လက တွေ့ခဲ့တဲ့ အဖိုးတစ်ယောက် အကြောင်း ပို့စ်လေးရေးချင်စိတ် ပေါက်လာ ရပါတယ်။ ဒီအဖွားနဲ့ အဖိုး အကြောင်းကတော့ ခုန မေးခွန်း ထုတ်တဲ့သူတွေကို အသက်တွေကြီးရင့် လာပေမယ့် ဆင်းရဲ ဒုက္ခ ရောက်နေပေမယ့် လောကဓံကို ဒေါင်ကျကျ ပြားကျကျ ရိုးရိုးသားသားနဲ့၊ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ရင်း သားသမီးနဲ့ မြေးတွေကို အခုအချိန်အထိ ရှာဖွေကျွေးမွေး နေရသူများ ရှိနေတယ်ဆိုတာကို သိစေချင်လို့ပါပဲရှင်။ ကဲ… စာဖတ်သူတို့ရော သိချင်စိတ်တွေ တဖွားဖွား ဖြစ်လာပြီ မဟုတ်လားရှင့်။
အဖွား ဒေါ်ပန်း ။
အဖွားကို ကျွန်မ မျက်မှန်းတမ်းနေမိတာ ၅နှစ် ၆နှစ်တောင် မကတော့ဘူးထင်ပါတယ်။ အဖွားကတော့ ကျွန်မကို သိချင်မှသိမှာပါ။ အဖွားက ညနေဆို ကျွန်မတို့နားက ညဈေးမှာ ပိုက်ဆံလျှောက် အလှူခံတတ်သူပါ။ သူက တစ်နေရာ ထဲမှာ ထိုင်ပြီး အလှူခံတာ မျိုးမဟုတ်ပါဘူး။ အဖွားကို စတွေ့တဲ့ လွန်ခဲ့တဲ့ ၅နှစ်လောက်ထဲက အဖွားရဲ့ ပုံစံက ပိတ်လွယ်အိတ်အနွမ်းလေးကို အထုံးလေး ထုံး လွယ်လို့၊ သူ့ရဲ့လက်တစ်ဖက်မှာတော့ ၄နှစ်အရွယ် ယောကျာ်းလေး တစ်ယောက်ကို လက်တွဲလို့ပါ။ ကျွန်မ သူ့ကို ထူးထူးခြားခြား မှတ်မိနေရတာကတော့ သူ့ရဲ့အသွင် အပြင်နဲ့ သူ့နံဘေးမှာ ပါလာ တဲ့ကလေးငယ်လေးကြောင့်ပါဘဲ။
အဖွားမျက်နှာက ဗမာဆန်ဆန်၊ အသားညိုညို၊ အရပ်ခတ်ပြတ်ပြတ်နဲ့ပါ။ အိကျီ င်္အဖြူရင်ဖုံးလက်ရှည်နဲ့ ယောဂီထမီ အမြဲဝတ်ဆင်တတ်ပါတယ်။ ကလေးရော သူပါ အ၀တ်အစားလေးတွေ နွမ်းဖတ်နေပေမယ့် အမြဲသန့်ရှင်း သပ်ရပ်နေတတ်ပါတယ်။ ကလေးမျက်နှာလေးကလည်း သူ့ရဲ့မြေး လေးလို့ ပြောစရာ မလိုအောင်ကို တူလွန်းလှပါတယ်။ သနပ်ခါးအဖွေးသားနဲ့ အမြဲရွှင်လန်းနေတဲ့ မျက်နှာထားလေးနဲ့ပါ။ ချစ်ခင်ဖွယ်ရာကလေးနဲ့ ဂရုဏာသက်စရာ အဖွားပုံစံကြောင့် တွေ့တိုင်းလိုလို သူတို့ကို ကျွန်မ ပိုက်ဆံ လေးများ စွန့်ကျဲဖြစ်ပါတယ်။
ဒီလို ၅နှစ်ကျော် မကြာခဏ ကြုံတွေ့ပေးလှူနေရပေမယ့် တစ်ခါမှ သူတို့နဲ့ စကားမပြောဖြစ်ခဲ့ပါဘူး။ Save The Age ရဲ့ အဖွဲ့ဝင် ဖြစ်ပြီးနောက်ပိုင်း သူတို့မြေးအဖွားကို သတိရမိပါတယ်။ ဒါပေမယ့် ကြုံဆုံဖို့ အခွင့်အရေး မရခဲ့ပါဘူး။ မနေ့ကတော့ ည ၈နာရီ လောက်၊ ပူလွန်းလို့ မိသားစုနဲ့အတူ ပလက်ဖောင်းပေါ်မှာ ဖွင့်ထားတဲ့ အအေးဆိုင်မှာ အအေးသောက် နေတုန်း ကျွန်မ တို့ အနောက် က စားပွဲကို သူတို့ မြေးအဖွားရောက် လာခဲ့ တာပါ။ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို သူတို့ မြေးအဖွားနဲ့ တွေ့ချင်နေတဲ့ ကျွန်မ ဆန္ဒပြည့်သွားရပါ တယ်။ အဖွားဆံစတွေက ဖွေးဖွေးဖြူနေပါပြီ။ အဖွားက ခါးလည်း နည်းနည်းကိုင်းချင်နေပါပြီ။ နာမည်ကသာ ဒေါ်ပန်း ပေမယ့် အဖွားရဲ့ဘ၀က ပန်းပွင့်လေးတွေလို နူးညံ့ခွင့် မရခဲ့ရှာပါဘူး။ အဖွားနဲ့ ကျွန်မ ခဏ အပြန်အလှန် မေးဖြေပြီးတဲ့ အခါမှာတော့ အဖွားဘ၀ကို တစ်ပိုင်းတစ်စ သိခွင့် ရလိုက်ပါတော့တယ်။
“ အဖွားနာမည်က ဒေါ်ပန်းပါ။ သင်္ကန်းကျွန်းဘူတာရုံ အနောက်ဖက်က လမ်းထဲမှာနေပါတယ်။ အဖိုးဆုံးတာ ၁၅နှစ်ကျော်ပါပြီ။ တစ်ဦးတည်းသော သမီးက အိမ်ထောင်ပျက်။ ယောကျာ်းလုပ်သူက နောက်အိမ်ထောင် ထူထားပြီး ဒီသမီးကို ကလေး၅ယောက်နဲ့ စွန့်ပစ်ထားတာ။ သမီးက ပညာမတတ်၊ ငွေအရင်းအနှီးမရှိတော့ သင်္ကန်းကျွန်း ဘူတာမှာ ရေခဲရေရောင်းပြီး အသက်မွေးဝမ်း ကြောင်းရတယ်။ အခုဒီမှာပါလာတဲ့ မြေးက အကြီးဆုံး။ ၁၀နှစ်ထဲမှာ။ အငယ်ဆုံးမြေးလေးက ၂နှစ် သာသာ။ အဖိုးကြီးကွယ်လွန်ပြီး ဒီသမီးနဲ့ပဲ နေနေတာ။ သမီးက လင်ကံမကောင်းတော့ ကလေး၅ယောက်နဲ့ သားအမိနှစ်ယောက် ဒုက္ခပင်လယ် ဝေနေခဲ့တာ။ အိမ်ထဲ မှာ ဒီလိုနေနေမယ့်အစား ရိုးရိုးသားသား အလှူခံပြီး ရှာလို့ရတဲ့ ငွေလေးနဲ့ သမီးရေခဲရေရောင်း လို့ရတဲ့ငွေလေးနဲ့ ဒီမိသားစု လေးရဲ့ စားအိုးလေးကို ထိမ်းထားရတာ။ အဖွားက နေရာအနှံ့ လျှောက် အလှူမခံဖြစ်ပါဘူး။ ဒီမြို့နယ်လေးမှာပဲ စတောင်းလာခဲ့တာ ခုထိ ပါဘဲ။ ဒီမြေးလေးကို ထိန်းမယ်သူ မရှိလို့၊ နောက် အဖွားအချစ်ဆုံး လည်းဖြစ်လို့ အကူအညီလည်းရလို့ ပိုက်ဆံအလှူခံထွက်တိုင်း သူ့ကိုခေါ် ထွက် ဖြစ်ပါတယ်။ သူငယ်စဉ်က တော့ သူကိုလက်တွဲလို့ အလှူခံရတာပေါ့။ သူ့မျက်နှာလေးကို ဂရုဏာ သက်ပြီး လှူကြ ပါတယ်။ အခု သူ နည်းနည်း အရွယ်ရောက်လာတော့ သူက အဖွားကို ပြန်တွဲတာပေါ့။ အဖွားမျက်လုံးက ညဖက် သိပ်မမြင်ရတော့ အခုဆို မြေးကြီးမပါပဲ အပြင်မထွက်ဘူး။ နေဦး .. ”
အဖွားက ဘာမပြောညာမပြောနဲ့ သူ့လွယ်အိတ်အိုလေးထဲက ခေါက်ထားတဲ့ ပလပ်စတစ်အိတ်လေးကို ထုတ်လိုက်ပါတယ်။ အထဲမှာ သားရေပင် စည်းထားတဲ့ နောက်ထပ် ပလပ်စတစ် တစ်ထပ်။ အတွင်းမှာတော့ ကဒ်ပြားလေးတစ်ခု။ ကျွန်မကို လှမ်းပေးလို့ ယူကြည့်လိုက်တော့ အတူပါလာတဲ့ မြေးဖြစ်သူရဲ့ပုံနဲ့ ကျောင်းသား ကဒ်။ သင်္ကန်းကျွန်း အ.မ.က ကျောင်း၊ Grade 4 (A) တဲ့။အဖွားက မှုန်ဝေတဲ့ သူ့မျက်လုံး လေးကို ကျုံ့လျှက်က ဂုဏ်ယူ ပီတိသံနဲ့ ခုလိုပြောပါတယ်။
“ ဒီမြေးရဲ့ ကျောင်းသားကဒ်လေ။ စာသိပ်တော်တာ။ ကျောင်းချိန်က မနက်ပိုင်း နေ့ဝက်ဆိုတော့ သူ့ကျောင်း စာကိစ္စ ပြီးရင် ညနေဆို အဖွားနဲ့ အဖော်အမြဲလိုက်ပေးရှာတယ်။ စာတော်တော့ အများနည်းတူ မျက်နှာ မငယ်ရအောင် ကျုရှင်ကအစ ထားပေးထားတယ်။ သူကလည်း တော်တော် လိမ်မာတဲ့ ကလေးပါ ”
ကျွန်မက ကလေးကို “ သား.. စာကြိုးစားနော် ” ဆိုတော့ လက်ကလေးနောက်ပစ်လျှက်က “ ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော် ကြိုးစား ပါ့မယ်ခင်ဗျာ ” တဲ့။ သူ့အသက်အရွယ်လေးနဲ့ သူ့အနေအထားနဲ့ အခုလို ယဉ်ကျေးတဲ့ အပြောအဆိုနဲ့ အပြုအမူကို ပြလာတော့ မမျှော်လင့်ပဲ ကျွန်မအံ့သြသွားရပါတယ်။ အဖွား ကတော့ ပီတိမျက်နှာနဲ့ မြေး ကိုကြည့်လို့။ အဖွားက ဆက်ပြော ပါတယ်။
“ အဖွား အလှူခံရတဲ့ ငွေနဲ့၊ သမီးရေခဲရေရောင်းရတဲ့ ငွေနဲ့ ခြိုးခြံချွေတာ စားသောက်ပြီး ဒီမြေးကို ပညာ အမွေလေးတော့ ပေးခဲ့ချင် ပါတယ်။ အဖွား ကျန်းမာတဲ့ အထိ အလှူခံထွက်နေဦးမှာပါ။ အဖွားက အသက်ကြီး ပေမယ့် သူများကို မမှီခိုချင်ပါဘူး။ အဖွားက သူတောင်းစား မဟုတ်ပါဘူး။ အလှူခံ ပါ။ ဒါကြောင့် လမ်းလျှောက် ထွက်ပြီး အလှူခံတာပါ။ သူများလှူတဲ့ အလှူငွေလေးရဖို့ လမ်း လေးပဲ လျှောက်ရတာ အပမ်းမကြီးပါဘူး။ အတင်း အဓမ္မလည်း ဘယ်တော့မှ အလှူ မခံပါဘူး။ ၇ရက်သား သမီးတွေက စေတနာ ယိုဖိတ်ပြီး လှူဒါန်းတဲ့ငွေကိုသာ သန့်သန့်စင်စင်သုံးစွဲပါတယ်။ အလှူခံ မထွက်ခင် အလှူရှင်တွေကိုလည်း အမြဲ မေတ္တာ ပို့သပါတယ်။ ဘာသာရေးကိုလည်း ရိုသေကိုင်းရှိုင်းသူ ဆိုတော့ အဖွား တို့ဆင်းရဲနွမ်းပါး ပေမယ့် အခုအချိန်အထိ ထမင်းလေးနပ် မှန်စားနေနိုင်ပြီး မြေးကိုလည်း ကျောင်းထားနိုင်ပါသေးတယ်။ မရှိတဲ့အထဲကမှာ နိုင်သလောက်လေး ဘုရား မှာ လှူပါသေးတယ်။အဖွားရဲ့ ဘ၀ကို အဖွား ဘယ်တော့မှ စိတ်မပျက် ပါဘူး ”
ကျွန်မကြားဖူးတာက အိုမင်းမစွမ်းတဲ့။ အိုမင်းလာရင် ဘာဆို ဘာမှကို မစွမ်းဆောင်နိုင်တော့ဖူးတဲ့။ ဒါပေမယ့် အဖွားဒေါ်ပန်းကတော့ အသက်အရွယ် အိုမင်းပေမယ့် ဘ၀ရပ်တည်နိုင်အောင် အခုအချိန်အထိ စွမ်းဆောင်နိုင် သေးသူပါ။ အဖွားရဲ့ စကားတွေထဲက အဖွားရဲ့ ဘ၀အားမာန်တွေကို ကျွန်မ မြင်ခွင့် ရလိုက်ပါတယ်။ အဖွားရဲ့အားမာန်တွေက အဖွားရဲ့ဘ၀ကို ရပ်တည်နိုင်အောင် ကျားကန်ပေးထားတယ်။ အဖွားဟာ အိုမင်း ပေမယ့် စွမ်းပါ သေးတယ်။ အဖွားဟာ ဆင်းရဲမှုကြောင့် သိမ်ငယ်စိတ်မရှိသူပါ။ အဖွားဟာ စာတစ်လုံးမှ မတတ်ခဲ့ပေမယ့် ပညာရဲ့ အရေးပါပုံကို သိတဲ့သူပါ။ အဖွားရဲ့ မြေးဟာလည်း အဖမဲ့ သားပေမယ့်၊ နွေရာသီ summer schoolတွေတက်၊ အင်တာနက်ဂိမ်းတွေနဲ့ ယဉ်ပါးခွင့်မရရှာပေမယ့် လိမ်မာယဉ် ကျေးပြီး ပညာ တတ်လေး တစ်ယောက်အဖြစ် အဖွားဖြစ်သူကို မရှက်မရွံ့ ကူညီပေးနေတာ ကျွန်မမျက်ဝါး ထင်ထင်တွေ့မြင် သိခဲ့ရပါတယ်။
“ အပြန်လိုင်းကားတွေ မရမှာ စိုးလို့ ပြန်ဦးမယ် သမီးရေ ” လို့ပြောပြီး တရွေ့ရွေ့ထွက်ခွာသွားတဲ့ မြေးအဖွားရဲ့ ကျောပြင်နှစ်စုံကို ကြည့်ရင်း ကျွန်မ ဒီအကြောင်းလေးကိုတော့ ဒီည ချက်ချင်းရေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်မိပါတော့တယ်။
(အသက်ရ၀ကျော်ပေမယ့် အားမာန်အပြည့်နဲ့ အလုပ်လုပ်နေတဲ့ အဖိုးအကြောင်းကိုလည်း အလျဉ်းသင့်ရင် နောက်ထပ်ရေး ပေးသွား ပါ့မယ်ရှင်။ )
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ
0 comments:
Post a Comment