
အဲ့ဒီနေ့က အိမ်အတွက် ၀ယ်စရာပစ္စည်းလေးတွေ ရှိတာနဲ့ ရုံးအပြန် အိမ်နားက City Mart ကို ၀င်ခဲ့မိတယ်။ အပြန်ကြတော့ နည်း နည်းလည်း မှောင်ချင်၊ နောက်.. ၀ယ်လာမိတဲ့ ပစ္စည်းတွေကလည်း လက်နှစ်ဘက်နဲ့ အပြည့်ဆိုတော့ ပုံမှန်လမ်းလျှောက်ရင် ၁၀ မိနစ်သာသာလျှောက်ရတဲ့ လမ်းကို ဆိုက်ကားစီးဖို့ ဆုံးဖြတ်လိုက် မိတယ်။ ဒါနဲ့ City Mart ရှေ့ တဖက်လမ်းက ဆိုက်ကားဂိတ်ကို ရောက်ခဲ့တယ်။ ဂိတ်ရောက်တော့ အလှည့် ကျ ဆိုက်ကားက ၇၀၀ကျပ်တောင်းလေတယ်။ ဒီခရီးနီးနီးလေး ကို ၅၀၀ကျပ်နဲ့ စီးနေကျမို့ ၇၀၀ဆိုကျပ်တော့ မိန်းမသားပီပီ ဈေးစစ်မိ ပါတယ်။ မရရင်တော့ လမ်းလျှောက်ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်မိတော့မှာ။ ဟုတ်တယ်လေ.. ဆိုက်ကား ၇၀၀ကျပ်ပေးစီးရမှတော့ Taxi ပဲ ငှားစီး တော့မှာပေါ့။ မဟုတ်ဘူးလား။
အဲ့ဒီအချိန်မှာ ဂိတ်က ဆိုက်ကားမောင်းသူတစ်ဦးက “ အဘ.. အဘ လိုက်ချင်လိုက်သွား၊ ၅၀၀တဲ့ ” ဆိုပြီး သူတို့ဂိတ်ရဲ့ အနောက် ဘက် ညောင်ပင် အောက်မှာ ရပ်ထားတဲ့ ဆိုက်ကားဆီ လှမ်းအော်လိုက်တယ်။ ဒါနဲ့ အဲ့ဒီ ဆိုက်ကားလည်း ကွှန်မရှေ့ရောက် လာတယ်။ ပြီးတော့ ဆိုက်ကားမောင်းသူက ကျွန်မရဲ့ လက်ထဲက အထုတ်အပိုးတွေကို မျှယူပြီး အနောက်ဖက်ခုံမှာ သေချာ တင်ပေးတယ်။ နောက် ပြုတ်မကျနိုင်အောင် သူဆောင်ထားတဲ့ သားရေ ကြိုးလေးနဲ့ ချည်နှောင်ပေးတယ်။ ပစ္စည်းတွေ နေသား တကျဖြစ်လို့ ဆိုက်ကားပေါ် ကျွန်မ တက်လိုက်ကာနီးမှ ဆိုက်ကားမောင်းသူ မျက်နှာကိုကျွန်မ ကြည့်လိုက်မိတယ်။ အလို… ဆိုက်ကားမောင်းသူက အသက် တော်တော်ကြီးနေပါရော့လား။ လူပုံက သေးသေးညှက်ညှက် ပိန်ပိန်။ ဦးခေါင်းပေါ်မှာ ကျိုးတိုး ကျဲတဲ ဆံပင်ဖြူတွေနဲ့။ နေလောင်ခံ ၀နေတဲ့ ညိုမောင်းမောင်းအသားရောင်။ ပါးနှစ်ဘက်က အတွင်းကို သိသိသာသာ ခွက်ဝင် နေလျှက်။ ဆိုက်ကားလက်ကိုင်ကို တင်း တင်းဆုတ်ကိုင်ထားတဲ့ အရေတွန့်လိပ်နေတဲ့လက်အစုံ။ ဆိုက်ကားလည်း ဘီးစလှိမ့်ရော ထုံးစံအတိုင်း မနေနိုင်မထိုင် နိုင် ဆိုက်ကား နင်းသူ အဘကို အင်တာဗျုးမိပါလေရော။
“ အဘ.. အသက်ဘယ်လောက်ရှိပြီလည်း ”
“ အဘ အသက်လား ပြီးခဲ့တဲ့လကပဲ ၇၀ပြည့်တယ် ”
“ ဘုရားရေ.. အသက်၇၀ကျော်ပြီ။ အဘ ဆိုက်ကားနင်းနေတုန်းပဲလား ”
“ ဒါပဲလုပ်တတ်တာ။ မနင်းရင် ထမင်းငတ်မှာပေါ့ လုံမရဲ့ ”
“ အဘ ကျန်းမာရေးတော်တော် ကောင်းတာပဲ။ မျက်လုံးရောကောင်းကောင်းမြင်ရသေးလား ”
“ ဘုရားကျေးဇူးတော်နဲ့ မျက်လုံးကခုချိန်ထိ ဘာမှ ဒုက္ခမပေးသေးဘူး.။ ဒါပေမယ့် သွားတွေတော့အကောင်းပကတိ မရှိတော့ဘူး ”
“ အဲ့တော့ အဘ ထမင်းကို ဘယ်လိုဝါးသလည်း ”
“ အမယ်ကြီးကတော့ ပျော့ပျော့ချက်ပေးတာဘဲ ”
“ ဆိုက်ကားက တစ်နေ့လုံးနင်းတာလား။ အဘ ဘယ်မှာနေလည်း ”
“ မနက်၈နာရီကနေ ည ၈နာရီအထိနင်းတယ်။ နေတာက တောင်ဒဂုံမှာ ”
“ ဘုရားရေ.. အဘအလုပ်ချိန်ကများလှချည်လား။ အဲ့လောက်လုပ်တော့ ကျန်းမာရေးထိခိုက်ရင် ဘယ်လိုလုပ်မလည်း။ ကျွန်မတို့ တောင် အဲ့လောက် မလုပ်နိုင်ဘူး အဘရဲ့ ”
“ ဟဲ.. ရိုးနေပါပြီ လုံမရ။ အဲ့လောက်လုပ်ကာမှ တော်ကာကျတာ ”
“ ဒါနဲ့ အဘမှာ သားသမီးတွေမရှိဘူးလား။ သူတို့ရောဘာလုပ်လည်း။ အဖွားရော နေကောင်းလား ”
“ သမီးတစ်ယောက်သားတစ်ယောက်ရှိတယ်။ သားကသေလားရှင်လားတောင်မသိ တော့ဘူး။ အဘတို့က တိုက်ကြီးဇာတိ။ သားက ရန်ကုန်မှာ အလုပ်လုပ်မယ်ဆိုပြီး တိုက်ကြီးက ထွက်သွားလိုက်တာ အနှစ် ၃၀ကျော်ပြီ။ အခုထိပြန်ကိုမတွေ့တော့ဘူး။ သူ့ကိုရှာရင်း အဘတို့ ရန်ကုန် ရောက် လာတာ။ အမယ်ကြီးရဲ့ ဆန္ဒပေါ့လေ။ သူကတွေ့ချင်တာကို။ သမီးက မနက်ဈေးမှာ ပဲပင် ပေါက်ပဲပြား ရောင်း တယ်။ သူ့ယောကျာ်းကလည်း သေရှာ ပြီလေ။ မြေးမကတော့ ရပ်ကွက်ထဲက အလှပြင်ဆိုင်မှာ တောက်တို မယ်ရအကူပေါ့ လုပ်တယ်။ အမယ် ကြီးလည်း လှူနိုင်တမ်းနိုင်အောင်၊ အိမ်ထမင်း အိုးလေးလည်းနပ်မှန်အောင် ဆိုက်ကားနင်းရ တာပေါ့။ အမယ်ကြီးကလည်း ကျန်းမာပါ တယ်။ အသက်ကြီးတော့ ဟိုနားနာ ဒီနားနာတော့ ရှိတာပေါ့။ သူလည်း ၆၈နှစ်ရှိနေပြီ ”
“ သြော်.. အဖွားအတွက် အဘဇောနဲ့ နင်းနေတာပေါ့.. ဟုတ်လား အဘ။ ဒါနဲ့ ဆိုက်ကားနင်းတာ တစ်နေ့ဘယ်လောက်ရလည်း ”
“ အုံနာခနှုတ်ရင် တစ်နေ့ နှစ်ထောင်လောက်ကျန်ပါတယ်။ တစ်ခါတစ်ခါလည်း အုံနာခတောင်အနိုင်နိုင်။ ဒီကြားထဲ ဆိုက်ကားပျက် ရင် ကိုယ့်ဟာ ကိုယ်ပြင်ရတာလေ။ အခုလို ညပိုင်းလေး ဆက်နင်းရင်တော့ မဆိုးပါဘူး။ လုံမကို ပို့ပြီးရင် ဒီနေ့သိမ်းတော့မယ်လေ “
“ အဘညစာရော စားပြီးပြီလား ”
“ ညနေ၅နာရီလောက်က မုန့်ဟင်းခါးတစ်ပွဲ စားထားတယ်လေ။ အိမ်ရောက်မှ ညစာစားတာပေါ့။အနည်းဆုံး ၉နာရီဘဲ ညစာစား ချိန်က ”
စကားပြောကောင်းနေဆဲ ဆိုက်ကားက ကျွန်မ အိမ်ရှေ့ရောက်လာတယ်။
“ ကဲ.. အဘ ဒီမှာ တစ်ထောင်။ ၅၀၀အပိုက အဘကို ကျွန်မလှူတာ။ လက်ခံပေးပါနော် ”
“ လုံမ.. အဘ မယူချင်ဘူး။ ၅၀၀ပဲပေး။”
“ ဘာလို့လည်း အဘရဲ့။ ကျွန်မက လှူတာလေ ”
“ မလိုဘူးလုံမရဲ့။ အဘသန်စွမ်းပါသေးတယ်။ ရှာနိုင်သေးပါတယ်။ သူများပိုက်ဆံကို အလကားကို မယူတတ်တာ။ ဒါမှ မဟုတ် လုံမ ဆိုက်ကား နောက်တစ်ပတ်ထပ်စီး ”
“ ကဲ.. ကဲ.. အဘကို ကျွန်မနားလည်ပြီ။ ဒါပေမယ့် ဒါလေးတော့လက်ခံပေး။အဘရော အဖွားပါစားဖို့ ”
ကျွန်မက ၀ယ်လာတဲ့ City Mart က ပူတင်းဗူးလေး ၂ဗူးကိုလှမ်းပေးလိုက်တော့…
“ သာဓု သာဓု သာဓု.. ကျန်းမာချမ်းသာပါစေ။ အမယ်ကြီးကို ကျွေးလိုက်ပါ့မယ် ”
အဘက ကျွန်မမျက်နှာကို စေ့စေ့ကြည့်ပြီး..
“ သမာအာဇီဝဖြစ်ရမယ်။ စေတနာထားရမယ် ။ ကျန်းမာရမယ်။ အဲ့ဒီ ၃ချက်ရှိရင် အဘ အသက်ရှည်ရှည်နဲ့ ရှာဖွေစားသောက်နိုင် ပါသေးတယ် လုံမရေ ”
အဘဆိုက်ကား ခေါင်းလှည့်ကွေ့ရင်း ကျွန်မရှေ့က ထွက်သွားတော့မှ ကျွန်မသတိရပြီး ကသောကမျော လှမ်းအော်မေးလိုက်ရတယ်။
“ အဘရေ.. အဘ နာမည်လေးတော့ ပြောခဲ့ပါဦး အဘ ”
“ လုံမရေ.. ဦးအံ့ လို့ခေါ်တယ်။ ဦးအံ့.. ”
အမှောင်ထဲမှာ တဖြေးဖြေးတိုးဝင်ရင်း အားမာန်အပြည့်နဲ့ မောင်းနှင်သွားတဲ့ အသက် ၇၀ကျော် အဘဦးအံ့ရဲ့ ဆိုက်ကားကို မျက်စေ့ တစ်ဆုံး ကျွန်မကြည့်နေမိပါတော့တယ်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ


















