Wednesday, February 10, 2010

အံဝင်ခွင်ကျတဲ့ဘဝ


နေ့စဉ်မနက် (၁၁) နာရီလောက်ဆို တောက်ပတဲ့ နောက်ဆုံးပေါ် တံခါး ၆ပေါက်နဲ့ မာစီးဒီး ကား ကြီးတစ်စီးဟာ မြို့လည်က ပန်းခြံနားကနေ ဖြတ် သန်း သွားလေ့ရှိတယ်။ အဲ့ဒီ ကားရဲ့နောက်ခန်းမှာ ထိုင်နေသူကတော့ လူတိုင်းသိတဲ့ ကုဋေများစွာ ချမ်းသာတဲ့ အကောင်းဆုံးသော ဟိုတယ်ကြီး တစ်ခုကိုပိုင်ဆိုင်ထားသူ သူဌေးကြီးဘဲပေါ့။ ဒီသူဌေးကြီးဟာ သူပိုင်တဲ့ ဟိုတယ်ကို နေ့စဉ်သွားတိုင်း သူ့ဟိုတယ်ရဲ့ အနားက ပန်းခြံလေးကို သူစီး တဲ့ကားက ဖြတ်မောင်း ပြီးသွားရ လေ့ရှိတယ်။


အဲ့ဒီလို နေ့စဉ် ဖြတ်မောင်းသွားတုန်း သူတစ်ခု သတိထားမိလိုက်တယ်။ တခြားတော့မဟုတ်ဖူး။ အင်္ကျီ င်္အ၀တ်အစား ညစ်နွမ်းစုတ်ပြတ်နေတဲ့ ဆင်းရဲ နွမ်းပါးတဲ့ လူတစ်ယောက်ဟာ ပန်းခြံထဲက ခုံတန်းပေါ်မှာ ထိုင်ပြီး သူရဲ့ဟော်တယ်ကြီးကို မမှိတ်မသုံ မျက် တောင်မခတ်ဘဲ စူးစိုက်ကြည့်နေတာ ကိုပါ ဘဲ။ ဒီလိုကြည့်နေတာ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်းမဟုတ်နဲ့ ကြာလာတော့ သူဌေးကြီးရဲ့ စိတ်မှာ သိချင်စိတ်တွေ ပြင်းပြလာ တယ်။ ဒါနဲ့ တစ်ရက်မှာတော့ ဟိုတယ်ကိုအလာ ဒရိုင်ဘာကို ကားရပ်စေပြီး ပန်းခြံထဲက လူဆီကို သွားတော့တယ်။ သူက ခုံတန်းပေါ်မှာထိုင်နေတဲ့ လူကိုမေး လိုက်တယ်။


” စိတ်မရှိပါနဲ့။ ခင်ဗျားကို တစ်ခုလောက်မေးချင်လို့ပါ။ ဒီဟိုတယ်ကြီးကို ခင်ဗျား စိတ်ဝင်တစားနဲ့ မနက်တိုင်း စိုက်စိုက်ကြည့်နေတာ တွေ့ရလို့ပါ။ အဲ့လိုကြည့်ရတဲ့ အကြောင်းရင်းက ဘာပါလိမ့် ။ သိပါရစေ “


ဒီတော့ ဆင်းရဲသားက…


” ဆရာကြီးရယ် ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။ အိမ်မရှိဘူး။ နေစရာလည်းမရှိဘူး။ ကြုံရာ တောင်း စားတယ်။ နောက် ဒီခုံတန်းပေါ် မှာဘဲ အိပ်တယ်။ ခြေသလုံးအိမ်တိုင်ဘ၀ပါ။ ဒါပေမယ့် ကျွန်တော့် ဒုက္ခလှလှတွေ့နေရတာက ဟောဟိုက သိပ်သားနားလှတဲ့ ဟိုတယ်ကြီးပေါ်မှာ အိပ်ခွင့်ရတယ်လို့ ညတိုင်း အိမ်မက်မက်နေမိတာပဲဗျ.. ” လို့ ပြောပြလေတယ်။


ဒီတော့ သူဌေးကြီးလည်း ဂရုဏာသက်သွားတယ်။ ဒါနဲ့ သူက ဆင်းရဲသားကို..


” ကောင်းပြီဗျာ။။ ကျုပ်က ခင်ဗျားနေချင်လှပါတယ်ဆိုတဲ့ အဲ့ဒီဟိုတယ်ရဲ့ ပိုင်ရှင်ဘဲ။ ခင်ဗျား လိုအင်ဆန္ဒ ပြည့်ဝစေရမယ်။ တစ်လစာ ကြိုတင်ငွေ ပေးပြီး ဘွတ်ကင်လုပ်ထားပေးမယ် ။ ဒီနေ့ ကစပြီး ဒီဟိုတယ်ရဲ့ အကောင်းဆုံးအခန်းမှာ ခင်ဗျား တစ်လတိတိအိပ်ရစေ့မယ် “


ဆင်းရဲသားလည်း အံ့သြ၀မ်းသာစွာနဲ့ သူဌေးနဲ့အတူ ဟိုတယ်ကို လိုက်ပါသွားတယ်။ အကောင်း ဆုံး အစားအစာတွေစားပြီး အကောင်းဆုံးသော ဟိုတယ်ရဲ့ အခန်းထဲမှာ ဇိမ်ကျနေတော့တာပေါ့။ ဒီလိုနဲ့ နောက်..လေး..ငါးရက်ကြာတော့ သူဌေးကြီးလည်း ဆင်းရဲသားရဲ့ အခြေအနေ သိချင် တာ နဲ့ ဇိမ်ခံအခန်းရှေ့က ဖြတ်သွားခွင့်ကြုံတုန်း ကျေနပ်မှုရှိမရှိ အခြေအနေ၀င်မေးဦးမှာဘဲ ဆိုပြီး အခန်းတံခါးကို ခေါက်ကြည့်လိုက်တယ်။ ဒါပေမယ့် ဆင်းရဲသားက မရှိတော့ပါဘူး။ အခန်းကို ပြန်အပ်ပြီး ပန်းခြံထဲက ခုံတန်းပေါ်ကို ဒုံရင်းအတိုင်း ပြန်ရောက်နေတာ တွေ့ရပါတော့တယ်။


ဒါနဲ့ သူဌေးကြီးလည်း ပန်းခြံထဲမှာ ထိုင်နေတဲ့ ဆင်းရဲသားဆီရောက်လာပြီး ” ဘယ်လိုဖြစ်လို့ ခင်ဗျား ဒီကိုပြန်ရောက် နေရတာ လည်း “ လို့မေးမြန်း ကြည့်တော့ ဆင်းရဲသားက အခုလိုပြော လေတယ်။


” ဒီခုံတန်းပေါ်မှာ ကျွန်တော်အိပ်လိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီး ဒီဟိုတယ် ကြီးပေါ် မှာ ဇိမ်ကျကျနဲ့ အိပ်ပျော်နေရ တယ်လို့ အိမ်မက် မက်တာများ တင်စားစရာစကားလုံး တောင် မရှိ ပါဘူးဗျာ။ တကယ့်ကို အံ့မခန်းပါဘဲ။ ဒါပေမယ့် ဟောဒီ ဟိုတယ်အခန်းမှာ စပြီးအိပ်တဲ့ ညထဲက အိပ် လို့ ကိုမပျော်တော့ပါဘူး။ မှေးကနဲ အိပ်ပျော်သွားရင်လည်း ဒီ ခုံတန်းလေးပေါ်မှာ ချမ်းချမ်းစီးစီး နဲ့ အိပ်နေရတယ်လို့အိမ်မက်မက်တယ်ဗျာ။ ကြောက် စရာ ကောင်းလိုက်တာ။ အိပ်ရေးပျက်လိုက် တာလည်း မပြောပါနဲ့တော့။ အဆင်ကိုမပြေပါဘူး ” တဲ့။


ကျွန်မတို့ဘ၀တွေမှာလည်း တော်တော်များများမှာ အံဝင်ခွင်ကျဖြစ်မနေတာတွေ ရှိနေတတ် ကြတယ်။ သူတပါးကို အားကျတဲ့ စိတ်နဲ့ ရတဲ့အခွင့် အရေးတွေက ကိုယ်နဲ့သင့်တော်လား၊ မသင့် တော်လား မကြည့်မိတော့ဘဲ လုပ်မိတဲ့ အလုပ်တွေအတွက် ရေရှည်မှာ ကျွန်မတို့ကိုယ်တိုင် မပျော်ရွှင် နိုင်တာတွေ ကြုံတွေ့ နေရတတ်ပါတယ်။ စိတ်ကူးယဉ် အိမ်မက်တွေဟာ တစ်ခါတစ်ခါမှာ လက်တွေ့ဘ၀တွေနဲ့ ကွာခြားနေတတ်ပါတယ်။ ပညာ ရေးမှာဘဲဖြစ်ဖြစ်၊ လူမှုရေးကိစ္စတွေမှာဘဲ ဖြစ်ဖြစ်၊ စီးပွားရေးကိစ္စ တွေမှာဘဲဖြစ်ဖြစ် ကိုယ်နဲ့ ဘယ်အရာ အသင့်တော်နိုင်ဆုံးလည်း ဆိုတာ သေချာ စဉ်းစားပြီး ကိုယ်ကိုယ်တိုင် လုပ်နိုင်မယ့်၊ ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်နိုင်မယ့် အရာမျိုးကို သာရွေးချယ်သင့်ပါတယ်။ အခွင့်အရေး ရတိုင်း ဒီအခွင့် အရေး ပေါ်မှာ သာယာတဲ့စိတ်နဲ့ လိုက်နေမိရင်တော့ ဟိုတယ်ပေါ်ရောက်သွား တဲ့သူလို ကျွန်မတို့ ဘ၀တွေ မပျော်ရွှင်နိုင်ဘဲ ဒုံရင်းဘ၀တွေ နဲ့သာ ရင်ဆိုင် နေ ကြရမှာပါ။







ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

0 comments:

Post a Comment