
ကျွန်မ ဒီနေ့ အလုပ်မယ်မယ် ရရမရှိဘဲ စာရေးဖို့ မုဒ် မ၀င်ဘူးဖြစ်နေပါတယ်။ ကွန်နက်ရှင်က လည်း တော်တော်လေးကိုကျနေတော့ စိတ်ပျက် လက်ပျက်ဖြစ်နေတုန်း ခင်မင်ရတဲ့ အွန်လိုင်းက မိတ်ဆွေတွေဖြစ်တဲ့ မောင်လေး တစ်ယောက်နဲ့ ညီမလေး နှစ်ယောက်က ရင်ဖွင့်ရေးလာတဲ့ စာ၃စောင်ကို ထိုင်ဖတ်နေမိပါတယ်။ မောင်လေးကတော့ သူ့ဘ၀မှာ အဆင်မပြေတာတွေများ လွန်းလို့ စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်တဲ့။ နောက် ညီမလေးကတော့ အလုပ်လျှောက် ထားတာ အဆင်မပြေလို့စိတ်ပျက်လက်ပျက်ပြန်လာပြီး အစ်မဆိုက်ကို ၀င်ဖတ်ရင်း အစ်မကိုစာ ရေးမိတာပါတဲ့။ အဲ…နောက်ဆုံး တစ်ယောက်ကတော့ ဘာပြောလည်းဆိုတော့ … အင်း…ဒီပို့စ် ကိုဖတ်ရင်းနဲ့ အဆုံးကိုရောက်ရင် သိလာရမှာပါ။ ဒါနဲ့ ကျွန်မလည်း သူတို့ အကြောင်းစဉ်းစား နေမိရင်း ဒီပို့စ်လေးကိုရေး မိသွားရတာပါ။ စာရေးမိသွားစေတဲ့ အတွက် မောင်လေးနဲ့ ညီမလေး နှစ်ယောက်ကို ကျေးဇူးတင်မိပါတယ်ရှင်။
ကျွန်မလက်ရှိ အလုပ်မှာ အလုပ်ဝင်နေတာ၁၀စုနှစ် တစ်ခုကျော်ခဲ့ပါပြီ။ ဒီအလုပ်ကို မရခဲ့ခင်က အလုပ်တစ်ခုရဖို့ အတွက် ကျွန်မရဲ့ လက်ထဲမှာ CV Formတွေ တစ်ထပ်ကြီး မိထ္ထူပွားပြီး ရှိသမျှ သင့်တော်မယ့် အလုပ်တွေမှာ ဖြန့်ကျက်လျှောက်ထားခဲ့ရတာပါ။ အလုပ်က ဘယ်နားနေသေး လည်း မသိဘူး။ ကိုယ့်ကိုယ်ကို တယ်တော်တဲ့ ငါပါလား။ အလုပ် ၇ခုလောက်ကို တစ်ပြိုင်နက် တည်း ငါလျှောက်နိုင်တယ်၊ အလုပ်၆ခုက ငြင်းပယ်ပါစေဦး၊ အနည်းဆုံး တစ်ခုတော့ ငါရနိုင်တယ် ဆိုပြီး ဆို ကိုယ့်ဟာကိုယ် အားပေးမိသေးတယ်။ တကယ်ဘဲ တွေးထင်ထားတဲ့အတိုင်း အလုပ် ၆ခုကအကြောင်း အမျိုးမျိုးပြပြီး ငြင်းတာခံခဲ့ရတယ်။ ဒါပေမယ့် အခုထိ လက်ရှိလုပ်နေတဲ့ အလုပ် ကတော့ ကျွန်မကိုရွေးချယ်ခဲ့တယ်။
ဒီတော့ ကျွန်မဘာကိုစဉ်းစားမိသလည်းဆိုတော့ တစ်ခုခုကို တကယ်ဖြစ်ချင်တယ်ဆိုရင် ကျွန်မတို့ တစ်ကြိမ်မက ကြိုးစားအားထုတ်ဖို့ လိုအပ်တယ် ဆိုတာပါဘဲ။ ကျွန်မတို့ငယ်ငယ်ကသင်ခဲ့ရတဲ့ “မပုကြွယ်နဲ့ခရုငယ်” ပုံပြင်ထဲကလိုပေါ့။ သူမဟာ ဥာဏ်မကောင်းလို့ စာကိုကျက်မှတ်တဲ့နေရာမှာ အခက်အခဲတွေကြုံရပေမယ့် ခြံစည်းရိုးတိုင်မှာ တရွေ့ရွေ့တွယ်တက်နေတဲ့ ခရုငယ်လေးကိုကြည့် ပြီး ခရုငယ်လေးတောင် တစ်ဖန်တလဲလဲ ကြိုးစား ရင်း နောက်ဆုံး ခြံတိုင်ထိပ် ကို ရောက်သွားသေး တာဘဲဆိုပြီး သူလည်း ခရုငယ်ကို နမူနာယူလို့ ထပ်ခါတလဲလဲ ကြိုးစားကျက်မှတ်လိုက်တာ နောက်ဆုံး စာတွေကိုချောချောမောမောရသွားသတဲ့။ ဒါဟာ တမင်ရေးဆွဲထားတဲ့ ဖော်မြူ လာမဟုတ်ဘဲ လောကကြီးရဲ့ သဘာဝနိယာမ တစ်ခုပါဘဲ။
ကျွန်မစဉ်းစားမိတယ်။ ပန်းသီးပင်တစ်ပင်မှာ ပန်းသီး အလုံး၅၀၀သီးတယ်။ ပန်းသီး၁လုံးမှာ အစေ့ ၁၀စေ့ပါတယ်။ ဒါဆို.. ပန်းသီးအစေ့တွေ အလုံး ၅၀၀ကနေ အများကြီးရမှာဘဲ။ နောက်ထပ်အပင် အနည်းငယ်လောက် ထပ်စိုက်ပျိုးဖို့ ပန်းသီးစေ့တွေအများကြီး ဘာလို့လိုအပ်ဦး မှာလည်း ..လို့ စဉ်းစားမိရင်တော့ မှားပြီ။ ဘာကြောင့်လည်းဆိုတော့ အစေ့တိုင်းက အောင်မြင်ဖြစ်ထွန်းတဲ့ ပန်းသီးပင်တွေ ဖြစ်လာဖို့ မဖြစ်နိုင်လို့ပါဘဲရှင်။
ဒီနိယာမက ကျွန်မတို့ဘ၀မှာ အကြိမ်ကြိမ်ဆောင်ရွက်ဖို့ ကိစ္စတွေအတွက် ဘယ်တော့မှ စိတ်မ ပျက်စေဖို့ သတိပေးလိုက်သလိုပါဘဲနော်။ အလုပ် ကောင်းတစ်ခုရဖို့ အင်တာဗျုး အခု ၂၀လောက် ဖြေရလို့ ဘာမှမဖြစ်သွားပါဘူး။ အလုပ်သမားကောင်း တစ်ယောက်ရဖို့ လူအယောက်၄၀ လောက် အင်တာဗျုးသင့်ရင် ဗျုးရမှာဘဲနော်။ အိမ်တစ်လုံး၊ ကားတစ်စီး၊ အဲကွန်းတစ်လုံး၊ အကျီ င်္ တစ်ထည်၊ အတွေးအခေါ်တစ်ခု ရောင်းရဖို့ လူအယောက်၅၀ လောက်ကို စကားပြောဖို့ လိုအပ်ရင်လည်းပြောရမှာဘဲ။ သူငယ်ချင်းကောင်း တစ်ယောက်ကို ရဖို့ကိုလည်း လူပေါင်း၁၀၀လောက် နဲ့ သိကျွမ်းမိတ် ဆွေဖြစ်ခို့ လိုကောင်းလိုမှာပါဘဲနော်။
ဒီသစ်စေ့နိယာမကို ကျွန်မတို့သဘောပေါက်ရင် ကျွန်မတို့စိတ်ထဲ တစ်ဖန်တလဲလဲလုပ်ဆောင် နေရတာတွေ အပေါ်မှာ နားလည် သဘောပေါက်လာ လိမ့်မယ်ထင်ပါတယ်ရှင်။ ကျွန်မတို့ စိတ်ထဲ ဒုက္ခသည်တွေလို ခံစားနေရတာတွေလည်း ပျောက်ကွယ်သွားလိမ့်မယ်ထင်တယ်နော်။
သဘာဝတရားက ဥပဒေသတွေနဲ့ သူ့ဟာသူ ပြဌာန်းပြီးသားပါ။ ကျွန်မတို့ တစ်ဦး တစ်ယောက် ချင်းနဲ့ပဲ သက်ဆိုင်တယ်လို့ မှတ်ယူထားလို့ မရပါဘူးနော်။
အောင်မြင်နေကြတဲ့ လူတော်တော်များများဟာ မကြာခဏ ဆုံးရှုံးမှုတွေနဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့ ကြသူများပါ။ သူတို့က အစေ့များများစိုက်ကြတယ်။ ကျွန်မတို့လည်း စိတ်မပျက်ဘဲ အစေ့များများ စိုက်ကြပါစို့လားရှင်။
အဲ.. ခုနက အပေါ်မှာ နောက်ဆုံးညီမလေး တစ်ယောက်ဘာပြောလည်းဆိုတာကို သိချင်ကြ မှာဘဲနော်။ သူကပြောတယ် “ အစ်မ.. သမီး အသည်း ကွဲနေတာ ၄ရက်ရှိနေပြီတဲ့။ သမီး အရမ်းခံစားနေရတယ်။ ဘယ်လိုလုပ်ရမလည်းဟင်တဲ့ ” ။ ခုနအပေါ်မှာ ကျွန်မပြောခဲ့သလိုဆို ဒီညီမလေး ချစ်သူ ကောင်း တစ်ယောက်ရဖို့ကို ချစ်သူတွေ တစ်ယောက်ပြီး တစ်ယောက်ထားခိုင်း ရမလိုဖြစ်နေပြီ။ ဒီတော့ ညီမလေးရေ.. ဒီပို့စ်လေးက ညီမလေးရဲ့ အခက်အခဲအတွက် အကျုံးမ ၀င် ပါဘူးနော်။ မြသွေးနီတစ်ယောက် အသည်းကွဲနေသူအတွက် ကုစားနိုင်တဲ့နည်းလမ်းလေးများ ရှာဖွေကြည့်လိုက်ပါ ဦးမယ်နော်။ :)
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment