Tuesday, August 24, 2010

တစ်ကြော့ပြန် ရွှေသံလွင်

၂၂.၈.၂၀၁၀ - တနင်္ဂနွေနေ့။ ဒီနေ့က ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ အဋ္ဌမအကြိမ်မြောက် လစဉ်အလှူအဖြစ် ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်မှာ တည်ရှိတဲ့     " ရွှေသံလွင်ဘိုးဘွားရိပ်သာ " ကို ဒုတိယ အကြိမ်မြောက် သွားရောက်လှူဒါန်းဖို့ ရွေးချယ်လိုက်ပါတယ်။ ကျွန်မတို့အဖွဲ့ရဲ့ ပထမဦးဆုံးအကြိမ် ဇန်န၀ါရီလ အလှူတုန်းကလည်း ဒီနေရာလေးမှာ အဖွဲ့ရဲ့  ဦးဦးဖျားဖျားအလှူအဖြစ် သွားရောက်ကာ လှူဒါန်းထားခဲ့ဘူးပါတယ်။ ဒီနေ့မှာတော့ ကျွန်မက ခါတိုင်းထက် ၀ီရိယပိုစိုက်ကာ စောစောလေး ထရပါတယ်။ ဒီတစ်ခါက ကျွန်မနဲ့ အတူလိုက်ပါ့မယ်ဆိုပြီး အလှူမတိုင်ခင် တစ်ပတ်လောက်ထဲက စိတ်အားထက်သန်လွန်းနေတဲ့ သားပြည့်ကြောင့်ပါ။ နှစ်ယောက်သား ဆုံရပ်ကို အချိန်ကိုက်ရောက်သွားချိန်မှာတော့ အဖွဲ့ဝင်တော်တော်များများ ရောက်နေကြပါပြီ။ ရောက်နေသူအချို့ကို အကဲခတ်ကြည့်လိုက်တော့ မျက်နှာစိမ်းလူသစ်တွေ တော်တော်များများ ပါဝင်နေတာ ၀မ်းမြောက်စဖွယ် တွေ့သိလိုက်ရပါတယ်။





ဆုံရပ်က ကားထွက်တော့ ၉နာရီကျော်လေပြီ။ ဒီတစ်ခါ အဖိုး+အဖွားတွေကို အဖွဲ့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ၀ယ်ခြမ်းချက်ပြုတ် ကျွေးမွေးခြင်း မို့ အလှူရက်မတိုင်ခင် စနေနေ့ကထဲက ယုဇနဥယျာဉ်မြို့တော်မှာနေတဲ့ မေဇွန့်ရဲ့ အစီအစဉ်နဲ့ သူတို့ရပ်ကွက်ထဲက ဓမ္မာရုံမှာ ညလုံးပေါက် စုရုံးချက်ပြုတ်ကြပါတယ်။ ဒီချက်ပြုတ်ရေး အစီအစဉ်မှာ စေတနာအပြည့်အ၀နဲ့ မေဇွန်ကမေမေက ဦးဆောင်လို့ အဖွဲ့ဝင်များအားလုံးက တက်ညီလက်ညီ တစ်ပျော်တစ်ပါး ညအိပ်ကာ ချက်ပြုတ်ကြပါတယ်။ ချက်ပြုတ်ရေးအဖွဲ့က ကျွန်မတို့အဖွဲ့ရဲ့ကားထက် ရှေ့မှာစောလို့ ဘိုးဘွားရိပ်သာကို ကြိုတင်ရောက်နှင့်နေကာ လိုအပ်တာများကို ကြိုတင်ဆောင်ရွက်နေနှင့်ကြပါပြီ။ ကျွန်မတို့အဖွဲ့ကား ဘိုးဘွားရိပ်သာရှေ့ကို ရောက်လေတော့ ရိပ်သာအ၀မှာ ကိုဗေဒါဇော်နဲ့ အဖွဲ့ဝင်၂ဦး စောင့်ကြို နေတာကို တွေ့လိုက်ရပါတယ်။




အဖွဲ့ဝင်အဟောင်းတွေအတွက်က ဒီနေရာနဲ့ မစိမ်းတော့လေတော့ ရောက်တာနဲ့ အဖိုးအဖွားတွေအဆောင်ရှိရာ ရောက်သွားပါတော့တယ်။ အဖွဲ့ဝင် အသစ်များကလည်း အတွေ့အကြုံအသစ်အတွက် စိတ်အားတွေထက်သန်ကြလို့ပေါ့ ။ အဖွားများရော၊ အဖိုးများရော ကျွန်မတို့ လာမယ်ဆိုတာ သိနေကြလို့ ယောဂီဝတ်စုံလေးတွေနဲ့ ခုံတမ်းလေးတွေမှာ ထိုင်လို့ စောင့်ကြိုနေကြပါတယ်။ မှတ်ဥာဏ်ကောင်းတဲ့ အဖွားများက ကျွန်မတို့ လူဟောင်းတော်တော်များများကို မှတ်မိနေကြလို့ မိသားစုဝင်တွေ ပြန်တွေ့နေကြရသလို ၀မ်းမြောက်ဖွယ်ရာအတိနဲ့ပါ။ အဖိုး၊ အဖွားများရဲ့ ရွှင်လန်းပျော်ရွှင်နေတဲ့ မျက်နှာများက Save The Aged အဖွဲ့သားများအတွက် ရေကြည်တစ်ပေါက်မက အေးမြစေတဲ့ အိုအေစစ်လေးလို..။



အဖိုး၊ အဖွားများရဲ့ သက်ဆိုင်ရာ အဆောင်က ကုတင်နေရာတွေမှာ အဖွဲ့ဝင်များက ရင်းနှီးနွေးထွေးစွာနဲ့ စကားပြောကြပါတယ်။ ထူးထူးခြားခြား ကျွန်မကို မှတ်မိနေသေးတဲ့၊ ဆံပင်တိုနေတာ၊ အနည်းငယ်ဝလာတာ သတိထားမိတဲ့ အဖွားကိုလည်း တွေ့ခဲ့ရလို့ ၀မ်းသာမိရသေးတယ်။ ကျွန်မက ပထမဦးဆုံး အလှူတုန်းက အဖိုး၊ အဖွားတစ်ယောက်စီရဲ့ အကြောင်းကို အင်တာဗျူးလေး မေးထားလေတော့ ကျွန်မမေးထားသူအားလုံးကို နာမည်၊ အကြောင်းအရာနဲ့တကွ ပြန်ပြောပြနိုင်လို့ သူတို့တွေကို မှတ်မိနေတယ်ဆိုပြီး ၀မ်းသာနေကြရှာပါတယ်။ သူတို့အားလုံးရော၊ ကျွန်မတို့ အားလုံးရဲ့ မျက်နှာကိုယ်စီမှာ အပြုံးပန်းတွေ ဝေေ၀ဆာဆာပွင့်လန်းလို့။



၁၀နာရီခွဲလောက်ကြတော့ အဖိုး၊ အဖွားတွေ ထမင်းစားဆောင်ကိုသွားဖို့ စပီကာကနေ ကြေညာပေးပါတယ်။ အဖိုး၊ အဖွားတွေမှာ သူတို့ရဲ့ ဇကာလေးတွေ ကိုယ်စီကိုင်လို့ထမင်းစားဆောင်ကို အဖွဲ့ဝင်တွေနဲ့ အတူတူသွားကြပါတယ်။ ဇကာလေးတွေထဲမှာ သောက်ရေခွက်၊ ဇွန်း၊ လက်သုတ်ပုဝါနဲ့ ဟင်းကျန်တာလေးများထည့်ဖို့ ပလပ်စတစ်ဗူးလေးတွေ ပါဝင်ပါတယ်။ အဖွဲ့ဝင်များလည်း အဖွားများကို ယုယစွာတွဲခေါ်ယူလို့ ထမင်းစားခန်းအရောက် ပို့ပေးကြပါတယ်။



အဖိုး+အဖွားများအတွက် Save The Aged အဖွဲ့က စီမံချက်ပြုတ်ထားတာကတော့ ထမင်း၊ကြက်သားဟင်း၊ ငါးကြင်းပေါင်း၊ ကြက်အသည်း အမြစ်နဲ့ အစိမ်းကြော်၊ ငါးခေါင်းနဲ့ ခရမ်းသီးပြွမ်းချက်ထားတဲ့ အငွေ့တစ်ထောင်းထောင်းနဲ့ ချဉ်ပေါင်ဟင်း၊ ခရမ်းချဉ်သီးငပိချက်၊ တို့စရာနဲ့ ၊ အချိုပွဲက ရွှေခြည်ဆနွင်းမကင်း။ ထမင်းမစားခင် အဖိုး၊ အဖွားများ ဆုတောင်းမေတ္တာ ပို့ချိန်မှာတော့ ကြက်သီးမွေးညင်းများထလာသည်အထိ ပီတိများ တစိမ့်စိမ့် ဝေဖြာရပါတယ်။



အဖိုး၊အဖွားတွေ စားသောက်ချိန်မှာ အဖွဲ့ဝင်များက ယုယစွာ အဖိုး၊ အဖွားများကို သေချာကျွေးမွေးပါတယ်။ ဟင်းအပြောင်းအလဲ၊ လက်ရာ အပြောင်းအလဲမို့ အဖိုး၊ အဖွားများ မြိန်ရေယှက်ရေစားကြတာ တွေ့ရတော့ ၀မ်းသာပီတိ ဖြစ်မိကြပါတယ်။ ဟင်းလိုက်သူလိုက်၊ ထမင်းလိုက် သူလိုက်၊ ငါးဟင်းအရိုး နွှံသူကနွှံပေးနဲ့။ အဖိုး၊ အဖွားတို့ရဲ့ ကျေနပ်မှု၊ ၀မ်းသာမှုက သူတို့ရဲ့  မျက်နှာမှာ ကိုယ်စီပေါ်လွင်လို့။



အဲ့ဒီအချိန်မှာပဲ မီးဖိုဆောင်ထဲမှာ အဖွဲ့သူ၊ အဖွဲ့သားများစားဖို့ ကြာဇံချက်အတွက် ပိုပိုဦးဆောင်တဲ့ အဖွဲ့ဝင်တချို့က ပြင်ဆင်နေကြပြန်လေတယ်။ ချက်နေတုန်း ဂက်စ်ကုန်သွားလို့ အပြေးအလွှား ထင်းနဲ့ချက်ဖို့ ထင်းပြေးဝယ်ကြရပြန်သေးတယ်။



အဖွဲ့ဝင်အားလုံးရဲ့ ဗိုက်ထဲမှာလည်း ကြာဇံချက်လို့ ပြောထားလို့လားမသိ ဂွီဂွမ်နဲ့ ဆန္ဒပြနေကြလေပြီ။ ဒါပေမယ့် ဆာတာတွေ ခဏဘေးချိတ်။ အဖိုး၊အဖွားတွေ စားသောက်အပြီး သက်ဆိုင်ရာ အဆောင်က ကုတင်နေရာတွေကို ပြန်လည် တွဲပို့ပေးကြပါတယ်။



အဖိုး၊ အဖွားအားလုံး ထမင်းစားအပြီး အနားယူချိန်မှာ ကျွန်မတို့အဖွဲ့ဝင်တွေအားလုံး မနှောက်ယှက်တော့ပဲ ထမင်းစားဆောင်မှာ ပြန်လည်စုရုံး ကြပါတယ်။ ကြာဇံချက် မကျက်ခင်စပ်ကြား တာဝန်ခံများ short meeting လေးလုပ်ပါတယ်။ သားမောင်က ကျွန်မကို ကြာဇံချက်ကျက်လို့ လာမြည်းခိုင်းလေတော့ အားလုံးရဲ့ ဗိုက်ထဲထကြွနေတဲ့ ပိုးမျိုးရှစ်ဆယ်က ပိုလို့ သောင်းကျန်းလာပါတော့တယ်။ အဖွဲ့ဝင်အားလုံး မျှော်လင့်နေချိန် ရောက်ရှိလာကြပါပြီ။ ဒါနဲ့ Meeting ကို အမြန်အဆုံးသတ်လို့ အဖွဲ့သားအားလုံး လက်ရည်တစ်ပြင်တည်း ကြာဇံချက်ပူပူလေးကို ရှူးရှူးရှဲရှဲနဲ့ သောက်ကြပါတယ်။



အဖွဲ့ဝင်အသစ်တွေက ဒီတစ်ခေါက် လူ၁၀၀လောက်မှာ ထက်ဝက်နီးပါးလောက် ပါလာလေတော့ အသစ်နဲ့အဟောင်း တစ်ယောက်ကို တစ်ယောက် သိရှိကာ ရင်းနှီးမှုလေးတွေ ရရှိစေချင်မိပြန်ပါတယ်။ ဒါနဲ့ အားလုံးဝမ်းမီးငြိမ်းလေတော့ အတူပါလာတဲ့ အဖွဲ့ဝင်အသစ်တွေနဲ့ အဖွဲ့ဝင်အဟောင်းတွေ ရင်းနှီးမှု ရကြရလေအောင် အပြန်အလှန် မိတ်ဆက်ကြပါတယ်။



အပြန်အလှန် မိတ်ဆက်အပြီးမှာတော့ မြသွေးနီက " အဖွဲ့ဝင်အသစ်တွေကို ကြိုဆိုကြောင်း၊အသစ်တွေအများကြီး တွေ့ရလို့ ၀မ်းသာမိကြောင်း၊ အဖွဲ့ဝင်တစ်ဦးဆို အဖွဲ့ရဲ့အစည်းအဝေးကို လာတက်ပေမယ့် သူနဲ့သိသူတစ်ဦးမှ မရှိလို့ အစည်းအဝေးလုပ်တဲ့ ဆိုင်ရဲ့ထောင့်တစ်နေရာက ထိုင်ပြီးသာ ကြည့်ခဲ့ပြီး ပြန်လာတာကို သိရကြောင်း၊ ဒါကြောင့် အသစ်တွေအနေနဲ့ အဖွဲ့ရဲ့လုပ်ဆောင်မှုတွေမှာ ရှိန်မနေပဲ၊ သီးသန့်မနေကြပဲ အတူ ပူးတွဲပါဝင်လုပ်ဆောင်နိုင်ကြောင်း၊ အဟောင်းတွေကလည်း အသစ်တွေကို နွေးထွေးစွာ ဖေးမကူညီဖို့လိုကြောင်း၊ အဖွဲ့ရဲ့ ဆိုက်မှာလည်း အသစ်များအနေနဲ့ဝင်လေ့လာပါ။ ပို့စ်တွေ ၀င်ဖတ်ပေးပါ။ တစ်ယောက်ရဲ့ စာမျက်နှာကို တစ်ယောက် အပြန်အလှန်သွားကြရင်း မိတ်ဆက်ကြပါ။ အသင်းရဲ့ဆိုက်မှာ အမြဲလုပ်ဆောင်မှုတွေ အမြဲတမ်း ကြိုတင်ကြေညာကြတာမို့ ဆိုက်ကိုမကြာမကြာ ၀င်ဖတ်ပေးပါ။ အဖွဲ့မှာ မိမိရဲ့ လုပ်ဆောင်မှုတွေကို မိသားစု၊ သူငယ်ချင်းများကို ပြန်လည်မျှဝေပါ..။ အဖွဲ့ရဲ့ လစဉ်မီတင်တွေကိုလည်း တက်ရောက်ပေးပါ....... လို့ ပြောဖြစ်ခဲ့ပါတယ်။



အဲ့ဒီနောက် Dr. နတ်စိုးက သူ့ရဲ့ အဖွဲ့ဝင်ကာစ အခြေအနေကို အဖွဲ့ဝင်အသစ်များ သိရှိနိုင်ရန် ပြောပြပါတယ်။ " သူဝင်ကာစ ပထမ ၃ခေါက် လောက်မှာ အဖွဲ့ဝင်များနဲ့ သီးခြားဖြစ်နေခဲ့ကြောင်း၊ ပရဟိတအလုပ်ကို စိတ်ပါဝင်စားသူမို့ အလှူတိုင်းမှာ ကိုယ်တိုင်ရအောင်လိုက်၊ အတူတကွ လုပ်ဆောင်ရင်း ရင်းနှီးမှုရယူခဲ့ကြောင်း၊ ကဆုန်လပြည့်နေ့ အဖွဲ့မှ ရွှေတိဂုံဘုရားမှာ ဘုရားဖူးလာသူတွေကို အအေးဒါနလုပ်စဉ် သူရောက် သွားကြောင်း၊ အဲ့ဒီအချိန်အထိ အဖွဲ့နဲ့သူ တစ်သားထဲ မကျသေးကြောင်း၊ အဖွားတစ်ဦးက အဲ့ဒီ ဘုရားအရှေ့ဘက်မုဂ်မှာ ဘုရားဖူးလာတွေရဲ့ ဖိနပ်ထည့်ဖို့ ကြွပ်ကြွပ်အိတ်လေးတွေကို ကလေးတွေနဲ့ရောပြီး လိုက်ရောင်းနေတာ တွေ့ရကြောင်း။ အဲ့ဒီအဖွားက အဖွဲ့မှ ထောက်ပံ့နေတဲ့ အဖွားတစ်ဦးဖြစ်ကြောင်း နောက်မှသိရပြီး အဖွဲ့မှ အဖွားကို ခေါ်ယူပြီး ထောက်ပံ့ငွေကို လမ်းပေါ်မှာတင် လက်စုံမိုးကန်တော့ပြီး လှူဒါန်းတာ တွေ့လိုက်စဉ် အံ့သြပီတိစိတ်နဲ့အတူ သူ့စိတ်ထဲမှာလည်း အမည်မသိဝေဒနာတစ်မျိုး ခံစားလိုက်ရကြောင်း၊ တစ်ချိန်ထဲမှာ သူ့အနေနဲ့ Save The Aged ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ရတာ ပထမဦးဆုံးအကြိမ်အဖြစ် ၀မ်းမြောက်ဂုဏ်ယူမိသွားကြောင်း၊ မိမိနဲ့ သွေးမတော်သားမစပ်သူတစ်ဦးကို လူအများရှေ့ လမ်းမပေါ်မှာ ထိုင်ကန်တော့ လှူဒါန်းဖို့ဆိုတာ ခိုင်မာလွန်းတဲ့ ပရဟိတစိတ်ဓာတ်သာ မရှိခဲ့ရင် ဘယ်နည်းနဲ့မှ၊ ဘယ်သူမှ ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း၊ အဲ့ဒီနောက် အဖွဲ့ကို ခြေစုံပစ်ဝင်ခဲ့ကြောင်း၊ အဖွဲ့မှာ ပါဝင်နိုင်ဖို့ မိသားစုနဲ့လည်း အတိုက်အခံဖြစ်ရကြောင်း၊ သူ့ရဲ့ အတ္တအချို့ကိုလည်း စွန့်လွှတ်ခဲ့ရကြောင်း၊ Save The Aged မှာ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရတာ ၀မ်းမြောက်ဂုဏ်ယူမိလို့ မဆုံးပါကြောင်း၊ သူငယ်ချင်းများလည်း တစ်ကြိမ် တစ်ခေါက်လိုက်ယုံနဲ့ စိတ်မပျက်သွားဖို့၊ ကိုယ့်ရဲ့ အတ္တတွေကို စွန့်ခဲ့ဖို့၊ အဖွဲ့ဝင်များနဲ့ ရင်းနှီးမှုရဖို့ ကိုယ်တိုင် ပါဝင်လုပ်ကိုင်ရင်း ကြိုးစားကြစေ ဖို့ပြောလိုကြောင်း.." သူ့ရဲ့ ကိုယ်တွေ့ ခံစားချက်များနဲ့ အဖွဲ့ဝင်အသစ်များကို မိတ်ဆက်အားပေး သွားပါတယ်။


အဲ့ဒီနောက် အဖွဲ့ဝင်အသစ်များထဲမှ တစ်ယောက်ကို ဒီနေ့အတွေ့အကြုံလေးပြောပြဖို့ အဖွဲ့မှ တောင်းဆိုတဲ့ အခါ "မိရှောင်ဖန်း" မှ " သူမ အနေနဲ့အဖွဲ့ကို သူငယ်ချင်းတစ်ယောက်က တစ်ဆင့် သိရလို့တစ်ယောက်ထဲ ပါဝင်ခဲ့ကြောင်း၊ ပထမအလှူမှာ Dr.နတ်စိုး ပြောသလို တစ်ယောက်ထဲဖြစ်ကာ ခံစားခဲ့ရပါကြောင်း၊ သူ့အတွက် ဒုတိယအလှူဖြစ်တဲ့ မရမ်းချောင်အလှူမှာ အားလုံးတက်ညီ လက်ညီဆောင်ရွက်နေစဉ် သူမတစ်ဦးထဲ အားငယ်ခဲ့ရပြန်ကြောင်း၊ ဒါနဲ့ သူကိုယ်တိုင်က ပရဟိတအလုပ်တွေ အရမ်းလုပ်ချင်လေသူဆိုတော့ စိတ်မပျက်၊ ဇွဲမလျှော့ပဲ သူငယ်ချင်းများ ( ၄ယောက်လောက်ထင်ရဲ့) ကိုပါအဖော်ရအောင်၊ လေ့လာနိုင်အောင် အပါခေါ်ခဲ့လို့ ဒီနေ့တော့ အရမ်းကို ပျော်နေမိပါကြောင်း၊ အဖွဲ့ဝင်ဟောင်းများနဲ့လည်း သိခွင့်ရခဲ့ပါကြောင်း..." သူရဲ့အတွေ့အကြုံကိုရင်ဖွင့်သွားပါတယ်။




အဲ့ဒီနောက် ကျွန်မတို့ရဲ့ မိတ်ဆက်ပွဲလေးကို ရုတ်သိမ်းပြီး တစ်ရေးနိုးထလာတဲ့ အဖိုး၊ အဖွားများကို ငွေတစ်ထောင်ကျပ်စီ လှူဒါန်းကာ ကြာဇံချက် တိုက်ကျွေးကြပြန်ပါတယ်။




ကြာဇံချက်စားအပြီးမှာတော့ ကျွန်မတို့ အဖိုး၊အဖွားများနဲ့ ရင်းနှီးနွေးထွေးစွာ စကားများပြော၊ အမှတ်တရဓာတ်ပုံများ ရိုက်ကြပါတယ်။ ဟိုဘက်အဆောင်မှာ အဖွားတယောက် ပျော်လွန်းလို့ မော်ဒယ်လျှောက် ကပြနေတယ်လို့ သတင်းပေးလာတာကြောင့် မြသွေးနီအပြေးကူး လာပေမယ့် ပွဲကပြီးသွားပါပြီ။ ပျော်တတ်တဲ့ အဖွားတစ်ယောက်က ဒီနေ့ အရမ်းပျော်တယ်ဆိုပြီး ကပြလို့ တ၀ါးဝါးပွဲကြရပါသေးတယ်။ တချို့ စိတ်နုတဲ့ အဖွားများကမျက်ရည်ဝဲ၊ စိတ်မထိမ်းနိုင်တဲ့ အဖွားများက မျက်ရည်ကျကာ ငိုရှာလေတော့ အဖွဲ့ဝင်မြေးများက အဖွားတို့ကို စိတ်မကောင်းစွာ ချော့ကြရပြန်ပါတယ်။ အဖိုး၊ အဖွားတို့ သူတို့ရဲ့မြေးများ အိမ်ပြန်ရမယ့်အချိန် နီးကပ်လာပြီကို သူတို့သိနေကြပြီလေ။




တစ်ဖက်မှာ အဖိုး၊အဖွားတွေကို အဖွဲ့ဝင်များက ပြန်ဖို့နှုတ်ဆက်နေချိန်ကြမှာ တဖက်မှာတော့ ရွှေသံလွင်ဘိုးဘွားရိပ်သာမှာ အသစ်တိုးချဲ့ ဆောက်မယ့် ဂီလာနအဆောင်သစ်အတွက် Save The Aged (ပြည်တွင်း+ပြည်ပ) အလှူရှင်များကိုယ်စား အဖွဲ့ဝင်ဟောင်းနဲ့ အဖွဲ့ဝင်သစ်အချို့က ကျပ်ငွေ၂သိန်း သွားရောက် လှူဒါန်းခဲ့ပါတယ်။




အလှူတစ်ခုပြီးတိုင်း၊ အခုလိုကျွန်မတို့ အိမ်ပြန်ချိန်တွေ ရောက်လေတိုင်း၊ ကျွန်မတို့အားလုံးရော၊ သူတို့အားလုံးရော အမြဲကြေကွဲဆို့နစ်စိတ်တွေ ဖြစ်ရလေတယ်။ အဖွားတယောက်က " သမီးတို့က ၈လအကြာမှာ တစ်ခါထပ်ရောက်လာတော့ အဖွားတို့တော့ နောက်၈လပြည့်အောင် လက်ချိုးရေနေရတော့မယ် " လို့ ပြောလာတော့ ... " လာမှာပေါ့ အဖွားရဲ့။ ဒုတိယအကြိမ် လာဦးမယ်ပြောတာတောင် အခုဒီနေ့ သမီးတို့ အရောက်လာသေးတာပဲ.. တတိယအကြိမ်ဆိုတာ သေချာပေါက်ဖြစ်လာမှာပေါ့ " လို့ ရွှေမျက်ရည်စို့ကာ ကျွန်မမှာ အသံမတုန်အောင် မနည်း ထိမ်းလို့ ပြောခဲ့ရပါတယ်။ သူတို့ဆီကို ကျွန်မတို့ ၈လတစ်ကြိမ်လာမယ်လို့ ထင်နေကြရှာတာပါ။ ပေါ်တီကိုအောက်မှာ လက်ပြကျန်နေခဲ့ရှာတဲ့ အဖွားတို့ကိုနောက်ပြန် လျှောက်လျှက်က လက်တဖက်က ပြန်ပြ၊ ကျန်လက်တစ်ဖက်နဲ့ ဓာတ်ပုံတွေ အမိအရ ရိုက်ယူလိုက်မိပါသေးတယ်။




" ရွှေသံလွင်ဘိုးဘွားရိပ်သာ " ဟာအမှတ် - ၁၃၉၉(အေ) ၊ ကွမ်အပ်မင်းသားလမ်း နှင့် ပုဏ္ဍမီလမ်းထောင့် (၈၀) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်း မှာတည်ရှိပါတယ်။ ယခုအခါ အဘိုး (၂၂) ဦး၊ အဘွား (၇၀) ဦး၊စုစုပေါင်း (၉၂) ဦးကို ပြုစုစောင့်ရှောက်လျှက်ရှိပါတယ်။ မိသားစုရဲ့ နွေးထွေးလုံခြုံတဲ့မေတ္တာနဲ့ ကင်းဝေးနေကြရရှာတဲ့ အဖိုး၊အဖွားများရဲ့ ဘ၀နေ၀င်ချိန် မတိုင်ခင် သူတို့တွေရဲ့ ကျန်ရှိနေတဲ့ အချိန်တွေဟာ ဂရုဏာရှင် စေတနာရှင်များရဲ့ ပံ့ပိုးမှု၊ ယုယမှု၊ ကြင်နာမှုတွေ မလွဲမသွေ မုချလိုအပ်လှပါတယ်။ ကျွန်မတို့တွေရဲ့ နုပျိုလတ်ဆတ်လှပါတယ်ဆိုတဲ့ လှပခြင်း၊ ကျန်းမာခြင်း၊ နုနယ်ပျိုမြစ်ခြင်းဆိုတာတွေကလည်း တစ်နေ့တစ်ချိန်မှာ နာကျင်ခန္ဓာနဲ့အတူ အိုမင်းရင့်ရော်ကြရဦးမှာပါ။ ဒီလမ်းခရီးကို ကျွန်မတို့တတွေလည်း မုချသွားကြရဦးမှာပါ။ ကျွန်မတို့သွားကြရမယ့် ဒီလမ်းခရီးမှာ ကျွန်မတို့ထက် အရင်ရောက်နှင့်နေကြတဲ့၊ ထိုမှတဖန် ကျွန်မတို့ထက် ပိုဆိုးလှစွာ မိသားစုအ၀န်းအ၀ိုင်းနဲ့ မနေကြရရှာပဲ ဘ၀တူများနဲ့သာ ဒီလိုရိပ်သာမှာ ကျော်လွန်ဖြတ်သန်း နေထိုင်ရရှာတဲ့ အဖိုးအဖွားတို့ရဲ့ ဘ၀နေ၀င်ချိန်မတိုင်ခင်  နောက်ဆုံးအချိန်လေးတွေ နွေးထွေးလှပစေဖို့အတွက် ကျွန်မတို့အားလုံး ဖေးမလို့ ၀ိုင်းဝန်းလို့ ကူညီကြပါစို့လားရှင်။


{ ကျေးဇူးစကား ~ သြဂုတ်လအလှူဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းကြသော ပြည်တွင်း+ ပြည်ပမှ စေတနာရှင် အလှူရှင်များအား၎င်း၊ ချက်ပြုတ်ရေး အစီအစဉ်မှာ စေတနာအပြည့်အ၀နဲ့ ကုသိုလ်ယူ၊ ညဘက် အိပ်ရေးပျက်ခံ ချက်ပြုတ်ပေးတဲ့ ယုဇနဥယျာဉ်အိမ်ရာနေ အမာခံ အဖွဲ့ဝင် မေဇွန့်ရဲ့ ချစ်မေမေနဲ့တကွ မေဇွန်၊ ဇင်အိ၊ ဇလပ် ဦးဆောင်တဲ့ အဖွဲ့ဝင်များ ဖြစ်ကြလေသော ကိုဝေဖြိုးဘော် + သူငယ်ချင်းတစ်ယောက် (အမည်မသိ)၊ ကိုဗေဒါ၊ ဝေယံမင်း၊ သွေးစက်မင်း၊ ကိုသူရ၊ နွယ်ပင်၊ သောကြာ၊ လွင်မောင်၊ကိုဝဏ္ဏ (အသစ်) ၊ +သူငယ်ချင်း တစ်ယောက် (အမည်မသိ)၊ မေဇွန်၊ ဇင်အိ၊ ဇလပ်၊ သိဂီင်္၊ fishgirllwin၊အရုပ်၊ မေခ.. တို့အား ၄င်း၊ အဖွဲ့ဝင်များ တပျော်တပါးစားဖို့အတွက် ရိပ်သာမှာ ချွေးတစ်လုံးလုံးနဲ့ကြာဇံချက် ချက်ပေးသော ပိုပို၊ ဇင်အိ ဦးဆောင်တဲ့ မမျိုး၊ ကျီးကန်း၊ လွင်မောင်တို့အား၎င်း၊ အဖွဲ့ဝင်ဟောင်းများနည်းတူ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သော အဖွဲ့ဝင်အသစ်များအား၎င်း၊ မြသွေးနီမသိလိုက်သော တခြားပါဝင်ကူညီ သူများအပေါင်းအား၎င်း ဒီပို့စ်လေးနဲ့ အတူ အဖွဲ့ဝင်များအားလုံးရဲ့ကိုယ်စား ရင်မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း  မှတ်တမ်းတင်ပါရစေရှင်။ }



ပထမအကြိမ် အလှူအကြောင်းကို ပြန်လည်ဖတ်ချင်ရင်တော့ ဒီနေရာလေး နဲ့ ဒီနေရာလေး ကို ကလစ်နှိပ် ဖတ်ကြည့် နိုင်ပါတယ်ရှင်။




ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေရှင်။



11 comments:

ချစ်ကြည်အေး said...

ကောင်းလိုက်တာ မြသွေးရယ် STAရဲ့ အဲလိုပိုစ့်တွေ ဖတ်မိတိုင်း ရင်ထဲ ခံစားရတယ်။ အမ အလည်ပြန်လာချိန်မှာ လူကိုယ်တိုင်ပါဝင်ဖို့ အခွင့်အရေး ရပါစေလို့ ဆုတောင်းပါတယ် ညီမရေ...

Ko Gyi said...

အစ်မရေ
ဘာပြောရမလဲဗျာ
နေမကောင်းတဲ့ကြားက ညီမ မပါလိုက်ရမှာစိုးလို့ဆိုပြီး တားမရ ဆီးမရ ညဘက်ကနေ သွားရောက်ချက်ပြုတ်ခဲ့တဲ့ ညီ ညီမတွေ
အလုပ်တစ်ဖက်နဲ့ ကိုယ့်စရိတ်ကိုယ်စား အပင်ပန်းခံပြီး သဒ္ဒါထက်သန်တဲ့ ညီ ညီမ အစ်ကို အစ်မ
ဦးဦး ဒေါ်ဒေါ်.... ဆင့်ပွား ကုသိုလ် အမြဲဝေငှပေးနေတဲ့ မမြသွေး
အားလုံးကို ဦးညွတ်သွားပါတယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီး ပီတိဝေေ၀ဖြာဖြာ ဖြစ်ရပါတယ်..
အဖွဲ့လေးရဲ့ ဆောင်ရွက်ချက်တွေက အားရစဖွယ်ကောင်းလှတယ်.. ကိုယ်တိုင် မလုပ်ဆောင်နိုင်ပေမဲ့
အစ်မတို့လုပ်တာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်ရပါတယ်.. ရှေ့ဆက်ပြီး အောင်အောင်မြင်မြင်နဲ့ ဆက်လက်ချီတက်နိုင်ပါစေ။

မြစ်ကျိုးအင်း said...

အစ်မတို့ပြန်လာချိန်ကို ဖတ်ရင်း အဖိုးအဖွားတွေ လိုပဲ ဝမ်းနည်းစိတ် ဝင်မိတယ်ဗျာ။
ကြွားဝါမှုမရှိဘဲ တကယ့်ပရဟိတ အလုပ်တွေကို တက်တက်ကြွကြွ လုပ်နေကြတာ
ကျနော်တို့ နိင်ငံသားတွေအတွက် ဂုဏ်ယူမိပါတယ်။
ဆထက်ထမ်းပိုး လှူနိင် တန်းနိင် ပါစေဗျာ.

shwezinu said...

ညီမ မြသွေးနီ ရေ

အရင်ဆုံး သာဓုပါလို့ ပြောပရစေ နောက်ပြီး ရွှေစင်ဦး လည်း ဗိုက်ထဲက တဂြီဂြီ နဲ့ ကြာဇံချက်လေး သောက်ချင်လိုက်တာ
ကြည်နူးဘွယ်အလှူအတွက် ပိတိဖြာ ရတယ်ညီမရေ

ခင်တဲ့
ရွှေစင်ဦး

ဖြိုးဖြိး said...

သာဓုခေါ်ပါတယ် မမြသွေးနီရေ၊ ကြည်နူးပီတိဖြစ်ရတယ်၊ အားလုံးရဲ့မျက်နှာလေးတွေက အေးချမ်းနေတာပဲ၊
အဖိုးအဖွားတွေကိုကြည့်ရင်း ပီတိဖြစ်နေကြပုံလေးတွေ၊
တစ်နေ့ ငွေအား၊ လူအားလူဒါန်းခွင့်ရနိုင်ပါစေ ဆုတောင်းမိတယ်။
ခင်မင်လေးစားလျှက်

သဒ္ဓါလှိုင်း said...

မမမြသွေး..
အလှူအတွက်အားတက်သရော ပါဝင်တဲ့မောင်နှမတွေကိုကြည့်ပြီးလေးစားအားကျလိုက်တာ..ဒီထဲမှာ သားလေးပြည့်
လည်းပါတယ်နော်..သားလေးလည်းငယ်ကတည်းကလူမှုပရဟိတစိတ်လေးကိန်းအောင်းပြီး လိမ္မာလိုက်တာနော်..
အဖိုးအဖွားတွေကိုကြည့်ပြီးတော့လည်း ပျော်နေတဲ့ပုံလေးတွေကြည့်ပြီး ခံစားရတယ်..။ သဒ္ဓါလည်းလေ လုပ်အားဒါန
လုပ်ခွင့်ရမဲ့အချိန် ရလာနိုင်ပါစေလို့..။ အဖွားတွေကိုကြည့်ပြီး မရှိတော့တဲ့ သဒ္ဓါ့အဖွားကိုလည်းအရမ်းသတိရသွားတယ်.။
သာဓုလည်းခေါ်ပါတယ်..။ အဖိုးအဖွားများကိုထာဝရကူညီစောင့်ရှောက်ပျော်ရွှင်မှုပေးနိုင်သော မောင်နှမများအဖြစ်
အမြဲတည်တံ့နေနိုင်ကြပါစေလို့ ဆုမွန်ကောင်းပါတယ်..။ကျန်းမာရေးလည်းဂရုစိုက်ကြပါနော်..။
ချစ်တဲ့
ညီမသဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

စကားမစပ် ဓာတ်ပုံထဲမှာ အသက်အငယ်ဆုံး STA member အင်္ကျီ အ၀ါစင်းကြားနဲ့ ချစ်စရာချာတိတ်လေးဟာ ဘယ်သူများပါလိမ့်....း))

ငြိမ်းစိုးဦး said...

သာဓု ... သာဓု ... သာဓု
ထပ်မံ၍လည်း လှူဒါန်းနိုင်သူများ ပေါ်ပေါက်ကြပါစေဗျာ ....
ငြိမ်းစိုးဦး

လင်းတာရာ said...

An act of goodness is an act of happiness.

မေဇွန် said...

ခဏ..ခဏ ပြန်ပြန်ဖတ်ပြီး မျက်ရည်ဝဲတဲ့အထိ ပီတိဖြစ်ရတဲ့ အကြောင်းအရာလေးပါပဲ အမရေ..
ပီတိကိုစားအားရှိပါ၏ ဆိုတာ အရမ်းမှန်တဲ့စကားပဲနော်.

Post a Comment