Sunday, February 14, 2010

ဗယ်လင်တိုင်းချစ်သူ


ကျွန်မမှာ ” ချစ်သူများနေ့ ” လို့ အမည်တပ် ခေါ်ဝေါ်ရမယ့် နေ့လေးတစ်နေ့ရှိခဲ့ဖူးတယ်။


အသက်က (၁၆)နှစ်၊ ကွေးကွေးကောက်ကောက် ဆံပင်လေးတွေက ယောကျာ်းလေးတန်မဲ့ လှလှပပ ခွေဝဲလို့။ သူက အရမ်းကို ရှက်ရွံ့ အားနာ တတ်သူတစ်ဦး။ ပုဆိုးအကွက်စိတ်စိတ် လေးတွေကို စပို့ရှပ် အရောင်နုလေးတွေနဲ့တွဲပြီး မက်မက်စက်စက် ၀တ် တတ်သူ။ အဆင် တန်ဆာဆိုလို့ လက်ပတ်နာရီတောင်မှ မပတ်သူ။ မနာလိုစရာကောင်း လောက်အောင် အမြဲ သန့်ရှင်းနေတတ်တဲ့ ကထ္ထီပါဖိနပ် တစ်ရံအောက်က သူ့ခြေအစုံ။ အိုး..အံ့သြဖွယ်ကောင်း လောက်အောင် ကျွန်မမှတ်မိနေတုန်းပါလား။ မနှစ်က ချစ်သူ များနေ့မှာထဲက သူ့ကို ကျွန်မ သတိရနေမိတယ်။ သူအခု ဘယ်မှာလည်း။ သူကျွန်မကိုရော သတိရပါဦးမလား။ သူနေကောင်း ကျန်းမာရဲ့လား။


ကျွန်မစိတ်တွေက ဟိုးအတိတ်ကို တဖြည်းဖြည်း ပြန်ရောက်သွားမိတယ်။ ဟိုး…… လွန်ခဲ့တဲ့ နှစ်ကာလ များစွာဆီကိုပေါ့။


သူက ကျောင်းမှာ စာတော်လို့ ထင်ရှားသူ၊ ကျောင်းကောင်စီမှာလည်း အတွင်းရေးမှူး တာဝန် ယူထားရတော့ ဆရာမတွေက သူ့ဆို ဘယ်တော့မှ လက်မလွတ်ဘူး။ ကျွန်မကတော့ နေရာတကာ စပ်စပ်နဲ့ ပါတတ်သူ ဆိုတော့ ကျောင်းကလုပ်တဲ့ ဘယ်ကိစ္စ မဆို၊ ဘယ်ပွဲ မဆို သူနဲ့ ကျွန်မ မကြာ ခဏ ဆုံတွေ့နေဖြစ်တယ်။ သူက ကျောင်းသူတွေကြားထဲမှာ တော်တော်ရေပန်းစားတယ်။ ဘယ်မိန်းကလေးကိုမှ စိတ်ဝင်စားဟန်မပြပဲ ဖာသိဖာသာ နေတတ်တဲ့ သူ့ပုံစံက ပိုဆွဲဆောင်စရာ ကောင်းနေလားမသိ။ ကျွန်မက လည်း ဘုဂလန့်။ ရုပ်ရှင်တောင် နာမည်ကြီးမင်းသား၊ မင်းသမီးပါ တဲ့ကား ဆိုမကြည့်။ စားစရာ ၀ယ်စားရင်လည်း လူများတဲ့ နာမည်ကြီးဆိုင်မျိုး ဘယ်တော့မှမစား။ အ၀တ်အစားဆိုလည်း ခောတ်စားပြီး လူတကာ ၀တ် နေတဲ့ အ၀တ်မျိုးဆို ယောင်လို့ တောင် မ၀တ်တတ်သူ။ ဒီလို လူစားမျိုး ကျွန်မအတွက် သူ့ကို သာမန် သူငယ်ချင်း တစ်ယောက်ထက် ပိုပြီး ဂရုမပြု မိတာ မဆန်း ပါဘူးနော်။


အဲ.. ဒါပေမယ့် ဆန်းလာတာကတော့ သူ..။ ချစ်သူများနေ့ တစ်ရက်မှာပေါ့။ အတန်းထဲက မိန်းကလေး၊ ယောကျာ်းလေး တော် တော် များများက အဲ့ဒီနေ့ အတွက် ရင်ခုန်လှုပ်ရှားနေကြ ချိန်မှာ သူများနဲ့ မတူတတ်တဲ့ ကျွန်မကတော့ မျက်မှန်တ၀င့်ဝင့်နဲ့ ညနေအငှားဆိုင်ကို ပြန် အပ်ရမယ့် မြတ်ငြိမ်းရဲ့ ဘာသာပြန်စာအုပ်တစ်အုပ်ကို အသည်းအသန် အပြီးသတ် ဖတ်နေချိန်။ သူ.. ကျွန်မအနားရောက်လာတယ်။ ပြီးတော့ ရိုးရိုးရှင်းရှင်းပဲ..


” ကျွန်တော် ခင်ဗျားကို ပေးစရာရှိတယ်။ ဒီမှာ.. ယူပါနော် ” ..လို့ပြောပြီး ကျွန်မလက်ထဲ အပြာရောင် စာအိတ်လေးတစ်ခု အတင်း ထည့်ပေး သွားတယ်။


ကျွန်မ ရုတ်တရက်မို့ အံ့သြသင့်သွားတယ်။ မမျှော်လင့်ပဲ ရန်သူရဲ့ ခြုံခိုတိုက်ခိုက်တာ ခံလိုက်ရသူလို ကျွန်မရင်တွေ ပရန်းပတာ ခုန်သွားမိတယ်။ ကျွန်မ အိမ်ရောက်တာနဲ့ အိပ်ခန်းထဲ ပြေးဝင်ပြီး မွှေးပျံ့နေတဲ့ စာအိတ်လေးထဲက အပြာရောင်ကဒ်လေးကို ရင်တခုန်ခုန်နဲ့ ထုတ်ယူဖတ် လိုက်မိ တယ်။ ကဒ်လေးပေါ်မှာတော့ တဖျတ်ဖျတ်တောက်ပနေတဲ့ ငွေကြယ်ပွင့်လေးတွေ ရောယှက် ထားတဲ့ အပြာရောင်ရောင် အသည်းပုံလေးထဲမှာ “ မင်းကို..ကိုယ်ချစ်တယ် ” လို့ရေးထားတဲ့ အင်္ဂလိပ်စာကြောင်းလေးက ကျွန်မကို ညှို့ယူလိုက်ပါပြီ။ အဲ့ဒီစာကြောင်းလေး တစ်ကြောင်းကိုပဲ စိတ်လှုပ် ရှားစွာနဲ့ အကြိမ်နှစ်ဆယ်လောက်ဖတ်အပြီးမှာတော့ စာကြည့် စားပွဲ အံဆွဲထဲက စာအုပ်တွေ ကြားမှာ ၀ှက်ထားလိုက်မိတယ်။



ကျွန်မမောင်လေးဖြစ်သူသာဒီအံဆွဲလေးကို မဖွင့်ခဲ့မိဘူး ဆိုရင်၊ ဒီအံဆွဲလေးထဲမှာ ၀ှက်ထားတဲ့ အပြာရောင် ကဒ်လေးကို စောလျှင်စွာ မတွေ့ခဲ့ဖူး ဆိုရင်၊ သူနဲ့ ကျွန်မဟာ အခုအချိန်မှာ ဘ၀တစ် ခုကို အတူတူလျှောက်လှမ်းမနေဖူးလို့ ဘယ်သူက ပြောနိုင်မလည်းနော်။ မောင်လေးက တဆင့် စည်းကမ်းတင်းကြပ်တဲ့ မေမေ့လက်ထဲ ဒီကဒ်လေးရောက်သွားချိန်မှာတော့ ကျွန်မနဲ့ သူ့ဇာတ် လမ်းက ဘာမှတောင် မစရသေးခင်မှာဘဲ အဆုံး သတ်ခဲ့ရတယ်။


သူ့ကို ကျွန်မစာတစ်စောင် ပြန်ခဲ့တယ်။ ” မေမေက ခွင့်မပြုလို့ ကျွန်မတို့ရှေ့မဆက်တာ ပိုကောင်းမယ် ” ဆိုပြီး စာထဲမှာရေးခဲ့တယ်။ အတန်းထဲမှာ ကျွန်မ သူ့ကို အထူးတလည် ရှောင်ရှား နေစရာ မလိုပါဘူး။ သူကလည်း ယောကျာင်္းလေးတန်မယ့် သိမ်မွေ့လွန်း သူဆိုတော့ ကျွန်မကို ထပ်ပြီး အတင်းအကြပ် ဘာမှ မတောင်းဆိုရှာပါဘူး။ ဒါပေမယ့် နူးညံ့တဲ့ သူ့မျက်ဝန်းတွေဆီက အဓိပ္ပာယ် ပြည့်ဝတဲ့ အကြည့်တွေကတော့ မကြာခဏ ဆိုသလို ကျွန်မရဲ့ မျက်ဝန်းအစုံနဲ့ ခလုတ်တိုက်မိပါရဲ့။


တစ်နေ့..။ အဲ့ဒီနေ့လေးကို မှတ်မိနေပါသေးတယ်။ သူ့ ဖေဖေအလုပ်ကိစ္စနဲ့ သူတို့ မိသားစု အားလုံး နယ်ကိုပြောင်းရမယ်တဲ့။ မပြောင်းခင်တစ်ရက် သူ့မေမေက ကျွန်မအပါအ၀င် သူငယ်ချင်းအချို့ကို ခြံထဲမှာ နှုတ်ဆက်ပွဲအသေးလေး ကျင်းပပေးတယ်။ ကျွန်မတို့ နှစ်ယောက် လုံး သူငယ်ချင်းတွေ ကြားထဲမှာ ဟန်ဆောင်အားတင်းထားရတယ်။ သူ့ မျက်ဝန်း ညိုညိုတွေက ဆွေးဆွေး မြေ့မြေ့ ရှိနေလိုက်တာ။ ကျွန်မကရော..။ ကြေကွဲနေတဲ့ သူ့ရဲ့ မျက်ဝန်း အစုံကို ငေးကြည့်နေယုံမှ လွဲလို့ ဘာများတတ်နိုင်ဦး မှာလည်း။ ပြန်ခါနီး ခြံတံခါးအ၀ထိ သူလိုက်ပို့ ပေးချိန်မှာတော့ သူ့မျက်ဝန်းကို မရင် ဆိုင်ပဲ ” နှုတ်ဆက်ပါတယ် ” ဆိုတဲ့ စကားကို အားယူ ပြောခဲ့ရတယ်။ ကျွန်မဘယ်တော့မှ မမေ့ပါဘူး။ ” အဆင်ပြေပါစေ ” လို့ ပြောလာတဲ့ သူ့ကို ကြည့် လိုက်တော့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ကျွန်မကို မမှိတ်မသုန် ကြည့်နေလို့ရယ်။ ဒီလိုနဲ့ ကျွန်မတို့ဝေးခဲ့ကြတယ်။ ဘယ်တော့မှ ပြန်ဆုံ နိုင်တော့မယ် မထင်ခဲ့တဲ့အထိပါဘဲ။


လောကကြီးမှာ မထင်မှတ်တာတွေဟာ တစ်ခါ တစ်ခါမှာ ဖြစ်လာတတ်တယ်။ အဲ့ဒီလောက် အချိန်တွေ နှစ်တွေ ကာလအကြာကြီး ဝေးနေခဲ့ရတဲ့ သူနှစ်ယောက်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ထပ်မံပြန်ဆုံတွေ့ဖို့ အခွင့်အရေးရလာပြန်တယ်ဆိုရင် ထူးဆန်းနေ မလားပဲနော်။


သူငယ်ချင်း တစ်ယောက်ကနေတဆင့် သူရန်ကုန်မှာ ရှိနေတယ်ဆိုတာကို အံ့သြစဖွယ် သိလိုက် ရတယ်။ ကျွန်မရဲ့ လက် ကိုင် ဖုန်းနံပါတ်ကိုလည်း သူ့ကို ပေးလိုက်ကြောင်း သူငယ်ချင်းက ပြောပြတယ်။ ကျွန်မရဲ့စိတ်တွေက ဟိုး.. အတိတ် ကို ချက်ချင်း ပျံ့လွင့်သွားတယ်။ အခုအချိန်ဆို သူရဲ့မျက်နှာမှာ အရေးအကြောင်းတွေများ ပေါ်နေပြီလား။ သူရဲ့အပြုံးတွေက ရော အရင်လိုပဲ ဆွဲဆောင်မှု ရှိနေဆဲပဲလား။ သူရော အခု ဘယ်ဌာနတွေမှာ အလုပ်တွေ လုပ်နေပြီလည်း။ ကျွန်မ အတွေး တွေ တစ်သီကြီး ပွားနေမိတော့တယ်။


နောက်တစ်နေ့ ညနေခင်းမှာတော့ သူ့ဆီကဖုန်းဝင်လာတယ်။ လက်ကိုင်ဖုန်း သေးသေးလေးကို မလွတ်ကျအောင် အားတင်းပြီိး ကိုင်ထားရတယ်။


” ကျွန်တော့ကို မှတ်မိလား ” လို့ သူက စတင်နှုတ်ဆက်တယ်။


” မှတ်မိပါတယ်။ ဘယ်မေ့ပါ့မလည်း.. ဒီအသံကြီးကို ”


“ဟားဟား.. မင်းက ငယ်ငယ်တုန်းက အတိုင်းပဲနော်၊ စကားပြောပုံက ဘာမှ မပြောင်းလဲသေးဘူး ”


” ရှင်ရော.. ကတ္တီပါခြေညှပ် ဖိနပ်တွေ စီးတုန်းပဲလား ”


” အင်း.. တစ်ခါတစ်ရံတော့ စီးဖြစ်ပါတယ်။ ဒါနဲ့ မင်းရော ဆံပင်တွေကို ငယ်ထိပ်မှာ မြင်းမြှီးလို စုချည်တုန်းပဲလား “


” ဘယ်ကသာ..။ ကျွန်မက အခု ဗစ်တိုးရီးယားဘက်ခမ်လို ဆံပင်အတိုညှပ်ထားတာရှင့်။ ရန်ကုန် နေက ပူလွန်းတော့ မခံနိုင်ဖူးလေ “


” ကျွန်တော် အခုလို ခင်ဗျားနဲ့ ပြန်ဆုံခွင့်ရမယ်လို့ တကယ်မထင်ခဲ့ဘူး။ ၀မ်းသာစရာဗျာ ”


” ကျွန်မလည်း အခုတောင် အိမ်မက်လို့ ထင်နေမိသေး ”


သူနဲ့ ကျွန်မဖုန်းထဲမှာ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း တစ်နာရီ နီးပါး ကြာသွားကြတယ်။ အသက်တွေက ဟိုး.. အဝေးက ကာလတစ်ခုဆီ ကလို ပြန်လည်နုပျို သွားသလိုပဲ ။ ကျွန်မတို့ အတူ ရယ်မောကြတယ်။ စကားတွေ လုပြောကြတယ်။ မေးခွန်းတွေ အပြန်အလှန် ထုတ်ကြတယ်။ ဒီလိုပြောနေရင်းနဲ့ သူ့နှုတ်က သူ့သမီးလေး နှစ်ယောက် အကြောင်း ရုတ်တရက် ရောက်သွား တယ်။ သူ့ပြောပြတဲ့ ချစ်စရာ သမီးလေးတွေ အကြောင်း နားထောင်နေရင်း ကျွန်မ အိမ်မက်က လန့်နိုးလာသူလို ဖြစ်လာတယ်။ သူက လာမယ့် တနင်္ဂနွေနေ့မှာ သူနဲ့ အတူညစာစားဖို့ ဆိုင်တစ် ဆိုင်ကို ချိန်းတယ်။ စာပွဲနံပါတ် (၅) မှာ ည (၇)နာရီကနေစပြီး သူရှိနေ မယ်လို့ ပြောပြီး သူဖုန်းကို ချသွားခဲ့တယ်။ သူပြောတဲ့ တနင်္ဂနွေနေ့ကို ပြက္ခဒိန် မှာ ကြည့်လိုက်တော့ တိုက်တိုက် ဆိုင်ဆိုင် ဖေဖော်ဝါရီလ (၁၄) ရက်၊ ချစ်သူများနေ့ဖြစ်နေတယ်။


ဖေဖော်ဝါရီလ (၁၄) ရက်၊ ချစ်သူများနေ့။ ည (၇)နာရီ ။ အိပ်မက်ကမ္ဘာ စားသောက်ဆိုင်။ စားပွဲ နံပါတ်(၅) ။


စားပွဲမှာ ကျွန်မနေရာယူလိုက်တယ်။ သူကရောက်မလာသေး။ ဗယ်လင်တိုင်းနေ့ မို့လို့လားမသိ။ ဆိုင်လေးက ကျွန်မထင်ထား တာထက် ပိုပြီး ရိုမန်တစ်ဆန် နေတယ်။ ငြိမ့်ညောင်းတဲ့ အချစ်သီချင်း တီးလုံးလေးတွေက နံရံလေးဖက်က အအေးဓာတ်နဲ့ အတူ စိမ့်ထွက်နေတယ်။ စားပွဲတိုင်းမှာ လှပမွှေးပျံ့တဲ့ ဖယောင်းတိုင်လေးတွေ ထွန်းညှိလို့။ နံရံကပ် မှန်ကန်ထဲ ရွှေငါးရောင်စုံလေး တွေက တဖျတ်ဖျတ် ကူးခတ်လို့။ ကျွန်မ ရင်ထဲမှာ လည်း…။


ခနနေတော့။ စားပွဲထိုးလေးရောက်လာတယ်။


” စားပွဲနံပါတ်(၅)က အစ်မ အတွက် ဖုန်းလာ ထားပါတယ်။ အရေးကြီး ကိစ္စလေးပေါ်လာလို့ (၁)နာရီလောက် နောက်ကျမယ်လို့ပြောပါတယ်။ ကျေးဇူးပြုပြီး စောင့်ပေးပါ။ ဆက်ဆက်လာမယ်လို့ မှာပါတယ် ခင်ဗျာ..”


သူနောက်ကျတာက ကျွန်မအတွက် တစ်ခဏတာ စိတ်သက်သာရာ ရသွားစေတယ်။ တကယ် တော့ တစ်နေ့လုံး ကျွန်မ ရင် ထဲ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ စိတ်နဲ့ပဲ ဒီနေ့ ဒီနေရာကို ကျွန်မ ရောက်လာခဲ့တာ။ အေးမြကျယ်ဝန်းတဲ့ ဒီဆိုင်လေးမှာ ထိုင်နေရင်း က ကျွန်မစိတ်တွေ ကျဉ်းကြပ် လာတယ်။ ကျွန်မ ဆိုင်အပြင်ကို ခဏလမ်းလျှောက် ထွက် ခဲ့တယ်။ သူလာကာ နီး ဘာတွေများ အဆင်မပြေဖြစ်နေပါလိမ့်။ ကျွန်မနဲ့တွေ့ဖို့အတွက် သူ့အမျိုးသမီးနဲ့များ စကားများ ရန်ဖြစ်နေ ရလို့လား။ ဒါမှမဟုတ် သူ့ သမီး လေးတွေများ နေမကောင်းလို့လား။ တောင်စဉ်ရေမရ စဉ်းစား နေမိရင်း စိတ်ထဲ ရုတ်တရက် အသိ တစ်ခု လက်ကနဲ ပေါ်လာ မိတယ်။


” ဘ၀ဆိုတာ လက်တွေ့ဆန်မှ နေပျော်စရာကောင်းတယ် “ ဆိုတဲ့ ကျွန်မ မေမေရဲ့ စကားက ကျွန်မနားဝမှာ ကြားယောင်လာ မိတယ်။ စိတ်ကူးယဉ် ဆန်ဆန်၊ သူရဲကောင်းဆန်ဆန် အပြုအမူမျိုး ကျွန်မ မလုပ်ချင်တော့။ ကျွန်မ အိပ်မက်က လန့်နိုးလာခဲ့ပြီ။


စားသောက်ဆိုင်နဲ့ မနီးမဝေးမှာရှိတဲ့ စာရေးကရိယာဆိုင်ကို ကျွန်မ ဦးတည်လိုက်တယ်။ ဖြူဆွတ် နေတဲ့ စာရွက်တစ်ရွက်နဲ့ စာအိတ်တစ်လုံးကို ကျွန်မ ရွေးချယ်လိုက်တယ်။ ဖြူဖွေးနေတဲ့ စာရေးစက္ကူပေါ်မှာ ချရေးလိုက်တဲ့ ကျွန်မရဲ့ စာလုံးတွေက ပေါ့ပါး သွက်လက် နေတော့တယ်။


သို့…


ဒီနေ့ည ဆုံတွေ့ကြရင် ကျွန်မတို့ တစ်တွေ သိပ်ပျော်စရာကောင်းမှာပဲလို့ယုံကြည်မိပါတယ်။ ဒါပေမယ့်… အခု အချိန်မှာ ကျွန်မ ပြောချင်တာက ဟိုးတချိန်က ကျွန်မပြောခွင့်မရလိုက်တဲ့ ရှင်ပေးခဲ့တဲ့ ချစ်သူများနေ့ကဒ်လေးအတွက် ကျေးဇူးတင် ကြောင်းကို ပါဘဲ။ ဒီအတွက် ရှင့်ကို ကျွန်မ အမှတ်ရနေမှာပါ။ နောင်တစ်ကြိမ် ထပ်ပြီိး ဆုံတွေ့ဖို့ အခွင့်အရေး ရမယ်ဆိုရင် ရှင့်မိသားစုနဲ့ အတူတူ ညစာလက်ဆုံ စားခွင့်ရချင်ပါတယ်။


ခင်မင်စွာ…



စာအိတ်ပေါ်မှာ သူ့နာမည်ကို ရေးထိုးလိုက်တယ်။ ဆိုင်ထဲကို ကျွန်မပြန်ရောက်တော့ စာအိတ်လေးကို နှစ်သက်စွာ ဖြူစင်စွာ ငုံ့မွှေး လိုက်မိတယ်။ ပြီးတော့.. စားပွဲနံပါတ်(၅)ရဲ့ နှင်းဆီပန်းအိုး လေးအောက်မှာ အသာအယာ ဖိထား ခဲ့ လိုက် တယ်။


ကျွန်မခြေလှမ်းတွေက ဆိုင်တံခါးဝဆီကို ဖွဖွသာသာလှမ်းလျှက်…။


Chuck Thompson၏ My Favorite Valentine ကို မြသွေးနီ ပြန်လည် ခံစားရေးဖွဲ့သည်။







ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

0 comments:

Post a Comment