ဒီနေ့မှာတော့ အိပ်ယာနိုးထဲက စိတ်ထဲ ကြည်လင် လန်းဆန်းလို့နေတယ်။ ဒီနေ့မှမဟုတ်ပါဘူး။ နှစ်တစ်နှစ်ရဲ့ ဒီနေ့လို နေ့ရက်မျိုးကို ရောက်တိုင်း မနက်လင်းကထဲကနေ တစ်နေကုန် ကြည်လင်တဲ့ စိတ်အဟုန်ကို ရအောင်မွေးမြူနေထိုင်ဖြစ်ပါတယ်။ နောက် ဒီနေ့မှာ စိတ်ထဲက လုပ်ဆောင်ချင်တာမှန်သမျှ တုန့်ဆိုင်းချင်းမရှိပဲ လုပ်ချလိုက်ပါတယ်။ အရေးကြီးဆုံးတစ်ခုကတော့ မနက်နိုးလျှင် နိုးခြင်း ကျေးဇူးရှင် မိဘနှစ်ပါးကို ကန်တော့တာပါဘဲ။ ဒီနှစ်၊ ဒီနေ့မှာလည်း အရင်နှစ်တွေလို အဖေ့ကို ထိခြင်း၅ပါးနဲ့ ဦးချကန်တော့ဖြစ်ပါတယ်။ အမေ့ကိုတော့ လွမ်းဆွတ်ခြင်းများစွာနဲ့ရယ် မှန်းမျှော်လို့ ကန်တော့လို့သာပေါ့။ ဒီလိုနေ့မျိုးမှာ ကျွန်မ အမေ့ကို နင့်နင့်သည်းသည်း သတိရမိပါတယ်။ အချိန်နာရီတွေက ရပ်တန့်မနေကြပါဘူး။ သူတို့ တာဝန်သူတို့ကျေပြွန်လို့ မှန်မှန်သွားနေတာပါဘဲ။ အသက်တစ်နှစ် ထပ်မံကြီးလာပြန်တော့ ပြီးခဲ့တဲ့ ကုန်လွန်ခဲ့တဲ့ ရက်စွဲတွေကို ငါဘယ်လို ကျော်ဖြတ်ခဲ့သလဲလို့ ကျွန်မ ပြန်လည် စဉ်းစားမိပြန်တယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်မကျော်လွန်ဖြတ်သန်းခဲ့ရတာတွေက ပန်းခင်းလမ်းနဲ့ ခရောင်းတောလမ်း အချိုးညီနေမယ် ထင်မိရဲ့။ လောကဓံရဲ့ အထုအထောင်း ရိုက်ပုတ်ဒဏ်လည်း အတန်အသင့်ခံခဲ့ ရဘူးပါတယ်။ ရုန်းကန်ကျော်လွှားခြင်း ပင်လယ်ပြင်မှာလည်း လက်ပစ်ကူးခဲ့ဘူးပါတယ်။ ဘ၀ရဲ့ အနိမ့်အမြင့်တွေကြားကနေ ချိုမြိန်အသီးအပွင့်တွေရော၊ ခါးသီး အတွေ့အကြုံတွေရော ဒွေးရောယှက်တင် စားသုံးခဲ့ဘူးပါတယ်။ အခုအခါမှာတော့ အရာရာက မိုးသက်လေ ကင်းစင်သွား တဲ့ ပင်လယ်ပြင်လို့  တည်ငြိမ်အေးချမ်းလို့။ ပုထုဇဉ်ပီပီ အလိုလောဘက ရှိနေသေးတယ် ဆိုပေမယ့် ပြောရရင် အခုအသက်အပိုင်းအခြားမှာ ဘ၀မှာ နေလို့အကောင်းဆုံးသော၊ ကျေနပ်မှုအရနိုင်ဆုံးသော အချိန်တစ်ခု ရောက်နေသလို ခံစားနေမိတယ်။
ကျွန်မ ဒီအသက်အရွယ်အထိ သူတစ်ပါးအတွက် ဘာမှမလုပ်ပေးနိုင်သေးဘူး။ အလားတူ ကျွန်မအတွက်လဲ ကျွန်မဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်သေးဘူး။ ဒါပေမယ့် ကျွန်မမှာ ကျွန်မကို တန်ဘိုးထားတဲ့၊ ကျွန်မက တန်ဘိုးထားရတဲ့ မိသားစုရှိနေတယ်။ ကျွန်မမှာ အကြွေးကင်းတယ်။ ပုံမှန်ဝင်ငွေရှိနေတယ်။ နောင်ရေးအတွက်တော့ မစုဆောင်းနိုင်သေး။ ကျွန်မလှူဒါန်းချင်တာတွေ လှူဒါန်းခွင့်ရနေတယ်။ ခေါင်းနာ ကျောနာဖြစ်တာလောက်ကလွဲလို့ ကျွန်မရဲ့ ကျန်းမာရေးကောင်းမွန်နေသေးတယ်။ ကျွန်မ သံယောဇဉ်ရှိတဲ့ အလုပ်မှာ ချစ်ခင်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူအလုပ်လုပ်ခွင့်ရနေတယ်။ အွန်လိုင်းမှာ ဘလော့ဂ်လေးတစ်ခု ထူထောင်လို့ ကျွန်မနှစ်သက် တဲ့ စာဖတ်ခြင်း၊ စာရေးခြင်းအလုပ်တွေကို လုပ်ခွင့်ရနေတယ်။ ဒါကြောင့် ကျွန်မရဲ့ အွန်လိုင်း မိတ်ဆွေတွေ၊ ရေးဖော်တွေ၊ စာဖတ်ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်ရှိနေရတယ်။ ကျွန်မ ဒီနှစ်ထဲမှာ အလုပ်ချင်ဆုံးဖြစ်တဲ့ သီလရှင်လည်း အောင်မြင်စွာ ၀တ်နိုင်ခဲ့တယ်။ ကျွန်မ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ Save The Aged အဖွဲ့လေးမှာလည်း ပရဟိတအလုပ်တွေကို ကျွန်မတတ်နိုင်သလောက် ၀မ်းမြောက်ဝမ်းသာစွာ ပါဝင်ဆောင်ရွက်ခွင့် ရနေတယ်။ ဒီအဖွဲ့လေးကနေ ကျွန်မရဲ့ ကမ္ဘာအပြင်ဘက်မှာ သီးသန့် ကမ္ဘာငယ်များစွာ ရှိနေကြောင်းနဲ့ စာနာတရားဆိုတာ..ဘာ ၊ ဂရုဏာတရားဆိုတာ..ဘာ ၊ ဘ၀ ဘ၀တွေရဲ့ မတူညီတဲ့ ဖြစ်တည်မှုတွေအကြောင်း ကျွန်မ ဂဃဏန သိခွင့်ရလိုက်တယ်။ ဒီအဖွဲ့လေးကနေ ရင်ခုန်သံခြင်းတူညီနေတဲ့ ပရဟိတလူငယ်တွေနဲ့ ဆုံစည်းလို့ ဖြူစဉ်မေတ္တာရဲ့ သံစဉ်တွေကို ကြိုးညှိခွင့်ရလိုက်တယ်။
ဒါပေမယ့် ကျွန်မစာတွေထဲမှာ အမြဲရေးနေသလို ဆန္ဒနဲ့ဘ၀ကတော့ တစ်ထပ်ထဲ မကျသေးဘူး။ ကျွန်မကို ဒီနေ့မှာ အဖြစ်ချင်ဆုံး ဆုတစ်ခုပေးမယ် ဆုတောင်းပါဆိုရင် ကျွန်မအသက် ၁၀နှစ်လောက် ပြန်ငယ်ချင်မိတယ်။ ကျွန်မရဲ့စိတ်တွေပြန်လည်နုပျိုချင်လို့၊ ငယ်ဘ၀ကို မကြီးမငယ်နဲ့ နှမြောစိတ်နဲ့ ပြန်လည်တမ်းတမိနေတာမျိုးမဟုတ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ထဲက လူတစ်ယောက်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို အခုအသက်အပိုင်းခြားရောက်မှ လုပ်ရမယ်လို့ နောက်ကျစွာနဲ့ စတင်သိရှိ မိလိုက်လို့ပါ။ လူရယ်လို့ဖြစ်လာရင် မိမိဘ၀ရှင်သန် ရပ်တည်ရေးအတွက်ပဲ ဘ၀ဖြစ်နေမှုကို လုံးပမ်းနေရတယ်ဆိုတာ မှားတယ်ဆိုတာ ကျွန်မတကယ် သိလိုက်ရလို့ပါ။ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို အရမ်းကို နှမြောမိတယ်။ ဒါကြောင့် နောက်ဖက်ကို ၁၀နှစ်လောက်သာ ပြန်ဆုတ်လို့ရမယ်ဆိုရင်....?? ။ ကျွန်မအတွက် အချိန်တွေ တဖြည်းဖြည်း နည်းလာပြီဆိုတာ၊ ကုန်လွန်ခဲ့တဲ့ အချိန်တွေဟာ အလဟဿ ပါဘဲလားဆိုတာ ဒီနေ့၊ မွေးနေ့မှာ အသိနောက်ကျစွာနဲ့ စတင်သိလိုက်ရတယ်။ ဒါပေမယ့် တော်သေးတာက ကုန်လွန်ခဲ့ချိန်တွေမှာ သူတဖက်သားအတွက်ရော၊ ကျွန်မအတွက်ပါ အကျိုးမဲ့စေမယ့်၊ ဒုက္ခတွေ့စေမယ့် မည်သည့် အလုပ်ကိုမှ ကျွန်မ မလုပ်ခဲ့မိဘူးတာလေးက ကျွန်မအတွက်တော်တော် ခံသာစေခဲ့တယ်။
ဒီနေ့ ကျွန်မမွေးနေ့ မနက်မှာ ကျွန်မတို့ Save The Aged အဖွဲ့က ညီမလေးဖြူစင်ရဲ့ အဖေဆုံးတဲ့ အတွက် သူမလေးရဲ့ အိမ်ကို ကျွန်မအဖွဲ့ဝင်တစ်ချို့နဲ့ ရောက်ခဲ့လေတယ်။ အသက်ဓာတ် ကင်းမဲ့နေတဲ့ ညီမလေးရဲ့ ဖေဖေ ခန္ဓာကိုယ်ကို မျက်စေ့အောက်မှာ သယ်ယူသွား တဲ့အခါ၊ ကျန်ရစ်သူ မိသားတစ်စုရဲ့ ကြေကွဲငိုကြွေးသံတွေဟာ ကျွန်မရဲ့စိတ်ကို အတော်ပင် တုန်လှုပ်ခြောက်ခြား စေခဲ့ရပါတယ်။ နာရေးပေါင်းများစွာကို ဒီအသက်အရွယ်မှာ ကျော်ဖြတ်ခဲ့ ဘူးပေမယ့် ဒီလို ကျွန်မရဲ့ မွေးနေ့ရက်နဲ့ တိုက်ဆိုင်စွာ ကြုံတွေ့လာရတော့ ရင်မှာ တုန်လှုပ်မိ တယ်။ နာရေးကအပြန်မှာ ကျွန်မတို့ အဖွဲ့က စောင့်ရှောက်ထားရတဲ့ အဖိုး+အဖွားလင်မယားကို ၀င်ကြည့်ဖြစ်ခဲ့တယ်။ လေဖြတ်နေတဲ့ အဖိုးအိုက ဓနိမိုးဆယ်ပင် အခန်းငယ်ထဲမှာ အထီးကျန်စွာ ထမင်းတစ်ယောက်ထဲ တုန်ချိစွာစားနေလို့။ အဖွားက တစ်ခေါ်လောက်ကအိမ်မှာ ၀မ်းရေးအတွက် အ၀တ်လျှော်နေလို့။ ကျွန်မမွေးနေ့အတွက်ရည်စူးပြီိး အဖိုးအဖွားကို ငွေလေးအနည်းငယ်နဲ့ ကန်တော့ချိန်မှာ ကျွန်မရင်ထဲ ထပ်မံ တုန်လှုပ်လာပြန် တယ်။ နောက်... မွေးနေ့အတွက်ရည်စူးလို့ ပြီးခဲ့တဲ့လက ဒဂုံမြို့သစ် (အရှေ့)က အနန္တမေတ္တာ ဘုန်းတော်ကြီး စာသင်ကျောင်းလေးတည်ဆောက်ဖို့ ဂရုဏာသက်စဖွယ်ကလေးများအတွက် ချွေးနည်းစာထဲက စုထားငွေလေးနဲ့ တနိုင်တပိုင်လေး ကျွန်မလှူဒါန်းခဲ့တယ်။ အဲ့ဒီတုန်းကလည်း နုနယ်တဲ့ ဒီကလေးတွေရဲ့ ဘ၀လေးတွေအတွက် ကျွန်မတုန်လှုပ်ခဲ့ရဘူးတယ်။ ကျွန်မတို့ဟာ နုပျိုရာကနေ ရင့်ကျက်လာရတယ်။ တစ်ဖန် ရင့်ကျက်လာရာကနေ နာကျင်ဝေဒနာတွေနဲ့ ထိတွေ့လာရမယ်။ အဲ့ဒီကနေ ရင့်မှည့်ပြီး ကြွေကျရလေဦးမယ်။ အသက်တစ်နှစ် ထပ်မြံကီးမြင့်လာချိန်မှာ ကျွန်မရှေ့က ကျွန်မထက် အသက်ကြီးသူ၊ ဘ၀အတွေ့အကြုံများ သူတွေသာမက ကျွန်မထက် အသက်ငယ်ရွယ်သူတွေ ရော၊ လူအမျိုးမျိုးဟာ လူ့လောကကို တဖွဲဖွဲ နဲ့ ကျောခိုင်းစွန့်ခွာ နေကြရတယ်။ ကျွန်မဘာမှ အဆင်သင့် မဖြစ်သေးပါလား။
ကျွန်မအသက် တစ်နှစ်သာကြီး လာတယ် ကျွန်မက ဘာမှ အနှစ်သာရမရှိသေးသလို ကျွန်မပတ်ဝန်းကျင်အတွက်၊ ကျွန်မမိသားစုအတွက်၊ နောက် .. ကုန်ကုန်ပြောရရင် ကျွန်မကိုယ်တိုင်အတွက်ရော ဘာဆိုဘာမှ သက်ရောက်မှု မရှိသေးပါလား။ ကျွန်မက လက်ရှိရောက်နေတဲ့ နေရာလေးမှာ ကျေနပ်သာယာ နေတဲ့ ကျွဲခြေရာခွက်ထဲက ပုရွက်ဆိတ်သူငယ်သာသာဖြစ်နေတာပါလား။ ကျွန်မတကယ် လုပ်ဖို့လိုအပ်တာက၊ တကယ် လုပ်ရတော့မှာက ဘာလည်းဆိုတာ ကျွန်မ ဒီမနက်မှာ လင်းကနဲ၊ လက်ကနဲ ကျွန်မ သိလိုက်ရတယ်။ တကယ်တမ်း သွားကြရတော့ ကျွန်မတို့ ဘယ်လောက်ဘဲ ချစ်မက်တယ်ပြောပြော၊ ဘယ်လောက် ကြွယ်ဝတယ်ပြောပြော၊ ထားခဲ့ကြရတာချည်းပါဘဲ။ ဘယ်နည်းနဲ့မှ သူ့ကို အချိန်ဆိုင်းထားလို့ မရနိုင်ပါဘူး။ ကျွန်မတို့တွေဟာ မိမိရဲ့ နောက်တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီမှာ ဘာတွေဖြစ်မလဲ ဘာမှ ကြိုတင်မသိနိုင်ပါဘူး။ လက်ရှိအချိန်ကာလလေးက တန်ဖိုးရှိလှတယ်။ တရွေ့ရွေ့နဲ့ ကုန်နေတယ်။ လက်ကျန် အချိန်တွေက တဖြည်းဖြည်းနဲ့ နည်းလာနေတာပဲ။ မိမိကိုယ်တိုင်မရှိတဲ့နောက် ကျန်ခဲ့သူတွေ အတွက်ရော၊ မိမိကိုယ်တိုင် သယ်ယူသွားရမှာတွေကိုရော ပြင်ဆင်ဖို့အချိန်က နည်းတောင် နေလေပြီ။
အတ္တကြီးတယ်ပဲဆိုဆို ကျွန်မ ဒီနေ့မှာကျရောက်တဲ့ ကျွန်မမွေးနေ့မှာ အဖြစ်ချင်ဆုံးဆန္ဒကို ပြောပါဆိုရင် ခုနက ပြောခဲ့သလို အသက် ၁၀နှစ်ခန့် ပြန်လည် ငယ်ချင်နေမိပါတယ်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ

14 comments:
Happy Birthday ပါချစ်သော အစ်မ
ယနေ့မှ နှစ်ပေါင်းရာကျော်တိုင် ပျော်ရွှင်ချမ်းမြေ့ခြင်း၊ အောင်မြင်ခြင်းများနဲ့အတူ
ချစ်သော မိသားစုနဲ့ ချစ်ခြင်း၊ နားလည်ခြင်း၊ ကြင်နာခြင်းတို့ဖြင့် ရာသက်ပန် တွဲလက်များ ခိုင်မြဲပါစေ.
လူမှုရေးလုပ်ငန်းများလည်း ရှေ့ဆက် ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ပါစေ.. စာတွေလဲ အများကြီး နှစ်ပေါင်းရှည်ကြာ ရေးနိုင်ပါစေနော်..
ချစ်ညီမ ချော
အစ်မမြသွေးနီ.......
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ကလေးဖြစ်ပါစေ.....။
အစ်မရေးရေးနေတဲ့ စာသားလေးနဲ့ ရိုးရိုးပဲဆုတောင်းပေးပါမယ်......။
“ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျနိုင်ပါစေ”....လို့ခင်ဗျာ.......။
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
ချစ်ညီမ မြသွေး အဓိပ္ပါယ်ရှိသောမွေးနေ့လေးပါပဲ...။ အမနဲ့ ဆန္ဒတူနေတယ်။ ၁၀နှစ်လောက် ပြန်ငယ်ချင်တာချင်းလေ... ဒါပေမဲ့ ညီမရေ...လက်ရှိအချိန်ဟာ အကောင်းဆုံးပါပဲ...။ ရှေ့ဆက်မဲ့ အချိန်တွေမှာ ညီမ ချစ်တဲ့ မိသားစုနဲ့အတူ အလိုရှိသော ဆန္ဒများစွာနဲ့ လက်ရှိဘဝ တထပ်တည်း ကျနိုင်ပါစေ လို့ ဆုတောင်းပေးခဲ့တယ် ညီမရေ...:)
အစ်မ မြသွေး အတွက် ပျော်ရွှင်ချမ်းမြေ့ဖွယ် မွေးနေ့လေးဖြစ်ပါစေ။
နောင်လာမယ့် နေ့ရက်တွေမှာလည်း စိတ်ချမ်းသာခြင်းများနဲ့ အနာဂါတ်ခရီးကို
အစ်မချစ်တဲ့ မိသားစုနဲ့ အတူ လျှောက်လှမ်းနိင်ပါစေ...။
ဘဝရဲ့ အခက်အခဲတွေကိုလည်း အချိန်တိုအတွင်း ကျော်ဖြတ်နိင်ပါစေဗျာ။
အစ်မ
မွေးနေ့လေးမှာ မှတ်မှတ်ရရ ဒါန ပြုနိုင်ခဲ့တယ်
(တကယ် လိုအပ်နေသူတွေကို)
ဂရုဏာတရားက အစပြုလို့ သံဝေဂ တစ်ခု မမျှော်လင့်ပဲရခဲ့တယ်
မဖြစ်နိုင်မှန်း သိပေမယ့် အစ်မ ဆန္ဒလေး ပြည့်စုံပါစေ။
(စိတ်အစဉ်က အသက် ၁၀ နှစ်လောက် ပြန်ငယ်ပြီး နုပျိုလန်းဆန်းမှုတွေနဲ့ ပရဟိတ အကျိုးတေ
ဆက်လက် သယ်ပိုးနိုင်ပါစေဗျာ)
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
ဥုံ..ဖွ...ဟက်ချလောင်း...
ငါ့အမ ၁၀ နှစ်ပြန်ငယ်စေ..:P
အမရေ...ဆန္ဒနဲ့ဘဝတထပ်တည်းကျပါစေလို့
ဆုတောင်းပေးပါတယ်နော်...
အစ်မ ရဲ့ မွေးနေ့မှာ ရတဲ့ အသိတရားလေးတွေက တန်ဖိုးရှိလိုက်တာ...ပြန်လည်မျှဝေ လို့လဲ ကျေးဇူးတင်ပါတယ်။
မွေးနေ့မှစ...ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းကျနိုင်ပါစေ။
မမမြေသွေး..
ပျော်ရွှင်ဖွယ်မွေးနေ့များကိုချစ်သောမိသားစုနဲ့အတူနောင်နှစ်ပေါင်းများစွာဖြတ်သန်းကျော်လွှားနိုင်ပါစေ..။
မမရဲ့မွေးနေ့မှာအဖိုးမဖြတ်နိုင်တဲ့အလှူနဲ့အသိသံဝေဂလေးကအားလုံးအတွက်လည်းအသိတရားရလာစေပါတယ်.။
မမဖြစ်ချင်တဲ့ဆန္ဒနဲ့အတူလောကအကျိုး၊သာသနာအကျိုးကိုကျန်းမာချမ်းသာပြည့်စုံစွာနဲ့သယ်ပိုးရွက်ဆောင်နိုင်ပြီး
စာပေများစွာကိုလည်း ဆက်လက်ရေးသားနိုင်ပါစေ..။
ချစ်တဲ့
ညီမသဒ္ဓါ
မွေးနေ့မှာ ဆုမွန်ချွေပေးတဲ့ ချစ်မိတ်ဆွေအားလုံး ..အားလုံးကို... ကျေးဇူး အန န္တ တင်ရှိပါတယ်ရှင်..။
အမမြသွေးရေ...ဟက်ပီးဘက်ဒေးပါ။
မွေးနေ့မှသည်..နောင်နှစ်ပေါင်းများစွာထိ
ဆန္ဒနဲ့ဘ၀ထပ်တူကျစွာ..
သာယာဖြောင့်ဖြူးသောအနာဂါတ်ခရီးကို
ပိုင်ဆိုင်နိုင်ပါစေ။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ။....ကြံတိုင်းအောင်လို့ဆောင်တိုင်းမြောက်ပါစေ။။။
နောက်နောင်လည်း..ပျော်စရာမွေးနေ့လေးများဖြစ်ပြီး..ကိုယ်စိတ်နှလုံး..ကျန်းမာ၊ချမ်းသာ
ပါစေလို့..ဆုတောင်းပေးပါတယ်..
ဆရာမရဲ့မွေးနေ့ရေသက်စေ့..လှုဖို့ဘုရားကိုသွားသေးတယ်...ဒါပေမဲ့ဂြိုလ်တိုင်ရှာလို့
မရဘူး..။ ပ ဖ ဘ ဗ မ ဆိုတော့..ဗုဒ်ဓဟူး ဂြိုလ်တိုင်ကိုသွားတယ်။။
ရေသက်စေ့လောင်းမယ်လို့လုပ်တော့မှ..ဘယ်နှစ်ခွက်လောင်းရမှန်းမသိလို့
ဒီတိုင်းပြန်လာခဲ့ရတယ်..
....ဟူး......ဘယ်နှစ်ခွက်လောင်းရင်ကောင်းမလဲသိဘူးနော်.၊ ၁၀ ခွက်လျှော့ပြီးလောင်းမယ်လို့
စိတ်ကူးထားတယ်..၊
တိုက်ဆိုင်တယ်နော်
ကျွန်တော်လဲ ဒီနေ့ သောကြာ ၃ရက်နေ့ စက်တင်ဘာတိုက်ဆိုင်တယ် မြန်မာရက်သာမတူတာ
ပြီးတော့ သုဿန်ကိုရောက်သွားတယ် တကယ်သံဝေဂရမိတယ်ဗျာ
မွေးလာတယ် ခက်ခက်ခဲခဲ ရှင်သန်ရတယ် သေဆုံးတယ် ခဏလေးပဲ မျက်စိရှေ့တင်ပြာဖြစ်သွားတယ် ....
ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုတွေအများကြီးကိုမြင်ခဲ့ရတယ်..... တနေ့ ငါလဲသွားရမယ့်လမ်းပဲလို့.......
အမရဲ့ မွေးနေမှာရလိုက်တဲ့ လက်ဆောင်တွေက အများကြီးပါပဲလား
ပြီးတော့
တန်ဖိုးလည်းကြီးလိုက်တာဗျာ
Post a Comment