လွယ်အိတ်ဆိုတာကို မူကြိုအရွယ် ကျောင်းစတက်ထဲက စတင်ရင်းနှီးခဲ့ရတာပါ။ အဲ့ဒီတုန်းက အခုလို နိုင်ငံခြားဖြစ် ကျောပိုးအိတ်တွေ မပေါ်သေးဘူး ပေါ့။ "က၀" လွယ်အိတ်သေးသေးနီနီလေးကို အမေက ပေးလွယ်တော့ ကိုယ့်ကိုယ်ကို တယ်ဟုတ်တဲ့ငါဆို လွယ်အိတ်လွယ်ရတာကို ဂုဏ်ယူနေခဲ့မိ တာ။ ဒီလိုနဲ့ ပြည်တွင်းဖြစ် ပိတ်လွယ်အိတ်လေးတွေကို အထက်တန်းကျောင်းရောက်တဲ့အထိ မဖြစ်မနေ လွယ်ခဲ့ရပါတယ်။ တက္ကသိုလ်ရောက်ပြန် တော့လည်း ရုပ်ရှင်ထဲက မမတက္ကသိုလ်ကျောင်းသူတွေ ဒီဇိုင်းပုံတူဖမ်းလို့ စာအုပ်လေး တစ်အုပ်နှစ်အုပ်လက်မှာ အဖြစ်ပိုက်လို့ လွယ်အိတ်ကို ဆက်လွယ်ခဲ့ပါတယ်။ အဲ့ဒီအချိန်၊ အဲ့ဒီအရွယ်မှာတော့ ပန်းဖွားလှလှလေးတွေပါတဲ့ ကချင်လွယ်အိတ်တွေ ခောတ်စားခဲ့တာပေါ့။ နောက်.. ကျော်သူ လွယ်အိတ်ဆိုပြီး ထောင်လိုက်အစင်းတွေနဲ့ လွယ်အိတ် အကြီးကြီး တွေခောတ်စားလိုက်သေးတယ်။ ခောတ်အဆက်ဆက် ဘယ်လိုပဲပြောင်းပြောင်း၊ ပြည်ပက ကျောပိုးအိတ် အရောင်သွေးစုံ၊ ဒီဇိုင်းစုံတွေ ပေါ်လာပေမယ့် ပြည်တွင်းဖြစ် လွယ်အိတ်တွေက မတိမ်ကောခဲ့ပါဘူး။
မြသွေးနီလည်း လွယ်အိတ်တွေကို မက်မက်စက်စက် လွယ်ခဲ့ဘူးပါတယ်။ လွယ်ရုံတင်မက လွယ်အိတ်ထဲမှာ စုံစီနဖာထည့်ရတာလည်း အလွန်ကို ၀ါသနာပါလှပါတယ်။ မြသွေးနီငယ်ငယ်ထဲက လွယ်အိတ် ပွပွကြီးတွေဆို အသေကြိုက်ခဲ့တာပေါ့။ ထည့်ချင်သမျှအကုန်သိမ်းကျုံးထည့်တော့တာလေ။ မိန်းကလေးဆိုတော့ လုပ်ငန်းခွင်ထဲရောက်လာပြန်တော့ လွယ်အိတ်နေရာမှာ အစားထိုးလို့ ဆလင်းဘက်လို့ခေါ်ကြတဲ့အိတ်တွေ လွယ်လာရ ပြန်တယ်။ မြသွေးနီကတော့ လွယ်အိတ်ဆို စလွယ်သိုင်းလွယ်လို့ရမှ လွယ်အိတ်လို့ သတ်မှတ်ချင်တာမဟုတ်ပါဘူး။ ပုခုံးမှာလွယ်ထားရလည်း လွယ်အိတ်ပဲပေါ့နော်။ အရူးဆိုတဲ့ ဂုဏ်ပုဒ်လေးပါထပ်ဖြည့်ချင်တာကတော့ သိတဲ့အတိုင်း အရူးကပုံမှန်အသိစိတ်မရှိလေတော့ စိတ်ကူးပေါက်ရာ စုံနီနဖာကို သူ့လွယ်အိတ်ကောက်ထည့်တာ။ မြသွေးနီကတော့ ( တစ်ခါတစ်ခါ လွတ်..လွတ် သွားတာလေးကလွဲလို့) ပုံမှန်အသိစိတ်လေးရှိပေမယ့် ထင်သမျှ၊ မြင်သမျှ ဒီအိတ်ကြီးထဲ ကောက်ကောက်ထည့်တတ်သူပါ။ ဒါကြောင့် မြသွေးနီလွယ်တဲ့ အိတ်ဆို အမြဲတမ်း ဖောင်းကားနေ၊ နင့်နေအောင် လေးနေတတ်တာပါ။ အိတ်တစ်လုံးကို ဓာတ်ကျမိပြီဆိုရင် လည်း ၃..၄..၅လလောက် မလဲစတမ်းကို လွယ်နေတော့တာ။ အရောင်၊ ဒီဇိုင်းဆန်းပြား လွန်းတာ လည်း မကြိုက်တတ်လေတော့ ၀ယ်လိုက်သမျှအိတ်က ညိုရင်ညို၊ မညိုရင်မဲဘဲ။ ကျန်တဲ့အရောင်က ခပ်ရှားရှား။ အိတ်ဆိုရင်လည်း ပုံသဏ္ဍာန် တိတိကျကျ အိတ်မျိုးလုံးဝမှ မကြိုက်တတ်။ သေးသေး ကွေးကွေး မကြိုက်။ ကြီးမှ။ ပျော့ပျော့အိအိ အိတ်လေးတွေမှ ကြိုက်တတ်တာ။ ( လက်ဆောင်ပေးချင်သူတွေ သေချာသိရလေအောင် ကြုံတုန်းကြော်ငြာဝင်ထားတာ) :) မြသွေးနီမလွယ်ဖြစ်တော့တဲ့ အိတ်တွေဆို ကြိုးပြတ်ရင်ပြတ်၊ မပြတ်ရင် အတွင်းချုပ်သားတွေပြုတ်ရင်ပြုတ်။ ဒါမှသာအဲ့ဒီအိတ်ကို လွယ်ခြင်းအမှုက စွန့်လွှတ်တာ။ မဟုတ်လို့ကတော့ လိမ်ပိန်ပြီးလွယ်နေ တော့တာ။
အခုလို အစပျိုးခြေဆင်းနေတာ အကောင်းတော့မဟုတ်ပါဘူး။ မြသွေးနီကိုယ်တိုင် သမုတ်ထားတဲ့ အရူးလွယ်အိတ်လို့ခေါ်တဲ့ မြသွေးနီရဲ့ လောလောလတ်လတ် ဓာတ်ကျပြီးလွယ်နေတဲ့ ဆလင်းဘက်အိတ်ကြီးအကြောင်း ပြောပြချင်မိလို့ပါ။ ဒီအိတ်ကြီးကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မွေးနေ့လက်ဆောင်ရခဲ့လေတာ။ ဘယ်သူပေးတာလည်း ဟင်..ဟင်... လို့ မမေးနဲ့။ ပြောဘူး။ သတ်လိုက်..။ :) အိတ်အသစ်ကလည်း မြသွေးနီ အကြိုက် တော်တော်လေးထည့်သိုလို့ရပြီးတော့ အတွင်းအပြင်မှာ အိတ်အသေးလေးတွေ ၅အိတ်လောက် ထပ်ဆောင်းပါနေတော့ ပြောဖွယ်ရာ မရှိပေါ့။ အသစ်လေးရယ်လို့မှ မညှာတာ ပျော်ပျော်ကြီးကို ဆန့်သလောက်ထည့်တော့တာ ။ ဘာရယ်မဟုတ် ဘလော့ဂ်ဂါပီပီ စာရေးဖို့ ကုန်ကြမ်းရှာရင်း တစ်နေ့တစ်နေ့ တနင့်တပိုးလွယ်လွယ်နေရတဲ့ ဒီအိတ်ကို မျက်စိကျမိသွားတယ်။ ဒါနဲ့ စာဖတ်သူတွေကို မြသွေးနီအိတ်ထဲမှာ ဘာတွေများအမြဲ ထည့်သယ်သွားတတ်သလဲဆိုတာ ပြောပြချင်လာမိတယ်။ သည်းညည်းခံပြီး အတူတူကြည့်လိုက်ရအောင်နော်။
ဒီယပ်တောင်လေးက ချွေးတစ်ပြိုက်ပြိုက်ကျအောင် အိုက်တတ်လွန်းသူ ကျွန်မအတွက်မပါမဖြစ်။ သူ့အရင်တစ်ချောင်းက ပျောက်သွားလို့ ဒါလေးကိုတော့ မပျောက်ရလေအောင် သတိလေးထားနေရတယ်။
ဒါလေးကတော့ ပိုက်ဆံထည့်တာ။ အနီးကပ်ဆွဲရိုက်ထားလို့ကြီးနေတာ။ ပိုက်ဆံကို မခေါက်ပဲ အလျားလိုက် ထည့်လောက်အောင်လေးပဲ ရှည်တယ်။ အထဲမှာတော့ ပိုက်ဆံကနည်းနည်း၊ လူအထင်ကြီးအောင် စက္ကူစုတ်တွေ ထည့်ထားရတာပေါ့။
Miss Dior ရေမွှေးပုလင်းပိစိလေး..။ သူကလည်း အရေးအကြောင်း သုံးရလေအောင် ထည့်ထားရတယ်။
ဒီကန်းထရီးအိတ်လေးကတော့ သော့ပေါင်းစုံထည့်တာ။ ရုံးသော့၊ အိမ်သော့၊ ရှိသမျှသော့။
ဒါက Save The Aged အလှူဖြတ်ပိုင်းဘောက်ခြာ။ သွားရင်းလာရင်း အဖွဲ့အတွက်လည်း အလှူငွေကောက်ပေးရသေးတယ်ရှင့်။
ဒီစာအုပ်နဲ့ဘောပင်ကမပါမဖြစ်။ စပ်စပ်စုစု မှတ်တတ်သူဆိုတော့.. မေ့ကလည်းမေ့တတ်တော့ တစ်ခုခုဆို ကောက်မှတ်ပေတော့တာပဲ။ ဘောပင်ကတော့ ပျောက်လို့လွန်းလို့ တော်ရိရော်ရိ ရေးကောင်းရင်ကိုရပြီ။
သူ့အသံကိုယ်မကြား၊ ကိုယ့်အသံကိုယ်ပြန်ကြားနေရတဲ့ Samsung ဖုန်းအစုတ်လေးနဲ့ ပါရမီဖြည့် ဘက်ထရီချာချာလေးပေါ့။
အလှပြင်ပစ္စည်းက နှုတ်ခမ်းဆိုးဆေးနှစ်ချောင်း၊ မက်စ်ကာရာ၊ ကရင်ပတ်ဖ်နဲ့ ဘီးတစ်ချောင်းဆို တော်တော်လေး လှတပတဖြစ်သွားပြီ။
လိပ်စာကဒ်ဘူးလေးကလည်း ပါဦးမှ။
Fujifilm A850အစုတ်လေးပါ။ သူ့ခမျာလည်း ရိုက်လွန်းအားကြီးလို့ အသက်မနည်းဆက်နေရရှာတာ။ ရိုက်တာကတော့ ဘာရိုက်သလဲမမေးနဲ့။ ခွေး၂ကောင်ကိုက်လည်း ရိုက်တာပဲ။ ဓာတ်ကြိုးတွေ ရှုပ်ယှက်ခတ်နေတာလည်း ရိုက်တာပဲ။ တိမ်တွေပြေးနေရင်လည်း ရိုက်တာပဲ။ စပွန်စာလုပ်ပေး မယ့်သူများရှိရင် " Mya Thway Ni - One Lady Photo Exhibition Show " ဆိုပြီးတောင် လုပ်လိုက်ချင်မိသေး။ :P
ဘက်ထရီခြောက်၎လုံးက ဆောင်ထားရသေးတယ်။ ဈာန်ဝင်ပြီး ရိုက်နေတုန်း ဘက်ထရီကုန်လို့ ဗျာများခဲ့ဘူးပြီးပြီလေ။
ထီးတစ်လက်ကလည်းပါမှ။ အသားတော်နုနု နေခမှာစိုးမိတယ်လေ.... ခွိ..။
Address Book လေးပေါ့။ ခေါင်းထဲဘယ်တော့မှ မမှတ်ဘူး။ ဒီထဲမှာပဲ။
သူက " မရှိမဖြစ်စတစ်ခ် " ။ သူနဲ့ပဲ ထည့ှ်၊ သယ်၊ ကဲ့၊ ကူး နေရတာ။
French Kitty တံဆိပ်နေကာမျက်မှန်လေး။ ဘာ.. အလှအပကြိုက်..ဟုတ်လား။ မျက်လုံးအားနည်းသူရှင့်..။ အလင်းရောင်စူးစူးတွေ လုံး.......၀မှ မခံနိုင်လို့။ ဘုရားစူး.. မှန်တာပြောရင် ကွန်နက်ရှင် ၂၄နာရီ ဆက်တိုက်ကောင်းရပါစေ့။ :)
ကဲ.. ဖတ်ကောင်းကောင်းနဲ့ ဖတ်နေလိုက်တာ ပစ္စည်းအမယ်ဘယ်နှမျိုးဆိုတာတောင် မရေမိဘူးမဟုတ်လား။ ထည့်ထားတာ တကယ့်ကို အများကြီး ပဲနော်။ ကြည့်ပါဦး။
ဒီအိတ်လေးတစ်အိတ်ထဲ ဒီလောက်ထည့်ထားတာ..။ သူ့ခမျာ သနားစရာ။ တစ်နေ့က ရုံးအပြန် ဖုန်းကျန်ခဲ့ပြီထင်လို့ အိတ်ထဲမွနေအောင်ရှာ။ မတွေ့တော့ လမ်းတစ်ဝက်ရောက်မှ ရုံးကိုပြန်။ ရုံးရောက်တော့ ဖုန်းက ရုံးမှာလည်း မရှိ။ ဒါနဲ့ ရုံးဖုံးနဲ့ပြန်ခေါ်ကြည့်တော့ ဖုန်းသံက ဒီအရူးလွယ်အိတ် ချောင်တစ်နေရာကပဲ ထွက်လာတယ်။ ဒီအိတ်ထဲမှာပဲ ပစ္စည်းတွေက သနားစဖွယ် လမ်းပျောက်နေရှာတာ။ ဒါကြောင့် မြသွေးနီက ဒီအိတ်ကို အရူးလွယ်အိတ်လို့ အမည်ပေးလိုက်တာပေါ့ ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
19 comments:
ကြွားထားတာလေးတွေ........ အဲလေ ပြထားတာလေးတွေကို သေချာကြည့်သွားပါတယ်..
မဖြစ်ပါဘူး ဒီကနေ အိတ်တစ်လုံးတော့ ၀ယ်ပို့ဦးမှ.. ဒီထက်ကြီးတဲ့အိတ်လေ
ဒါမှ အစ်မထည့်ချင်တာ များများ ထည့်လို့ရမှာ...
အဲ မဟုတ်ရင်လဲ ဆာလာအိတ်ကို ကြိုးလေးတတ်ပြီး ပို့လိုက်မယ် ဟီးးး
သဘောတူတယ်ဟုတ်။
အမ အတွက် စပါး တင်း တစ်ရာ ဆန့်တဲ့ ပုတ် တလုံးလောက် ဝယ်ပေးအုံးမှပဲ။
ကျောမှာပဲ လွယ်လွယ် ခေါင်းပေါ်ပဲ ရွက်ရွက် အဆင်ပြေတယ်။ ဆေး အရောင်လည်း အမြဲ ပြောင်း သုတ်လို့ ရတယ်လေ။
စိတ်မချရင် အိမ်က ချစ်ချစ်ကြီးပါ ထည့် သွားလို့ ရတယ် ဟဲဟဲ
ညစ်နေတယ်ဆိုလို့ စတာ ... စိတ်မဆိုးရဘူးနော်း)
ဆရာမရဲ့အရူးလွယ်အိတ်လေးနဲ့ထည့်ထားတဲ့ပစ္စည်းလေးတွေက..ဆရာမနဲ့..လိုက်ဖက်ပါ့။။
ဒါပေမဲ့အိုဘားမားလွယ်တဲ့လွယ်အိတ်နဲ့ယှဉ်ရင်....ပိစိကွေးလေးပဲရှိတယ်..။
အိုဘားမားအိတ်ထဲမှာ..ရှိတဲ့ဟာတွေကဘာလဲတွေလဲ..ဟင်..ဟင်..လို့မေးရင်တော့..
ပြောဘူး...။သတ်လိုက်။
ဟူး.........................................မောတာ....။။။
ဩော်..... နာ့အစ်မ ကြော်ငြာဝင်သွားပုံ ထောက်ရင် အိတ်လေးတစ်လုံးတော့ ဝယ်ပို့လိုက်ချင်ပါရဲ့
ခက်တာက ကိုယ်တိုင်လည်း မဝယ်တယ် :)
ီဒီလိုလုပ်ဗျာ..... အိတ်ကူဝယ်ပေးဖို့ တစ်ယောက်လောက်ရှာပေး
ကျနော် ဒီက ပို့ပေးလိုက်မယ်။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
တွေ့သမျှ အကုန်ရိုက်တာ ဆိုရင်တော့ လွယ်အိပ်ကြီးကြီးနဲ့ မမ တစ်ယောက်ကို မြင်ရင်တော့ သူမသိခင် အရစ် လစ်ထားမှပဲနော်. တော်ကြာ အရိုက်ခံရပြီး အွန်လိုင်းပေါ်ရောက်သွားရင်နာမည် ကြီးနေမှ ခက်မယ်..
လွယ်အိပ်ထဲမှာ ရေဗူးလေး ရော ဆောင်မထားဘူးလာဟင်.. ရေစာလို့..... :P
ဟီး... ........
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ပြန်ကြွားရတာပေါ့
ဇင်အိ အိတ်ထဲမှာဆိုရင်လေ Office Desk တခုလုံး မလာတယ်ထင်ရတယ်...
အပ်ချည်ကြိုးရောင်စုံနဲ့ အပ် ကနေ ဇွန်းခက်ရင်းထိပါတယ်...First Aid Kit တောင် ပါသေး...
အဲ.... အလှပြင်ပစ္စည်းကလွဲလို့ပေါ့...ဘီးတောင် မထည့်ထားဘူး (လှပြီးသားဆိုတော့လေ...)
ှညှင်းညှင်းညှင်း...........................
အစ်မရဲ့  အရူးလွယ်အိတ်ကို ဖတ်ပြီး ကိုယ့် အိတ်ကိုယ် ငုံ့ ကြည့်မိတယ်
စုံလို့ပေါ့
သူငယ်ချင်းတွေကတော့ ခေါ်ကြပါတယ်
လိုတရအိတ်တဲ့ :P
မွန်ဆိုလည်း ဒီလိုပါပဲ မမရေ..
အိတ်ပဲတင်လေးပါတယ်ဆိုမှ..
ပစ္စည်းပေါင်းစုံ ထည့်ထားတော့ပိုဆိုးရောပဲ..
အိတ်လွယ်ပေးမယ့် လူတစ်ယောက်လောက်တော့ အလိုရှိသည်။းP
လာဖတ်သွားပါတယ်။
ဟိုက် !!!!!!!!!!!!!!!!!!!!!
မမရေ နောက်တစ်ကြိမ်ပေးဖတ်တဲ့ အတွက်ကျေးဇူးပါဗျာ
နောက်ထပ် ထပ်ပြီး ဖတ်သွားတယ် သဘောကျလို့ကို မဆုံးပါဘူး :)
အစ်မရေ အစ်မကို ပိုက်ဆံအိတ်လိုက်ဝယ်ပေးချင်တဲ့ သူရဲ့  ဆန္ဒပြည့်ဝသွားအောင် အစ်မလည်း အိတ်အသစ်လေးရသွားအောင် ကျွန်မကူညီမယ်လေအစ်မ ... :)
ဟေ့.....အိပ်ထဲပါတာအကုန်ထုတ်...
ဒီလောက်လေးမရဘူး....ရည်းစားစာတပိဿာနဲ့ တံပျက်စီးတချောင်းရှိသေးတယ်
အိပ်လေးလဲကြိုက်. ပစ္စည်ေးတွလဲကြိုက် ကန်မလေးကိုလည်းကြိုက်.
မမရေ.
သဒ္ဓါ့အိတ်ကိုလည်းအရူးလွယ်အိတ်လို့ပဲအမည်တပ်ထားရတာ.။ စုံပလုံပါပဲ..။ စက္ကူအစုပ်တွေတောင်ပါတယ်သိလား..။
မပြရဲဘူးလန့်သွားလိမ့်မယ်.။း)
ချစ်တဲ့
သဒ္ဓါ
တူတူပဲ မြသွေးရေ အမအိတ်ကိုလည်း သူက အရူးမလွယ်အိတ်လို့ခေါ်တာပဲ ၊ ပြီးတော့ သူပဲ မနေနိုင်ဘူး လာလာ ရှင်းပေးတတ်တယ်၊ ဈေးစာရင်း၊ ဈေးဝယ်ဖြတ်ပိုင်း၊ အကြွေစေ့၊ စက္ကူအတိုအထွာ...အို စုံနေတာပါပဲ...ရိုက်မပြရဲဘူး...:P
အ၇မ်းကောင်းတယ်
မမမြသွေးရေ သမိုင်း အားပေးသွားတယ်........ ဖတ်စရာတွေ အများကြီးဘဲ အရမ်းလဲဖတ်လို့ ကောင်းတယ်... အရူးလွယ်အိတ် သဘောကျတယ်ဗျာ.. အားပေးတယ်နော့....
လင်းလည်း မမလိုပဲ ၊အိတ်ထဲထည့်လို့ဆန့်သမျှ အကုန်ထည့်လွယ်တော့ အိတ်က မခံနိုင်ဘူး။
မြန်မြန်စုတ်တယ် ။ ပြီးတော့ အိတ်လွယ်ပြီး လျှောက်သွားတဲ့ရက်ဆို ပုခုံးတွေနာလို့ အိမ်ပြန်ရောက်ရင် ဆေးလိမ်းရတယ် ။
:)
Post a Comment