လှိုင်းတွန့်ထနေတဲ့ နူးညံ့ဆံနွယ်လေးများက ၀ိုင်းစက်နေတဲ့ မျက်နှာကို အနားသတ်ပေးထားသလိုနှယ်။ ကော့ညွတ်နေတဲ့ မျက်တောင်ရှည်ကြီးများကလည်း စိမ်းစိမ်းလေးညို့နေတဲ့ မျက်ခုံးထူထူအောက်မှာ ငြိမ်သက်စွာ မှေးမှိတ်လို့။ နှာသီးလုံးလုံးလေးနဲ့ နီထွေးထွေးနှုတ်ခမ်း ဖူးဖူးအိအိလေးက ပြုံးနေသယောင်ယောင်။ ဖောင်းအိနေတဲ့ နူးညံ့ပါးမို့မို့နှစ်ဖက်က မထိရက် မတို့ရက်စရာ ပန်းသွေးရောင်ပြေးလို့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရှာတဲ့ သားရဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးကို သူ တစိမ့်စိမ့်နဲ့ ကြည့်မ၀ဖြစ်နေမိတယ်။ သားလေးရဲ့နဖူးပြင်လေးကို ငြင်သာဖွဖွ နမ်းရှိုက်မိနေတာ ဘယ်နှခါရှိနေပြီလည်းဆိုတာတောင် မသိတော့။ သားရဲ့နဘေးနားမှာ ခြောက်သွေ့သွားတဲ့ အနှီးစတွေကို ထိုင်ခေါက်နေတဲ့ အမေက သူ့ကို ကြည့်ကာ အဖြစ်သည်း ရန်ကောဆိုတဲ့ မျက်နှာပေးနဲ့ ခေါင်းလေးဆတ်ကာ လှမ်းပြုံးပြနေလေတယ်။
သားကို တော်တော်များများက သူနဲ့တူတယ်လို့ ပြောကြတယ်။ မျက်နှာကျပုံ၊ နှုတ်ခမ်း အနေအထားကအစ၊ ခြေဆံလက်ဆံရှည်တာအဆုံး သူနဲ့တစ်ပုံစံထဲတဲ့ ။ ရွှေစင်ကိုယ်တိုင်က “ သားက ကို..တို့ဘက်လိုက်တယ်။ အဖေတူသား ကြီးပွားဦးမှာ ” လို့ ဆိုတော့ သူ့မှာ သဘောခွေ့လို့မဆုံး။ ရွှေစင်ကိုယ်ဝန်ရှိစဉ်က သူက ဘာလေး မွေးမွေးချစ်မှာလို့ ပြောခဲ့ပေမယ့် စိတ်ထဲကတော့ ပထမဆုံး ကလေးကို သားဦးလေးပဲ ဖြစ်စေချင်ခဲ့မိတာ။ အာထရာဆောင်းရိုက်တော့ သားလေးလို့ သိလိုက်ရချိန်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထဲလွင့်မျောသွားသလို ခံစားမှုနဲ့အတူ ပျော်ရွှင်မှုတွေက အနှိုင်း အဆမဲ့။ ရွှေစင့်ကို ကိုယ်ဝန်ရှိချိန်တစ်လျှောက်လုံး အစားအသောက်ကအစ သွားတာလာတာအဆုံး အရိပ်တကြည့်ကြည့်နဲ့ ရှိခဲ့ရတာ။ သားကိုယ်ဝန်ရှိတယ်ဆို စသိရကထဲက သူလူပျိုပေါက်ဘ၀ထဲက စွဲစွဲမက်မက် သောက်လာခဲ့တဲ့ စီးကရက်သောက်ခြင်းအမှုကို ယတိဖြတ်စွန့်လွှတ်ခဲ့တာ။ သားလေးကို ရောဂါပိုးမွှားတွေ မကပ်ငြိအောင် ယခု(၆)လသားရောက်တဲ့ အချိန်အထိ သားကိုမပွေ့ချီခင် လက်ကိုသေချာဆေး၊ လက်တွေကို အရက်ပျံသုတ်ပြီးမှ သားကို ကိုင်တွယ်ဖို့ ရွှေစင်အပါအ၀င် အားလုံးကို သူက အမိန့်တွေ ထုတ်ခဲ့သေးတာ။ ဒါကြောင့် သူ့ကို ရွှေစင်က ပါပိုကြီးလို့ ပြောတာခံခဲ့ရတာ။ သားကိုဘာကြောင့် ဒီလောက်တောင် ချစ်နေမိမှန်း ကိုယ့်ဟာကိုယ်လည်း မသိတော့။ သားငိုရင် သူလည်း ဂဏှာမငြိမ်တော့။ သားရယ်နေရင် သူ့ရင်ထဲ စမ်းချောင်းလေး စီးဆင်းနေသလို။ သားကလည်း သူ့ကိုသိသလို မျက်လုံးတောက်တောက်လေးနဲ့ ကြည့်လို့ ဂူးဂူးဂါးဂါးပြောရင်ဖြင့် သူ့မှာ သဘောတွေကျလို့မဆုံး။ စကားမပြောတတ်သေးတဲ့ သားကို စကားတွေ တတွတ်တွတ် ပြောနေရင်း မြူနေရရင်ဖြင့် သူက ထမင်းမေ့၊ ဟင်းမေ့နဲ့။
အခုလည်း မေမြို့မှာနေတဲ့ ရွှေစင်မိခင် အသည်းအသန်ဖြစ်လို့ ရွှေစင်မေမြို့ကို လိုက်သွားရတာတောင် သူ့မှာ အတူမလိုက်သွားနိုင်ခဲ့။ ၆လအရွယ် လူမမယ်သားငယ်ကို စိတ်မချလေတာရော၊ သူ့အလုပ်က ခွင့်မရလေတာရောကြောင့် ရွှေစင်တစ်ယောက် ဒီမနက် မေမြို့သွားကထဲက စားရေးသောက်ရေး ကိစ္စရော၊ သားအတွက်ပါ အဆင်ပြေအောင် သားနဲ့သူက အမေတို့ အိမ်မှာ ရွှေစင်ပြန်လာချိန်အထိ ခေတ္တခဏ လာနေခြင်းပါ။
ခန်းဆီးလိုက်ကာကို ဖယ်ပြီးအိပ်ခန်းထဲ အဖေ၀င်လာမှ နံရံပေါ်က နာရီကို လှမ်းကြည့်လိုက်မိတော့တယ်။ ည၉နာရီတောင်ရှိနေပြီပဲ။ အချိန်မနည်းတော့ပါလား။ သားမအိပ်ခင်ထဲက သားရဲ့ အနားမှာ ရောက်နေတာဆိုတော့ တော်တော်ကြာနေလေပြီ။ အမေက…“ ကဲ.. သားလည်း သွားနား တော့။ အမေတစ်ယောက်လုံးရှိပါတယ်။ စိတ်မပူပါနဲ့။ စိတ်ဖြောင့်ဖြောင့် သာ အိပ်ချေတော့ .. ” လို့ ပြောလာလို့ သူ သားကို နောက်တစ်ခါ ဖွဖွထပ်နမ်းလို့ ညတစ်ရေးနိုး သား..နိုးလာရင် အသုံးပြုဖို့ အနှီး၊ အသင့်ဖျော်ပြီးသား နို့ဘူးတို့ကို ပြင်ဆင်ပေးပြီး တစ်ဖက် အိပ်ခန်းကို ထွက်လာခဲ့တော့တယ်။
xxxxxxxxxxx@xxxxxxxxxxxx
သူ လူပျိုဘ၀က နေခဲ့တဲ့ အိပ်ခန်းကို ရောက်တော့ ဘာမှပုံစံလက်ရာမပျက် သန့်ရှင်းသပ်ရပ်နေတာ တွေ့လိုက်ရတော့ နေ့လည်က အမေပြောတဲ့ “ သားအဖေက ဒီအခန်းကို သူကိုယ်တိုင် အမြဲရှင်းတယ်လေ..” လို့ ပြောတာကို သတိရမိလိုက်တယ်။ အိပ်ခန်းမီးကို မှိတ်လို့ ခြင်ထောင်ချကာ သူ့ရဲ့ တစ်ယောက်အိပ် ကုတင်လေးပေါ်က ပရုပ်လုံးရနံ့သင်းနေတဲ့ ခေါင်းအုံးလေးပေါ်မှာ ၀င်အိပ်လိုက်မိ တယ်။ ရွှေစင်လဲ သားကိုလွမ်းနေရှာမှာလို့ သူတွေးနေမိတယ်။ သားကိုမွေးပြီးထဲက ဒီတစ်ခါက ပထမဦးဆုံး အကြိမ် သူတို့နှစ်ယောက်လုံး သားနဲ့ ခွဲအိပ်ခြင်းပါဘဲ။ အခု သားက အမေနဲ့အတူတူအိပ်နေတာမို့သာ၊ နောက် သူနဲ့အိမ်တစ်မိုးအောက်ထဲမှာ အတူတူရှိနေပေလို့သာ။ ဒါတောင် တစ်ဖက်အခန်းမှာ သားရှိနေတယ်ဆိုပေမယ့် သူ့စိတ်ထဲ အဝေးကြီးမှာ ရောက်နေသလိုမျိုး ခံစားနေရတယ်။ သူ့မျက်လုံးတွေက အိပ်မပျော်နိုင်သေးလေတော့ အမှောင်ထဲမှာပဲ ခြင်ထောင်အမိုးကို ကြည့်လို့ အတွေးတွေ ဖြန့်ကျက် နေမိပြန်တယ်။
သူငယ်ငယ် သိတတ်စက အဖေနဲ့ခွဲနေခဲ့ဖူးတယ်။ အဖေက အလုပ်ကိစ္စနဲ့ နယ်ဘက်တွေကို မကြာခဏ သွားရတယ်။ သူ အဖေနဲ့ ဝေးနေချိန်မှာ အဖေ့ကိုများ လွမ်းမိသေးလားလို့ စဉ်းစားမိတယ် ။ သူ့အတွေးတွေ သိပ်မကွဲပြားလှပေမယ့် အဖေမရှိလည်း သူ အမေနဲ့နေခဲ့တာပါဘဲ။ အမေကပဲ သူ့ကို အနီးကပ် အစစအရာရာ ပြုစုစောင့်ရှောက်ခဲ့လေတာ။ အဖေနဲ့ အမေ ဘယ်သူ့ကို သူပိုချစ်သလဲ စဉ်းစားမိပြန်တော့ အမေ့ကို ပိုချစ်ခဲ့သလိုပဲလို့ တွေးမိပြန်ရော။ အဖေက စည်းကမ်း တင်းကြပ်လွန်းတော့ အဖေအိမ်မှာ ရှိနေရင် သူ့စိတ်တွေ မလွတ်လပ်သလို ခံစားနေခဲ့ရတယ်။ အဖေနဲ့ အမေမှာ အမေက သူ့ကို ပိုနားလည်သလို ခံစားရတယ်။ အမေက သူ့ကို ပိုဖေးမသလို၊ လိုက်လျောမှုလည်း ပိုပေးခဲ့တယ်။ အဖေက ဒေါသထွက်ရင် ပါးစပ်ကနောက် လက်ကအရင်ရွယ်ပြီး နေသူမျိုးဆိုတော့ အမေ့ထက် အဖေ့ကို သူပိုကြောက်မိတာ မဆန်းလှပါဘူး။ သူဘယ်လောက် ကြိုးစားကြိုးစား သူ့အပေါ်အမြဲတမ်း အားမလို အားမရဖြစ်နေတတ်တဲ့ အဖေ့ကို သူဘက်က ဘယ်လိုမှနားလည်လို့ မရပါဘူး။ သူငယ်ငယ် ၇တန်းလောက်မှာ အိမ်က မသိအောင် မုန့်ဖိုးစုလို့ တစ်ပတ်ရစ် ဂစ်တာလေးတစ်လုံး ၀ယ်လာခဲ့ တယ်။ အဖေသိတော့ ဒီအရွယ် ဂစ်တာတီးရမယ့် အရွယ်လားဆို စိတ်တွေဆိုးပြီး ဂစ်တာကြီး ရိုက်ခွဲမယ်လုပ်လို့ အမေ့မှာ မနည်းလုလိုက်ရတာ။ ဂစ်တာတဖြေးဖြေး တီးတတ်လာတော့ သူ သီချင်းတွေဆိုညည်းရင် အဖေက စာဖတ်ရင်း မသိမသာ နားထောင်နေမိတတ်တာကိုတော့ သတိထားလာမိတယ်။
သူအရွယ်နည်းနည်းရောက်လာတော့ အင်တာနက်ဆိုင်သွားဖို့ အမေ့ဆီက မုန့်ဖိုးတောင်း သံကြားရင် အဖေက သူ့မျက်မှန်အထူကြီးပင့်လို့ “ မင်းတို့ အင်တာနက်ဆိုတာ မိန်းကလေးတွေနဲ့ အရည်မရ အဖတ်မရတွေ မချိန်ကုန်ခံ လက်ညောင်းခံ စာရိုက်ပြောနေကြတာဆို..။ ဘာမှအဓိပ္ပါယ် မရှိဘူး..” လို့ပြောပြီး အမေ့ကို မုန့်ဖိုးတွေ ကန့်သတ်ပေးဖို့ ရာဇသံထုတ်လေတယ်။ အဖေ့ကို ဘာမှ ပြန်မပြောချင်လို့ ရှောင်ခဲ့ပေမယ့် အမေ့ကိုတော့ အင်တာနက်သွားသုံးတာဟာ သူစိတ်ဝင်စားတဲ့ နည်းပညာတွေလေ့လားဆည်းပူးဖို့၊ သူသိချင်တဲ့ ပြည်ပက ကျောင်းတွေအကြောင်း၊ စကောလားရှစ်တွေ အကြောင်းလေ့လာဖို့၊ သူအဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အွန်လိုင်းက ပရဟိတအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို သိစေဖို့ဆိုတာ ပြောပြဖြစ်ခဲ့ပေမယ့် ရိုးလွန်းတဲ့ အမေကတော့ “ သားအဖေက ခဏသာ ပြောတာပါ။ ပြီးရင် သူက စိတ်ထဲက ပျောက်သွားတာပဲ ” လို့ ဖြေသိမ့်ပေးလေတယ်။ သူတက္ကသိုလ် ဒုတိယနှစ်မှာ ကွာလီဖိုင်းဖြစ်တော့ အဖေက အိမ်လာသမျှ သူ့မိတ်ဆွေများရှေ့ သူ့ကိုခေါ်ထုတ်လို့ “ ဒီကောင် ဒီနှစ်ကွာလီဖိုင်းဖြစ်တယ်လေ။ နိုင်ငံခြားက စာမေးပွဲတွေလဲ လှမ်းဖြေဖို့ လုပ်နေတယ် ” လို့ ကြွားပြန်လေတော့ သူ့မှာ ရှက်လိုက်တာ နေစရာကိုမရှိဖြစ်လို့။
သူကျောင်းပြီးတဲ့အထိ ဟိုယောင်ယောင်၊ ဒီယောင်ယောင်ဖြစ်နေပြန်တော့ အဖေက သူ့ကို အရာရာမှာ နှေးဖင့်တယ်လို့ စွတ်စွဲပြန်ရော။ အဖေ့ရဲ့ သူငယ်ချင်းတွေနဲ့ ဆုံရင် သူတို့သားသမီးတွေ အကြောင်းပြောရင် သူ့မှာ အမြဲမျက်နှာငယ်ရတယ်တဲ့။ ပညာရေးယှဉ်မလား၊ စီးပွားရေးယှဉ်မလား။ အမြဲမင်းက နောက်ကချည်းပဲတဲ့။ အဲ့ဒီလို တဖြစ်တောက်တောက်သာပြောတယ် ကံအားလျှော်စွာ အဖေလျှောက်ထားလို့ရတဲ့ လက်ကိုင်ဖုန်းလေးကြတော့ မင်းပဲကိုင်ပါကွာ။ ငါ့ဆက်မယ့်သူလဲ မရှိပါဘူး။ ငါတို့က ဆက်သွယ်ရေးဖုန်းဆက်လဲရပါတယ်…တဲ့ ။
ကျောင်းပြီးလို့ အလုပ်ကလေးရမယ်မရှိသေးဘူး သူ.. ရွှေစင်ကို ခိုးပြေးလေတော့ ခွေးဇာတ်ခင်းချင်တဲ့ကောင်ဆို ပြောပါလေရော။ ပြီးတော့ သားသမီးချင်းကိုယ်ချင်းစာရမယ်ဆို သေချာလက်ထပ်ပေးပြန်လို့ သူရော ရွှေစင်ပါ အဖေ့ကို အားတုန့်အားနာတွေဖြစ်လို့။ ဒီတော့ အိမ်ထောင်ကျပြီးတဲ့ အချိန်ထိတောင် သူတစ်ခါတစ်ခါ စဉ်းစားမိတယ်။ အဖေက သူ့မေတ္တာကို ထုတ်ဖော်ပြတာ တမျိုးကြီးပါလား။ အဖေနဲ့သားရယ်လို့ အမေ့လောက်တောင်မှ နွေးနွေးထွေးထွေး လက်ပွန်းတတီးမရှိ။ စကားလည်း လေးလုံးကွဲအောင် မပြောချင်။ အဖေနဲ့ သူ့ရဲ့ကြားက ပဋိပက္ခတွေက နည်းနည်းစီနဲ့ တဖြးဖြေးတင်းကျတ်နေခဲ့တာ။ သူကိုယ်တိုင်ကလည်း အဖေ့ကို ချစ်တယ်ဆိုပေမယ့် အမေ့လောက် သူ...မချစ်ဘူးလားလို့ ထင်နေမိတာ။ အဖေကရော တစ်ဦးတည်းသား သူ့ကို ချစ်ပါရဲ့လား။ အခုတော့ ဘာပဲဖြစ်ဖြစ် အဖေရော အမေရော အသက်တွေ ကြီးပြင်းလာကြပြီ။ ဒါတောင် နေ့လည်က အဖေက ရွှေစင် မေမြို့သွားတာ လိုက်သွားသင့်တယ်ဆို သူ့ကို ဆူနေပြန်သေးတာ။ သားက သိပ်ငယ်လွန်းတော့ သူ့အနေနဲ့ တစ်ယောက်ထဲ ထားသွားဖို့ရာ ဘယ်ဖြစ်နိုင်ပါ့မလဲနော်။
xxxxxxxxxxx@xxxxxxxxxxxx
သူ့အတွေးတွေက အိပ်မပျော်လေတိုင်း ဟိုရောက်သည်ရောက်နဲ့ အဖေ့အကြောင်းရောက်သွားတာ။ တစ်ဖက်အခန်းက အဖေ့အသံကြားတော့မှ သူ့အတွေးတွေက လက်ရှိကာလကို ပြန်လည်လို့ ရောက်လာတော့တယ်။
“ ကလေးကို စောင်ခြုံပေးဦးမှပဲ ။ နေ.. နေ.. ငါပဲခြုံပေးလိုက်မယ် ”
သားလေးအိပ်ပျော်နေလျှက်က စောင်ကွာသွားပုံရလို့ အဖေက အမေ့ကိုယ်စားသူ့မြေးကို စောင်ခြုံ ပေးနေပုံရတယ်။ အဲ့ဒီအချိန်မှာပဲ ခြေသံတရှပ်ရှပ်နဲ့အတူ သူ့အခန်းမီးခလုပ်ကို ထောက်ကနဲ ဖွင့်လိုက်တာကို သိလိုက်ရတယ်။ ခြေသံက သူ့ကုတင်ရဲ့ နဘေးမှာရပ်တန့်သွားတယ်။ သူ အသက်ကို အသာအောင့်လိုက်မိကာ မျက်လုံးအစုံကို ဆက်မှိတ်ထားလို့ ငြိမ်သက်နေမိတယ်။ ပူနွေးနေတဲ့ လက်တစ်ဘက်က သူ့ရဲ့နဖူးကို ညှင်သာစွာ လာစမ်းတယ်။ ခဏနေတော့ အံ့သြစဖွယ် သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ နွေးကနဲ ဖြစ်သွားရလေတယ် ။ မျက်လုံးကို အသာအယာ ဖွင့်ကြည့်လိုက်တော့ သူ့ကိုယ်ပေါ်မှာ အဖေခြုံပေးသွားတဲ့ ဂွမ်းစောင်နွေးနွေး။ ခြင်ထောင်စကို ကျော်လွန်ကြည့်လိုက်လေတော့ တစ်လှုပ်လှုပ်နဲ့ အခန်းထဲက ပြန်ထွက်ခွာသွားတဲ့ အဖေ့ရဲ့ကျောပြင်။ သူ့ရင်ထဲ ဆို့နင့်လာလို့ ကျဉ်ကနဲဖြစ်သွားရလေတယ်။ အိပ်ပျော်နေတုန်း စောင်လေးကွာမှာကိုတောင် အဖေစိတ်ပူနေလေတဲ့ ကလေးတစ်ယောက်က ၆လအရွယ်သားတစ်ယောက်ပိုင်ရှင်... အသက်၃၀အရွယ်... သူ ။ အဖေက သူ့ကို ချစ်မချစ်ဆိုတာ အခုအခါမှာ သူသံသယ ဖြစ်နေစရာလိုပါ သေးလို့လား။
မီးခလုပ်ပြန်ပိတ်ပေးသွားလို့ မှောင်သွားချိန်မှာတော့ ယိုစိမ့်ကျလာတဲ့ သူ့မျက်ဝန်းမှ မျက်ရည်စများ။ မျက်ရည်စများနဲ့ သူ့ရဲ့မျက်ဝန်းထဲမှာတော့ တစ်ဖက်အခန်းမှာ နှစ်ခြိုက်စွာ အိပ်မောကျနေရှာတဲ့ သားငယ်ရဲ့ ၀ိုင်းစက်ပြည့်ဖောင်းနေတဲ့ ချစ်စဖွယ် မျက်နှာကလေး…….။ သားအပေါ်မှာထားတဲ့ သူ့ရဲ့မေတ္တာအတိမ်အနက်ကို အဖေ့ရဲ့ သူ့အပေါ်မှာထားတဲ့ မေတ္တာနဲ့ ချိန်ထိုးစဉ်းစားမိကာ စာနာနားလည်နိုင်ခဲ့ပါပြီ။ သူ့အပေါ်မှာထားတဲ့ အဖေ့ရဲ့မေတ္တာဟာ စမ်းချောင်းလေးမှာစီးဆင်းနေတဲ့ ရေအလျဉ်လို မကုန်ဆုံးနိုင်တဲ့ မေတ္တာတွေနဲ့ အမြဲတမ်းတစ်သွင်သွင် စီးဆင်းနေမယ်ဆိုတာ .. သူမသိတဲ့ မိဘတိုင်းရဲ့ ရင်မှာ စိမ်းစိုလတ်ဆတ်နေတဲ့ အမြဲစိမ်းမေတ္တာတောအုပ်တစ်ခု အမြဲတမ်း ရှင်သန်နေတယ်ဆိုတာကို အခုအခါမှာ သူကောင်းကောင်းကြီး သဘောပေါက်ခဲ့ပါပြီ။ သူ... သိခွင့်ရလိုက်ပါပြီ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ

9 comments:
အမရေ... တကယ်ကောင်းပါတယ်... ကျွန်တော့်အဖြစ်နဲ့တောင် တစ်ချက်တစ်ချက်တိုက်ဆိုင်သွားတယ်... ဒါပေမယ့် ကျွန်တော်ကတော့ ဒါမျိုးစိတ်မမွေးနိုင်သေးဘူး အမရေ... ဒါလေးတော့ နားလည်စေချင်တယ်.....
“ကောင်းကင်ဖြစ်လိုက်... မြေကြီးဖြစ်လိုက်...
တိမ်ပြိုလိုက်... နှင်းကျလိုက်နဲ့...
ဒီတောင်ကုန်းလေးမှာ ရာသီဥတုမမှန်တာတော့ကြာခဲ့ပြီ.....
တယောအိုကသံစဉ်ပျိုကို စိုက်ပျိုးလို့မရနိုင်တော့ဘူးတဲ့လား...
ငါ့ယာခင်းလေးကတော့ အခုထိပျိုးကျဲတုန်း.....
စံပယ်ဖြစ်ဖြစ်... ခတ္တာဖြစ်ဖြစ်... ဆူးပန်းဖြစ်ဖြစ်ပါ.....
ဥယျာဉ်မှူးတယောက်ရဲ့ သွေးကတော့ ဘယ်တော့မှမကျဲခဲ့ ပါဘူး...
ဒါပေမယ့် ဒီတောတန်းကလေးကတော့...
အခုထိ... မိုး...နည်း...နေ...တုန်း...ပါ.......” ။ ။
(ဒီကဗျာလေးနဲ့လည်း လိုက်ဖက်တယ်ထင်တာပဲ... အမရေ... ကျွန်တော်ပြောတဲ့ ကျွန်တော့်ကဗျာလေ)
ညီမတို့ အိမ်မှာကျတော့ အဖေက တအားအေးတာ
မုန့်ဖိုးတွေတောင်းရင် အမေက မပေးဘူး စည်းကမ်းကြီးတယ် အဖေ့ဆီဘဲ အမေမသိအောင် တောင်းတာ... ဒီတော့ ငယ်တုန်းက အဖေ့ကို ပိုချစ်တယ်လို့ ထင်ခဲ့မိတယ်.. အမေနဲ့စာရင် အဖေနဲ့ ပိုပြီး စေးကပ်တယ်.. ဒီစာလေးဖတ်ပြီး ငယ်ငယ်က အဖေချက်ကျွေးတဲ့ ၀ါးထမင်းကိုသတိရလာပြီ.. ၀ါးကျည်တောက်ထဲမှာ အသားတွေနဲ့ဆန်နဲ့ ရောပြီးချက်တဲ့ ထမင်းလေ.. ၀ါးနံ့မွှေးမွှေးလေးနဲ့ သိပ်စားကောင်းတာ .. လွမ်းလိုက်တာ အဖေ့ကို..း(
မြသွေးရေ...သားသမီးတွေ အပေါ် မိဘရဲ့ မေတ္တာက မခမ်းနိုင်တဲ့ စမ်းလိုပါပဲ...ကိုယ်တိုင် မိဘနေရာရောက်တော့ ပိုသိတတ်လာတာ...၊ နူးညံ့စွာ ဖွဲ့ထားပုံလေး သဘောတကျ ဖတ်သွားတယ် ညီမရေ...:)
ရင်ထဲမှာ ဆို့သွားတယ်..ဟိုး..............ကလေးဘ၀ကို လှမ်းမျှော်ကြည့်ရင်း....
မမြသွေးနီ ရေ
စာလေး ဖတ်သွားတယ် ရင်နွေးစရာ မေတ္တာလေးတွေ ကြောင့် ပိတိဖြာ မိတယ်
ခင်တဲ့
ရွှေစင်ဦး
လွမ်းတယ်မမရေ..။ ခုတလောအဖေ့ကိုပိုသတိရနေတယ်..အိပ်နေရင်းလည်းလန့်ပြီးနိုးနိုးလာတယ်..အဖေ့ကိုသတိရလို့..
အရမ်းဂရုစိုက်လွန်းအားကြီးတဲ့အဖေမို့လို့..တခုခုဆိုပိုသတိရလွမ်းဆွတ်မိတယ်...
ချစ်တဲ့
ညီမသဒ္ဓါ
လာဖတ်သွားပါတယ်နော် .. မမရေ .. ရင်ထဲမှာ အမည်ဖော်လို့မရတဲ့ ခံစားချက်တစ်ခုခုတော့ ကျန်တယ်ဂျာ ...
မမရေ
ဒီစာဖတ်ပြီး ညလေးညက်ရည်တွေ ထွက်ကုန်ပီဂျ... ဟင့် :( :( :(
ညလေးဖေဖေနဲ့ညလေးက သိပ်မတည့်ဘူးလေ...
ခဏခဏ စကားများကြတယ်.. ဖေဖေက ညလေးကိုဆို သိပ်ပြောတာ.... :( :(
မမစာထဲကအဖေလောက်တော့ ညလေးဖေဖေက ညလေးကိုမချစ်ပါဘူး....
အဖေဆိုတာ... တစ်ချိန်က သားသမီးတွေပါပဲ...။ ကိုယ်ကိုယ်တိုင် မိဘဆိုတဲ့နေရာရောက်လာရင် သားသမီးတွေရဲ့ခံစားချက်ကို နားလည်စာနာမိတာနဲ့ ကိုယ့်မိဘကိုလည်း ပိုနားလည်လာတတ်ပါတယ်...။
အားပေးနေပါဦးမယ်....မ..ရေ
Post a Comment