Tuesday, February 2, 2010

မြသွေးနီ အသက်တစ်လပြည့်ပြီ


မြသွေးနီ အသက်တစ်လပြည့်ပြီ။


ဒီလိုအစချီလိုက်လို့ ဘယ့်နှယ် မြသွေးနီတစ်ယောက် သူ့အသက်အရွယ်ကြီးနဲ့ ခုမှ တစ်လပြည့် ပြောနေတယ်။ စာလေးနည်းနည်း ရေးရသေးတယ်။ ပေါက်သွားပြီလား မသိဘူးလို့ သြဘာပေး ကြမလား မသိဘူး။ ဒါကြောင့် စကားလေးတော့ ပလ္လင်ခံချင်မိတယ်။ ကျွန်မ ဒီပို့စ်လေး ကို မရေး လည်း မရေးချင်၊ ရေးလည်း ရေးချင်နဲ့ လကုန်ဖို့ တစ်ရက်သာလိုတော့တယ်၊ စိတ်ထဲမှာ ဒွိဟ ဖြစ်နေ ဆဲပါဘဲ။ နောက်ဆုံးတော့ စိတ်နှလုံး ဒုန်းဒုန်းချလိုက် တော့တယ်။ ဒီပို့စ်လေးကိုရေး မယ် လို့။


ခုန ပလ္လင်ခံထားတဲ့ စကားကို ပြန်ကောက်ရရင် ဒီဆောင်းပါး ဘာဖြစ်လို့ မရေးချင်ရတာလည်း ဆိုတော့ ကျွန်မဘလော့ဂ်လေးက အင်မတန် နုနယ် သေးတဲ့ ပီဘိ တစ်လသမီးငယ် ဘလော့ဂ် လေးပါ။ သမီးငယ်လေးကို မိဘရဲ့ မေတ္တာစိတ်နဲ့ ကင်ပွန်းတပ်ချင်ပေမယ့် မပြည့်ဝသေးတဲ့ စာရေးသက်၊ မရင့်ကျက်သေးတဲ့ အရေးအသား၊၊ အချိန်ပြည့်ဂရု မစိုက်နိုင်ဘဲ အားမလို အားမ ရမှုတွေနဲ့ ထုံမွှမ်းထား တဲ့ ဒီ သမီးငယ် ဘလော့ဂ်လေးရဲ့ တစ်လ ပြည့်လေးက ဘာမှ ထူးထူး ခြားခြား စာဖွဲ့စရာ မလိုသေးပါဘူး ထင်လို့ပါရှင်။


စိတ်ရဲ့ နောက်တစ်ဖက်ကတော့ ဒီပို့စ်လေးကို ရေးချင်နေမိတယ်ရှင့်။


ကျွန်မရဲ့ ဘလော့ဂ်လေးကို ၂၀၁၀ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှာ အစိမ်းရောင်လွင်ပြင်က ညီမချောရဲ့ အကူအညီနဲ့ စတင် မွေးဖွားခွင့်ရခဲ့ပါတယ်။ အရင်က တစ်နေ့ ၂၄နာရီရှိတဲ့ အချိန်ကို နည်းတယ်လို့ ထင်နေတဲ့ ကျွန်မအတွက်တော့ ဒီဘလော့ဂ်လေးစတင် မွေးဖွားပြီးထဲက အချိန်တွေက ပိုလို့ ရှားပါးလာရ ပါတော့တယ်။ တစ်ချက်ချက်နဲ့ သွားနေတဲ့ နာရီရဲ့ မိနစ်၊ စက္ကန့်လက်တံတွေကလည်း တာဝန် အရမ်းကျေလွန်းတယ်လို့ထင်မိပါတယ်။  ဒါပေမယ့် ကျွန်မရဲ့ အချိန်တွေကို အတတ်နိုင်ဆုံး ခွဲဝေခြမ်းပြီးတော့ ဘလော့ဂ်လေးအတွက် အချိန်တွေလုပြီး စာတွေရေးမိပါတယ်။ ဒီလိုရေးနိုင် အောင် အဓိက ကျွန်မကို တွန်းအားပေးသူတွေကတော့ ပုံမှန် ဘလော့ဂ်မှာ စာလာဖတ်ပေးနေတဲ့ ကျွန်မရဲ့ မိတ်ဆွေများပါဘဲ။ မိတ်ဆွေများဆိုရာမှာ ကျွန်မစာများကို လာရောက်ဖတ်ပေးတဲ့ တစ်ခါမှ အပြင်မှာ မသိဘူးသေးတဲ့ အွန်လိုင်း မိတ်ဆွေများ၊ ကျွန်မအရှေ့မှာ ကျွန်မ အားကျ လေးစားခဲ့ရတဲ့ စီနီယာ ဘလော့ဂ်ဂါများရဲ့ ကွန်မန့်များ၊ ကျွန်မနဲ့ သိကျွမ်း ခင်မင်သူ မိတ်ဆွေ များ အပါအ၀င်၊ ကျွန်မနဲ့အတူ စာကိုခုံမင်နှစ်သက်စွာဖတ်ကြတဲ့ ကျွန်မ ဘလော့ဂ်လေးအတွက် တစ်ဖက် တစ် လမ်းက ပံ့ပိုးပေးတဲ့ မိသားစုဝင်များ၊ သူုတို့ရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုနဲ့အတူ အား ပေးမှုတွေကို ကျွန်မဒီပို့စ်လေးနဲ့ လေးစားစွာ အသိအမှတ် ပြုချင်မိလို့ပါဘဲ။


အခု လောလောဆည် ကျွန်မရဲ့ ပို့စ်လေးတွေကို Category (၁၃)ခုခွဲပြီး ရေးထားပါတယ်။ ဇန်န၀ါရီ ၃၁ရက်နေ့မှာ စုစုပေါင်း (၇၇) ပုဒ် ကျွန်မ တင်ထားတာကို တွေ့ရပါမယ်။ အခုတော့ (၇၆) ပုဒ်ဘဲရှိသေးတာနော်။ ဒီနေ့ထပ်တင်ဖို့ ရည်ရွယ်ထားတဲ့ (၁)ပုဒ်မပါသေး ဘူး ပေါ့။ တစ်လထဲမှာ (၇၇) ပုဒ်ရေးနိုင်တယ်ဆိုပြီးတော့ အထင်များမကြီးလိုက်ပါနဲ့ရှင်။ (၃၅)ပုဒ် လောက်က ကျွန်မ ၂၀၀၉ နိုဝင်ဘာလ ထဲက ဆိုရှယ်ဆိုက် တစ်ခုဖြစ်တဲ့ Aurorageneration Groupမှာ စတင်ခဲ့တဲ့ ပို့စ်များ ပြန်ဖြည့်ထားလို့ပါဘဲ။ တစ်နေ့ကို အနည်းဆုံး တစ်ပုဒ် လောက် တော့ တင်ချင်ပေမယ့် ကျွန်မစိတ်တွေက လိုလိုလားလား ရေးချမိချင်တဲ့ အချိန်လေးတွေ ဖြစ်နေ ဖို့ ၊ကိုယ့်ကိုယ်ကို စာတွေချ ရေးနိုင်မယ့် စိတ်တွေဝင်စားနေဖို့ လိုနေပြန် ပါသေးတယ်ရှင်။ ဘာ ဘဲ ဖြစ်ဖြစ် မြသွေးနီက စာတွေကို ရေးလို့ရတဲ့ အချိန် အထိရေးသွား မှာပါရှင်။


နောက်ပြီး စာဖတ်သူတချို့ ကျွန်မစာလေးတွေကို နှစ်သက်လို့ ပြန်လည်ကူးယူဖော်ပြချင်တယ် ဆိုရင်လည်း လိုလို လားလား ကူးယူဖို့ ခွင့်ပြုပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ပေးဆပ်ထားရတဲ့ အချိန်၊ ရင်းထား ရတဲ့ စာပေအနုပညာ တန်ဖိုးလေးကို အသိအမှတ် ပြုသော အားဖြင့် ကျွန်မရဲ့ Pen Name နဲ့ Website Linkလေးကိုပါ ပူးတွဲထည့်ပေးစေချင်ပါတယ်ရှင်။ ဘာကြောင့် အခုလိုတောင်းဆိုရ သ လဲဆိုတော့ မိတ်ဆွေ တစ်ဦးက ပြောပြလို့ ကျွန်မ ပို့စ်တစ်ချို့ကို လင့်ခ် ပူးတွဲ မဖော်ပြဘဲ မြသွေးနီ နာမည်နဲ့ဘဲ Social Site တစ်ခုမှာ တင်ထားတာ တွေ့ ရလို့ပါ။ ဒီတော့တင်ထားသူကို မြသွေးနီ အမှတ်နဲ့ Commentတွေ ပေးထားလိုက်ကြတာ အယောက် ၆၀ကျော် ပါတယ်။ ကျွန်မ မှာ ဝေဒနာနဲ့ အတူ တဆင့်ခံ ပီတိဖြာရပါသေးတယ်ရှင်။ တချို့ပို့စ်တွေလည်း လင့်ခ်မပြောနဲ့ နာမည်လေးတောင်မှ မပါရှာတော့ ပါဘူးရှင်။ တစ်ဖက်ကလည်း ခုမှ စာလေးစရေးတယ်.. မြသွေးနီ ကလုံး တွေပေါ်လာမှာတော့ စိုးရိမ်မိသားရှင့်။ တချို့လည်း လေး လေးစားစား စာနဲ့ ကြိုတင်ခွင့် တောင်းကြပါတယ်။ တချို့ကတော့ နာမည် ရော လင့်ခ်ပါ ပူးတွဲဖော်ပြပေးလို့ တကယ့်ကို လေးစားမိ ရပါတယ်ရှင်။ ကျွန်မရဲ့စာလေးတွေကို နှစ်သက်လို့ ပြန်သုံးထား တဲ့ အတွက် ခုလို အွန်လိုင်းမှာ ပျံ့နှံ့နေတာ တွေ့ရတော့ ၀မ်းသာမိ ပေမယ့် အသိအမှတ်ပြုတဲ့ အနေ နဲ့ နာမည်နဲ့တစ်ကွ လင့်ခ်လေးပါ ပူးတွဲဖော်ပြပေးရင်ဖြင့် အပင်ပန်းခံ ရတာတွေ အမောပြေရတာ ပေါ့ရှင်။


နောက်တစ်ခုက ကျွန်မလက်ရှိလုပ်နေတဲ့ အလုပ်ရဲ့သဘာဝအရ ကျွန်မဟာ အွန်လိုင်းပေါ်မှာ ရုံးချိန်အတွင်း အချိန်ပြည့် ရှိနေရပါတယ်။ စာဖတ်သူများ ကို လေးစားတဲ့စိတ်နဲ့ ကျွန်မအွန်လိုင်း ပေါ်မှာ နေနေရပေမယ့် အလုပ်အရမ်းများနေချိန်မှာ တစ်ခါတစ်ရံ ချက်ခြင်း စကား ပြန်မပြော နိုင် တာမျိုး၊ လုံးဝမှ ပြန်မပြောနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒီလို ဧည့်ဝတ်မကျေပြွန်မှုတွေကို လည်း နားလည် ပေးဖို့ ကြုံ တုန်း လေး တောင်းပန်ချင်ပါ တယ်ရှင်။


၂၃.၁.၂၀၁၀နေ့က အသစ်ပြန်တင်ထားတဲ့ Flag Counterလေးအရဆိုရင် အခု ဒီပို့စ်လေးရေး တဲ့ အချိန်မှာ နိုင်ငံပေါင်း (၃၂) နိုင်ငံက မိတ်ဆွေများ ၀င်ရောက်ဖတ်ထားတာကိုတွေ့ရလို့ဝမ်းသာပီတိ ဖြစ်မိရပါတယ်။ ကျွန်မ အတွက်ရှေ့ဆက်ရမယ့် ခွန်အားတွေပါဘဲ။ စာဖတ်သူ မိတ်ဆွေများရဲ့ Commentsလေးတွေဟာလည်း ကျွန်မ အတွက် ပီဘိခွန်အားတွေပါဘဲရှင်။


စာချစ်သူတစ်ဦးမို့ စာတွေရေးနေမိတာပါရှင်။ မြသွေးနီစာတွေ ဆက်ရေးနေဦးမှာပါရှင်။


ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

0 comments:

Post a Comment