
“လပ်ကီး” အကြောင်း ရေးအပြီးမှာ “မီးညောင်” အကြောင်း သိချင်လာသူတွေ ရှိလာတာကို သိလိုက်ရတဲ့အတွက် ဒုတိယပိုင်းလေး ဆက်ရေးဖို့ အားတက်သွားမိပါတယ်။ ဒါကြောင့် လပ်ကီးနဲ့ မီးညောင် (၁) ကို မဖတ်ရသေးသူများ အဲ့ဒီပို့စ်ကို အရင်ဖတ်ပြီးမှ အခု.. ဒီ လပ်ကီးနဲ့ မီးညောင် (၂) ဆက်ဖတ်စေချင်ပါတယ်။ တစ်ပုဒ်ခြင်းစီ ဖတ်ရင်လည်းရပေမယ့် ဒီပို့စ်နှစ်ပုဒ်လုံးကို ယှဉ်တွဲဖတ်လေကာမှ မြသွေးနီ ဒီတစ်သက် ခွေးတွေ၊ ကြောင်တွေ မမွေးတော့ဘူးရယ်လို့ ဘာလို့များ ဆုံးဖြတ်ချက် ချလိုက်လေသလဲဆိုတာ ခံစားနားလည်ပေးနိုင်မှာမို့လို့ပါ။
………………………………………………………………………………………………………………………..........................................................
“မီးညောင်”
ကျွန်မဘ၀ထဲကို ဒုတိယအကြိမ်နဲ့ နောက်ဆုံး ၀င်ရောက်လာခဲ့တဲ့ သက်ရှိတိရိစ္ဆာန်က မီးညောင်ပါ။ လပ်ကီးကပေးတဲ့ ဝေဒနာတွေကို တစ်နင့်တစ်ပိုး ခံစားလို့ မှတ်လောက်သားလောက်ရှိနေပြီးတဲ့ နောက်တစ်နှစ်အကြာမှာ မီးညောင်ကို ကျွန်မတွေ့ရှိခဲ့ရတာပါ။ တစ်နေ့မှာ ကျောင်းသွားဖို့ အိမ်တံခါး အဖွင့် မှောင်နေတဲ့ လှေကားထိပ်မှာ ငုတ်တုတ်ကလေးထိုင်နေတဲ့ ကြောင်သေးသေးလေး တစ်ကောင်ရဲ့အမြီးကို ကျွန်မတက်နင်းမိပါတော့တယ်။ အနင်းခံရလို့ နာကျင်ဝေဒနာကြောင့် အော်လိုက်တဲ့ အသံတိုးတိုးစူးစူးလေးကြောင့် ကျွန်မ မျက်ကလဲဆန်ပြာဖြစ်သွားရပါတယ်။
“ အမေရေ.. လှေကားမီး ဖွင့်ပါဦး။ ဒီမှာ ကြောင်လေးတစ်ကောင်ရယ်.. သမီး တက်နင်းမိပြီ .. ”
အမေဖွင့်ပေးလိုက်တဲ့ လှေကားမီးအလင်းရောင်အောက်မှာတော့ သုံး…လေးလသား သာသာရှိမယ့် ကြောင်သေးသေးလေး တစ်ကောင်ကို တညောင်ညောင်အော်လျှက် တွေ့လိုက်ရပါတော့တယ်။ ခွေးလေး၊ ကြောင်လေးတွေ ပေါက်စနအရွယ်ဟာ သိပ်ချစ်ဖို့ကောင်းလှပါတယ်။ ဒါပေမယ့် ဒီကြောင်လေးကတော့ ဘယ်လိုမှ ချစ်ဖို့မကောင်းပဲ အကျည်းတန် အရုပ်ဆိုးတဲ့ ကြောင်လေးတစ်ကောင်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အရောင်က မီးခိုးရောင်မွဲခြောက်ခြောက်၊ ပိန်ကလည်း ပိန်ညောင် နေလေတော့ ဘယ်လိုမှ လှတဲ့အကွက်ရှာမတွေ့ပါဘူး။ ကျွန်မ ကြောင်ကလေးကို အသာအယာယူပြီး အမေ့လက်ထဲထည့်၊ ဒဏ်ရာရှိရင် ဆေးလေးဘာလေးထည့်ဖို့ ကသုတ်ကယက်မှာ၊ ဘယ်အိမ်က ကြောင်လည်းဆိုတာ ပြန်ရှာပြီးပို့ပေးဖို့ အမေ့ကိုပြောပြီး ကျောင်းကိုထွက်လာခဲ့ပါတယ်။ ညနေ ကျောင်းက ပြန်လာတော့ ကျွန်မဒီကြောင်လေးကို မေ့နေပါပြီ။ ထမင်း စားရင်း အမေပြောပြမှ ကြောင်လေးကို အိမ်နီးနားခြင်းတွေကို လိုက်မေးပေမယ့် ဘယ်သူ့ကြောင်မှ မဟုတ်ဖြစ်နေပြီး နောက်ဆုံး အောက်ထပ်အိမ် က အဖိုးနဲ့အဖွား လင်မယားက ခေါ်ထားလိုက်ကြောင်း ပြောပြပါတယ်။ ကျွန်မတို့ တစ်ဖက်ခန်းမှာက ကျွန်မရဲ့ ဘကြီးမိသားစုနေပါတယ်။ သူ့တို့ရဲ့ သမီး၊ ကျွန်မရဲ့ အစ်မ၀မ်းကွဲ အပျိုကြီးက ကြောင်အလွန်ချစ်လို့ ခုနကြောင်လေးကို ယူချင်ပေမယ့် သူ့တို့အိမ်မှာ ကြောင်အထီး၊ အမ(၈)ကောင် တောင် ရှိပြီးဖြစ်နေလေတော့ ဘယ်လိုမှ ထပ်မယူနိုင်ပဲ ငြင်းလိုက် ကြောင်း ပြောပြပါတယ်။
ဒီလိုနဲ့ ကြောင်လေးကို မေ့မေ့ပျောက်ပျောက်ရှိနေပြီးတဲ့ ၂ရက်လောက်မှာ တစ်နေ့လည် အမှိုက်ကားလာတုန်း အမှိုက်ဆင်းသွန်အပြီး အိမ်ပေါ် ပြန်တက်ချိန်မှာ စေ့ထားခဲ့တဲ့ ကျွန်မတို့ အိမ်တံခါးကို လက်ကလေး တစ်ဖက်နဲ့ မနိုင်ရင်ကာ တွန်းဖွင့်ဖို့ ကြိုးစားနေတဲ့ ကြောင်လေးကို ဒုတိယ အကြိမ် ကျွန်မထပ်မံတွေ့ လိုက်ရပါတယ်။ ဒါနဲ့ ကျွန်မလည်း လပ်ကီးနဲ့တင် တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ထားသူဖြစ်လေတော့ သံယောဇဉ် အတွယ်မခံတော့ပဲ ကြောင်ကလေးကို အသာကောက်ယူလို့ အောက်ထပ်က အဖွားအိမ်ကို သွားပြန်ပို့ပေးလိုက်ပါတယ်။ အဲ့ဒီနေ့ည ၉နာရီခန့် ကျွန်မတို့ မိသားစု တီဗွီကြည့်နေကြတုန်း ကြောင်အော်သံ စူးစူးတိုးတိုးလေး ဆက်တိုက်ကြားနေလို့ တံခါးဖွင့်ကြည့်ပြန်တော့ အိမ်အ၀မှာ အောက်ထပ်က အဖွားတို့ မွေးစားထားတဲ့ ကြောင်ကလေး။ ဒါနဲ့ပါဆို ကြောင်ကလေးနဲ့ ကျွန်မကြုံရတာ တတိယအကြိမ်။ မောင်လေးကို အောက်ထပ်အိမ် ပြန်ပြီး သွားပို့ခိုင်းလေတော့ အဖွားတို့က တံခါးပိတ် အိပ်နေလေချေပြီ။ အဲ့ဒီညက ကြောင်ကလေးကို စက္ကူပုံးအခွံတစ်ခုထဲမှာ နေရာလေးလုပ်ပေးလို့ အိမ်မှာညသိပ် လိုက်ရလေတယ်။ မနက်မိုးလင်းတော့ မီးဖိုထဲမှာ အမေ့ကို ခေါင်းနဲ့ဝှေ့ ပွတ်သီးပွတ်သပ်လုပ်နေတဲ့ ကြောင်လေးကို တွေ့လိုက်ရတယ်။ အမေကလည်း အစာခွက်လေးလုပ်လို့ အစာချကျွေးထားတာကို တွေ့ရတယ်။ ဒီလိုနဲ့…ပြောရရင် ကြောင်လေးကို အောက်ထပ်က အဖွားတို့အိမ်ကို အကြိမ်ကြိမ် ပြန်ပို့ပေးပေမယ့် ကျွန်မတို့အိမ်ကိုပဲ ပြန်ရောက်ရောက်လာနေတာကြောင့် နောက်ဆုံးအိမ်မှာပဲ သောင်တင်နေလေတော့ မွေးမှန်းမသိ မွေးဖြစ်သွားပါတော့တယ်။
ထုံးစံအတိုင်း ကျွန်မတို့မောင်နှမ ကြောင်လေးကို နာမည်ပေးဖို့ စဉ်းစားကြတယ်။ ကြောင်လေးက အထီးလေးဆိုတော့ ဘယ်လိုပေးရပါ့လို့ ဦးနှောက်တွေစားနေလိုက်ကြတာ နောက်ဆုံး သူ့ရဲ့ထူးခြားတဲ့ အော်သံလေးအတိုင်း ကြောင်အထီးလေးပေမယ့် “ မီးညောင် ” လို့ပဲပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။ ဟုတ်ပါတယ်။ မီးညောင်ဟာ တခြားကြောင်တွေလို အော်ရင် ညှောင်..ညှောင်လို့ အသံ မထွက်ပဲ “ မီးညောင် ” “ မီးညောင် ” လို့သာ အသံထွက်တာ ထူးခြားလှပါတယ်။ နောက်.. ခြုံကြည့် ရင် မလှဘူးဆိုပေမယ့်၊ သူ့ရဲ့ အမွှေး၊ အရောင်တွေကသာ မွဲခြောက်တယ် ၊ သူ့ရဲ့ ကျောက်စိမ်းရောင်တောက်ပနေတဲ့ မျက်လုံးအစုံက သူရဲ့မျက်နှာကျလေးကို ထူးထူးခြားခြားလှနေစေတာ တွေ့ရပါတယ်။ ဒီလိုနဲ့ မီးညောင်ရဲ့ ဇာတိဇစ်မြစ် ဘယ်ကဆိုတာ မသိလေပဲ နောက်ဆုံးတော့ ကျွန်မတို့အိမ်မှာ ကြောင်တစ်ကောင် စတင်မွေးဖြစ်ပါလေတော့တယ်။ ကျွန်မအဖေက “ လပ်ကီးတုန်း ကလို ပိုင်ရှင်ပေါ်လာလို့ အသည်းတွေ ကွဲကြေနေရဦးမယ်နော် ” လို့ ကျွန်မကို စပါတယ်။ ကျွန်မကလည်း “ သံယောဇဉ်တွယ်အောင် မနေပေါင် ” လို့ အစပိုင်းမှာ အဖေ့ကို ပြန်ပြောခဲ့မိပါတယ်။
မီးညောင်က အိမ်ရောက်လို့ တစ်နှစ်လောက်အကြာမှာတော့ ၀ဖီးကာ တစ်သွေးတစ်မွေးဖြစ်နေပါပြီ။ သူက တစ်အိမ်လုံးမှာ ကျွန်မကို အကပ်ဆုံးဖြစ် ကာ ညအိပ်လည်း ကျွန်မကုတင်ခြေရင်းမှာ အိပ်ပြီး၊ ကျွန်မကျောင်းပြန်ချိန် အမြဲစောင့်ကာ ပြန်လာရင် သူ့ကို ပွေ့မချီမချင်း မီးညောင်ချင်းထပ် အောင် အော်နေတတ်ပါတယ်။ သူက အစားလည်း ရွေးပြီး အကောင်းမှကြိုက်တတ်လို့ ပုဇွန်ခြောက်တောင် သူ့အတွက် သီးသန့်ဝယ်ထားရပါတယ် ။ အရိုးကျွေးရင် လုံးဝမှမစားပဲ အသားငါး တစ်မျိုးမျိုး မဟုတ်တောင်၊ အနည်းဆုံး ပုဇွန်ခြောက်လေးပါမှ စားတတ်ပါတယ်။ လေ့ကျင့်ပေးထားလို့ သေးပေါက်၊ အီးပါလည်း အိမ်သာကမုတ်ထဲရောက်အောင် သေချာစွန့်တတ်ပါတယ်။ကျွန်မတီဗွီကြည့်ချိန်၊ စာကျက်ချိန်များဆိုရင် အနားက တစ်ဖ၀ါး မှ မခွာလေတော့ပါဘူး။ ကျွန်မအိပ်ရာမ၀င်မချင်း သူက စောင့်နေရှာတတ်တာပါ။
ကျွန်မမောင်လေးက မီးညောင်ဆို အလွန် စ..လွန်းလို့ ကျွန်မနဲ့မတည့်၊ တကျက်ကျက်ပါဘဲ။ ကြည့်ဦးလေ.. သူလုပ်ပုံက။ မီးညောင်ကို လက်နှစ်ဖက် က မ..လို့ လမ်းလျှောက် ခိုင်းလိုခိုင်း၊ မီးညောင်ရဲ့ အမြီးကို ပြန်ယူပြီး နှာဝမှာ ကလူလို့ နှာချေစေလိုစေနဲ့။ မီးညောင်က သူ့ရဲ့မေးစေ့ အောက်ကို လက်ညှိုးလေးနဲ့ ပွတ်ပေးရင် မျက်လုံးလေးမှိတ်လို့ ဇိမ်ခံတတ်ပါတယ်။ အဲ့ဒါကို ကျွန်မမောင်လေးက အခွင့်အရေးယူလို့ မီးညောင်များ တုံးလုံးလှဲ နေရင် မေးစေ့အောက်လေးကို လက်ညိုးလေးနဲ့ မရပ်မနား ပွတ်ပေးရင်း အရှေ့ကို ဆွဲဆွဲခေါ်ယူသွားလေတော့ မီးညောင်ခမျာ မျက်လုံးလေးမှေး လျှက်က လှဲနေရာက ထိုင်၊ ထိုင်နေရာက ထ၊ ထ.. ရာက မျက်လုံးလေးစင်းကာ လမ်းလျှောက်လို့ ပွတ်ပေးနေတဲ့ လက်ညိုးရဲ့နောက်ကို တစ်ရွေ့ရွေ့ နဲ့ ပါလာရရှာပါတယ်။ မျက်စိထဲ မြင်ကြည့်ပါရှင်။ ကျွန်မမှာ ရယ်လည်းရယ်ချင်မိ၊ သူ့ပုံစံလေးကို သနားလည်းသနားမိပါတယ်။ တစ်ခါကလည်း မောင်လေး မုန့်လက်ကောက် ၀ယ်စားတုန်း မီးညောင်ကိုလဲ ချကျွေး၊ ပိုတဲ့ ထန်းညက်ရေတွေကို ချတိုက်လိုက်တာ၊ ထန်းညက်ရေတွေ ခံတွင်းတွေ့တွေ့နဲ့ အကုန်ပြောင်စင်အောင် လျှက်သောက်အပြီး ရင်ပူလာလို့ ထင်ပါရဲ့။ သူ့အတွက် လုပ်ပေးထားတဲ့ ရေခွက်ထဲက ရေတွေ အကုန်သောက်ယုံသာမက ကျွန်မတို့ မသိလိုက်ချိန် ရေချိုးခန်းထဲဝင်ပြီး ရေတွေတစ်ဝကြီး ထပ်သောက်ထားလေတာ။ မီးညောင်ပျောက်လို့ လိုက်ရှာတော့ ရေချိုးခန်းထဲမှာ ဘိုက်ကြီးကို ပူဖောင်းလို့ မအီမလည်နဲ့ လှဲလျောင်းနေရရှာတာ။ ကျွန်မမှာ ဒေါသတွေဖြစ်လို့ အစလွန်လွန်းတဲ့ မောင်လေးနဲ့ ရန်ဖြစ်လိုက်ရတာ။
ဒီလိုနဲ့ ဒုတိယံမ္ပိ သက်ရှိတိရိစ္ဆာန်တစ်ကောင်ကို ကျွန်မသံယောဇဉ်ရစ်ပတ် တွယ်ဖွဲ့မိပြန်ပါပြီ။ ဒီတစ်ခါတော့ မွေးထားတာ နှစ်ပေါက်လာလို့ ပိုင်ရှင်လည်း လာမခေါ်လေတော့ မီးညောင်ရဲ့ပိုင်ရှင်ဟာ ကျွန်မပဲဖြစ်နေပြီဆိုတာ သေချာသွားပါပြီ။ ကျွန်မရဲ့ ထမင်းပန်းကန်ထဲက ဟင်းဖတ်တွေကလည်း သူ့ကိုကျွေးချင်တာနဲ့ မြိုမကျနိုင် ဖြစ်နေရပါပြီ။ အရွယ်ရောက်လာတော့ တစ်ခါတစ်လေ သူ.. အိမ်အလည်လွန်လို့ ညဖက်အိပ်ချိန် ပြန်မရောက်ရင် ကျွန်မမှာ သူ့ကို တကြော်ကြော်နဲ့ ခေါ်လို့ရှာရပြီ။ သူပြန်မလာမချင်း ကျွန်မ ညမအိပ်နိုင်တော့။ သူ့ရဲ့ “ မီးညောင် ” လို့ စူးစူးရှရှ အော်သံလေးကို ကျွန်မနားရည်ဝကာ ချစ်နှစ်သက်နေရပါပြီ။ ပွတ်သီးပွတ်သတ်နဲ့ ခေါင်းဝှေ့ပြီး သူချွဲလာရင် ကျွန်မကျေနပ်နေ တတ်ပါပြီ။
ဒါပေမယ့် တစ်နေ့မှာ သူနဲ့ကျွန်မ ၀မ်းနည်းစွာနဲ့ ခွဲခွာဖို့ကို မီးညောင်ကပဲ ဖန်တီးလာပါတော့တယ်။ ကျွန်မတို့ လက်ရှိနေနေတဲ့ အိမ်ကအဖေ့ရဲ့ အမွေဆိုင်အိမ်ဖြစ်လေတော့ အဖိုးရော၊ အဖွားရော ဆုံးပြီးတဲ့နောက်မှာ အမွေခွဲဖို့ လက်ရှိနေနေတဲ့ ဘိုးဘွားပိုင်အိမ်ကို ရောင်းရပါတော့တယ်။ တစ်ဖက်အခန်းက ဘကြီးတို့အရင် ကျွန်မတို့က နေဖို့အိမ်အရင်ရှာလို့ရလေတော့ ကျွန်မတို့ စတင်အိမ် ပြောင်းဖို့ စီစဉ်ရပါလေတော့တယ်။ ကျွန်မတို့ပြောင်းမယ့်အိမ်အသစ်က လက်ရှိနေအိမ်နဲ့ သိပ်မဝေးပဲ နှစ်လမ်းကျော်မှာ ရှိတာပါ။ အိမ်ပြောင်းတဲ့နေ့၊ ပစ္စည်းတွေသယ်ကြ၊ ရွှေ့ကြနဲ့ လူတွေ၊ ပစ္စည်းတွေ အားလုံးပြောင်းရွှေ့တဲ့ ကားပေါ်ရောက်တော့ မီးညောင်ကို ခေါ်ဖို့ သတိရပါတော့တယ်။ ဒါပေမယ့် မီးညောင်ဘယ်မှာ ရှိနေမယ် ဆိုတာ ကျွန်မသိနေတယ်။ ဒါနဲ့ အိမ်ပေါ်ပြန်တက်လို့ တစ်ဖက်က ဘကြီးတို့အခန်းကို တံခါးခေါက်လိုက်ပါတယ်။ ဘကြီးရဲ့ဇနီးက “ မီးညောင်ကို လာခေါ်တာလား.. ညည်းကြောင်က ရွှေဝါ့အနားကနေ တစ်ဖ၀ါးမှ မခွာဖြစ်နေတယ် ” လို့ပြောပါတယ်။ မီးညောင်အရွယ် ရောက်လာလို့ ဘကြီးတို့ အိမ်က ကြောင်မလေးကို ရစ်နေတာကို ကျွန်မရိပ်မိနေတာကြာပြီ။ ဒါပေမယ့် အခုက အိမ်ပြောင်းရမှာဆိုတော့ မတတ်နိုင်။ ပြန်ခေါ်သွားမှဖြစ်မှာ။ အိမ်ထဲဝင် လိုက်သွားတော့ ကိုယ်တော်ချောက မီးဖိုခန်းထဲက ရွှေဝါရဲ့ နံဘေးနားမှာ။ ရွှေဝါ့ကို သူ့လျှာလေးနဲ့ လျှက်လို့ ကြင်နာနေရှာတာ။ အဲ့ဒီအချိန်မှာ “ မီးညောင်ရေ ” လို့ ကျွန်မလည်း ခေါ်လိုက်ရော လှစ်ကနဲ ရွှေဝါရဲ့ ဘေးကနေ ပြေးထွက်လို့ အပေါ်ထပ် ထပ်ခိုးပေါ်ကို ပြေးတက် သွားပါလေ တော့တယ်။ ဒါနဲ့ ကျွန်မလည်း ထပ်ခိုးပေါ်တက် သူ့ကိုလိုက်ဖမ်း၊ သူကထွက်ပြေးနဲ့။ အဲ့ဒီအချိန်မှာ အောက်က ကားကလည်း ထွက်ဖို့ အတွက် ဟွန်းတီးခေါ်နေလေပြီ။ ဘကြီးရဲ့ဇနီးက “ အိမ်နီးတာပဲ.. ပြီးမှ ပြန်လာခေါ်ပေါ့ ” ဆိုတာနဲ့ ကျွန်မမှာ နောက်ဆံတငင်ငင်နဲ့ မီးညောင်ကိုထား လို့ ထွက်ခဲ့ရပါတော့တယ်။ အဲ့ဒီနေ့က အိမ်အသစ်မှာ ပစ္စည်းတွေ နေရာချနေတာ မပြီးပြတ်တာနဲ့ မီးညောင်ကို သွားမခေါ်ဖြစ်ခဲ့ပါဘူး။
ဒါပေမယ့် နောက်တစ်နေ့မှာ မောင်လေးနဲ့အတူ မီးညောင်ကို ဘကြီးရဲ့အိမ်မှာ သွားခေါ်ပါတယ်။ ဘကြီးနဲ့စကားပြောရင်း ဧည့်ခန်းထဲမှာ ထိုင်စောင့် နေတုန်း ဘကြီးသမီးက မီးညောင်ကို အိမ်ထဲကနေ ပွေ့လို့ခေါ်လာကာ ကျွန်မလက်ထဲထည့်ပေးပါတယ်။ ကျွန်မလည်း သူ့ကို ပေါင်ပေါ်မှာတင်လို့ ကျောလေးကို ပွတ်ပေးကာ ဘကြီးနဲ့စကားပြောနေပါတယ်။ တစ်အောင့်နေတော့ ပြန်မယ်ဆို ဘကြီးကို နှုတ်ဆက်ဖို့အထ။ အဲ့ဒီအချိန်မှာ လုံးဝ မထင်မှတ်ထားတာက ဖြစ်လာခဲ့ပါတယ်။ ကျွန်မရဲ့ ညာဘက်လက်ဖျံကို မီးညောင်က သူ့ရဲ့ချွန်မြတဲ့သွားနဲ့ ဆတ်ကနဲကိုက်ခဲလိုက်ပါတယ်။ အမှတ်မထင်မို့ ကျွန်မရှောင်ချိန်မရလိုက်ပဲ အမိအရ အကိုက်ခံလိုက်ရပါတယ်။ နာလွန်းလို့ အားကနဲတောင် နှုတ်က ထွက်သွားရပါတယ်။ အဲ့ဒီအချိန် မှာ မီးညောင်က ကျွန်မကိုချန်လို့ နောက်ဖေးခန်းထဲကို တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့ပါပြီ။ ကျွန်မရဲ့လက်ဖျံမှာတော့ သူ့သွားရဲ့ အပေါက်ရာ ၃နေရာ က သွေးတို့ ရုတ်ချည်းစိမ့်ထွက်လာပါတယ်။ သွေးကြောများ ထိသွားလို့လားမသိ၊ တစ်ခဏချင်း လက်ဖျံတစ်ခုလုံး သွေးတို့နဲ့ ရဲရဲနီနေပါ တော့တယ်။ ဘကြီးတို့က ချက်ချင်း ကျွန်မရဲ့လက်ကို သန့်စင်၊ ဆေးထည့်ပေးကာ ပတ်တီးစည်းပေးပါတယ်။ ကျွန်မရဲ့ မျက်ဝန်းက မျက်ရည်တို့က တောက်ကနဲ၊ တောက်ကနဲ ကျနေရပါပြီ။ ဒဏ်ရာက နာကျင်လို့ကျတဲ့ မျက်ရည်မဟုတ်မှန်းကို ကျွန်မကိုယ် ကျွန်မသာလျှင် သိလိုက်မိပါတယ်။ ဒီတစ်ကြိမ်တော့ ပထမတစ်ကြိမ်လိုမဟုတ်။ ကိုယ်မွေးထားခဲ့ရတဲ့၊ ကိုယ်ချစ်ခဲ့ရတဲ့ တိရိစ္ဆာန်က ကိုယ့်ကို ပြန်စွန့်ထားခြင်းခံခဲ့ရတာ။ ရင်ထဲမှာ အောင့်ကနဲ ခံစားနာကျင်ခဲ့ရတာ ကိုယ်တွေ့ပါ။
နီညိုရောင် ချင်းခွေးလေးတွေကို မြင်တိုင်း လပ်ကီးကို သတိရမိသလို၊ လက်ဖျံက အမာရွတ်ကို မြင်တိုင်း မြင်တိုင်း မြီးညောင်ကို သတိရနေမိပါတယ်။ တစ်သက်စာ ကျွန်မမှတ်သွားခဲ့ရပါပြီ။ ကျွန်မဘ၀မှာ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးသာ မွေးခဲ့ဘူးပေမယ့် သူတို့နှစ်ကောင်က ပေးလိုက်တဲ့ တစ်သက်မမေ့နိုင်မယ့် အဖြစ်အပျက်တွေက နောင်ဆို သက်ရှိ တိရိစ္ဆာန်ဆို လုံးဝမှ မမွေးတော့ဘူးရယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိတဲ့ အထိကို ဖူလုံသွားခဲ့ရတာပါရှင်။ ဒါပေမယ့် သူတို့နှစ်ကောင်ရဲ့အကြောင်းကတော့ ကျွန်မအသက်နဲ့ကိုယ်မြဲနေသမျှ သတိတရရှိနေမှာပါ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
10 comments:
အစ်မရေ..ကျွန်တော်တော့ ခွေးပေါင်းစုံ၊ကြောင်ပေါင်းစုံ မွေးခဲ့ဖူးပြီ..။သေခွဲ၊ရှင်ခွဲ တွေလည်း ခွဲခဲ့ရဘူးပြီ။စိတ်မကောင်းခြင်း
တွေလည်း ဖြစ်ခဲ့ရဘူးပြီ..။ဒါပေမယ့် စိတ်တော့မကုန်သေးဘူး..။ခုလည်း ကြောင်မလေးတစ်ကောင်ကို ခေါ်ကျွေး ထားမိပြန်
ပြီ..။မြန်မာပြည်ပြန်ရောက်ရင်လည်း ခွေးကောင်းကောင်းတစ်ကောင် မွေးဖို့ ခုကတည်းက မောင်းတင်ထားလေရဲ့...။
အင်း..ကိုယ်ဒုက္ခ ကိုယ်ရှာတာလို့ပြောရင်လည်း ခံရတော့မှာ အမှန်....။
တကယ်တော့ ကျွန်တော်တို့ တစ်တွေက သက်ရှိသတ္တဝါတွေမဟုတ်လားဗျာ ..
သံယောဇဉ်ဆိုတာကလည်း ..ဆီလိုအပေါက်ရှာတော့ အခက်သား ...
ခင်မင်လေးစားလျှက်
အုပ်ကြီး
အင်း ချစ်ခြင်းနဲ့ ခွဲရတော့မယ်ဆိုတော့ ကျွေးခဲ့တဲ့ လက်ကိုတောင် ပြန်ကိုက်ပါလား
ဟင့် ဒီလိုအကောင်မျိုးတော့ မချစ်ဘူး.. နေပစေ ပြစ်ထားလိုက်
ပြန်ကိုမခေါ်နဲ့ .. အမွေပြတ်သာစွန့်ပစ်လိုက် အစ်မရာ..
လူ တွင်မက တိရိစ္ဆာန်မှာလည်း အချစ်နဲ့ ပတ်သတ်လာရင် ဒီလိုပါလား ဆိုတော့...
တိရိစ္ဆာန်နှစ်ကောင်နဲ့ သံယောဇဉ်အသားပေးထားတာ ခံစားမှု တစ်မျိုးလေးပေါ့......
ရေးလည်း ရေးတတ်ပါပေ့ဗျာ။
မဘက်လိုက်တော့ မိုက်ဘက် ပါတဲ့
ခင်တဲ့
ရွှေစင်ဦး
ကေးဝဋ် ပုဏ္ဏား ကအမာရွတ်မြင်တိုင်း မဟောသဓကို သတိရ သလို ဖြစ်နေပြီနော် ။ဒါပေမယ့် အခု သတိရခြင်းက သံယောဇဉ်
လူသားရဲ့ ဒဏ်ရာ အဝေးသို့ ရှောင်ခွာခြင်း ဖြစ်ပါလိမ့်မယ် ။
ငြိမ်းစိုးဦး
မြသွေး ရေးတာလေးက သဘာဝကျကျနဲ့ မျက်စိထဲ တန်းမြင်လာစေတာပဲ...၂ ဆိုတော့ ၃ ၄ လာအုံးမှာလားဟင်...စောင့်ဖတ်နေမယ်နော်...
သံယောဇဉ်ဆိုတာဘာမှထားမကောင်းဘူးအမရေ..
မမမြသွေး..
အခုရေးနေရင်းတောင် လက်ကဒဏ်ရာကိုကြည့်မိပြီး သတိရသွားတယ်မလား..။
သံယောဇဉ်ဖြစ်သွားမိရင် ဘယ်လိုပဲဖြစ်ဖြစ် ထုတ်ဖို့ခက်သွားပြီ..
ချစ်တဲ့
သဒ္ဓါ
!!!!!!!!!!!!!!!!!!!!! လပ်ကီးကတော့ အပြစ်မရှိပါဘူး
အဲဒီလိုပဲမြင်ပါတယ်
Post a Comment