
ဂစ်တာတီးနေစဉ်အခါ
ကျွန်တော်သည်
ကျွန်တော်မဟုတ်ပါ
ကျွန်တော်သည် ထိုဂစ်တာ
.....လို့ သူက ပြောခဲ့ဘူးတယ်။
...............................................................................................................................................................................................................................
သူ့ကို ကျွန်မ မသိခဲ့ခင် သူ့ရဲ့သီချင်းသံကို ဟိုသည်ဖွင့်ရာက စတင် သတိထားလို့ နားထောင်မိခဲ့တာ။ " ပျော်မယ်ဆိုနေခဲ့ပေါ့.. ချစ်ရတဲ့သူရယ်.. အရှုံးပေးခဲ့ပြီ ကျေနပ်တော့ကွယ်.. ရေလိုဘ၀ အေးမြပါစေ အချစ်ရယ်.. တို့...ဆုတောင်းပါတယ်... ပန်းခင်းလမ်းပဲလျှောက်ပါ အချစ်လေးရယ်.. ခရောင်းတောလမ်းထဲ တို့ကိုထားခဲ့ကွယ်... ချစ်ခဲ့ကြတဲ့ အဖြစ်ဟာ အိမ်မက်ပဲ.. မင်းဘ၀နေ့သစ်ရောက်ပြီ မေ့လိုက်ကွယ်.. အိုး.... မေ့လိုက်တော့ အချစ်လေးရယ် "
နေရာအနှံ့မှာ သူရဲ့ " မေ့လိုက်တော့ " သီချင်းတွေ စီးမျောနေတာ။ ထူးခြားတဲ့ သူ့ရဲ့ ချိုမြစွဲငင်တဲ့ အသံနဲ့ ဆိုပေါက်က အဲ့ဒီအချိန်ကာလက တော်တော့ကို ထူးခြားခဲ့တာ။ သူဘယ်သူလဲ.. သူ့နာမည်စုံစမ်းကြည့်တော့ ထူးခြားလှတဲ့နာမည် " ထူးအိမ်သင်" တဲ့။ သူ့ရဲ့ " နာရီပေါ်ကမျက်ရည်စက်များ " အခွေကို ချက်ခြင်းပြေးဝယ်လို့ နားထောင်မိတယ်။ အဲ့ဒီခောတ် တုန်းက အခုလို စီဒီတွေ မပေါ်သေး။ တစ်ကြိမ်နဲ့ အားမရ၊ နှစ်ကြိမ်နဲ့ မ၀၊ အကြိမ်ကြိမ် အပ်ကြောင်းထပ်အောင်၊ သီချင်း စာအုပ်လေးရှေ့ချလို့ စာသားတွေ တစ်လုံးစီ၊ တစ်ကြောင်းစီ၊ တစ်ပိုဒ်စီ တိတ်ခွေကြိုးလေးတွေ ပွန်းပဲ့ကုန်တဲ့အထိ။ သူ့ရဲ့ သီချင်းတွေကို နှစ်သက်လွန်းလို့ သူ့သီချင်းတွေကို မညည်းရဲ လောက်အောင် ဖြစ်လာခဲ့ရတာ။
သူ့ရဲ့ အောင်မြင်မှုတွေက ကောင်ကင်ထဲပြန့်ကျဲ၊ သူရဲ့တေးသွားတွေက သွေးကြောထဲအထိစိမ့်ဝင်၊ ဒီဂရီ အထူကြီးနဲ့ သူ့မျက်မှန်အောက်က မျက်ဝန်းတွေက သူ့ရဲ့ရင်ထဲက စကားလုံးတွေကို အမြဲကာရံညှိလို့။ လူငယ်တိုင်းရဲ့ နှုတ်ဖျားမှာ သူ့သီချင်း။ အားလုံးနဲ့ ထပ်တူညီလျှက်။ သူ့အကြောင်းတွေ မီဒီယာ တွေက ဖော်ပြကြ။ သူကတော့ သူ့ရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ ပကတိစိတ်၊ ပကတိ ခန္ဓာကိုယ်နဲ့။ သူ့ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေကတော့ တစ်ဖျစ်ဖျစ်မြည်ပြီး ကျွမ်းလောင်နေတဲ့ တေးသွား၊ သံစဉ်နဲ့ ကာရန်တွေနဲ့ တည်ဆောက် လို့။
သူ့ရဲ့... အခါလွန်တဲ့မိုး၊ ဝေးသွားတဲ့အခါ၊ နာရီပေါ်ကမျက်ရည်စက်များ၊ ညီလေး..ရေ..၊ ကာရန်မညီသော..၊ စကားလုံး မရှိတဲ့ကောင်းကင်၊ အမေ့ရဲ့ ဒုက္ခအိုးလေး၊ ချိုသောအပြုံးများ၊ တကယ်လို့များ၊ ရာဇ၀င်များရဲ့သတိုးသမီး၊ ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ ကြယ်တွေစုံတဲ့ည၊ သက်ငြိမ်၊ တစ်နေ့စာအလွဲများ၊ အလွမ်းရဲ့မီးလျှံများ................ ။ ကျွန်မအရမ်းကို စွဲမက်ခဲ့ရတာ။ သီချင်းတိုင်း၊ ခေါင်းစဉ်တိုင်း ၊ စကားလုံးတိုင်းက စွဲမက်၊ တွယ်ငြိစရာ။ သူ့သီချင်းတွေကို သူကလွဲလို့ ဘယ်သူမှသီဆိုတာ မကြိုက်။ သူ့သီချင်းကို သူသီဆိုတာသာ နားထောင်လို့ အရသာရှိတယ်။
သူက သီချင်းတွေရေးတယ်။ သီဆိုတယ်။ တူရိယာတွေ တီးမှုတ်တယ်။ ကဗျာတွေရေးတယ်။ သူလောကကြီးက ထွက်ခွာသွားတာ အရမ်းကို စောလွန်းလှတယ်။ သူ့လို လူစားမျိုး နောက်တစ်ယောက် ထွက်ပေါ်လာဖို့ ဘယ်လောက်များ စောင့်ရဦးမလဲမသိ။ သူက ထွက်ခွာသွားပေမယ့် ကျန်ရစ်သူအားလုံးကို ဆွဲရစ်ယူငင်ထားခဲ့တာ။ သူမရှိတော့ပေမယ့် သူချန်ခဲ့တာတွေက တနင့်တပိုး။ သူ့သီချင်းတွေက ဘယ်အချိန် နားထောင်ထောင်မရိုး၊ သူ့ကဗျာတွေက ဘယ်အချိန်ရွတ်ဖတ်ဖတ် မ၀နိုင်။ သူ့ရဲ့ လှိုင်းတွန့်ဆံနွယ်တွေက လွတ်လွတ်လပ်လပ်နဲ့ ပုခုံးပေါ်ဝဲကျလို့။ သူ့ရဲ့ ပါဝါမျက်မှန်ထူထူက သူ့ရဲ့ပြရုဂ်တစ်ခု။ သူ့ရဲ့ ရှည်သွယ်လက်ချောင်းတွေက သူ့ရင်ထဲက အနုပညာတွေကို တစ်ခုပြီးတစ်ခု ဖန်တီး မွေးထုတ် ခဲ့။ ကိုငှက်လို့ အများက ချစ်စနိုးခေါ်ခဲ့တဲ့ ဂီတငှက်...။ အခုအချိန်မှာ ဘယ်အပင်၊ ဘယ်ကမ်း၊ ဘယ်နေရာမှာ ဘာတွေများ ရေးဖွဲ့ ဖန်တီးနေရှာပါလိမ့်နော်။ ၆နှစ်ဆိုတာ ရက်ပေါင်း ၂၁၉၀ရက်။ ဒါပေမယ့် ခဏလေးလိုလို၊ မနေ့တစ်နေ့ကလိုလို။ သူရဲ့ဂီတမှာ ညွတ်နူးလို့၊ စီးမျောပျော်ဝင်စွာနဲ့ ကိုယ်ခန္ဓာကို ယိမ်းနွဲ့သီဆိုဟန်။ သူ့ရဲ့ အနုပညာအပေါ် ရူးသွပ် တက်မက်မှုမျိုး တစ်ခါဘူးမှ မတွေ့ဘူးခဲ့။
ကဗျာအပေါ် ရူးသွပ်တဲ့ သူ့ရဲ့ " သျှပ်မှူးကျော် " နာမည်နဲ့ရေးခဲ့တဲ့ ကဗျာတချို့ကို မျှဝေချင်မိတယ်။

... အမေ ...
မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...
အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။
<သျှပ်မှူးကျော်>

... မြ ...
အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် “မြ” သော မြားတစ်စင်းတည်၏။
သို့သော် “တေး” မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို ”မြ” သော စောင်းတစ်အိုးတည်၏။
သို့သော် “ကြိုး”မရှိ။
<သျှပ်မှူးကျော်>

... အစ၏အဆုံး (သို့မဟုတ်) အဆုံး၏အစ ...
ကမ္ဘာဦးသူတို့သည် ရသပထ၀ီကိုစားကုန်၏။ အချို့အဆင်းလှကုန်၏။
အချို့အဆင်းမလှကုန်။
ထိုသူတို့တွင်
အဆင်းလှသူတို့သည် အဆင်းမလှသူတို့ကို
မထီမဲ့မြင်ပြုကြကုန်၏။
ထိုသို့ပြုသည်ရှိသော် .. ။
(ဦးကုလားရာဇ၀င်)
နှလုံးသားနဲ့ဖတ်ဖို့
(ရင်၌ဖြစ်သော)
ချစ်ဇနီးသို့။
<သျှပ်မှူးကျော်>

... အသက်သည် အိမ်မက် ...
အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။
<သျှပ်မှူးကျော်>

သက်တံ
ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ..
ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။ ၊
ထူးအိမ်သင်

ချောင်းကြည့်ပေါက်များ
သူ့အလို...
အထက်အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ
(၁)
"စကားလုံးများ" ဟာ "အတု" ဖြစ်ပြီး
"စိတ်" သည် "အစစ်အမှန်" ဖြစ်တယ်...တဲ့။
(၂)
"ခြေထောက်တွေ" ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည် "ခရီးဆုံး" ဖြစ်တယ်...တဲ့။
(၃)
ဆိုတော့ကာ...
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ... တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်...တဲ့
အင်း
ပျင်းတယ်....ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ...
.......။
ရဲသင်ရန် (ထူးအိမ်သင်) ၂၀ဝ၂၊ အောက်တိုဘာ၊ ပန်မဂ္ဂဇင်း

စံပါယ်ဖြူအိပ်မက်
လှိုင်းခတ်သံ ဂီတ...
ချိုမြ မပီပြင်၊သည်ရင်မှာ
ကြယ်ပြာ..လပြာ..ကောင်းကင်ပြာ...
ရောင်လွှာ မြူးပြက်၊လျှပ်လက်သလို
အို.....လှလိုက်တာ။
သဲသောင်ခုံလား၊ရေစွယ်လားလေ
ခြေသံဖွဖွ၊ကြားနေရပေါ့
မွှေးမြသန့်စင်၊အာရုံမြင်ရနံ့
သင်းပျံနေဆဲ၊ရင်ထဲမှာ...။
စကားတိုးတိုး၊မြူခိုးဝေေ၀
စံပယ်ရေ..စံပယ်ဖြူ...
ဘယ်သူများလဲ၊မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ဟိုးအဝေးကို။
သည်အိမ်မက်မှ၊မောင် နိုးထလည်း
တမ်းတတပ်မက်၊ရုန်းမထွက်ချင်
သက်ဦးမြတ်မွန်၊ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ..။
စံပယ်ရေ..စံပယ်ဖြူ
ဘယ်သူများလဲ၊ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါမေ။
လင်းလက် (ထူးအိမ်သင်) ၁၉၈၂ ၊ ရှုမ၀မဂ္ဂဇင်း
...................................................................................................................................................................................................
သူက ဗီသိုပင်မဟုတ်၊ ဂျွန်လင်နွန် မဟုတ်၊ မြ၀တီမင်းကြီးဦးစမဟုတ်၊ သူက ကျော်မြင့်လွင်လို့ အမေက အမည်သညာ ခေါ်တွင်စေခဲ့တဲ့၊ သူ့ရဲ့ ချစ်ပရိသတ်ကြီးက ကိုငှက်ကြီးလို့ခေါ်တဲ့ " ထူးအိမ်သင်" ။
မကျွတ်လွတ်အောင်
လွမ်းတဲ့စိတ်က...
ရင်တစ်ခုလုံး ဟင်းလင်းပြင် ။
မြတ်ချင်လို့ရင်းတဲ့ ဘ၀မဟုတ်ခဲ့တာကိုက
ရင်ဘတ်တွေကို ကျကျနနသိမ်းပိုက်ခဲ့ပေါ့..။
သူ့ဂီတက...
သူ့သမိုင်းရဲ့ သေဆုံးခွင့်ကို
နောင်..ဘယ်တော့အထိ ပိတ်ပင်နိုင်မှာမဟုတ်။
လောကကြီးရေ....
သူ့ကြမှ မြန်လိုက်တာ
တိမ်တွေက ချုံးပွဲချလို့။
လောကရဲ့လမ်းများပေါ်မှာ လျှောက်သွားခဲ့ဘူးတဲ့
အမေ့ရဲ့ ဒုက္ခအိုးကွဲလေးအတွက် ။
ချစ်ခြင်းအားဖြင့်.....လို့
ရာဇ၀င်တွင်ခဲ့တဲ့..
သူ့..အတွက် အမှတ်တရ...။
( ပုံများကို Google မှယူသုံးပြီး၊ ကဗျာများကိုတော့ မိတ်ဆွေ ကဗျာဆရာမြတ်ဝေမှ ကျေးဇူးပြုပါသည် ။ )
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
10 comments:
အနုပညာကို ရူးသွပ်စွာ ခုံမင်ခဲ့သူ.....
အသက်သေသည်အထိ ဖက်တွယ်သွားခဲ့သူ
"အမေ့အိမ်"..... "အင်္ကျီဖြူဖြူလေးရယ် မင်းလောက်တို့ မသန့်စင်တယ်........" "အမေ့ရဲ့ ဒုက္ခအိုးလေး"..... "ဂျပ်စင်ထိပ်က လရိပ်ပြာ"..... "ဥာဏ်ပညာရယ် ချစ်ခြင်းတရား".......
ခင်ဗျား မသေသေးပါဘူး၊ ကျနော်တို့ နှလုံးသားမှာ ရှင်သန်ဆဲ ရှင်သန်မြဲပါ ကိုငှက်ကြီး။
ထူးအိမ်သင်ရဲ့သီချင်းလေးတွေအားလုံးကိုကြိုက်တယ်..။ခုချိန်ထိနှလုံးသားထဲမှာရှိနေဆဲ..ဘယ်တော့မှမရိုးနိုင်တဲ့
သီချင်းသံလေးတွေပါပဲ...
ချစ်တဲ့
ညီမသဒ္ဓါ
ငယ်ဘ၀မှာ သူ့သီချင်းတွေရဲ့ လွှမ်းမိုးခြင်း အခံခဲ့ရဆုံးပါ.
ချိုမြိန်သာယာတဲ့ စာသားလေးတွေကို ဖန်တီးတတ်တဲ့ ၊သာယာနာပျော်ဖွယ်တေးသံလေးနဲ့ ညှို့ယူဖမ်းစားတတ်တဲ့
အသံဂဝေရှင်တစ်ယောက်ပါဘဲ...
သူ့သီချင်းတွေ ခုချိန်ထိတိုင်လည်း မရိုးနိုင်သေးသလို ဘ၀မှာ သူ့သီချင်းနဲ့ပတ်သက်ပြီး
အမှတ်တရ များစွာ ရှိခဲ့ဖူးသလို မှတ်တိုင်လေးတစ်ခုလည်း ရခဲ့ဖူးတယ်..
ဘယ်တော့မှ မမေ့နိုင်မဲ့ သီချင်းလေးတွေလည်း ရင်ထဲမှာ စွဲနစ်နေတုန်းပါဘဲ။
သိတ်ကြိုက်တယ် သီချင်းတွေ၊ ကဗျာတွေ ပြီးတော့ ရိုးစင်းလွန်းတဲ့ သူ့စိတ်ဓါတ်၊ သူ့အကြောင်းတွေ မဖတ်ရဲအောင်ပါပဲ မြသွေးရယ်၊ နှမျောလွန်းလို့....သက်တံ ဆိုတဲ့ ကဗျာလေး ကြိုက်တယ်...။ မှော်ဆရာကတော့ ဘာမှ မသိ....
သူရဲ့ ကဗျာလေးတွေ ပြန်တွေ့လိုက်ခွင့် ပေးတဲ့ မမြသွေးကို အရမ်းကျေးဇူးတင်ပါတယ်။
သူ့ကိုပြန်ပြောဖို့တော့ စကားလုံးမရှိဘူးဖြစ်နေတယ်။
ချစ်ခြင်းအားဖြင့်............
အမေကို ချစ်သော အဝေးရောက် သားဆိုးများ အားလုံးဟာ ကိုငှက်ကြီးရဲ့ အမေ သီချင်းတွေနဲ့ အမေနဲ့ အမေ့အိမ်ကို လွမ်းဆွတ်ခဲ့ကြဖူးမှာပါ...........
သူများတွေအတွက်တော့ မသိပေမယ့် ကျွန်တော့် အတွက်တော့ ကိုငှက်ကြီး ဟာ လူပီသသော ( လူနဲ့ အင်္ကျီ)၊ အမေကို ချစ်သော (အမေ သီချင်းများ) ဖခင်ကောင်းပီသသော (တုနှိုင်းမဲ့ ရတနာ) တိုင်းပြည်နဲ့ လူမျိုးဂုဏ်ကို ချစ်မြတ်နိုးသော (ရာဇ၀င်များရဲ့ သတို့သမီး) သာသနာတော်ကို ချစ်မြတ်နိုးသော (ဘုရားထံ ၀တ်ပြု၊ မဟာဝီရ အိုဗုဒ္ဓ) ဂီတကို ရူးသွပ်သူ ဂီတဘိုးအေ တစ်ယောက်အဖြစ် အမြဲ အမှတ်ရနေမှာပါ..........
ချစ်ခြင်းအားဖြင့်............ရောက်ရာဘ၀မှာ ငြိမ်းချမ်းပါစေ
အရှိမဲ့ပေမယ့်
အားလုံးရဲ့နှလုံးသားမှာ
ကိုငှက် ရှိတယ်
( အမြဲထာဝရ )
ထူးအိမ်သင်....သီချင်းလေးတွေက..ကျွန်တော်.အကြိုက်ဆုံး..သီချင်းလေးတွေပေါ့.
မီရှယ်..ကို...သတိရတိုင်း...အမြဲနားထောင်တယ်...။
အိုဘားမား..အတွက်တော့....စကားလုံးမရှိတဲ့..စကြာဝဋ္ဌာ..ကြီးပေါ့..
အခါလွန်တဲ့မိုး...ဆို...အသဲစွဲပေါ့ဗျာ..။
သူကဗျာလေးတွေ..တင်ထားပေးလို့..ဆရာမကိုကျေးဇူးတင်ပါတယ်..။
အမေ့ရဲ့ ဒုက္ခ အိုးတွေ အတွက် ငါ တို့ ရဲ့ ဧရာဝတီက ဆက်လက် စီးဆင်း နေဦးမှာ ...
ထူးအိမ်သင် ကလည်း ပျံဝဲနေဦးမှာ ...
ငြိမ်းစိုးဦး
လုပ်ချင်တာကို လုပ်ရဲသော သတ္တိထက် မလုပ်ချင်တာမလုပ်ဘဲ နေရဲသော သတ္တိ ရှိသူတစ်ယောက်ပါ။
အဝေးရောက်နေသော ကျနော်အတွက်တော့ ကိုငှက်ကြီးရဲ့ အမေသီချင်းလေးတွေက ကျနော်နဲ့ အမြဲရှိနေမှာပါ။
ကိုရင်ကို
Post a Comment