Tuesday, February 9, 2010

ပူဖောင်းလေးတွေရမယ်.. ပူဖောင်း



ဖရက်(ခ) ဒဲလ်ဖီချီရို ။ သူဟာ မန်ဆာချူးဆက် ပြည်နယ်မှာနေထိုင်သူ။ သူက အီတလီကနေ အမေရိကန်မှာ လာရောက် အခြေချ နေထိုင်သူ တစ်ဦး ပါ။ အလုပ်အရမ်း ကြိုးစားတဲ့ သူတစ်ယောက်။ သူ့မှာ သားနှစ်ယောက်ရှိတဲ့ အတွက် သားတွေ ကောလိပ် တက်နိုင်ဖို့ သူကြိုးစား အလုပ်လုပ် ရတာ ပေါ့။ ဒါပေမယ့် သူက သူ့သားတွေကို သူလုပ်နေတဲ့ အလုပ်ကို မလုပ် စေချင်ဘူး။ ဒါဆိုသူ့အလုပ်က ဘာလည်း . ..? ။


ပူဖောင်းလေးတွေရမယ်.. ပူဖောင်းလေးတွေရမယ်..ရောင်စုံပူဖောင်းလေးတွေရမယ်..။


သူက ပူဖောင်းသည် တစ်ဦးပါ။ သူ့ကို ပူဖောင်းတွေ ဘယ်တုန်းထဲက စရောင်းတာလည်းလို့ မေးကြည့်တော့..


“ အင်း.. ဘယ်နှစ်က စရောင်းတာလည်း ဆိုတော့ ကျုပ်မိန်းမရပြီး ၂နှစ်လောက် အထိအလုပ်ရှာ နေတုန်းဗျ။ ဆိုတော့..၁၉၃၀ ခုနှစ်ထဲကရောင်းခဲ့တာ ပေါ့။ အနှစ် ၅၀ လုံးလုံး ပူဖောင်းရောင်းစားတယ်ပေါ့ဗျာ ” ..လို့ ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ဖြေလေတယ်။


ဖရက်(ခ)က ဘော့စတွန်တစ်ဝိုက်မှာ ပူဖောင်းမြောက်များစွာရောင်းခဲ့သူပါ။ သူကရောင်းလည်း ရောင်း၊ ပေးလည်းပေးသူပါ။ သူ့ ဖောက်သည် တွေက တော့ သိကြတဲ့ အတိုင်း ကလေးတွေဘဲပေါ့။ ပူဖောင်းရောင်းရင်း ပူဖောင်းတွေလက်ဆောင်ပေးရင်း ကလေးတွေနဲ့ မိတ်ဖွဲ့ရတယ်။ ပူဖောင်း ရောင်းရ ငွေကို သူစုတယ်။ သူ့သားနှစ်ယောက်လုံးကို သူ့လို ပူဖောင်းသည် မဖြစ်စေဘို့က သူ့အတွက် အရေးကြီးဆုံးပန်းတိုင်ဘဲ။ နှစ်၅၀ပတ်လုံး ပူဖောင်း ရောင်း ရင်း သူ့သားနှစ်ယောက် ကို ပညာ ဆုံးခန်းတိုင်စေရတယ်။


စောစောပိုင်းကာလတွေက ဟယ်လီယံ ဓာတ်ငွေ့ပူဖောင်းတွေ မပေါ်သေးဘူး။ အဲ့ဒီအချိန်တွေမှာ ဘယ်လိုပုံစံရောင်းခဲ့ရလည်းလို့ မေးကြည့်တော့ ..


“ ဟာ.. ကျွန်တော် ပူဖောင်း စရောင်းတုန်းက ဓာတ်ငွေ့ ပူဖောင်းတွေ ဘယ်ပေါ်လိမ့်ဦးမလဲ။ လက်နဲ့ လုပ်တဲ့ ပူဖောင်းတွေဘဲ ပေါ်သေးတာ။ ရာဘာ တွေကလည်း ထူမှထူဘဲ။ ပါးစပ်နဲ့ တစ်အားမှုတ်မှ လေ၀င်တယ်။ မှုတ်ရသမှ မျက်လုံးတောင်ကျွတ်ထွက်မတတ်ပါဘဲ။ နားကလည်း လေ တွေ ထွက် လို့ပေါ့။ နောက်ဆုံး မျက်ရည်တွေပါထွက်လာပါရောဗျာ။ ဒီလိုဖြစ်တိုင်း ငါတော့ ဘယ်လောက်အထိကြာအောင် ဒီအလုပ်ကို လုပ်ရ မှာပါလိမ့် လို့ အမြဲစဉ်းစား မိတယ် “


ကလေးတစ်ယောက်က သူ့အနားကပ်လာတယ်။


” ပူဖောင်းတစ်ခုပေးပါ “


” မင်းပြုံးပြရင် ငါအကောင်းဆုံး ပူဖောင်းတစ်လုံးပေးမယ် “


ကလေးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပြလေတယ်။ သူကပြောတယ်။ ပူဖောင်းဆိုတာ တကယ် တော့ ကလေးတွေ အတွက်ပါဘဲ။ ကလေးများက ပူဖောင်းသည် သူ့အနားမှာ အမြဲကို ၀ိုင်းဝိုင်း လည်နေတတ်တယ်။


” ကျွန်တော် အပြာရောင်လေး လိုချင်တယ်။ ဘာကြောင့်လည်းဆိုတော့ .. “


” ဟေ့.. ဟေ့.. နေပါဦးကွာ။ သွား.. မင်းရဲ့ ညီမလေးကို သွားခေါ်ခဲ့။ ဦးလေးက သူ့အတွက် ပူဖောင်းတစ်လုံး သတ်သတ် လက်ဆောင်ပေးပါ့မယ် “


” မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော့ ပူဖောင်း မိုးပေါ်လွတ်သွားလို့ပါ “


“ မင်းကို မြဲမြဲကိုင်ထားလို့ ပြောထားလျှက်နဲ့ကွယ်။ ခုတော့ ဖြစ်ပြီ။ ကဲ..လာ မင်းကို ဦး ကြိုးသေခြာချည်ပေးမယ် “



ဖရက်(ခ)ရဲ့ သားအကြီးက ပြောတယ်။


“ ကျွန်တော် ကလေးတုန်းက အဖေနဲ့ပူဖောင်းရောင်းရင် လိုက်သွားတယ်။ အဖေ ပူဖောင်းရောင်း တာကို ကြည့်ရတာ စိတ်ကုန်တယ်ဗျာ။ ၀ယ်သူ တစ်ယောက်လာရင် သူ့မှာ မပြီးနိုင်တော့ဘူး။ အချိန်သိပ်ကုန်တယ်။ တခြားတစ်နေရာကို သွားရောင်းရမှာကို မရောင်းနိုင်တော့ဘူး။ ကလေးကို ကြိုးချည်ပေးရတာနဲ့။ ပေါက်သွားလို့ အစားတစ်လုံး ပြန်မှုတ်ပေးရတာနဲ့။ တခြား ပူဖောင်း သည် ဆို နောက်တစ်လုံးဝယ်ဘဲ။ ဘယ် အစားပေး လိမ့်မတုန်း “


ဒီတော့ သားအငယ်ကလည်း အားကျမခံ..


“ အဖေက သိပ်ပြီးအလုပ်လုပ်နိုင်တဲ့သူပါ။ အင်မတန် ပင်ပန်းလှပါတယ်။ အဖေအမြဲပြောတတ် တာကို ကျွန်တော် အသက် ၂၀ လောက်အထိ သတိ ရနေပါတယ်။ အဖေကဘာပြောလည်းဆိုရင် မင်းတို့ ပူဖောင်းသည် မဖြစ်ရအောင် စာကြိုးကြစား..တဲ့ “


ဖရက်(ခ)ရဲ့ အဓိက ရည်မှန်းချက်က သူ့သားတွေကို ပညာတတ်ဖြစ်စေချင်တာပါဘဲ။ သူ့ရည်မှန်း ချက် ပြည့်ဝခဲ့ပါတယ်။ သားအကြီး ဂျိုးက မန်ဆာ ချုးဆက် တက္ကသိုလ်က ၀ိဇ္ဇာဘွဲ့ရခဲ့တယ်။ သားအငယ် ဖရက်(ခ်)ဂျုနီယာကလည်း တတ်(ပ) နဲ့ ဟားဗတ်(စ)ဥပဒေကျောင်းက ဘွဲ့တွေရ ခဲ့ တယ်။ သူတို့နှစ်ယောက်လုံး အစိုးရဌာနတွေမှာ အလုပ်ကောင်းတွေ ကိုယ်စီရခဲ့ကြတယ်။


အဲ့ဒီလို ဖရက်(ခ) ဒဲလ်ဖီချီရိုရဲ့ နှစ်၅၀ကြာ အားထုတ်ကြိုးပမ်းပြီိး သူ့သားတွေ တက္ကသိုလ်က ဘွဲ့အသီးသီးရသွားကြပြီး နောက်ဆုံးဘာတွေဖြစ် သွားကြသလဲ။


နောက်ဆုံး သူတို့အားလုံး ပူဖောင်းသည်တွေဖြစ်လာကြတယ်။ ဂျိုးက အစိုးရ အလုပ်ကထွက်ပြီး ၀ါရှင်တန်မှာ ဗလွန်းဗူကေး လို့ခေါ် တဲ့ပူဖောင်း ပန်းဆိုင် ကြီး ဖွင့်တယ်။ နောက် နယူးယောက်။ ချီကာဂို၊လော့(စ)အိန်ဂျလီ(စ)၊ ဖီလာဒဲလ်ဖီးယား၊ ဆန်ဖရဲန်စစ္စကိုနဲ့ အခြားမြို့ကြီး ၆မြို့အထိ ပူ ဖောင်းလုပ် ငန်း ကို တိုးချဲ့လိုက်တယ်။


ဖရက်(ခ)ဂျူနီယာကလည်း သူ့ရဲ့ အချိန်ပိုမှာ ဘော့စတွန်က ဆိုင်ခွဲကို ကြီးကြပ်ပေးတယ်။ သူ့ဇနီး မာရီယန်က ပူဖောင်းဖြန့်ချီရေးမှာ တာဝန်ယူ ပေးတယ်။


သူတို့ရဲ့ ပူဖောင်းတွေ အမေရိကန်မြို့အနှံ့အပြားမှာ ရောင်းနေရတယ်။ လူတွေက မွေးနေ့ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ရန်ပုံငွေပွဲတွေမှာ အလှအပ ချိတ်ဆွဲဖို့ အော်ဒါတွေမှာကြတယ်။ ပူဖောင်းတွေ ထောင်နဲ့ချီရောင်းရလေတော့ အဲ့ဒီလို ဖရက်(ခ) ဒဲလ်ဖီချီရိုရဲ့ သားနှစ်ယောက်လုံး သူဌေးတွေဖြစ် ကြီးပွားကုန်တော့တာပါဘဲ။


” အဖေ့ စကားနားမထောင်တဲ့ ကလေးတွေကို ခင်ဗျားတို့ ဘာလုပ်ကြမလဲ ” လို့ ဖရက်(ခ)က ပြုံးပြုံးကြီး မေးတတ်တယ်။



မိဘဆိုတာသားသမီးတွေကောင်းစားတာဘဲမြင်ချင်ကြတယ်။သားသမီးဆိုတာကလည်းတတ်နိုင်ရင်မိဘတွေကိုကူ ညီလုပ်ကိုင် ပေးချင်ကြ တာ ချည်းပါဘဲ။ သားသမီးတွေကလည်း မိဘတွေရဲ့ ဘယ်အလုပ်ကိုမဆို သိမ်ငယ်တဲ့ စိတ်နဲ့ မမြင်သင့်ပါဘူး။ မိသားစုအပေါ်မှာထားတဲ့ မိဘရဲ့ မွန်မြတ် တဲ့စိတ်ကို သားသမီးတိုင်းက လေးစားရမှာပါဘဲ။ ကျွန်မ ပတ်ဝန်းကျင်မှာလည်း ဥပဒေဘွဲ့ရ ညပိုင်း မိသားစုရဲ့ အပိုဝင်ငွေ အတွက် ဆိုက်ကား နင်း တဲ့ ဖခင်မျိုး၊ ကုန်စိမ်း ရောင်းပြီး သမီးကို ဆေးတက္ကသိုလ်ပို့ပေးတဲ့ မိခင်မျိုး၊ ဖခင်ဖြစ်သူနဲ့ မရှက်မရွံ့ မုန့်ဟင်းခါး အတူ ရောင်း ပေးတဲ့ တက္ကသိုလ် ကျောင်းသားလေးမျိုး တွေရှိနေကြပါတယ်။ တကယ်တော့ ဘယ်အလုပ်မဆို သမာအာဇီဝ သာဖြစ်ရင် တန်ဘိုးရှိလှပါတယ်။ ဖရက် (ခ) တို့ မိသား စုလို အပြန်အလှန် လေးစားစိတ်နဲ့ ပံ့ပိုးကူညီကြရင် မိသားစု ဘ၀တွေဟာ ငြိမ်းချမ်းနေမှာ မလွဲပါ ဘူးရှင်။




< Charles Kuralt ရဲ့ On The Road With Charles Kuralt မှ ပူဖောင်းရောင်းသူကို ခံစားရေးဖွဲ့ပြန်ဆိုပါသည်။ >





ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

0 comments:

Post a Comment