အရွက်အဖျားအနုလေးတွေကို လက်ညှိုးနဲ့ လက်မထိပ်လေးတွေကို အသုံးပြုလို့ ဆိတ်ကာဖဲ့လိုက်တယ်။ ပြီးမှ ရိုးတိုင်ကိုကိုင်လို့ အရွက်တွေကို တစ်ရွက်ချင်း သွက်သွက်လေး ချွေချလိုက်တယ်။ ပြီးမှ ရိုးတိုင်တလျှောက်ကို လက်နဲ့ ခပ်သာသာဖိချေပြီး အရိုးလေးတွေ ခပ်မွမွလေး ကြေသွားမှ လက်တစ်ဆစ်ခန့်ဆီ ဆတ်ကနဲဆတ်ကနဲ ချိုးလို့ နဘေးနားက ၀ါးဇကာထဲ ထည့်လိုက်တယ်။ ဒီလိုနဲ့ လယ်ကန်စွန်းရွက် ချွန်ချွန်လေးနှစ်စီးစာက ချွေလို့ပြီးသွားတယ်။ သစ်သားစားပွဲဝိုင်း အပုလေးပေါ်မှာတော့ စုံစီနဖာဟင်းရွက်မျိုးစုံနဲ့ နေရာပြည့်လို့။ ကန်စွန်း ပြီးတော့ ဘူးညွန့်အစည်းကို မနော်က ယူလိုက်တယ်။ လတ်ဆတ်လိုက်တဲ့ ဘူးညွန့်တွေ။ ကဗျာဆန်တဲ့ဘူးညွန့်တွေလို့ပဲ ခေါ်လိုက်ချင်မိသေး။ အစိမ်းရောင်အရွက် ဖားဖားတွေကြားက အညွန့်လေးတွေ စပလိမ်လို ကွေ့လိပ်လို့ ၀ဲခွေကျနေပုံက တကယ့်ကို ကဗျာဆန်တဲ့ အလှ။ မနော်က ဘူးရွက်၊ ဘူးညွန့်လေးတွေကို ချွေ၊ ဖဲ့၊ ဆိတ်၊သင်လို့ ၀ါးဇကာထဲက ကန်စွန်းရွက်နဘေးမှာ နေရာချလိုက်လေတယ်။
ပြီးတော့ အလှည့်ကျတဲ့ စားပွဲပုလေးအပေါ်က ပဲညွန့်အစည်းကိုယူလို့ ချည်ထားတဲ့ နှီးစကို ဖြည်လိုက်တယ်။ “ ပဲညွန့်က သိပ်ချိုတာ..။ နုတာလေးပဲ ရွေးထည့်ရမယ်..။ ကျွန်မတို့ရွာမှာဆို အလကားပဲတင်းရတဲ့ အရွက်တွေ..။ ဒီမှာဝယ်စားနေရတော့ အရမ်းကို အံ့သြမိတာပဲ..” မနော်က ပါးစပ်က ပြောလည်းပြော၊ လက်က သိုးသိုးသွက်သွက်နဲ့ ပဲညွန့်တစ်စီးကို ချွေသွားလိုက်တာများ တစ်ခဏလေးသာ။ ပဲညွန့်ချွေပြီးသားလေးလည်း သွားပေဦးတော့ ၀ါးဇကာထဲက ဘူးညွန့်ရွက်တွေရဲ့ နဘေးကို။ ၀ါးဇကာက ဒီအရွက်သုံးမျိုးနဲ့တင် နေရာလပ်မရှိ ပြည့်သွားလေပြီ။
မနော်က ဆင့်ပေါ်မှာ မှောက်ထားတဲ့ ဒန်အိုးလွတ်တစ်လုံးကို ယူလိုက်တယ်။ ဒီတစ်ခါတော့ အချွေခံရမှာက ဟင်းနုနွယ်။ “ဟင်းနုနွယ်က စိတ်ရှည်လက်ရှည် ချွေယူရတာမျိုး..၊ ရေလည်း နိုင်နိုင်ဆေးယူမှ..၊ မဟုတ်ရင် သဲက တရှပ်ရှပ်နဲ့ အရသာပျက်ရော..၊ ကျွန်မ အမေက သူ့ကို စိမ်းစိမ်းအိအိလေးများ ကြော်ကျွေးရင် သိပ်ကြိုက်ရှာတာ” လို့ ပြောရင်း အမေကို သတိရသွားပုံရလေတယ်။ ချွေပြီးသား ဟင်းနုနွယ်ရွက် ထည့်ထားတဲ့ ဒန်အိုးထဲကို ရေလောင်းထည့်လို့ ခဏဘေးမှာ ဖယ်ထားလိုက်တယ်။
“ ဆူးပုတ်ရွက်ချွေပြီးရင် ချွေစရာပြီးပြီ.. ” လို့ပြောရင်း ဆူးပုတ်ရွက်နုနုလေးတွေကို အစည်းလိုက် ရေအရင် ဆေးလိုက်တယ်။ ပြီးမှ အစူးလေးတွေကို သတိထားလို့ ပန်းကန်တစ်ချပ်ထဲ သပ်ချကာချွေထည့်လေတယ်။ “ ဆူးပုတ်က အနံ့သာဆိုးတာ၊ ချွေရတာသာ လက်ဝင်တာ၊ စားရတာ မွှေးပြီးကောင်းမှကောင်း ။ နောက်.. စားပွဲပေါ်မှာ တွေ့ရတဲ့ ပင်စည်မှာ ဖော့အဖြူလေးတွေ ကပ်နေသလို အမြစ်မွှားလေးတွေပါလျှက်က အရွက်သေးသေးလေးတွေနဲ့ ဟင်းရွက်တစ်စည်းကျန်နေလေတော့ “ အဲ့ဒါဘာခေါ်လည်း မနော်..။ အဲ့ဒါရော ထည့်ချက်မှာလား..” လို့ မေးတော့ “ အဲ့ဒါက ချက်စားဖို့ မဟုတ်ဘူး။ ပြီးတော့ သိမယ်.. ဘာအတွက်လည်း..ဆိုတာ ” ..ဆိုပြီး ကျွန်မရဲ့ စိတ်ဝင်စားနေမှုကို အရှိန်မြင့်လေအောင် ပဟေဋ္ဌိဖွက်လိုက်တယ်။
ကျွန်မ စိတ်ပါလက်ပါ ထိုင်ကြည့်နေမိတာ။ မီးဖိုထဲမှာ ဒီနေ့တစ်ရက် သူကိုယ်တိုင် အစအဆုံး စီမံပြီး လျှာလည်သွားအောင် ချက်ကျွေးပါ့မယ်ဆိုတဲ့ မနော်ရဲ့ ဟင်း၊ မနော်ရဲ့ လက်ရာ။ ကျွန်မ အရမ်းကို စိတ်ဝင်စားနေမိတာ။ ပုံမှန်က အိမ်မှာ အမေက ဟင်းရံ စီစဉ်သူ၊ ကျွန်မက ဈေးဝယ်၊ မနော်က ကျွန်မ၀ယ်လာသမျှ ဒိုင်ခံချက်သူ။ ဒီတစ်ခါ အမေ့ကို မနော်က “အန်တီခံတွင်းပျက်နေတယ်ဆို၊ တစ်နေ့ တစ်နေ့ သားကြီး၊ ငါးကြီးတွေ စားနေရတာ ညည်းငွေ့ရောပေါ့..။ ကျွန်မတစ်ရက်လောက် ဟင်းရံစီစဉ်ပြီး ကျွန်မတို့ တောဟင်းချက်ကျွေးပါ့မယ်.. ကျွန်မ ချက်တဲ့ဟင်း တစ်ရက်လောက် စားကြည့်..။ မမြိန်ရင် ကြိုက်သလိုပြော..” ။ ဒါနဲ့ပဲ ကျွန်မတို့ ဒီတနင်္ဂနွေတစ်ရက်အတွက် ဟင်းရံကို မနော်ရဲ့ လက်ထဲ ၀ကွက်အပ်လိုက်တာ။ သူ..ဈေးက ပြန်လာလေတော့ လက်ဆွဲခြင်းတစ်ခုလုံး ဟင်းရွက်တွေနဲ့ ဖောင်းသလံလျှံလို့။ ဈေးခြင်းတောင်းထဲက ပစ္စည်းတွေ တစ်ခုခြင်း ထုတ်တော့ ဟင်းရွက်တွေ အောက်က ငါးဘဲဖြူ သေးသေးလေးတွေက တစ်ထုတ်၊ ငါးပနော် အရွယ်တော်က ၂ကောင်၊ ငါးပိရည်ကြိုက နည်းနည်း၊ ဒညင်းဝက်လည်းပါသေး၊ မျှစ်ဝါသေးသေး ဆုံတိုလေးတွေ၊ ခရမ်းပြုပ်သီးလေးတွေ၊ ကုလားအော် ငရုပ်ကနှစ်တောင့်။
ဈေးခြင်းတောင်းချချခြင်း မနော်က ငါးဘဲဖြူလေးတွေကို နှီးဇကာအဟောင်းထဲ ထည့်လို့ ပွတ်တိုက်လိုက်တယ်။ အံ့သြဖွယ်ရာ တစ်အောင့်လောက် ပွတ်တိုက်ပြီးလို့ ရေဆေးချ လိုက်ရော ငါးအကျည်းခွံသေးသေးလေးတွေက ဓားနဲ့ချွတ်စရာမလိုတော့ဘဲ ရေနဲ့မျောပါသွားတော့တာ။ ပြီးမှ ဓားဦးချွန်လေးနဲ့ တစ်ကောင်စီ စိတ်ရှည်လက်ရှည် ၀မ်းဗိုက်ဖောက်၊ ဗိုက်ထဲက အညစ်အကြေး ကလီစာတွေကို ဓားဦးလေးနဲ့ ဖိလို့ဆွဲထုတ်။ တစ်ကောင်ပြီးတစ်ကောင် လုပ်သွားလိုက်တာများ ကြည့်လို့တောင်ကောင်းလှသေး။ အားလုံးဗိုက်ဖောက်ပြီးတော့ ရေအသန့်နဲ့ထပ်ဆေး၊ ဆား၊ နနွင်း၊ အချိုမှုန့် နည်းနည်းနဲ့ နယ်ထားလိုက်တယ်။ ပြီးတော့ ငါးပနော်၂ကောင်ကိုလည်း အကျည်းထိုး၊ ဓားနဲ့ပါးပါးမွှမ်း၊ တစ်ကောင်ကို ငန်ပြာရည်နည်းနည်းနဲ့ ပြုတ်လိုက်ထားလိုက်တယ်။ တစ်ဆက်ထဲမှာ မီးသွေးမီးဖိုအောက်က လေ၀င်ပေါက်မှာကျနေတဲ့ ပြာပူထဲ ကုလားအော် နှစ်တောင့်နဲ့ ကြက်သွန်နီ တစ်ဥလောက်၊ ကြက်သွန်ဖြူနည်းနည်း ပစ်ထည့်ထားလိုက်သေးတယ်။ ကျွန်မကိုလည်း ဘာမှ ၀င်လုပ်ကူခွင့်မပေးပဲ " ကြည့်ချင်ရင် ဘေးကနေသာ ငြိမ်ငြိမ်ကြည့်နေ.. " ဆိုတော့ သူဇယ်ဆက်သလို လုပ်နေတာတွေကို ကျွန်မမှာ မျက်ခြေပြတ်မခံနိုင်ပဲ လိုက်ကြည့်နေမိပါတယ်။ သားကြီး၊ ငါးကြီး မယ်မယ်ရရ ဘာမှမပါလာတဲ့ ဈေးခြင်းထောင်းထဲက ဟင်းလျှာတွေကိုနဲ့ ကျွန်မတို့ကို မနော်တစ်ယောက် ဘယ်လိုဘယ်ပုံများ ထမင်းမြိန်လေအောင် လက်စွမ်းပြမလည်းဆိုတာ မဟာဒယားကြီးကို စိတ်ဝင်စားနေမိတော့တာ။ “ မနော်… တကယ်စားကောင်းမှာ သေချာတယ်နော်..” လို့ ကျွန်မက သူ့ရဲ့ဆွဲဆောင်မှု မရှိလေတဲ့ ဟင်းလျှာတွေကို ကြည့်ပြီးပြောလေတော့ “ သြော်.. ဒါကြောင့် မပြီးခင် ဗမာမမြင်စေနဲ့လို့ ပြောတာ ..” ဆိုပြီး ကျွန်မကို ပြုံးစေ့စေ့နဲ့ စလေတော့ “ ကောင်းပြီ.. ကျွန်မတကယ်စားကောင်းရင် ဟိုနေ့က မနော်က လှတယ်လို့ပြောတဲ့ လမ်းထိပ်စတိုးဆိုင်က တရုပ်ပိတ်ဝမ်းဆက်အစလေး ၀ယ်ပေးမယ်.. ဘယ့်နှယ့်လဲ.. ” လို့ ကျွန်မ စိမ်ခေါ်လိုက်မိတယ်။ မနော်ကတော့ ဘာမှ မပြော။ ပြုံးတုံ့တုံ့နဲ့သာ။
တကယ်တော့ မနော်ကို ကျွန်မကိုယ်တိုင် သွားခေါ်ခဲ့ရတာ။ ကျွန်မ တက္ကသိုလ်ကျောင်း စတက်တော့ အမေကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ အိမ်မှာ အိမ်အလုပ်လည်းကူရအောင်၊ ကျွန်မလည်းအဖော်ရလေအောင် အိမ်အကူတစ်ယောက်လောက်တော့ ရှာမှဆိုလို့ အမေ့မိတ်ဆွေ တစ်ယောက်ရဲ့ အကြံပေးချက်နဲ့ အလုံမစ်ရှင်ကျောင်းလမ်းမှာ အိမ်အကူသွားရှာခဲ့ပါတယ်။ ရောက်သွားတော့ အလုပ်လာခေါ်သူတွေကို တန်းစီပြီး ထိုင်စောင့်နေသူတွေထဲမှာ မနော်ကို ကျွန်မမျက်စိကျသွားရပါတယ်။ ဒူးဆစ်အထိ ရှည်လျှားနက်မှောင်တဲ့ ဆံပင်ကို အုန်းဆီရွှဲနေအောင်လူးလို့ နဖူးအပြောင်သိမ်းကာ စည်းထားလျှက်၊ မျက်လုံးပြူးပြူး၊ မျက်နှာကျဝိုင်းဝိုင်း၊ နဖူးပြင်ကျယ်ကျယ်၊ အရပ်ခပ်ပြတ်ပြတ်နဲ့ ရိုးသားပွင့်လင်းတဲ့ ဟန်ပန်ရှိတဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ ကျန်းမာသန်စွမ်းတဲ့ ကျေးလက်ကရင်တိုင်းရင်းသူ မနော်ကို ကျွန်မစိတ်ကြိုက်ရွေးခေါ်ယူခဲ့ပါတယ်။ ကျွန်မရွေးတာမှန်ခဲ့ပါတယ်။ မနော်ရဲ့ နာမည်အရင်းက “ နော်ခရီးမေ ”၊ မြစ်ဝကျွန်းပေါ် တောင်ပို့ကြီးလို့ ခေါ်တဲ့ ကရင်လူမျိုးတွေ အများစုနေတဲ့ ကျေးရွာလေးက။ မနော်က ကျွန်မထက် အသက်၆နှစ်တောင် ကြီးတယ်။ အစသန်တဲ့ ကျွန်မ၊ မိန်းကလေးအဖော်မရှိလေတဲ့ ကျွန်မအတွက် စိတ်ရှည်တဲ့ မနော်က တကယ့် အဖော်ကောင်း တစ်ယောက်ပါ။ မနော်ကလည်း အဆင့်အတန်း မခွဲခြားတတ်တဲ့၊ ပွင့်လင်းဖော်ရွေတဲ့ ကျွန်မတို့မိသားစုကို မကြာခင်မှာပဲ ခင်တွယ်လာခဲ့ပါတယ်။ အခုတစ်လော ခံတွင်းပျက်နေတယ်လို့ အမေညည်းလိုက်တာကို ကြားပြီး ဒီနေ့တော့ မနော်တစ်ယောက် သူ့စိတ်ကြိုက် လက်စွမ်းပြနေလေပြီ။
“ ကဲ.. စချက်ပြီဝေ့…” လို့ မနော်က အသံပေးပြီး ငရုပ်သီး၊ ကြက်သွန်ကို မွှေးလာတဲ့အထိ ဆီသတ်လိုက်ပြီး ခုနနှပ်ထားတဲ့ ငါးဘဲဖြူများကို ဆီသတ် ဒယ်အိုးထဲထည့်လို့ လက်နှီးလေးနဲ့ ဒယ်အိုးကိုလှုပ်လိုက်၊ အဖုံးလေးအုပ်လိုက်နဲ့ တအောင့်နေတော့ မကျည်းရည်ပျစ်ပျစ်လေးဆမ်းလို့ ဆားပြား၊ အချိုမှုန့်ထည့်ပြီး နံနံပင် လတ်လတ်ဆတ်ဆတ်လေးတွေကို လက်နဲ့နှစ်ပိုင်းချိုးဖြတ်လို့ အပေါ်ကအုပ်ဖြူးကာ ဒယ်အိုးလေးကို လှုပ်ပေးပြန်ပါတယ်။ ငါးအိုးဆီပြန်လို့ မခြောက်ခင်မှာ ခုနပြုတ်ထားတဲ့ ငါးပနော်ကို အရိုးသင်ပါတယ်။ ခဏကြာတော့ ငါးဘဲဖြူအိုးကပ်ဟင်းလေးက ဆီသံတဖျစ်ဖျစ်မြည်လာကာ မွှေးလာပါတယ်။ ငါးဘဲဖြူဟင်းကျက်လေတော့ ငါးပြုတ်ရည်အိုး မီးဖိုပေါ်ပြန်တင်ပြီး ခုနက အရိုးနွှံထားတဲ့ ငါးပနော်အသားများ၊ ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာကို ပွက်ပွက်ဆူလာတဲ့ ပြုတ်ရည်အိုးထဲကို ပစ်ထည့်လိုက်ပါတယ်။ ပြီးတော့ သင်ထားတဲ့ ကန်စွမ်းရွက်၊ ဘူးညွန့်၊ ဟင်းနုနွယ်နဲ့ ပဲညွန့်တို့ကို ကရင်လို သီချင်းတစ်ပုဒ် ပါးစပ်က ညည်းလျှက်က ဟင်းအိုးထဲ ပစ်ထည့်ပြန်တယ်။ ဟင်းအိုးပွက်လို့ ဟင်းရွက်တွေ နူးလာချိန် စောင့်နေတုန်းမှာ ဘယ်ကရှာလာမှန်းမသိတဲ့ ၀ါးသီတံတစ်ချောင်းကို ကျန်တဲ့ ငါးပနော်တစ်ကောင်ကို ပါးစပ်ကနေ အမြှီးထိအောင်လျိုလို့ ငါးကင်ဖို့ ပြင်ပါလေတယ်။ ဟင်းရွက်ပြုတ်အိုး ပွက်လာချိန်မှာ အပေါ့အငန်မြည်းလို့ ငရုပ်ကောင်းလှော်ခတ်၊ ဆူးပုတ်ရွက်ကို နောက်ဆုံးဘိတ် ပစ်ထည့်ပြီး အဖုံးအုပ်ကာ ဖိုပေါ်မှချလိုက်ပါတော့တယ်။
ဆူးပုတ်ရွက်ရနံ့လေးမွှေးလာတော့ ကျွန်မဗိုက်ထဲ ဂွီကနဲတောင် မြည်လာပါတယ်။ အိမ်ရှေ့ကနေ အဖေ့ရဲ့ “ မွှေးတယ်ဟေ့.. ကျက်တာနဲ့ စားမယ်နော် ” လို့ ပြောလိုက်သံကြားလိုက်လို့လားမသိ။ မနော်က ချက်နေတာကို အရှိန်မြှင့်လိုက်လေတယ်။ ခုနသီထားတဲ့ ငါးကင်တံကို မီးဖိုပေါ်မှာ ဟိုသည်လှည့်လို့ ကင်တယ်။ တခဏနေတော့ ငါးကင်နံ့မွှေးမွှေးက နှာဝကို လာကလူလေတယ်။ “ အဲ့ဒီငါးကင်က ဘာလုပ်ဖို့လည်း ” မေးတော့ ငပိရည်ဖျော်မှာဆိုပဲ။ အရွယ်တော် ဟင်းပန်းကန် တစ်လုံးယူပြီး အရိုးထွင်ထားတဲ့ ငါးကင်၊ ခုနက ပြာပူမှာ မီးအုံးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားအော်ငရုပ်တောင့်တို့ကို လက်နဲ့ ပယ်ပယ်နယ်နယ် ရောသမကာ ဖိချေပါတော့တယ်။ ကျေနပ်လောက်အောင် ချေပြီးတော့မှ စောစောက ကျိုထားတဲ့ ငပိရည်ကျိုကို အပေါ်ကနေလောင်းထည့်တယ်။ ငပိတို့စရာကြိုက်တဲ့ ကျွန်မအတွက် ငါးမီးဖုတ်ငပိရည်ဖျော်စိမ်းမြမြရဲ့ မွှေးရနံ့က စိတ်ကို မထိမ်းနိုင်တော့လေပြီမို့ လျှာဖျားတလျှောက် လျှံတက်လာတဲ့ သွားရည်ကို လည်ချောင်းထဲကို ဂလုကနဲ မျိုချပစ်လိုက်ရပါတယ်။ စိတ်ကိုဘယ်လိုမှ မထိမ်းနိုင်တော့တာနဲ့ ပန်းကန်တွေ ရေဆေးလို့ ထမင်းကို ကြိုတင်ခူးခပ်ထားလိုက်နှင့်ပါတယ်။ အဲ့ဒီအချိန်မှာ မနော်က ဆီဒယ်အိုး မီးဖိုပေါ်တင်လို့ ဒညင်းဝက်ကို အခြမ်းလေးတွေခြမ်းလို့ မီးလက်ကျန်လေးနဲ့ ဆီပူထိုးကာ ကြော်နေပါပြီ။
ကျွန်မလည်း ထမင်းခူးပြီးတာနဲ့ ငါးဘဲဖြူ မကျည်းနှစ်အိုးကပ်ချက်ကို ပန်းကန်နဲ့ထည့်။ အလယ်သောက် ပန်းကန်ကြီးထဲမှာ ငါးပနော်ဟင်းရွက်စုံ ဟင်းချိုပူပူလောင်လောင်ကိုခပ်။ ငါးမီးဖုတ်ငပိရည်ဖျော် မွှေးမွှေးနဲ့ မနော်ယူလာပေးတဲ့ ဒညင်းဝက်ကြော်ပန်းကန်ကို နေရာချ။ တစ်ချိန်ထဲမှာ “ အမေရေ.. စားလို့ရပြီ ” လို့ အိမ်ရှေ့ကို လှမ်းအော်လိုက်တယ်။ ကျွန်မတို့ မိသားစုလေးယောက် ထမင်းဝိုင်းမှာ နေရာယူလိုက်ချိန်မှာ မနော်က တို့စရာဆိုပြီး ပန်းကန်တစ်ချပ်လာချပေးလို့ ကြည့်လိုက်တော့ မျှစ်ပြုတ်ဝါ၀ါလေးတွေနဲ့ အတူ စစချင်းတုန်းက ကျွန်မက ဒါဘာအရွက်တွေလည်း လို့မေးခဲ့ရတဲ့ အရွက်လေးတွေကို ရိုးတံနဲ့အတူ အစိမ်းလိုက် အလောတော်ပိုင်းဖြတ် ထည့်ထားတာ တွေ့ရလေတယ်။ “ ဒါ.. ထိကရုန်းရွက်လေ..။ ကျွန်မတို့ ရွာမှာဆို ပေါချင်းသောချင်း..။ ဒီအတိုင်းပေါက်နေတာ။ ငပိဖျော်နဲ့ တို့စားရင် ခံတွင်းမြိန်ပြီး ဆေးဘက်လည်း ၀င်တယ် ” လို့ မနော်က ပြောပြလေတော့ ကျွန်မတို့ မိသားစုရဲ့ လက်တွေက တို့စရာ ပန်ကန်းပေါ်မှာ ရစ်ဝဲသွားပြန်ပါတယ်။
ကျွန်မတို့ မိသားစုလေးယောက် စကားမပြောနိုင်ကြတော့ပါဘူး။ ငါးဘဲဖြူအိုးကပ်ဟင်းရဲ့ အရသာက အရိုးပါဝါးစားလို့ လျှာမှာ အရာသာစွဲငြိ နေပါတယ်။ ထိကရုန်းအရွက်တွေကို ထမင်းထဲမြုပ်၊ ငပိဖျော်စပ်စပ်နဲ့ တဂျွမ်းဂျွမ်းတို့၊ ဒညင်းဝက်လေးကိုက်လိုက်၊ မျှစ်ကလေးမြုပ်တို့လိုက်နဲ့ ရှူးရှူးရှဲရှဲနဲ့ စပ်လာတော့ ဆူးပုတ်ရွက်နံ့သင်းနေတဲ့ ငရုပ်ကောင်းနိုင်နိုင်နဲ့ ဟင်းရွက်စုံပြုတ်ရည်ပူပူကို တရှူးရှူးမှုတ်သောက်နဲ့။ ထမင်းလုပ်တွေက တစ်လုပ်ပြီးတစ်လုပ် အသောမသတ်နိုင်တော့။ ချွေးသီးချွေးပေါက်တွေက အားလုံးရဲ့ နဖူးမှာ.. နှာသီးဖျားထိပ်မှာ.. နှုတ်ခမ်းတစ်ဝိုက်မှာ တွဲရွဲခိုလို့..။ နှာရည်များတောင်ယိုလာချင်ချင်..။ ထမင်းဝိုင်းမှာ လက်တွေက ရှုပ်ရှက်ခတ်လို့နေပြီ။ ဇွန်းတွေ ခလုပ်တိုက်ကုန်ပြီ။ လက်တွေ ဟင်းပန်းကန်တွေ အပေါ်မှာ မနားတမ်းဝဲပျံနေကြပြီ။ ကျွန်မတို့မိသားစု မနော်ရဲ့ တောဟင်းလက်ရာအောက်မှာ ခေါင်းမဖော်နိုင်တော့လေပြီ။ မနော်လည်း မြိန်ရည်ယှက်ရည် စားနေတဲ့ ကျွန်မတို့ မိသားစုအတွက် ချွေးတလုံးလုံးနဲ့ စားပွဲနဘေးကနေ ထမင်း၊ ဟင်း လိုအပ်တာတွေ ဒရဇပ်လိုက်ပေးလို့။ ထမင်းစားနည်းတဲ့ အမေတောင် နှစ်ပန်းကန်မောက်မောက်စားလို့။ အသားမပါရင် မစားတတ်လေတဲ့ မောင်လေးကလည်း အစားကြီးတဲ့ ကျွန်မကို အမှီလိုက်လို့။ နောက်ဆုံးဘိတ် ဟင်းချိုတစ်ဇွန်းခတ်သောက်အပြီး ကျွန်မရဲ့ဗိုက်က တင်းဖောင်းလို့ ပြည့်အင့်သွားချိန် မနော်ဘာတွေ လုပ်နေပါလိမ့်လို့ မီးဖိုထဲကို လှမ်းကြည့်လိုက်တော့ သူစားဖို့တောင် တစ်စိမကျန်တော့အာင် ပြောင်သလင်းခါသွားလေတဲ့ လေးလုံးချက်ထမင်းအိုးကို ပီတိမျက်နှာနဲ့ ပြုံးပြုံးကြီးရှိလျှက်က ကျွန်မကိုလှမ်းပြလေတယ်။
အင်း… ထမင်းလုံးစီပြီးလို့ နိုးလာရင်တော့ လမ်းထိပ်က စတိုးဆိုင်လေးကို မနော်နဲ့အတူ သွားဦးမှ..။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
13 comments:
မမရေ
ထမင်းစားချိန်မှာမှ တမင်တင်လိုက်လေလားဟင်
ချိန်ကိုက်ဗုံးတောင် မမလောက်ဆိုးမှာ မဟုတ်ဘူးထင်တယ်
ချစ်သော
ဇင်အိ
ဟင်းတွေအကုန်ကြိုက်တယ်
ငါးအိုးကပ်
ဟင်းရွက်စုံဟင်းချို၊ အင်း ငါးမှးဖုတ်ငပိရည်ကတော့ လျှာဖျားမှာ သွားရေတောင် ယိုလာတယ်
ငပိရည် မစားရကြာပါပေါ့လား.. ဒညင်းဝက်လဲ ကြိုက်တယ်.. ထိကရုန်းတော့ မစားဖူးဘူးထင်တယ် .. သိပ်မမှတ်မိတော့ဘူး..
ဘာဘဲပြောပြော ဆီပြန်ဟင်းတွေထက် တောချက်တွေက ထမင်းမြိန်စေတာ အမှန်ပါ။။ ညီမတော့ တောသူမို့ထင်တယ်ဆီပြန်ဟင်းတွေ ကြိုက်ဘူး။ စားရခက်တယ်.. တစ်ခါတစ်လေ စားရင်တော့ကောင်းတယ် အမြဲမစားနိုင်ဘူး
တော်ပြီ။ တောပြန်တာဘဲကောင်းတယ်း)
မမရေ ဖတ်ရင်းနဲ့ သွားရေယိုလာပြီဗျာ :P
အပြေးလိုက်လာတာ ဂျင်အိ၊ အရုပ်နဲ့ မချောတို့က ဦးသွားသေးတယ်
ဘယ်ရမလဲ.... နောက်လူတွေ ရောက်မလာခင် အမြန်စားသွားမှ
မမြတ်မွန်တော့ သနားပါတယ်၊ သူလာရင် ပန်းကန်ခွက်ဆေးပြီး ပြန်ရတော့မယ်
ပဲရွက်လေးကို ဆန်ခေါက်ဆွဲလေးနဲ့ စားရရင်တော့လား...... ရှလွတ်
အားရပါးရစားပြီးလို့ ပြန်ပါပြီဗျာ။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
ငါးဘဲဖြူအိုးကပ်......စားးးးးးးးးချင်လိုက်တာ..............................။
မြသွေး ညစ်စုတ်...ချက်ပြီးသား ဟင်းခွက်တွေ ရိုက်ပြဖို့ အချိန်တောင် မရှိအောင် စားပစ်လိုက်ကြတာပေါ့လေ....ဒီက ကြည့်ချင်တာ၊ ပြန်လာရင် မြသွေးဆီ အလည်လာမယ် အဲလို အသားဟင်း မပါဘဲ စားချင်တာ... ချက်ကျွေးရမယ်နော် :P
ဟိုက်
ဗိုက်တောင် ဆာလာပြီ
အိုးကပ်အနံ့တူးတူးကလေးတောင်ရလာတယ်
အမရေ စာဖတ်နေရင်းနဲ့ကို
သွားရေကျရပါတယ်။ အဲသလိုလတ်လတ်ဆတ်ဆတ်
အညာထမင်း၊အညာဟင်းတွေကို မစားရတာကြာပြီ။
စားချင်၏တာ။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ညီမ ရေ
ဒီနေ့မှ ပိုစ် လေးဖတ်လိုက်ရတယ် ကောင်းလိုက်တာ အမ လည်း စားချင်လာပြီ ရန်ကုန်ရောက်ရင် မနော် လက်ရာလေး လာစားအုန်းမယ်နော် ကြိုက်စ်
ခင်တဲ့
ရွှေစင်ဦး
အစ်မ သိပ် သိပ် ရက်စက်တယ်။ စိတ်ထိန်းကြည့်သေးတယ် ငပိရည်ကျိုတဲ့ နေရာ ရောက်တော့ ဘယ်လိုမှ မရတော့ဘူး
ရက်စက်ပါ့။ ကြွားကြပါ ။ စားကြပါဗျာ။
ရေးထားတာဖတ်ရင်း မျက်စိထဲ မြင်ယောင်ပြီး စားချင်လိုက်တာ။ အဲ့ဒီဟင်းရွက်စုံ ဟင်းချိုလည်း သောက်ချင်၊ ငါးကင်နဲ့ ဖျော်ထားတဲ့ ငါးပိရည်နဲ့ တို့စရာအစုံလည်း စားချင်၊ အဲ့ ချင်တွေ များကုန်ပြီ။
ချစ်ခင်စွာဖြင့်
လု
ဂလု...ဂလု...ဂလု......ကောင်းမှကောင်း....!!!!!
အဟင့်...မှတပါး ပြောစရာမရှိပြီ...
Post a Comment