Friday, August 13, 2010

လပ်ကီးနဲ့ မီးညောင် (၁)



ကျွန်မဟာ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးတော်တော်များများမှာ ရှိတတ်တဲ့ အမူအကျင့်မျိုး၊ မိန်းကလေးတော်တော်များများ နှစ်သက်တတ်တဲ့ အရာမျိုးတွေ ပါးရှားသူတစ်ဦးလို့ ကိုယ့်ကိုယ် ထင်ထားသူ တစ်ဦးဖြစ်ပါတယ်။ ကျွန်မ သနပ်ခါးမနှစ်သက်ဘူး၊ ပန်းမကြိုက်ဘူး၊ ကျောက်မျက်ရတနာတွေ မနှစ်သက်ဘူး။ အ၀တ်အစား အသစ်အဆန်းတွေ မခုံမင်ဘူး။ ကလေးတွေ၊ တိရိစ္ဆာန်တွေကို လွန်လွန်မင်းမင်း မချစ်တတ် ဘူး။  ဒါက ယေဘူယျ ကိုယ့်ကိုယ်သိနေတာ အချို့ပါ။ ဒီလိုကိုယ့်ကိုယ်ကို အထင်တကြီးရှိနေပေမယ့် တစ်နေ့မှာတော့ သက်ရှိတိရိစ္ဆာန်နှစ်ကောင်က ပေးတဲ့ ဝေဒနာတွေကို ကျွန်မတစ်နင့်တစ်ပိုးကြီး လက်ခံရယူလိုက်ရပါတယ်။




လပ်ကီး


အဲ့ဒီတုန်းက ကျွန်မအသက် ၁၉နှစ်သမီးလောက်ပေါ့။ လပ်ကီးကို ကျွန်မစတွေ့တာ ကျွန်မတို့ အိမ်နားက ဈေးမှာ မနက်စောစော ဈေးသွားဝယ်စဉ် ဆိတ်သားဆိုင်နားမှာ တွေ့ခဲ့ရတာပါ။ ဆိတ်သားကို အာလူးလေးနဲ့ ဆီပြန်ရောချက်လို့ ချဉ်ပေါင်ဟင်းပြစ်ပြစ်လေးမွှေချက်မယ် စိတ်ကူးနဲ့ ဆိတ်သားဆိုင်ရှေ့ကို ကျွန်မရောက်ခဲ့ပါတယ်။ ဆိတ်သားချိန်တွယ်အပြီး ခုတ်ထစ်ပေးနေတုန်း ကျွန်မရဲ့ မျက်ဝန်းအစုံက တစ်လက်လက် တောက်ပ နေတဲ့ ခွေးတစ်ကောင်ရဲ့ မျက်ဝန်းအစုံနဲ့ ပက်ပင်းသွားတိုး ပါလေတယ်။ ခွေးက အထီးလေး.. ခွေးသက်တစ်နှစ်ခွဲလောက်ရှိမယ်။ ရှေ့ခြေနှစ်ချောင်း ထောက်ထိုင်လျှက်က နှာခေါင်းလေး ရှုံ့ပွရှုံ့ပွလုပ်လို့ ဆိတ်သားသည် အရာကြီးကို  အမြှီးလေး တရမ်းရမ်းလှုပ်ကာ  သူ့ရဲ့ မျက်လုံးတောက် တောက်လေးတွေနဲ့ လှမ်းကြည့်နေလေတာကို ကျွန်မတွေ့လိုက်ရတယ်။


“ခွေးလေးက ချစ်စရာလေးတော့..” လို့ ကျွန်မပါးစပ်က ထွက်သွားပြီး လက်ဖျစ်လေးတီးလို့ ခွေးကို မြူမိပါတယ်။ ခွေးက ချက်ချင်း ကျွန်မအနား ထလာပြီး ခေါင်းနဲ့ လာဝှေ့ပါတယ်။ ကျွန်မက ခွေးကို နည်းနည်း ကြောက်တတ်လေတော့ အနောက်ကိုရွံ့သွားမိပါတယ်။ အဲ့ဒီမှာ ဆိတ်သားသည် ကုလားကြီး ပြောလိုက်တဲ့ စကားက ခွေးကြောက်တတ်ပေမယ့် သနားတတ်တဲ့ ကျွန်မရဲ့ စိတ်အခံကို ချူယူသွားပါတော့တယ်။ “ ဒီခွေးက ဒီဘက်က ကျူးကျော်ရပ်ကွက်တွေ မြို့သစ်ရွှေ့တော့ ပိုင်ရှင်နဲ့ မပါသွားပဲ ကျန်ခဲ့တာလေ။ မနက်ဆို ကျွန်တော့ဆိုင်နား လာလာမျှော်နေလို့ အရိလေး၊ အရိုးလေး ချချကျွေးရင်း ဒီကောင်စားရမှန်းသိလို့ လာလာမျှော်နေတာလေ။ အခု ဒီဈေးထဲက လူတွေက သနားပြီး ကျွေးထားရတော့ ဒီဈေးထဲမှာပဲ သောင်တင်နေတာပေါ့။ ခွေးက မျိုးလေးကောင်းတယ်။ သေချာမွေးမယ့်သူ ရှိရင် ထည့်ပေးလိုက်ချင်တာ။ မဟုတ်ရင် ဒီဈေးထဲက ၀ဲစားခွေးတွေနဲ့ ပေါင်းပြီး ဘ၀ပျက်သွားမှာ..”


အရာကြီးက စီကာပတ်ကုံးပြောပြနေရာက သူပြောတဲ့ ဘ၀ပျက်သွားမှာဆိုတဲ့ နေရာလည်းရောက်ရော ကျွန်မရဲ့ သနားတတ်တဲ့ စိတ်အခံက ငေါက်ကနဲ ထလာပါတော့တယ်။ ဒါနဲ့..


“ ဒီလိုဆို ဒီခွေးကို ဘ၀တော့ အပျက်မခံဘူး။ ကျွန်မခေါ်သွားမယ်.. ”


လို့လည်းပြောရော အရာကြီးလည်း ၀မ်းသာအားရနဲ့...


“ ခေါ်သာခေါ်သွား၊ ဈေးထဲရောက်နေတာ ရက်၂၀လောက်ရှိနေပြီ။ ပိုင်ရှင်လည်း လာခေါ်မယ့်ပုံမရှိဘူး။ ဒါပေမယ့် ငါးရာတော့ ပေးရမယ်။ ဒီအတိုင်းတော့မရဘူး။ ကျွန်တော်က ကျွေးမွေးစောင့်ရှောက်ထားရတာ ”


..ဆိုပြီး ဈေးသည်ပီပီ ဈေးစကားဆိုလာပါတယ်။ ဒါနဲ့ ကျွန်မလည်း လက်ထဲက ဈေးဝယ်ဖို့ကျန်တဲ့ငွေကြည့်လိုက်တော့ ငွေငါးရာကျော်ကျော် ကျန်နေတာ တွေ့လိုက်ရ တယ်။ ဒါနဲ့ နောင်ကိစ္စနောက်မှရှင်း အရာကြီးကို ငွေငါးရာပေးလို့ ဈေးခြင်းတောင်းတစ်ဖက်နဲ့ ခွေးကို ဆိုက်ကားနဲ့တင်ကာ အိမ်ကိုခေါ်လာခဲ့တော့ တယ်။ ခွေးက လူနဲ့လက်ပွန်းတတီး နေခဲ့တာ သေချာ လောက်တယ်။ တစ်လမ်းလုံး ဆိုက်ကားပေါ်မှာ ငြိမ်သက်စွာနဲ့ ပါလာခဲ့တယ်။ ဆိုက်ကားဆရာက ..


“ ခွေးကို မျက်လုံးလေးအုပ်ထား.. မဟုတ်ရင် ခွေးဆိုတာမျိုးက ဘယ်လောက်ဝေးဝေး လမ်းကို မှတ်ထားပြီး ပြန်တတ်တယ် ” တဲ့။


ကျွန်မကတော့ သူ့စကားနားထဲမ၀င်ပဲ အိမ်ရောက် လို့ ဈေးသွားဝယ်တဲ့ကျွန်မ ခွေးတစ်ကောင်ဆွဲလို့ ပြန်လာတာ အမေတွေ့ရင် ဘယ်လောက်များ ဒေါကန်နေလိုက်မလဲလို့ တွေးပြီး တစ်လမ်းလုံး လန့်နေမိတာ။


ထင်တဲ့အတိုင်းပါဘဲ။ အိမ်လည်းရောက်ရော အမေက ကျွန်မကို ပွမ်တော့တာပါဘဲ။ အမေပြောတာ လည်း ဟုတ်တော့ဟုတ်ပါရဲ့။ ကျွန်မတို့နေတဲ့ အခန်းက ဘရစ်နော်ကင်နှစ်ထပ်မှာ အပေါ်ထပ်။ ခြံနဲ့ ၀င်းနဲ့လည်းမဟုတ်။ နောက် အိမ်ရှိလူကုန်က အလုပ်သွား၊ ကျောင်းသွားနဲ့ဆိုတော့ ဒီခွေးကိုကြည့် မယ့်သူမရှိ။ ကျွန်မလည်း ကိုယ်လုပ်ချင်တာလုပ်လာပြီးပြီဆိုတော့ အမေဆူတာကို အသာငြိမ်ခံ နေလိုက်တယ်။ ပြီးတာနဲ့ ဟင်းမချက် နိုင်သေးပဲ နေရာအသစ်မှာ ဂဏှာမငြိမ်၊ လှုပ်လှုပ်ရွရွဖြစ်နေတဲ့ ခွေးကို မောင်လေး အကူအညီနဲ့ ရေချိုးပေးခြင်းအမှု စတင်ရလေတယ်။ ရေချိုးအပြီး ဟဲဒရိုင်ရာနဲ့ အမွှေးတွေ ခြောက်သွေ့အပြီးမှာတော့ ကျွန်မရဲ့ ငါးရာတန်ခွေးလေးက မွှေးကြိုင်သန့်ရှင်းလို့ နေပါတော့တယ်။ ဒါနဲ့ အရုပ်အသစ်ရတဲ့ ကလေးများလို မောင်လေးနဲ့ ကျွန်မခွေးရှေ့မှာထိုင်လို့ နာမည်ပေးကင်ပွန်း ဘယ်လိုတတ်ရင်ကောင်းမလဲ စဉ်းစားခန်း ဖွင့်ပါတော့ တယ်။ ကျွန်မ ဦးလေး သူ့အိမ်က ခွေးတွေပေါက်တော့ ပေးသလို ခင်ဝဋ္ဌာမိုးထက်အာကာကျော်၊ ခင်ဝသုန်မိုးဆမ်းပန်း၊ စည်ဖြိုးဝေသျှံကာပြည့်၊ ကလီယိုပက်ထရာ ..စတဲ့ နာမည်အရှည်ကြီးတွေ ပေးရင်ကောင်းမလား။ ကျွန်မ အစ်ကို တစ်ဝမ်းကွဲအိမ်ကလို လိုရင်းတိုရှင်း ၀မ်း၊ တူး၊သရီးဆိုတဲ့ ဂဏန်းနံပါတ်မျိုး ပေးရင် ကောင်း မလား.. စဉ်းစားကြရင်းနဲ့ နောက်ဆုံး ဒီခွေးလေး ငါတို့ လက်ထဲရောက်တာ ကံကောင်းရှာ တယ်ဆိုပြီး  “ လပ်ကီး ” လို့ ပေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။


“ လပ်ကီး ” “ လပ်ကီး ” လို့စမ်းခေါ်ကြည့်တော့ ကိုယ်တော်ချောက သိသလိုလိုနဲ့ အမြှီးတရမ်းရမ်း နဲ့။ “ လပ်ကီး ” က အမျိုးကောင်း ချင်းခွေးမျိုး။ အရောင်က ရွှေညိုရောင်။ မျက်လုံးလေးနှစ်ဖက်ပေါ်မှာ အမည်းစက်လေး တစ်စက်စီနဲ့။ အမြှီးက မွှေးစုတ်ဖွားနဲ့။ တကယ့်ကို ခွေးအင်္ဂါ ပြည့်စုံ စွာနဲ့ လှတဲ့ ခွေးလေးပါ။ သူအိပ်ဖို့နေရာကို စောင်အဟောင်းတစ်ထည်ကို ခင်းလို့ ၀ရန်တာမှာ နေရာသတ်မှတ် လိုက်တယ်။ သူစားဖို့ အစာခွက်၊ သူ့အတွက် လည်ပတ်၊ သူ့အစာကျိုဖို့ အိုး .. လိုအပ်တာတွေကို ချက်ချင်းစီစဉ်လိုက်တယ်။ ပထမဆုံးညက သူ့ကို ၀ရန်တာမှာထားလို့ သိပ်တော့ ကိုယ်ရွှေချောက ကွေးနေအောင် အိပ်လို့။ အဲ..မနက်အာရုဏ်လည်းရောက်ရော သူက အိမ်တံခါးကို ခြေနဲ့ကုတ်ခြစ် လို့ တစ်ဒုန်းဒုန်းနဲ့ အောက်ဆင်းဖို့ ဆန္ဒပြပါတော့တယ်။ အိမ်တံခါးနဲ့ ကပ်ရက်က အမေတို့ရဲ့ အခန်းဖြစ်နေလေတော့ အမေအိပ်ရေးပျက်လို့ စိတ်တွေဆိုးပြီး ကျွန်မကိုလာနှိုးလေမှ အိပ်မှုန်စုံဝါးနဲ့ လည်ပတ်ကြိုးချည်ကာ ထရလေတယ်။ တံခါးလည်းဖွင့်ရော ဒမျောသောပါးနဲ့ လှေကားကနေ ပြေးဆင်းလေ လို့ ကျွန်မမှာ ကြိုးမလွတ်အောင်ကိုင်ရင်း သူ့နောက်ကနေ ဒရွတ်တိုက် အပြေးလိုက်ရလေ တော့တယ်။ လက်စသတ်တော့ ကိုရွှေလပ်ကီးက တပိုတပါး သွားချင်နေရှာတာကိုး။ ကျွန်မလည်း အိပ်ရေးပျက်တယ်ဆိုပေမယ့် မနက်စောစောမောနင်း အိတ်ဆာဆိုက်တောင် ရသေးတယ်ဆို ဖြေတွေးလိုက်တယ်။ အဲ့ဒီကစပြီး နောက်နေ့ မနက်တွေတိုင်း စောစောထပြီး လပ်ကီးနဲ့ ပုံမှန် လမ်းလျှောက်ထွက်ဖြစ်ပါတယ်။


“ လပ်ကီး ”ရောက်တဲ့နေ့က စပြီး ကျွန်မနဲ့ မောင်လေးဟာ “ လပ်ကီး ”နားကနေ မခွာသလောက် ဖြစ်နေပြီး ခွေးနဲ့လည်း စကားတွေ ပြောမ၀ ဖြစ်နေရတော့တယ်။  ညဆိုလည်း “ လပ်ကီး ” အိပ်လေမှ ကျွန်မတို့အိပ်ရာဝင်နိုင်ကြတယ်။ အိမ်ကို ဧည့်သည်လာလို့ ဟောင်ရင်တောင် သူ့ကိုထ..ထ ဆွဲရတာ ကျေနပ်စရာ ကောင်းနေသလိုလို။ အိမ်လုံတယ်နော်လို့ပြောတော့ အမေက မျက်စောင်းထိုးလို့ “ ဖိနပ်တွေ မကိုက်၊ အိမ်ထဲသေးမပေါက်ရင်ပြီးတာပဲ။ နောက်တစ်ခါ ထပ်ဖြစ်လို့ကတော နင့်အဖွားခြံထဲ ပို့ပစ်မယ် ” လို့ ပြောလို့ ၀မ်နင်ပေးလေတယ်။ ဟုတ်လဲ ဟုတ်သား။ “ လပ်ကီး ” ရောက်ပြီး နှစ်ရက် လောက်မှာ နေ့လည်ဘက် ဒီကောင်ငြိမ်လှချည်လားမှတ်တာ နောက်ဖေးဖိနပ်စင်က အဖေ့ရဲ့မန္တလေး ကတ္တီပါဖိနပ်ကို ပယ်ပယ်နယ်နယ် ကိုက်နေလေတာ။ နောက်.. ထမင်းစား စားပွဲအောက်မှာ သေးတွေဝင်ပေါက်ထားလို့ ကျွန်မမှာ တိုက်ချွတ်ဆေး ကြောရသေးတာ။


“ လပ်ကီး ”ရောက်ပြီး တစ်ပါတ်အကြာမှာတော့ ကျွန်မတို့အိမ်နဲ့ရော၊ ကျွန်မတို့မိသားစုနဲ့ရော သူနဲ့ တော်တော်အသားကျနေပြီ။ အဖေတောင် တစ်ခါတစ်ရံ သူသေးပေါက်ဖို့ အောက်ဆင်းချပေးတတ် လာသလို၊ အမေကလည်း သူ့အတွက်ဈေးက အရိုးအရင်းလေးတွေ ၀ယ်ကာ ပြုတ်ပေး တတ်လာပြီ။


ကျွန်မနဲ့ မောင်လေးကတော့ အကဲဆုံးပေါ့။ မောင်လေးက ငယ်လေတော့ ကျွန်မကပဲ ကာကွယ် ဆေးထိုးဖို့၊ ရေမှန်မှန်ချိုးပေးဖို့၊ သန်းတွေမတွယ် စေဖို့၊ ထမင်းစားချိန်မှန်ဖို့၊ အောက်ချပေးချိန်မှန်ဖို့ ယုယရတာ။ “ လပ်ကီး ” ကို ချေးစားခွေးဆိုပြီး ဘေးအိမ်က ကလေးက စလို့ မောင်လေးနဲ့ ရန်ဖြစ် ကြသေးတာ။ “ လပ်ကီး ”ကလည်း တကယ့်ခွေးလည်၊ ကျွန်မအကျင့်လုပ်ပြီး သူ့ခြေထောက်တွေကို နှိပ်နှိပ်ပေးတော့ အရသာတွေ့ပြီး သူ့လက်လေးနဲ့လူကို လာကုတ်၊ ပြီးရင် ရုပ်တည်ကြီးနဲ့ သူ့ခြေ ထောက်ကလေး အသာပေးပြီး နှိပ်ခိုင်းလေတာ။ ရှေ့ခြေထောက် နှိပ်ပေးပြီးရင် သူကရှေ့ကိုနည်းနည်း ရွှေ့ပေးပြီး နောက်ခြေထောက်ကိုပါ နှိပ်ခိုင်းသေးတာ။ သူ့ကို ပုဇွန်ခြောက်နဲ့ မြှားပြီး တုတ်တန်းကို ကျော်ခိုင်းတာ မကျော်ပဲ တုတ်အောက်က လျိုဝင်လို့ ပုဇွန်ခြောက်ကို အမိအရဟပ်လေတာ။ အစားက လည်းကြီးသေး။ ဘာကျွေးကျွေး လူတစ်ယောက်လိုစားတယ်။ မုန့်ဟင်းခါးစားတယ်။ ငပိရည်နဲ့ ထမင်းနယ်ကျွေးလည်း စားတာပဲ။ အီကြာကွေးကြိုက်တယ်။ လက်ဖက်သုတ်ကြိုက်တယ်။ ငှက်ပျော သီးစားတယ်။ ဒီလိုနဲ့ ရက်ပေါင်း ၄၅ရက်လောက်အတွင်းမှာ လပ်ကီးက ကျွန်မတို့အိမ်ရဲ့ မိသားစုဝင် တစ်ဦးဖြစ်မှန်းမသိ ဖြစ်လာခဲ့တော့တယ် ။


တစ်နေ့တော့…။ အဲ့ဒီနေ့ကို ကျွန်မဘယ်တော့မှ မမေ့။ “ လပ်ကီး ” အပေါ်မှာ ကျွန်မတို့ မိသားစုတွေ သံယောဇဉ်တွယ်နေပြီ ဆိုလေကာမှ ရှင်ကွဲကွဲ ရတဲ့ အဖြစ်ကို ကြုံရလေတော့တယ်။ အဲ့ဒီနေ့က မောင်လေးက အိမ်ပေါ်ကနေ မာကလာသီးတွေ တံချူနဲ့ ခူးချပေးနေတာကို ကျွန်မက အိမ်အောက် မှာ ဆင်းကောက်ချိန်ပေါ့။ ပတ်ပလစ်ကာ ကားလေးတစ်စီး အိမ်ရှေ့မှာရပ်လို့ ကားပေါ်က အသက် ၃၀အရွယ် ယောကျာ်းတစ်ယောက်နဲ့ နောက်.. အသက် ၁၂နှစ်အရွယ်ခန့် ကလေးငယ် တစ်ယောက်ဆင်းလာတယ်။ ပြီးတော့ “ ဈေးထဲက ကောက်ရတဲ့ ခွေးကို မွေးထားတာ ညီမလား။ အစ်ကိုက အဲ့ဒီခွေးပိုင်ရှင်ပါ ” လို့ပြောလာတယ်။ ကျွန်မလည်း အာစေးထည့်ထားသလို သူ့ကို ဘာဆိုဘာမှစကားပြန်မပြောနိုင်ပါဘူး။ ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ရှေ့ကို အရောက်ရောက် လာခဲ့ပြီဆိုမှ ပိုင်ရှင်မှလွဲလို့ ဘယ်သူမှမဖြစ်နိုင်။ ပိုင်ရှင်ရောက်လာပြီ ဆိုတဲ့ အသိနဲ့ စိုးရိမ်စိတ်တွေက ရင်ထဲမှာ ဒီရေအလား တစ်လိမ့်လိမ့် တက်လာပါတော့တယ်။ သူက ဆက်ပြောတယ်။


“ အိမ်တွေက ရပ်ကွက်အလိုက် သက်ဆိုင်ရာက စီစဉ်ပေးတဲ့ကားနဲ့ စုပြီးပြောင်းရတာလေ။ အိမ်အပြောင်းအရွှေ့မှာ ဒီကောင်လွတ်ပြီး ကျန်ခဲ့တာ။ ပြောင်းကာစ မြို့သစ်မှာ အထိုင်မကျသေးလို့ ဒီကောင့်ကို ရှာတာနောက်ကျနေတာ။ အခုပြန်လာရှာတာ တစ်ပါတ်ကျော်နေပြီ။ အဆင့်ဆင့် လိုက်ရင်း နဲ့ နောက်ဆုံး ညီမတို့ကို ပို့ပေးတဲ့ ဆိုက်ကားဆရာ ဆီကနေ ညီမအိမ်ကို သိလိုက်ရတာ။ အစ်ကို့မိန်းမလည်း သူ့စိတ်နဲ့ တစ်နေ့ တစ်နေ့ မျက်ရည်နဲ့ မျက်ခွက်ပဲ။ အစ်ကို့ခွေးဘယ်မှာ လည်း။ ပြန်ပေးပါနော်။ ကျေးဇူးလည်း ဆပ်ပါ့မယ် ”


ကျွန်မမှာမရှိဘူးလို့လည်း မလိမ်ချင်လေပြန်တော့ ..


“ ရှင်တို့က ပစ်တုန်းကပစ်ထားပြီး သူများက သေချာမွေးထားတော့မှ အခုလိုလာခေါ်တာတော့ မကောင်းပါဘူး ”


...လို့ အသံတုန်တုန်နဲ့ ပြောမိတယ်။ ကျွန်မစကားကြောင့် ဟိုလူရဲ့မျက်နှာဝင်းကနဲ ဖြစ်သွားလေတယ် ။ ကျွန်မစကားက ကျွန်မဆီမှာ ခွေးရှိနေတယ်လို့ ၀န်ခံလိုက်ပြီးသားဖြစ်သွား ပြီလေ။


“ ညီမတောင် တစ်လကျော်ကျော်နဲ့ သံယောဇဉ်ဒီလောက်ဖြစ်တယ်ဆိုရင် နို့ဖြတ်ကထဲက မွေးထားတဲ့ အစ်ကိုတို့ဆို ဘယ်လောက် သံယောဇဉ် ကြီးမလည်း ။ ကိုယ်ချင်းစာကြည့်ပါ ညီမရယ် ”


သနားတတ်တဲ့ ကျွန်မရဲ့စိတ်က ခေါင်းပြန်ထောင်ထလာပြီး “ အင်း.. ဒီလူ့ကြည့်ရတာ သနားပါတယ်။ သူပြောတာလည်း ဟုတ်တာပဲ။ မရ ။ ရအောင်လိုက်ရှာကထဲက လပ်ကီးအပေါ် သံယောဇဉ်ဘယ် လောက်ကြီးတယ်ဆိုတာပေါ်လွင်နေပါပြီ။ ဘယ်လိုလုပ်ရပါ့မလဲ.. ” လို့ အတွေးတွေ ဒေါင်ချာဆိုင်း နေလေတယ်။ ကျွန်မနှုတ်ကလည်း “ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး။ လပ်ကီးက ကျွန်မတို့အိမ် ကို အရမ်းကို ချစ်နေပြီရှင့်။ ကျွန်မလည်း ပြန်မပေးချင်ဘူး ” လို့ စိတ်ရှုပ်နေတဲ့ စကားထွက်လာခဲ့ တယ်။ ဒီတော့ ခုနလူက..


“ ကဲ.. ဒါဆို မျှတသွားအောင် ဒီလိုလုပ်။ အကို့ခွေးကို အစ်ကိုခေါ်ကြည့်မယ်။ သူက အစ်ကို့နောက် လိုက်မယ့်ပုံပြရင် အစ်ကိုခေါ်သွားမယ်။ သူမလိုက် ချင်ရင်တော့ ညီမတို့ပဲ မွေးလိုက်တော့။ ဟုတ်လား ”


ကျွန်မခေါင်းညိမ့်လိုက်မိလားတောင် မသိလိုက်ပါဘူး။ သတိထားမိချိန်မှာတော့ ခုနလူရော၊ အတူပါ လာတဲ့ ကလေးရော ကျွန်မအိမ်ပေါ်မော့ကြည့်လို့ လက်ဖြောက်တီးကာ သံပြိုင်အော်ပါလေ တော့ တယ်။


“ ဖြောက်…ဖြောက်…ဖြောက်…ဖြောက်.. ”


“ ဘရောင်းနီရေ… သားရေ… ဘရောင်းနီရေ… သားရေ… ”


အဲ့ဒီအချိန်မှာ တ၀ုတ်ဝုတ်ထိုးဟောင်လို့ အိမ်ထဲကနေ ၀ရန်တာကို အပြေးထွက်လာတဲ့ လပ်ကီးရဲ့ ကမူးရှူးထိုးဖြစ်ပုံ၊ ၀ရန်တာလက်တန်းပေါ် ပဒပ်ရက်လို့ ရှူးရှူးရှားရှားနဲ့ ဂဏှာမငြိမ်ဖြစ်နေပုံ၊ အောက်က ပိုင်ရှင်ရဲ့ ၀မ်းသာမျက်နှာ။ မောင်လေးကို တံခါးဖွင့်ပေးလိုက်ဖို့ ကျွန်မပြောလိုက်လေ တော့တယ်။ တံခါးဖွင့်လိုက်တာနဲ့ လှေကားကို ဒရောသောပါး အထစ်ကျော် ပြေးဆင်းလို့လာတဲ့ လပ်ကီးဟာ ဒီလူရဲ့ ခွေးဆိုတာ အငြင်းပွားစရာ မလိုတော့ပါဘူး။ သူ့သခင် ကိုယ်ပေါ်ကို တွယ်ဖက် တက်လို့၊ သူ့သခင်ရဲ့ မျက်နှာကို နမ်းရှုံ့ကာ လျှာနဲ့အငမ်းမရလျှက်လို့။


“ သားကြီးရယ်.. အဖေစိတ်တွေပူလိုက်ရတာ ”


“ အာဝု… အာဝု… အီ..အီ..”


အမြှီးတနှံ့နှံ့နဲ့ အပြန်အလှန် နမ်းရှုံ့ကာ အလွမ်းသည်နေကြတဲ့ လပ်ကီးနဲ့ သူ့ရဲ့ပိုင်ရှင်ကိုကြည့်ပြီး ကျွန်မမှာတော့ ၀မ်းသာဝမ်းနည်းလျှက်။ တအောင့်နေတော့ လပ်ကီးက ကားနောက်ခန်းကို ပါလာတဲ့ ကလေးနဲ့ အတူပြေးတက်လေတယ်။ ပိုင်ရှင်က ကျွန်မကို ကျေးဇူးတင်စကား အခါခါပြောကာ  စာအိတ်လေးနဲ့ ထည့်လာပုံရတဲ့ ငွေကို ထုတ်ပေးလေတယ်။ ကျွန်မခေါင်းခါငြင်းလိုက်ရင်း ကားနဘေး ကို ရောက်သွားတယ်။ နောက်ဆုံးအနေနဲ့ လပ်ကီးရဲ့ ခြေထောက်လေးတွေကို သူ့သခင်အရင်းကို ခွင့်တောင်းလို့ နှိပ်ပေးနေမိတယ်။ လပ်ကီးက “ အာဝု ” ဆို တိုးတိုးလေးအော်ပြီး ကျွန်မနှိပ်တာကို ငြိမ်ခံနေပုံက ကျွန်မကို ၀မ်းနည်းစွာနဲ့ နှုတ်ဆက်နေသယောင်ယောင်။


သူတို့ကားထွက်သွားလေတော့ ကျွန်မဆုံးဖြတ်ချက်ချလိုက်မိတယ်။ နောက်.. နောင်ဘယ်တော့မှ ဘာတိရိစ္ဆာန်မှ အိမ်မှာ မမွေးတော့ဘူးလို့။



( “လပ်ကီးနဲ့ မီးညောင်” လို့ဒီပို့စ်ကို မရေးခင်ကထဲက ခေါင်းစဉ်တပ်ပြီး နှစ်ကောင်လုံးအကြောင်း ထည့်ရေးမလို့ပါ။ ဒါပေမယ့် လပ်ကီးအကြောင်း ရေးရင်း လက်တွေ့လာလေတော့ စာက ၅မျက်နှာကျော်နေပါပြီ။ ဒါနဲ့ မီးညောင်အကြောင်းကို နောက်တစ်ပုဒ်သီးသန့်ရေးဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ သူတို့နှစ်ကောင်ကို ယှဉ်ပြီးဖော်ပြချင်တာမို့ ခေါင်းစဉ်ကို မပြောင်းပဲပေးလိုက်ရပါတယ်။ ကိုယ်တွေ့ အမှတ်တရလေးမို့ နောက်လာမယ့် မီးညောင်ပို့စ်လေးကိုလည်း စောင့်ဖတ်ပေးကြပါဦးနော်။ )



ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

16 comments:

သဒ္ဓါလှိုင်း said...

သံယောဇဉ်ကအရမ်းကြောက်ဖို့ကောင်းတယ်နော်..။ သတ္တ၀ါလေးတကောင်အပေါ်မှာတောင်သံယောဇဉ်
ဖြစ်သွားတတ်တာ..။ ခွဲခွါရတာကလည်းအရမ်းကြောက်ဖို့ကောင်းတယ်နော်..။ မီးညောင်အကြောင်းလေးကို
လည်းဖတ်ဖို့မျှော်နေမယ်မမမြသွေး..

ချစ်တဲ့
ညီမသဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

ခွေးနံမည်တွေ သဘောကျလို့ အသံထွက်အောင်ရယ်မိတယ်.. ဘေးက ညီမကိုတောင် နံမည်တွေ ရွတ်ပြလိုက်မိသေးတယ်..။
ကိုယ်က တမင်တကာ မမွေးပေမဲ့ မထင်မှတ်ဘဲ ဖြစ်လာတဲ့ သံယောဇဉ်တွေပေါ့ အစ်မရယ်။ ဘာဘဲဖြစ်ဖြစ် သံယောဇဉ်ဖြစ်တော့ ပူလောင်ရတာပါဘဲနော်။ တရိစ္ဆာန်တွေနဲ့ပတ်သက်လို့ ခုလိုဘဲ မမျှော်လင့် မထင်မှတ်တဲ့ သံယောဇဉ်တွေ ဖြစ်ခဲ့ဖူးပါတယ်..။
နောက်ဆုံးတော့လဲ အဲဒီသံယောဇဉ်တွေနဲ့ ကိုယ်က ကျန်နေခဲ့ရတာပါဘဲ..

sdl said...

မီးညောင်အကြောင်းစောင့်နေမယ်.....

Thida said...

အစ်မရေ
အရမ်းကောင်းတယ်နော်.........စိတ်မကောင်းလည်းဖြစ်မိတယ်........အိမ်မှာ ကလေး(ကြောင်လေး) ဆုံးသွားတော့
အရမ်းကိုစိတ်မကောင်းဖြစ်ခဲ့ရတာလေ........ဒါပေမယ့် မမွေးပဲမနေနိုင်ဘဲ အခု ကြောင်လေးတွေထပ်မွေးထားသေးတယ်
အားပေးနေပါတယ်နော် .
စာချစ်တဲ့
**ညီမလေး**

ချစ်ကြည်အေး said...

ဖတ်ကောင်းလိုက်တာ မြသွေးရယ်...တကယ်ပဲ မျက်စိထဲ မြင်လာတယ်...မီးညောင်လေးအကြောင်း မျှော်နေမယ် ညီမရေ....:)

နှင်းနဲ့မာယာ said...

အမရေ
အိမ်မှာလဲ အဲလိုခွေးပိစိလေးတွေ ကြောင်လေးတွေခဏခဏမွေးဘူးတယ်...
သူတို့ဖျားရင် နာရင် သေရင် ငိုရလွန်းလို့
သခင်တွေကိုချစ်တတ်တဲ့သဘာဝကတော့ သိတဲ့အတိုင်းပဲနော်...
သူတို့ကို အမြဲသတိရနေတာ...
ညီမကို အလုပ်သွားတိုင်း အမြဲလိုက်ပို့ဘူးတဲ့ အချစ်တော်ခွေးလေးတစ်ကောင်က
အလိုလိုနေရင်းပျောက်သွားတာလေ....

နှင်း

blackroze said...

အမရေ...သံယောဇဉ်ဆိုတာကတော့
တကယ်မလွယ်ပါဘူးလေ....

မြသွေးနီ said...

သဒ္ဓါရေ >>>သံယာဇဉ်အပူမီး တယ်ကြီးသတဲ့။ ကိုယ်တွေ့ကြုံမှ ယုံတော့တယ်။

ချောရေ >>>ခွေးနာမည်တွေ လန်းတာတော့မပြောနဲ့ဝေ။ ဒီထက်အလန်းတွေရှိသေး။ :) သံယောဇဉ်.. သံယောဇဉ်.. ငါလေးအရူးအမူးဖြစ်ခဲ့တယ် ..လို့ သီချင်းသာအော်ဆိုလိုက်..။

sdl >>> မီးညောင်အကြောင်းရေးနေပါပြီရှင်..။

Thida >>> ကလေး..လို့ ခေါ်ပုံရထဲက ဘယ်လောက်ချစ်မယ်ဆိုတာ မှန်းလို့ရပြီ။

အရုပ်လေး >>> စာတွေလာဖတ်ပေးနေတာ ကျေးဇူးနော်။ အရုပ်လေးရဲ့သံယောဇဉ်ကိုလည်း မ..မှန်းလို့ရပြီ။

မချစ် >>> မီးညောင်လေးအကြောင်း မြသွေးရေးနေပြီ..။ အလုပ်တွေပိနေလို့ တစ်နေ့ တစ်နေ့ ရသလောက် လုရေးနေတယ်။ မကြာခင်.. လာမည်...။ မျှော်..။

နှင်း >>> ညီမပို့စ်ထဲမှာ တစ်ခါဖတ်ခဲ့ရဘူးတယ်။ ဟုတ်တယ်။ သံယောဇဉ်ဆိုတာ တဖြေးဖြေးနဲ့ ရစ်ပတ်တတ်တဲ့ သဘောရှိတယ်။ ကြောက်စရာ..။

blackroseှ>>> မှန်၏။ ဒါတောင် အဟိတ်တိရိစ္ဆာန်အပေါ်မှာ တွယ်ညိမိတာလေးနော်။

*** အားလုံးကို ကျေးဇူးတင် ခင်မင်စွာ ***

စည်ဖြိုးဝေ said...

ကွန်တော်လည်း..ခွေး၊ကြောင်ချစ်တတ်သူတစ်ဦးပါ..။တခါက...သူများအိမ်မှာမွေးထားတဲ့.ခွေး.လေး
်နဲ့..ခဏနေဘူးခဲ့တယ်..။..ချစ်တတ်တဲ့ဗီဇကြောင့်..သူနဲ့အချိန်တိုတွင်းမှာ.
သံယောဇဉ်..တွယ်မိခဲ့တယ်...။အစ်မရဲ့ပိုစ်လေးဖတ်လိုက်ရတော့..ကိုယ်ချင်းစာမိပါတယ်။။
ခွေးလို့တောင်..မခေါ်ရက်အောင်ချစ်ခဲ့တာပေါ့...သား .လို့ပဲခေါ်ခဲ့တာ..။ခုတော့.
သူလည်းသက်စေ့လို့ကွယ်လွန်သွားပါပြီ။။...လပ်ကီးကိုရော.မူလပိုင်ရှင်ကိုရော၊အစ်မ
ရဲ့..သံယောဇဉ်ကိုရော..........နားလည်ခံစားမိပါတယ်...။

obuma said...

ဆရာမကလည်း...ကိုယ်နဲ့ထိုက်လို့..ကိုယ်ရလိုက်တဲ့..လပ်ကီးလေးကို..ပြန်ပေးလိုက်ရတယ်လို့..
ကွန်တော်သာဆိုပြန်ပေးဘူး..။သူတို့မသိအောင်ဇွက်ထားလိုက်မှာပေါ့.။။..သူတို့ကသူတို့ပြစ်ထား
ပြီးမှ..လာပြန်တောင်းရတယ်လို့...။..
ကျွန်တော်သာ..လပ်ကီး..ဆိုရင်..ပြန်လိုက်သွားမှာ.ဟုတ်ဖူး.။
ပြောရင်းတောင်....ကိုက်ချင်တလို၊..အူ..ချင်သလိုဖြစ်လာပြီ..
...အာဝု..အာဝု...အီ..အီ...။။ဝုတ်..၀ုတ်..(အာဝု..အာဝု..က..ဆရာမအတွက်၊..၀ုတ်ဝုတ်က.ပြန်လာတောင်းသူအတွက်)
ဟူး...................................................။

ငြိမ်းစိုးဦး said...

( ၁ )ကို ဖတ်မိလိုက်တော့ မရပ်နိုင်လို့ ( ၂ )ဆီ သွားရပါတော့တယ် ...
ငြိမ်းစိုးဦး

တေဇာ said...

မိုက်တယ်။း)

နေရောင် said...

အမရေ
လပ်ကီးကို ဖတ်နေရင်းပဲ ကြည့်ခဲ့ဖူးတဲ့ ရစ်ချက်ဂီရိရဲ့ hachi ကားလေးကိုပါပြန်မြင်ယောင်တယ်။
ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

Dani Burnette said...

Superb!This article is creative,tRight here are a Great deal of new idea,it gives me inspiration.I Believe I will also inspired by you and Believe

linlinn said...

ဖတ်ကြည့်ပြီးတော့ အရမ်းခံစားရပါတယ်။
လင်းမှာတော့ အရမ်းချစ်ရတဲ့ ကြောင်လေးတကောင်ရှိတယ် ။
သူသေသွားတော့ အလုပ် ကိစ္စနဲ့ ခရီးထွက်နေရလို့လင်းက အိမ်မှာမရှိဘူး ။
အိမ်ကအမေနဲ့ ဖုန်းပြောဖြစ်တော့မှ ကြောင်လေးသေသွားတယ်ဆိုတာ သိတာ ။
အဲတုန်းကလည်း လင်း ခံစားလိုက်ရသေးတယ် ။
ဒီပို့စ် လေးကို ကြိုက်ပါတယ် ။
ရင်ထဲကလည်း ခံစားရပါတယ်လို့ ။
ဆက်ကြိုးစားပါနော် ။

Thida said...

သံယောဇဥင်္က ပူလောင်လွန်းလှတယ်

Post a Comment