Wednesday, August 11, 2010

အမှတ်တမဲ့မှ အမှတ်တရသို့


ကျွန်မ မနေ့ညက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးအပြီးမှာ ဟိုတွေးသည်တွေးတွေးပြီး ဒီပို့စ်လေးကို ရေးချင်စိတ် ပေါက်လာမိတယ်။ ဟုတ်တယ်လေ။ ဒီလိုအဖြစ်အပျက်မျိုး က လူတိုင်း ကိုယ်တိုင် တစ်ကြိမ်တစ်ခါလောက်တော့ ဖြစ်ဘူးကြမှာ။ အနည်းဆုံး ကိုယ်တိုင်မဖြစ်တောင် သူများဖြစ်ဘူးတာတော့ တွေ့ဖူးကြမယ် ထင်တယ်။ ကိုယ်တိုင်ကြုံချိန် တဒင်္ဂမှာတော့ စိတ်တွေကျဉ်းကျပ်၊ ရုတ်တရက်လန့်ဖြတ်၊ ဇောချွေးတွေတစ်ကိုယ်လုံးပြန်လို့၊။  ပြီးသွားမှသာ ပြောပြောပြီး ရယ်ချင်နေမိတာ။ ကျွန်မဒီလို အလားတူ ကျဉ်းထဲကျပ်ထဲမျိုး ဘယ်နှကြိမ်ကြုံဘူးလဲ စဉ်းစားမိတော့ ကိုယ်တိုင် ဖြစ်ခဲ့ဘူးတဲ့ ၂ခုလောက် ကို သတိရမိတယ်။ နောက်.. သူများဖြစ်တာကို ကြုံခဲ့ဘူးတာ ၂ခုလောက်ကိုလည်း ပြန်သတိရမိတယ်။






xxxxxxxxxxxxxxx@xxxxxxxxxxxxxxx





ကိုယ်တိုင်ကြုံခဲ့ဘူးတာလေးတွေ မပြောခင် သူများကြုံခဲ့တာကို မြင်ခဲ့ရတာ အရင်ပြောပြချင်တယ်။ ဒါမှ စာဖတ်သူတွေလည်း မြသွေးနီတစ်ယောက် ဘာတွေများကြုံခဲ့လေသလဲလို့ စိတ်တွေဝင်စားပြီး ဒီပို့စ်ကို အဆုံးထိတိုင်အောင် ဖတ်ကြမှာကိုး။ (အကြံပိုင်တယ်နော်)..။ :)



အဲ့ဒီတုန်းက ကျွန်မ ၄တန်းကျောင်းသူအရွယ်။ မုန့်စားဆင်းတုန်း ၇တန်းအဆောင်ရှေ့မှာ လူတွေ တရုန်းရုန်းနဲ့မို့ ဘာတွေဖြစ်ပါလိမ့်လို့ စပ်စုမိတော့ လား..လား... ကျောင်းသားတစ်ယောက်ရဲ့ ဦးခေါင်းက ကျောင်းပြူတင်းပေါက်မှာ ကန့်လန့်ပိတ်ရိုက်ထားတဲ့  သစ်သားတန်းနှစ်ခုကြားကနေ အပြင်ကို ထွက်လို့။ ဘေးနားမှာ ဆရာဆရာမတွေရော ကျောင်းသားတွေရောက သူ့ရဲ့ကျွံထွက်နေတဲ့ ဦးခေါင်းကို ဖေးမလို့ ပြန်ဆွဲထုတ်နေ လေတယ်။ နောက်မှသိရတာ သူက နေမကောင်းတော့ အရမ်းအန်ချင်လာလို့ ပြူတင်းပေါက်ကနေအပြင်ကို အလျှင်အမြန်ပြေးလို့ ခေါင်းထုတ် အန်လိုက်တယ်လို့ သိရတယ်။ အန်ပြီးလို့  ခေါင်းပြန်သွင်းတော့ မရတော့ဘူး။ ဘယ်လိုကြိုးစားပြီး ခေါင်းကို ပြန်ထုတ်လေပေမယ့် မရတော့ဘူး။ မရတဲ့ အဆုံးမှာတော့ လွှနဲ့သစ်သားတန်းကို ဖြတ်ယူလေမှ သူ့ရဲ့ခေါင်းက ထွက်လို့ရလေတော့တယ်။ ခုနက နေမကောင်းလို့ အန်ချင်နေတဲ့ သူ့မှာတော့ ချွေးတွေ ရွှဲရွှဲစိုလို့။ ခေါင်းမူးတာ တွေလဲပျောက်လို့။ သူ့ရဲ့ ရုတ်တရက် ကြုံတွေ့ရတဲ့ အခက်အခဲကို ဖြေရှင်းဖို့အတွက် အမှတ်မထင် ဦးခေါင်းနဲ့ မဆန့်လေတဲ့ ဒီသစ်သားတန်းကြားထဲကို ၀င်ရောက်နိုင်အောင် တွန်းပို့ပေးခဲ့တဲ့ သူ့ရဲ့အဆုံးစွန်သော ဝေဒနာ။




xxxxxxxxxxxxxxx@xxxxxxxxxxxxxxx




နောက်တစ်ခါ ကျွန်မတွေ့ခဲ့တာက ဘတ်စ်ကားပေါ်မှာ။ ကျွန်မ ပထမနှစ်တက္ကသိုလ်ကျောင်းသူဘ၀။ ကျောင်းကို ဘတ်စ်ကားစီးအသွား ဘတ်စ်ကား အနောက်ဖက်အခြမ်းက စီးလာတဲ့ ခရီးသည်တစ်ယောက်။ သူက ကားရဲ့အနောက်ဖက်မှာ ကာထားတဲ့ အပေါက်လေးတွေပါတဲ့ သံပြားထဲ လက်ညိုး ကိုထည့်လိုက် ထုတ်လိုက် ဆော့ရင်းနဲ့ သူနဲ့အတူပါလာတဲ့ လူတစ်ယောက်နဲ့ စကားပြောပြီးစီးလာတယ်။ တစ်ချိန်မှာတော့ သူ့ရဲ့ လက်ညှိုးက ဘယ်လိုမှထုတ်လို့မရတော့အောင် ဖြစ်သွားရလေတယ်။  ဘယ်လိုပဲကြိုးစားထုတ်ပေမယ့် လက်ဆစ်နဲ့ထစ်နေပြီး မရလေတော့ဘူး။ အတင်းဆွဲထုတ် လည်း သံပြားနဲ့ လက်ကအရေပြားတွေရှမှာ စိုးရိမ်လေတော့ သူ့ခမျာ လက်ညှိုးတမ်းလန်းနဲ့ပေါ့။ စပယ်ယာသိလေတော့ ဂိတ်ဆုံးအထိသာလိုက် ခဲ့တော့.. ဟိုရောက်မှ သံဖြတ်လွှရှာပြီး ဖြတ်ထုတ်ပေးမယ်ဆိုလို့ အဲ့ဒီလူခမျာ ဂိတ်ဆုံးအထိ ပါသွားရလေတော့တယ်။ အန္တရယ်ဖြစ်နိုင်တာ   သိလျှက် နဲ့ ပေါ့ပေါ့တန်တန်နဲ့ သံပြားနဲ့ ဆော့ကစားခဲ့တဲ့ ဒီလူရဲ့ အကျပ်အတည်းထဲရောက်နေတဲ့ စိတ်ဒုက္ခ ။



xxxxxxxxxxxxxxx@xxxxxxxxxxxxxxx





ဒီတစ်ခါကတော့ ကျွန်မငယ်စဉ်က ၆တန်းလောက်ကပေါ့။ အဖွားအိမ်သွားလည်ရင်း သူတို့အိမ်ရှေ့ကွင်းထဲမှာ ဘောလီဘော အဖွဲ့နဲ့ လောင်ကြေး ထပ်ကစားတာ အိမ်ပေါ်ကနေ ကျွန်မစိတ်ဝင်တစားကြည့်နေမိတယ်။ ကြည့်နေရင်းက ကျွန်မခြေထောက်၂ဘက်ကို ၀ရန်တာက သံတိုင်တွေကြား ထဲထည့်လို့ ခြေစုံချလွှဲကာနေမိတယ်။ ကြည့်ပြီးလို့ ခနနေထမယ်လုပ်တော့ ကျွန်မရဲ့ ဒူးခေါင်းတစ်ဘက်က သံတိုင်ကြားမှာ တစ်နေပြီး ဆွဲထုတ်လို့ မရ ဖြစ်နေလေတော့တယ်။ ကျွန်မလည်း အမေသိရင်ဆူမှာစိုးလို့ တစ်ယောက်ထဲ ကြိတ်ဖြုတ်နေတာပေါ့။ မရပါဘူး။ နောက်ဆုံး လူကြီးတွေသိပြီး ဆူပါလေရော။ ကျွန်မလဲ ကြောက်လန့်ပြီး ငိုတော့တာပေါ့။ နောက်ဆုံး ကျွန်မကို အဖေက ချိုင်းနှစ်ဖက်ကနေ ဆွဲမပြီး မတ်တပ်ရပ်ကာ အသာအယာ လျိုထုတ်တော့မှ ကျွန်မခြေထောက်ညပ်တာ လွတ်ရလေတော့တယ်။ တကယ်တော့ ကျွန်မထိုင်ကာစက မတ်တပ်ရပ်လျှက်ကနေ ခြေထောက်ကို သံတိုင်ကြားထဲထည့်ပြီး ထိုင်ချလိုက်တာ။ ပြန်ထချိန်မှာ ထိုင်လျှက်က ခြေထောက်ကို ဆွဲထုတ်လေတော့ သံတိုင်ရဲ့ကွေးနေတဲ့နေရာက ကျဉ်းမြောင်း နေခဲ့တာကြောင့် ပြန်ထုတ်မရဖြစ်ခဲ့ရတာပါ။  စိတ်ဝင်စားနေမှုကြောင့် မသိစိတ်ကနေ ကျွံဝင်သွားရတဲ့ ခြေထောက်တွေအတွက် နောက်ဆုံးမှာ ထွက်ပေါက်တွေ ရှိခဲ့နိုင်တာ..။



xxxxxxxxxxxxxxx@xxxxxxxxxxxxxxx




နောက်တစ်ခါကလည်း ကျွန်မပါဘဲ။  လွန်ခဲ့တဲ့ ၈နှစ်လောက်က ညဘက် အိပ်ပျော်နေတုန်း ညဥ့်၁၂နာရီလောက်မှာ ကျွန်မရဲ့ညာဘက် လက်သူကြွယ် လက်စွပ် ၀တ်တဲ့နေရာမှာ တင်းကြတ်နာကျင်တဲ့ ဝေဒနာကို ခံစားရပြီး ကျွန်မလန့်နိုးလာရတယ်။ လက်ကိုကြည့်လိုက်တော့ လက်သူကြွယ် တစ်လျှောက် အကြောစိမ်းနေပြီး ယောင်ကိုင်းလို့။ ဘယ်ကဘယ်လို ဖြစ်သွားမှန်းမသိ။ အကောင်တစ်ကောင်ကောင်ကိုက်လိုက်တာလား။ အကြောပဲ ထုံးသွားလေလား။ ဆိုးဝါးတာက ကြာလာလေ လက်ချောင်းက ပိုမိုယောင်ကိုင်းလာလေလေ။ ယောင်ကိုင်းလာတာနဲ့အမျှ တင်းကြတ်နာကျင်လာကာ လက်မောင်းတစ်လျှောက်ပါ အောင့်လာတော့တယ်။ လက်ချောင်းတစ်လျှောက် သွေးမလျှောက်တော့ပဲ စွတ်စွတ်ဖြူလျှက်က လက်ဖ၀ါးတစ်ခုလုံး တင်းဖောင်းကာ နာကျင်လာတော့တယ်။ ကျွန်မ ဆက်အိပ်နေလို့ ဘယ်လိုမှမရနိုင်တော့။ မနက်အထိ ဒီအတိုင်းသာဆက်နေရရင် ကျွန်မလက်က သွေးကြောတွေ ပေါက်ကွဲထွက်သွားနိုင်လောက်တယ်။ ဘယ်လိုမှ တောင့်မခံနိုင်တဲ့အဆုံး အိမ်ကနေ ၁၅မိနစ်လောက် လမ်းလျှောက်ရတဲ့ အသိ ပန်းတိမ်ဆရာ တစ်ယောက်ရဲ့အိမ်ကို အချိန်မတော် တံခါးသွားခေါက်လို့ သူတို့ ပန်းတိမ်သုံး ပလာယာကပ်ကြေးလေးနဲ့ ကျွန်မရဲ့ လက်စွပ်ကို ဖြတ်ထုတ်ပစ်လိုက်ရတယ်။ ပျက်စီးသွားတဲ့ လက်စွပ်လေးကို နှမြောမိပေမယ့် လက်စွတ်လေးပြတ်သွားချိန်မှာ လက်ချောင်းတလျှောက်ရပ်တန့်နေ တဲ့ သွေးတွေ နွေးကနဲ စီးဆင်းသွားချိန်မှာမှ သက်ပြင်းကိုချနိုင်ကာ ရယ်မောလာနိုင်ပါတော့တယ်။ တရားခံဘာမှန်းမသိလိုက်ရပဲ ရုတ်တရက်ရလာတဲ့ ဝေဒနာကို ထိတ်လန့်စွာ ရင်ဆိုင်လိုက်ရပေမယ့် ဒီအခက်အခဲက လွတ်မြောက်ဖို့ ရင်းလိုက်ရတဲ့ လက်စွပ်ကွင်းလေး...။




xxxxxxxxxxxxxxx@xxxxxxxxxxxxxxx





















အခုနောက်ဆုံးတစ်ခါကတော့ ကျွန်မဒီပို့စ်လေးကို ရေးမိစေတဲ့ မနေ့ညက အဖြစ်အပျက်လေးပါဘဲ။ အဲ့ဒီညက ထမင်းမစားချင်တာနဲ့ ကျွန်မတို့ လမ်းထိပ်က ကြေးအိုးဆိုင်မှာ ကြေးအိုးသောက်ဖို့ သွားဝယ်ဖြစ်ပါတယ်။ အိမ်ကို ပါဆယ်ထုတ်မှာဆိုတော့ အော်ဒါမှာထားတာကို စောင့်နေရင်း လက်တစ်ဖက်က လမ်းမှာအသုံးပြုဖို့ ယူလာတဲ့ လက်နှိပ်ဓာတ်မီးလေးကို ကိုင်ထားပါတယ်။ ဓာတ်မီးလေးက အားပြန်သွင်းလို့ရတဲ့ အခုနောက်ပိုင်း ခောတ်စားနေတဲ့ တရုပ်ပြည်လုပ် ဓာတ်မီးလေးပါ။ ဓာတ်မီးရဲ့ အနှောင့်ဖက်မှာ ကွင်းလေးလို လက်ကိုင်အပေါက်လေးတစ်ခုပါပြီိးတော့ အဲ့ဒီကွင်းလေး ထဲမှာတော့ ပါဝါဖွင့်ပိတ်ရတဲ့ ခလုပ်အမဲလေးရှိနေပါတယ်။ ကျွန်မ၀ယ်တဲ့ ကြေးအိုးဆိုင်က ရပ်ကွက်ထဲမှာ အကောင်းဆုံးဆိုင်တစ်ဆိုင်ဆိုတော့ စားသူတွေ၊ မှာသူတွေ တရုန်းရုန်းနဲ့ပါ။ ကျွန်မလည်း အော်ဒါမှာထားတာ စောင့်နေရင်း ကျွန်မရဲ့ လက်နှိပ်ဓာတ်မီးကိုင်ထားတဲ့လက်က လက်မလေး ကို အဲ့ဒီ ဓာတ်မီးအနှောင့်ရဲ့ ကွင်းလေးထဲ ထည့်လိုက်ထုတ်လိုက်နဲ့ ဆော့နေမိပါတယ်။ အမှန်တော့ ကျွန်မလက်က အဲ့ဒီလိုသာလုပ်နေမိတာ။ စိတ်က ဓာတ်မီးမှာမရှိပဲ မျက်လုံးက ဟိုသည် လျှောက်လို့ကြည့်နေမိတာပါ။ တစ်အောင့်နေတော့ ကျွန်မမှာထားတဲ့ ကြေးအိုးပါဆယ်ရလို့ ဆိုင်က ကောင်လေးလာပို့လေတော့မှ ပြဿနာက စတော့တာပါဘဲ။ ပေးတဲ့ ပါဆယ်ထုတ်ကို ယူဖို့အတွက် ကျွန်မရဲ့လက်မမှာ ချိတ်နေမိတဲ့ ဓာတ်မီးကို  ဆွဲဖြုတ်တာ ဘယ်လိုမှ ဖြုတ်လို့မရတော့ပါဘူး။ အတင်းဆွဲထုတ်တော့ အောက်က ပါဝါခလုပ်လေးကခံနေတော့ ခလုပ်က အရေပြားကို ဆွဲခြစ်သလို ဖြစ်ပြီး အသည်းခိုက်အောင်နာမိပါတယ်။ ကျွန်မဇောချွေးတွေ ရုတ်ချည်းပြန်လာပါတယ်။ အနားကလူတွေကလဲ ၀ိုင်းကြည့်နေလေတော့ ပိုလို့ ရှက်နေမိတာပါဘဲ။ လက်ကို ဘယ်လိုမှလှည့်ထုတ်လို့မရပါဘူး။ ဒါနဲ့ ရှက်ရှက်နဲ့ လက်နှိပ်ဓာတ်မီးတန်းလန်းကြီးနဲ့ ကြေးအိုးဖိုးငွေချေလို့ အိမ်ကို ဒီအတိုင်း ဒုန်းဆိုင်း ပြန်လာခဲ့ပါတော့တယ်။ စိတ်ထဲမှာလည်း ငါတော့ဖြစ်ပြန်ပြီ။ လက်စွပ်တုန်းကလို ဓာတ်မီးကို ခွဲထုတ်ပြီး လက်ကို ထုတ်ရဦး မလားမသိလို့ တွေးလာမိပါတယ်။ ဂမူးရူးထိုးအိမ်ပြန်လာတဲ့ ကျွန်မကို အဖေကတံခါးဖွင့်ပေးပါတယ်။ အဖေက အခြေအနေကိုလည်း သိရော ကျွန်မလက်ကို မီးချောင်းအောက်မျာ သေချာယူကြည့်ပါတယ်။ နောက်..ကျွန်မရဲ့ လက်ကိုင်ကွင်းထဲ ၀င်နေတဲ့ လက်မကို အဖြောင့်နိုင်ဆုံး ဖြောင့်လျှက်က အသာအယာ ဆန့်ထုတ်စေလျှက်  အပြင်ကို ဆတ်ကနဲ ဆွဲထုတ်လိုက်ပါတယ်။ ကျွန်မရဲ့လက်မလေး ဘေးလွတ်စွာနဲ့ အပြင်ကို ရောက်လာပါတော့တယ်။ အဖေကပြောပါတယ်။ သမီးက လက်မကို သေချာမဆန့်ပဲဆွဲထုတ်တာကိုးတဲ့။ ဟုတ်ပါတယ်။ ကျွန်မစိတ်လောနေတော့ လက်မကိုခေါက်လျှက်အနေအထားနဲ့ ထုတ်နေလေတော့ ကွင်းနဲ့ လက်ကွက်တိဖြစ်နေတဲ့ အနေအထားကနေ ဆွဲထုတ်မရဖြစ်နေခဲ့တာပါ။ ရုတ်တရက် ဖြစ်လာတဲ့ အခြေအနေကို ထိတ်လန့်စိတ်နဲ့ အဖြေရှာမရပေမယ့် တကယ်တမ်းက သူ့မှာ ထွက်ပေါက်တွေရှိနေတတ်တာ...။



ဒီအဖြစ်အပျက်တွေဖြစ်နေချိန်မှာ ကာယကံရှင်တွေက တကယ့်ကို စိတ်အကျဉ်းအကျပ်ဆုံးအနေအထား ရောက်ခဲ့ကြရတာပါ။ အားလုံးက မရည်ရွယ်ပဲနဲ့ ဖြစ်ခဲ့ကြတာတွေပါဘဲ။ ဘေးကလူတွေ အမြင်မှာတော့ ရယ်စရာ ဖြစ်ကောင်းဖြစ်နေလိမ့်မှာပါ။ ဒါပေမယ့် အဲ့ဒီလိုရယ်နေသူတွေ ဟာလည်း ကိုယ်တွေ့ကြုံရင် ရယ်နေနိုင်ဖို့ မသေချာပါဘူး။ နောက်ဆုံးမှာ အခက်အခဲက လွတ်ခဲ့ကြပေမယ့် အားလုံးဟာ ဒီအဖြစ်အပျက်လေးတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ သေချာတာက သူတို့ဟာ နောက် အခြားသူတစ်ဦး ဒီလို အဖြစ်မျိုးကြုံလာရင် ရယ်သွေးမသွမ်းနိုင်ပဲ အတတ်နိုင် ဆုံး စာနာစိတ်နဲ့ အဖြေရှာပေးကြမှာဆိုတာကိုပါဘဲ။ ဘာရယ်မဟုတ်ဘူး။ တွေးမိတွေးရာ တွေးမိတာလေး ရေးမိလိုက်တာပါ။







ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

15 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီး သဘောတကျပြုံးမိတယ်.. ကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးပါတယ်.. စုံနေတာပါဘဲ..
တကယ်တမ်းကြုံတွေ့တဲ့အခါ ထူပူနေတာမို့ ခေါင်းအေးအေးနဲ့ စဉ်းစားနိုင်စွမ်းမရှိတော့ ဖြေရှင်းနိုင်ဖို့ ခက်ခဲတတ်ပါတယ်.. အဲဒီချိန်မှာ သူများတွေက ဟာသဖြစ်နေပေမဲ့ ခံရသူကိုယ်တိုင်ကတော့ ငရဲတမျှ ပူလောင်နေရတာပါဘဲ..
အားလုံး ပြီးသွားတော့လဲ တကယ့်ရယ်စရား))

Ko Gyi said...

ဟား..... ဟား
ပြုံးမိတယ်..... မျက်လုံးထဲ ပုံဖော်ကြည့်မိပါရဲ့။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ရဲမန်အောင် said...

ကြံကြံဖန်ဖန်.လေးတွေကလူတိုင်းမှာဖြစ်တတ်ပါတယ်...တွန်းပို့ပေးခဲ့တဲ့ သူ့ရဲ့အဆုံးစွန်သော ဝေဒနာ။
ကျပ်အတည်းထဲရောက်နေတဲ့ စိတ်ဒုက္ခ ။မသိစိတ်ကနေ ကျွံဝင်သွားရတဲ့ ခြေထောက်တွေအတွက် နောက်ဆုံးမှာ ထွက်ပေါက်။လွတ်မြောက်ဖို့ ရင်းလိုက်ရတဲ့ လက်စွပ်ကွင်းလေး…။လက်မကို ထုတ်နိုင်တဲ့ထွက်ပေါက်။
အားလုံးမှာ သဟဇာတ ဖြစ်နိုင်တဲ့အရာလေးတွေ.ကိုယ်စိရှိကြတယ်.။...မသိစိတ်မှာကျွံဝင်နေတဲ့အရာ
ကိုတော့....ထွက်ပေါက်ရှာရခက်လား.လွယ်လားဆိုတာ..စဉ်းစားကြည့်မိတယ်။။သေချာတာကတော့

အမှတ်တမဲ့မှအမှတ်တရ.ဖြစ်မှာဆိုတာတော့သေချာတယ်။

oburma said...

ကျွန်တော်လည်းအဲလိုမျိုး...ခဏခဏဖြစ်ဖူးတယ်..။...တွေးမိရင်..ရယ်စရာလေးတွေပေါ့...
ဆရာမဖြစ်တာကနည်းနည်းတော်သေးတယ်...။မှတ်မှတ်ရရ..ဒင်နာသွားခါနီး..လောလော
နဲ့ရေမိုးချိုး..အ၀တ်အစားလဲ..လိုက်တာ..ဇစ်ညပ်ဖူးတယ်...အား...လို့တောင်ထအော်ရတယ်.
........ဂျာကင်ဇစ်က..ဗိုက်သားကိုညှပ်မိသွားတာ...အတော်ပြန်ထုတ်ယူရတယ်...။....ဟူး..............
တော်သေးတာပေါ့.....နို့မို့ဆို..စဉ်းစားရဲဘူး........။..အင်္ကျိဇစ်တွေအများကြီးတတ်တဲ့..
..လာပြီလာပြီ..ဒေါ်သက်ရီကြောင့်.ပေါ့...။..;P) :( :-x

shwezinu said...

ညီမ မြသွေးနီ ရေ

ရီလည်း ရီချင်တယ် သနားလည်း သနားတယ် ဟုတ်ပ အဲလိုမျိုးတွေ ဖြစ်ကြတယ် သတိထားညီမ သတိထား

ခင်မင်တဲ့
ရွှေစင်ဦး

snow thu said...

ဟီးဟီးး... မမရေ ကိုယ်ချင်းစာတယ်ဗျ.. ညလေးလည်း ကြုံဖူးတယ်လေ.. ငယ်ငယ်တုန်းကပေါ့.... အိမ်ရှေ့မှာဆော့နေတဲ့ကလေးတွေကိုကြည့်ရင်း ၀ရန်တာမှာ အလျားလိုက်ကာထားတဲ့ သံတိုင်တွေကြားကို ခေါင်းထည့်မိတယ်လေ... မေမေက ထမင်းစားဖို့ခေါ်တော့မှ ခေါင်းပြန်ထုတ်တာ ထုတ်မရတော့ဘူး... အတင်းဆွဲထုတ်တော့ နားရွက်နဲ့ငြိပြီး နာလိုက်တာ မပြောပါနဲ့တော့.... ကြောက်ကလည်းကြောက်နဲ့ အော်ငိုတော့တာပဲ... သံတိုင်တွေကလည်း လူကြီးလက်မလုံးလောက်ရှိတာဆိုတော့ သံတိုင်ကို သံဖြတ်လွှနဲ့ ဖြတ်ထုတ်ပြီးမှ ခေါင်းကိုထုတ်လို့ရတော့တယ်လေ... ဟီးဟီးးးးးးးးးးး :D :D

သဒ္ဓါလှိုင်း said...

မမမြသွေး..
မနေ့ကတော်တော်နာသွားမှာပဲနော်..။ သဒ္ဓါတော့ တခါမှမဖြစ်ဖူးသေးဘူး..။

ချစ်တဲ့
သဒ္ဓါ

ဖိုးသောကြာ said...

အစ်မရေ..

ဖြစ်မှဖြစ်ရလေ... အစ်မရယ်....အစ်မရဲ့ ဖြစ်ပျက်နေတဲ့ အချိန်လေးကို တွေးမိပါတယ်.. အိမ်နဲ့ သာ ဝေးနေမယ်ဆိုရင်ပေါ့နော်.... သတိထားနော် ....


မောင်လေး - ကြာကြာ

minyarzar said...

Sweet is the remembrance of troubles when you are in safety.

Dr. Nat Soe said...

အမတော်ရေ... ပေါ့ပေါ့လေးနဲ့ကောင်းတယ်ဗျာ... တကယ်ပြောတာပါ..... ;~)
သတိထားနော် အမတော်... အသက်လည်း မငယ်တော့ဘူး... ဒီအရွယ်ထိ ဓါတ်မီးနဲ့ ဆော့တုန်းလားဗျာ..... ;P
ကျွန်တော်ကတော့ လေထဲမှာပဲ လမ်းလျှောက်နေကျဆိုတော့ ခလုတ်တိုက်မှာ မပူရဘူးအမရေ..... ;D

ချစ်ကြည်အေး said...

ဖြစ်ပဲ ဖြစ်တတ်တယ် မြသွေးရယ်...လက်ကလေး ကြည့်သွားတယ် ချစ်ချာလေး....:)

ဏီလင်းညို said...

အစ်မရေ့......

ဖတ်ပြီးပြုံးမိသွားတယ်......။
အနော့်အမှတ်တစ်မဲ့ လုပ်ရပ်ကတော့ ခုထိမပျောက်နိုင်သေးဘူး....း((

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

Chit Thu Mg said...

မရေ...
နေ့လည်က ရုံးမှာဖတ်ရင်းနဲ့ လက်နှိပ်ဓာတ်မီးတန်းလန်းနဲ့ ပိုက်ဆံရှင်းနေတာလေးကို မျက်စိထဲမြင်မိပြီး ရယ်မိတယ်။ အဲဒါပေါ့နော်... ငိုအားထက်ရယ်အားသန်ဆိုတာလေ။ နောက်ပြီး တိုက်ဆိုင်မှုကလည်း တကယ်ကြီးကို ဆန်းကျယ်တာနော်။ ဂီရေးထားတဲ့ custom message က မရဲ့ပို့စ်ထဲကအကြောင်းလေးနဲ့ ကွက်တိပဲ.. ဟီဟိ
မ.. လက်ရောနာနေသေးလား။ ဂရုစိုက်ပါနော်။
ခင်မင်ရင်းနှီးလျက်
ဂီ

blackroze said...

ဟုတ်တယ်မရေ...
တခါတခါကျရင်အဲလိုအဖြစ်တွေကြုံလာရင်..
ဘာလုပ်ရမှန်းကိုမသိတော့ဘူး
ထူပူပြီး..စိတ်လှုပ်ရှားနေတာဘဲခံစားမိတာ...

လ၀န်း said...

လာသာလည်ရတယ် တော်တော်ခတ်တဲ့ လိပ်စာပဲ ရှာရတာမောတယ်ဗျို့ ..........

Post a Comment