
တစ်နေ့က စီးတီးမတ်ရဲ့ စာရေးကိရိယာအရောင်းကောင်တာမှာ နုတ်ပက်လေး သွားဝယ်ရင်း ကျွန်မရဲ့ မျက်စိက စာရေးကရိယာတွေ ကြားထဲမှာ လှပတဲ့ အရုပ်လေးတွေ အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ တွေ့လိုက်မိတယ်။ ကလေးတွေ၊ လူငယ်လေးတွေ အလုအယက်ရွေးယူနေကြလို့။ ဒါနဲ့ မနေနိုင်လို့ ကောက်ယူကြည့် မိလိုက်တော့ ဘုရားရေ.. ခဲဖျက်လေးတွေပါလား။ လှမှလှ။ ကားပုံ၊ ရေခဲမုန့်ပုံ၊ အသည်းနှလုံးပုံ၊ တွစ်တီပုံ၊ စနိုးဝှိုက်ပုံ၊ တိရစ္ဆာန်အကောင်လှလှလေးတွေပုံ၊ အို... စုံလို့။ ကလေးတွေအကြိုက်ပေါ့။ ကျွန်မလည်း မကြီးမငယ်နဲ့ ကိုယ်တိုင်မ၀ယ်ဖြစ်ပေမယ့် မနေနိုင်မထိုင်နိုင် ကလေးတွေကို ဒါလေးလှတယ်.. ဒါလေး ချစ်စရလေး.. ဆိုပြီး ၀င်ရွေးပေးဖြစ်ခဲ့ပါတယ်။
အိမ်အပြန် ညကြတော့ ထုံးစံအတိုင်း တောင်တောင်အီအီတွေးရင်း ဒီခဲဖျက်တုံးလေးတွေဆီ စိတ်က ပြန်ရောက်သွားလေတယ်။ ခဲဖျက်တဲ့...။ ခဲဖျက်ဆိုတဲ့အရာဟာ ရာဘာကနေ ပေါင်းခံပြုပြင်ထားပြီး ခဲသားနဲ့ရေး၊ ဆွဲလေသမျှ မှားယွင်းတာများရှိခဲ့ရင် စာရွက်သားပေါ်မှာ ထင်ကျန်ရစ်ခဲ့ခြင်း မရှိလေအောင်၊ အကုန်အစင်ပြောင်သွားတဲ့အထိ ဖျက်လို့ရလေအောင် ပြုလုပ်ထားတဲ့ ရာဘာအတုံးလေးပဲဖြစ်ပါတယ်။ ပြန်စဉ်းစားကြည့်မိတော့ ခဲဖျက်တုံးလေးတွေနဲ့ ကျွန်မ မူကြိုတက်ကာစ အရွယ်မှာ စတင်ထိတွေ့ခွင့်ရပါတယ်။ အဲ့ဒီတုန်းက " ခဲဖျက်ဆိုတာ သမီး ခဲတံလေးနဲ့ ရေးလို့ မကြိုက်ရင်၊ မှားသွားရင် ဒီလိုလေး ဖိဖျက်ရတယ် " လို့ အမေက လက်တွေ့လုပ်ပြပြီး ခဲဖျက်တုံးလေးနဲ့ မိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒီအချိန်က ခဲဖျက်တုံးလေးတွေက ပြည်တွင်းဖြစ် ဆွဲဆောင်မှုအားနည်းတဲ့ အဖြုရောင် တစ်လက်မပတ်လည်သာသာ ခဲဖျက်တုံးလေးတွေပဲရှိခဲ့တာပါ။ ဒါပေမယ့် ငယ်ရွယ်လွန်းတဲ့ အရွယ်မို့ ထိထိရောက်ရောက် အသုံးမပြုခဲ့ဖြစ်ပါဘူး။ ခဲတံကိုတောင် လက်ချောင်းသေးသေးလေးတွေ ကြားထဲမှာ မနည်း နိုင်နင်းအောင် ကိုင်နေရတဲ့အရွယ်၊ နောက်... " ၀ " မပီသသော ၀လုံးတွန့်တွန့်လေးများကို ဘူးသီးလုံးလောက်၊ ခရမ်းသီးလုံးလောက်သာ ရေးနိုင်ချိန်ဆိုတော့ အမေကလည်း ခဲဖျက်ကိုအသုံးပြုဖို့ ဖိအားမပေးရှာခဲ့ပါဘူး။
တကယ့်တကယ် နဖူးတွေ့ဒူးတွေ့ ခဲဖျက်ကို စသုံးရချိန်မှာတော့ ကျွန်မသူငယ်တန်းစတင် တက်ခွင့်ရချိန်မှာပါ။ စာရေးလိုက်၊ မှားရင် ကွန်ပါဗူးလေးထဲက အမေထည့်ပေးထားတဲ့ ခဲဖျက်ကလေး ထုတ်ဖျက်လိုက်နဲ့ပေါ့။ တစ်ခါတစ်ခါ ဆန္ဒစောနေချိန်များဆို မှားတဲ့စာလုံးပေါင်းတွေကို ခဲဖျက်နဲ့ မဖျက်မိပဲ ယောင်ယမ်းပြီး လက်ညှိုးထိတ်လေးနဲ့ ဖိဖျက်မိတယ်။ မပျက်ပြန်တော့ မသိစိတ်က လက်ညှိုးလေးကို ပါးစပ်ထဲထည့်၊ လျှာလေးနဲ့တို့လို့ တံတွေးလေး စွတ်ကာ ဖျက်မိကောင်းဖျက်မိသေးတယ်။ ပြီးမှ... အယ်..ငါတော့ ညစ်ညစ်ပတ်ပတ်ဖျက်မိပြီလို့ သတိရမိတယ်။ အိမ်ရောက်တော့ အမေက ကျောင်းစာအုပ်တွေ စစ်ဆေးလို့ ညစ်ပေနေတဲ့စာလုံးတွေ စာအုပ်ထဲမှာတွေ့လေတော့ " သမီး.. ခဲဖျက်သုံးမဖျက်ပဲ လက်တွေနဲ့ ညစ်ညစ်ပတ်ပတ် ဖျက်လာတယ်..။ ပေပွနေတာပဲ.. ကြည့်စမ်း။ နောက်ဆို ခဲဖျက်သုံး မဖျက်ရင် သမီးကို ဒဏ်ပေးမယ်နော် " လို့ အမေကပြောလေတော့ ကျွန်မမှာ မျက်လုံးလေးပုတ်ခတ်၊ ပုတ်ခတ်လုပ်လို့ နောက်ဆို မှားတာတွေကို ခဲဖျက်သုံးဖျက်မှ သန့်သန့်ရှင်းရှင်းနဲ့ပျက်သွားမှာလို့ ငယ်ရွယ်နုနယ်လွန်းတဲ့ ဦးနှောက်က မှတ်သားထားလိုက်မိတယ်။ တစ်နေ့ ... ကျွန်မ သဲတွေနဲ့ ထမင်း၊ ဟင်းချက်တမ်း ကစားပြီးတော့ လက်တွေပေပွညစ်ပတ်နေလို့ အမေက လက်တွေ၊ ခြေထောက်တွေကို ရေနဲ့ ဆပ်ပြာနဲ့ သေချာ ဆေးကြောပေးပါတယ်။ ဒါနဲ့ စကားတောင်စား ကျွန်မက " အမေ့... သမီးလက်တွေ ပေပွနေတာ ရေနဲ့ မဆေးပဲ ခဲဖျက်နဲ့ဖျက်လို့မရဘူးလားဟင် " လို့မေးမိတယ်။ အမေက ဟက်ဟက်ပက်ပက် ရယ်မောလျှက်က " သမီးရဲ့... ခဲဖျက်နဲ့ စာတွေမှားတဲ့အခါပဲ ဖျက်လို့ရတယ်လေ။ ခုလို ညစ်ပတ်တာကတော့ ရေနဲ့ ဆပ်ပြာနဲ့စင်စင်ဆေးကာမှ ပြောင်စင်သွားမှာ.." လို့ ရှင်းပြလေတယ်။ ဒီလိုနဲ့ ကျွန်မရဲ့ မူလတန်းအရွယ်စာသင် အတန်းတွေမှာ ခဲဖျက်လေးတွေနဲ့ အကျွမ်းတစ်ဝင် ရင်းနှီးခွင့်ရခဲ့တယ်။ ခဲဖျက်လေးတွေ မကြာခဏ ပျောက်တတ်လို့ အမေဆူမှာစိုးရိမ်ပြီး မပျောက်မရှအောင် ထိန်းသိမ်းတတ်လာတယ်။ တစ်တန်းပြီး တစ်တန်းမှာ ခဲဖျက်တုံးလေးတွေနဲ့ ရင်းနှီိးခဲ့တယ်။
ကျွန်မ ၅တန်းရောက်တော့ ဘောပင်စကိုင်ရပြီ။ ဘောပင်ကိုင်ကာစ မြောက်ကြွ မြောက်ကြွဖြစ်နေပေမယ့် စာရေးတဲ့အခါ အမှားအယွင်းမရှိအောင် ရေးဖို့ ပိုလိုအပ်လာတာကို သိလိုက်ရတယ်။ ခဲတံနဲ့ရေးတုန်းက မှားရင် ခဲဖျက်သုံး ဖျက်လို့ရပေမယ့် ဘောပင်နဲ့ရေးရင် အမှားမခံဘူးဆိုတာ သိလိုက်ရပြန်တယ်။ ဒါပေမယ့် ခဲဖျက်လေးတွေကို ပုံဆွဲချိန်၊ အကြမ်းတွက်ချိန်တို့မှာတော့ လိုအပ်ချက်အရ သုံးနေရတုန်းပါဘဲ။ ဒီလိုနဲ့ အထက်တန်းအောင်လို့ တက္ကသိုလ် ရောက်ပြန်တော့ ခဲဖျက်လေးတွေကို ခုလိုပဲ လိုအပ်ချက်အရ အသုံးပြုနေရပေမယ့် ဘောပင်မှင်တွေကိုလည်း ဖျက်လို့ရတဲ့ အဖြူရောင်မှင်ဖျက်အရည်ပါတဲ့ ကော်ရက်ရှင်ပန်(န်)တွေကို အံ့သြထူးဆန်းစွာ အသုံးပြုခွင့်ရလာခဲ့ပြန်တယ်။ သူက ဘောပင်နဲ့ရေးထားတဲ့ စာလုံးတွေကိုသာမက ခဲနဲ့ရေးထားတဲ့ စာလုံးတွေကိုလဲ ခဲဖျက်ကို အသုံးမပြုပဲ ဖျက်လို့ရနေတယ်လေ။ ဒါပေမယ့် သူ့ရဲ့မှင်ဖျက်အရည်တွေ ခမ်းခြောက်သွားရင်တော့ သူဟာ ဘာမှကို အသုံးပြုလို့မရ၊ အဖိုးမတန်တော့ဘဲ အမှိုက်ခြင်းထဲမှာသာ ဘ၀နိဂုံးချုပ်ရပြန်တယ်။ ဒီတော့ တက္ကသိုလ်ကျောင်းသူ ကျွန်မရဲ့ ကွန်ပါဗူးလေးထဲမှာ ခဲဖျက်လေးနဲ့အတူ ကော်ရက်ရှင်ပန်(န်)လေးကပါ နေရာယူလာခဲ့ပါပြီ။ ဒီလိုနဲ့ ကော်ရက်ရှင်ပန်(န်) ဒီဇိုင်းမျိုးစုံလေးတွေ ဈေးကွက်မှာ အပြိုင်အဆိုင် နေရာယူလာပြန်တော့ ခဲဖျက်လေးတွေကလည်း အရင် ကျွန်မငယ်ငယ်တုန်းကလို အဖြူရောင် ခပ်ရိုးရိုးအတုံးလေးတွေမဟုတ်တော့ပဲ ရေမွှေးရနံ့စွက်ထားတဲ့ ရေမွှေးခဲဖျက်လှလှလေးတွေ ပေါ်လာပြန်တယ်။
ကျွန်မ လုပ်ငန်းခွင်ထဲရောက်ချိန်မှာတော့ ဒီထက်ပိုလို့ အံ့သြဖွယ်ရာ တွေ့ရပြန်တယ်။ ကော်ရက်ရှင်တိပ်တဲ့။ တိတ်ခွေလို ရစ်လုံးလေးနှင့် တိတ်သားလေးကို ဖျက်လိုတဲ့နေရာမှာ အလိုက်သင့်ဖိဆွဲလိုက်ရင် ဖျက်ချင်တဲ့ စာလုံးလေးတွေကို ဖုံးအုပ်ပြီး သပ်ရပ်စွာနဲ့ ဖျက်ပြီးသား ဖြစ်နေပြန်တယ်။ အထူးသဖြင့် လုပ်ငန်းရဲ့အရေးကြီးတဲ့ စာရွက်စာတမ်းတွေမှာ အမှားအယွင်းရှိလာရင် ပြင်ဆင်ချိန်မရတော့ရင် ဒီကော်ရက်ရှင်တိပ်ကို အသုံးပြုလို့ ဖျက်ရတော့တာပေါ့။ ခောတ်နဲ့လျှော်ညီစွာ ကျွန်မရဲ့ ရုံးစားပွဲက စာရေးကရိယာထည့်တဲ့ ကြိမ်ဇကာလေးထဲမှာ ခဲဖျက်တုံးလေး၊ ကော်ရက်ရှင်ပန်(န်)နဲ့အတူ ကော်ရက်ရှင်တိပ်က မရှိမဖြစ်ပဲပေါ့။ အဲ.. သူကလည်း ဒီတိပ်ခွေကုန်သွားရင်တော့ ခုနက အသုံးပြုလို့မရတဲ့ ကော်ရက်ရှင်ပန်(န်)အဟောင်းလိုပဲ အမှိုက်ခြင်းထဲမှာသာ စံမြန်းပေလေတော့။
ဒီအချိန်မှာတော့ ခဲဖျက်တုံးလေးတွေက ခုနစစချင်းမှာပြောခဲ့သလိုပဲ အရောင်အသွေးအဆန်း၊ ဒီဇိုင်းအဆန်း၊ မွှေးရနံ့အစုံအလင်နဲ့ ဈေးကွက်မှာ အားကျမခံ မင်းမူလာပါတော့တယ်။ တချို့များဆို လှလိုက်တဲ့ ရုပ်ပုံလေးတွေများ ခဲဖျက်နဲ့လုံးဝမှမတူ။ သုံးတောင် အသုံးမပြုရက်စရာ။ သူတို့က ဒီဇိုင်း၊ အရောင်လေးတွေနဲ့ အသုံးပြုသူတွေကို ဖျားယောင်းလာကြပေမယ့် သူတို့ကို အသုံးပြုကြည့်လိုက်တဲ့ အခါမှာတော့ လှတာသာရှိပြီး ဖျက်လို့ရှိရင် ခဲသားကမပြောင်မစင်နဲ့။ လက်ကိုင်ရတာ ကိုလိုးကန့်လန့်။ ဈေးကလည်း သာမန်ရာဘာခဲဖျက်လေးများထက် ဈေးများသေး။ ဒီလို အသစ်အဆန်းတွေပေါ်လာလို့ ရာဘာခဲဖျက်ကို အသုံးမပြုရတော့ဘူးလား မထင်လိုက်ပါနဲ့။ ကျွန်မတို့ရုံးမှာ ဘောပင်နဲ့ ခဲတံပြီးရင် ခဲဖျက်က တတိယနေရာကလိုက်လို့ အများဆုံးဝယ်နေရတုန်းပါ။ စာရေးကရိယာ အရောင်းဆိုင်တွေမှာ မေးကြည့်လိုက်ရင်လည်း ဒီလို ခပ်ရိုးရိုး ပုံတုံးခဲဖျက်တွေက ပေါ်ပင်ခဲဖျက် အသစ်အဆန်းတွေ နည်းတူ ရောင်းနေရတယ်လို့ သိရတယ်။ ဒီဇိုင်းအဆန်းတွေ ဘယ်လောက်ပေါ်ပေါ် အမှန်တကယ်သုံးသူတွေအတွက်ကတော့ ဖျက်လို့ကောင်း၊ ဈေးနှုန်းချိုပြီး ရိုးရှင်းတဲ့ အဖြူရောင်ခဲဖျက်တုံးများကိုသာ မက်မက်စက်စက် ၀ယ်ယူ အသုံးပြုနေကြတုန်းပါဘဲ။
ခဲတံတွေမှာရဲ့ အနောက်ဖက်မှာ ခဲဖျက်လေးတွေ တွဲလျှက်ထည့်ထားတတ်တယ်။ ခဲဖျက်က ခဲတံကလေး ပိုမိုပြည့်စုံ လှပသွားအောင်လို့ ပါရမီဖြည့်ပြန်သေးတယ်။ ခဲတံလေးတွေက တိုဝင်မသွားခင် ခဲဖျက်လေးတွေဖျက်ရင်း ပွန်းပဲ့သွားတာမျိုး၊ ခဲဖျက်ကို ပတ်ထားတဲ့ သံပြားအရစ်လေး အထိ တိုဝင်သွားတာမျိုးလည်း ကျွန်မတို့ကြုံခဲ့ဘူးတယ်။ အခုနောက်ပိုင်း ခဲဖျက်တွဲလျှက်မပါတဲ့ ခဲတံတွေ ပေါ်လာလေတယ်။ ဒါ့အပြင် ခဲဆံဘောပင်ဆိုပြီး ခဲသားထည့်သုံးရတဲ့ ခဲတံတုတွေပေါ်လာလေတော့ ခဲဖျက်ရဲ့နေရာလည်း ပျောက်ပါလေရော..။ ဒါပေမယ့် အဲ့ဒီလိုသာ နေရာပျောက်တယ် ထင်နေရတာ ခဲဖျက်ဆိုတဲ့ပစ္စည်းက လုံးဝပျောက်ကွယ်သွားဖို့ဆိုတာမဖြစ်နိုင်ပြန်ဘူး။ ခဲဖျက်လေးနဲ့ တွဲလျှက်ရှိနေတဲ့ ခဲတံငုတ်တိုလေးတွေကို နှစ်သက်စွာ စုတတ်သူတစ်ဦးကိုလည်း တွေ့သိခဲ့ရဘူးတယ်။
ကျွန်မ အတွေးခေါင်နေမိတယ်..။ အင်း.... ခဲဖျက်တွေက နေရာအနှံ့မှာ ရှိနေနိုင်တာမျိုးပဲနော်။ ဘာရယ်မဟုတ်.. တွေးကြည့်မိတာလေး ချရေးလိုက်မိ တာပါ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
13 comments:
ဟုတ်ပါတယ်မမရေ ခဲဖျက်တွေက နေရာအနှံ့  ရှိနေပါတယ်
မှားတဲ့စကားလုံးလေးတွေ (ခဲနဲ့ ရေးထားတာလေးတွေပေါ့ ) မလိုအပ်တာတွေကို ဖျက်နိုင်ပါတယ်
မရေးခဲ့သလိုများ အရာလေးတောင် ထင်မကျန်ရစ်ခဲ့အောင် ဖျက်နိုင်ပါတယ်
ဒါပေမယ့် မမရေ စာလုံးလေးတွေကို ခဲဖျက်နဲ့ ဖျက်လို့ ရလိုမျိုး
လူတစ်ဦးတစ်ယောက်စီရဲ့  သဏ္ဍာန်မှာ ရှိကြတဲ့ စိတ်ဆိုး စိတ်မိုက်လေးတွေကို လွယ်လွယ်ကူကူဖျက်လို့ရရင်ကောင်းမှာပဲနော်
ကျွန်တော်လည်းခဲဖျက်လေးလိုဖြစ်ချင်တယ်လောကကြီးရဲ့ အလှတွေကိုဖျက်ဆီးတဲ့အရာတွေကို ကိုယ့် ကိုကိုခဲဖျက်လို့ သဘောထားပြီးအလှဆင်ပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ချင်မိတယ်
်
ငယ်ငယ်က ခံတံနောက်က ခဲဖျက်လေး သံပတ်ပြားအထိတိုဝင်သွားပြီဆိုရင် သံပတ်ပြားလေးကို ရှေ့သွားနဲ့ အသာလေး ဖိကိုက်ရော...။အဲလိုဆို ခဲဖျက်အကြွင်းအကျန်လေးက နဲနဲလေးပြူထွက်လာတယ်လေ...။ခဲဖျက်သီးသန့်မသုံးတာတော့
မဟုတ်ဘူး...။အိမ်ကဝယ်ပေးလိုက် တရက်နဲ့ပျောက်သွားလိုက်...၊ကြာတော့ မိဘတွေကို မပူဆာရဲတော့ဘူး..။
အင်း..ခုတော့ ခဲတံ သိပ်မသုံးဖြစ်တော့လို့ ခဲဖျက်လည်း မသုံးဖြစ်တော့ပါဘူး....။
အမှား မကင်း တဲ့ လူဆိုတာလည်း မရှိပါဘူးညီမရယ် ဒါပေမဲ့ တချို့ အမှားတွေက လွယ်လွယ် ပျက်မသွားတော့ ခက်တယ်နော်
ခင်တဲ့
ရွှေစင်ဦး
ခဲဖျက်လေးက နေရာအနှံ့ ရနိုင်ပေမယ့် ..ဒီလို အတွေးမျိုးကတော့ နေရာတကာရှိမယ်မထင်ဘူးဗျာ ..တကယ်ချီးကျူးအားကျတယ်ဗျာ ၊
စာတွေဖတ်ရတာ ..ကိုရီးယားကားကြည့်ရသလိုပဲ
ဇာတ်လမ်းလေးက ရိုးကောင်းရိုးမယ် ၊အတွေးတစ်ချို့ ပေးပြီး ..
အဆုံးထိ ..ဆွဲခေါ်သွားတတ်လွန်းလို့  ....
ဒီပိုစ့်ဖတ်ပြီး ငယ်ငယ်က အဖြစ်လေးတစ်ခုကို သတိရမိသား
ခဲတံတစ်ချောင်းမှာ ခဲဖျက်က အရင်ဆုံးကုန်တော့ ခဲဖျက်အတုံး သပ်သပ် ၀ယ်လို့ရတယ်ဆိုတာလည်း နားမလည်တော့ ခဲတံထိပ်မှာ သားရေကွင်းတွေ အများကြီး ဖုလုံးကြီးဖြစ်အောင် စုချည်လိုက်ပြီး အဲဒီသားရေကွင်း( ကြက်ပေါင်ကွင်း)နဲ့ ဖျက်ခဲ့ဖူးတာ သတိရသွားမိတယ်.. ခုပြန်တွေးတော့ ရယ်ချင်လိုက်တာ.. ငယ်တုန်းက ဒီလောက်တုံးရသလားဆိုပြီး ဟီး
စက္ကူပေါ်ကအမှားတွေကို ခဲဖျက်နဲ့ လွယ်လွယ်ကူကူဖျက်လို့ ရနိုင်သလို ဘ၀မှာ ကြုံလာတဲ့ အမှားတွေကိုရော အလွယ်တကူ ဘာနဲ့များ ဖျက်လို့ရနိုင်မလဲနော်..... တစ်ချို့အမှားတွေက အချိန်တန်ရင်ပျောက်ပျက်သွားနိုင်ပေမဲ့ တစ်ချို့အမှားကတော့
သေရာပါပေလိမ့်မယ်.. ဖျက်မရတဲ့အမှားတွေ မမှားမိဖို့တော့ လိုလိမ့်မယ်လို့ အတွေးပွားမိပါတယ်.........
အိုဘားမားကတော့ ကျောက်သင်ပုန်းကိုပဲသုံးတယ်။။ ကျောက်သင်ပုန်းဆိုတာ
ကိုယ်ကြိုက်တာရေးရေး၊ပုံပဲဆွဲဆွဲ..အလွယ်ကူဆုံးဖျက်လို့ရတယ်လေ...
ခဲဖျက်လည်းလိုတော့ဘူး၊ ကော်ရက်ရှင်ပင်လည်းလိုတော့ဘူး.ဘောပင်
လည်းလိုတော့ဘူးပေါ့။ ဘောပင်နဲ့ရေးသလိုမျိုး..အကြာကြိးလည်း
မှတ်မထားနိုင်တော့ဘူး...၊ ဘ၀ဆိုတာ..ကျောက်သင်ပုန်းလိုပါပဲ
မလိုတာတွေကို..အလွယ်တကူဖျက်လို့ရတယ်။ဘောပင်နဲ့ရေးသလို
မကောင်းတာတွေကို..အကြာကြီးမှတ်ထားစရာ..မလိုတော့ဘူးပေါ့..
ဒိုင်ရာရီ..ဆိုတာကိုယ်ရဲ့ရာဇ၀င်မှတ်တန်းဖြစ်သလို.ကိုယ့်ကိုပြန်ခြောက်
လှန့်နိုင်တဲ့အကောင်းဆုံးရန်သူ..ဖြစ်နေတတ်တယ်...လေ.....ဟူး................................
ခဲဖျတ်နဲ့ဖျတ်လို့မရတဲ့ အမှားတွေ ဘဝမှာ အများကြီးပေါ့
ခဲဖျတ်ပိုစ့်လေးဖတ်ပြီး
အတွေးလေးတွေ ရလာတယ် မမရေ..။
မမမြသွေးပြောတာနဲ့စီးတီးမတ်ကစာရေးကိရိယာနေရာလေးကိုစိတ်ကူးနဲ့အပြေးရောက်ခဲ့တယ်.။ သဒ္ဓါတို့သူငယ်ချင်းတွေ
ကတပတ်နှစ်ခါ၊သုံးခါ စာရေးကိရိယာအသစ်လေးတွေရောက်လားဆိုပြီးသွားကြည့်၊ ပြီးဝယ်ပေါ့နော်..။ လွမ်းသွားပြီ။။
စာရေးကိရိယာလေးတွေကိုလည်းခုထိနှစ်ခြိုက်မိပြီး ဆောင်ထားတုန်းပဲမမရေ..။
ချစ်တဲ့
ညီမသဒ္ဓါ
ရေးနေရင်းနဲ့ ဖျက်ရတာတွေ ရှိခဲ့ပေမယ့် မှားခဲ့တာတွေကို သင်ခန်းစာ ယူ ယုံကလွဲပြီး
ပြန်တွေးမနေချင်တော့ဘူး။
ဖျက်စရာ ခဲဖျက် ရှိနေလို့ စာရေးရင် ပိုမှားနေတတ်ကြသလား။
ဖျက်ဖို့ ပစ္စည်းမရှိခဲ့ရင် ကျနော်တို့ ဒီ့ထက်ပိုပြီး ဂရုစိုက်ဖြစ်ကြမယ် ထင်တယ်နော်။
ငယ်ငယ်က ဒီလိုလေးတွေ ပြောခဲ့ဖူးတယ်
"မှားတတ်ရင် ခဲဖျက်ဆောင်ထား...
နာမည်ပျက်ရင် ပြန်ရေးမယ်.....
(ကော်ရက်ရှင်ပန်(န်) ရှိတယ်)
သိက္ခာကျရင် ကောက်တင်မယ်....."
လက်တွေ့ဘဝမှာတော့..............
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
ညီမမြသွေး...မှားတတ်ကြတဲ့ လူ့သဘာဝကြီးထဲမှာ ခဲဖျက်ဆိုတာ ဖျက်လို့ရတဲ့ အမှားလေးတွေအတွက် ရှိနေဦးမှာပါပဲ ညီမရယ်၊ ဘဝနဲ့ ယှဉ်လာပြီး ခဲဖျက်သုံးလို့ မရတဲ့ အမှားတွေ...အဲသလို အမှားမျိုးတွေ အတွက် အမှားဒဏ်ကို သင့်လျော်တဲ့ ပေးဆပ်မှုနဲ့ ဖျက်နိုင်မယ် ထင်ပါရဲ့နော်....ဖျက်မရတဲ့ ဘဝအမှားတွေ အတွက်ကတော့...သံသရာထဲမှာ တကွေ့ကွေ့ သင့်သလို ပေးဆပ်ကြရတော့မှာ...အင်း...အမလည်း အတွေးခေါင်ပြန်တယ်...:)
အမှား မကြာဖို့ ဖျက်သင့်တာကို ဖျက်၊ပြင်သင့်တာကိုပြင် ၊ အမှားသိမှ အမှန်ရှိဖို့ ခဲဖျက်တုံးလို စိတ်ကလေး ရှိရမယ်လို့ ထင်ပါတယ် .... မှားတာကို မဖျက်နိုင်ရင်တော့ ... အမှား ဆက်နေပါလိမ့်မယ် ...
ငြိမ်းစိုးဦး
Post a Comment