Tuesday, February 2, 2010

Blogဂါ.. Blogစာ.. Blogနာ


ကျွန်မ ဒီပို့စ်လေးကိုလည်း ကျွန်မ ဘလော့ဂ်လေး စတင်တဲ့ တစ်လပြည့် အမှတ်တရ အနေနဲ့ ရေးချင်မိပြန်တယ်။ နုနယ်တဲ့ စာရေးသက် တစ်လ အတွင်းမှာ ကျွန်မအနေနဲ့ ဒီဘလော့ဂ်လေးအတွက် နေ့စဉ် မလွှဲမသွေ ကြုံတွေ့နေရတဲ့ အချက်လေး (၃)ချက်ကို ခေါင်းစဉ်လေး ခွဲပြီး ကျွန်မ တစ်ဦးထဲရဲ့ ပုဂ္ဂလအမြင်လေးနဲ့ ပြောပြ ချင်နေမိတယ်။


Blogဂါ…ဆိုတာကို Blogger (အွန်လိုင်းမှာစာရေးသူ) ကို ကျွန်မဆိုလိုချင်တာ မဟုတ်ပါဘူး။ အွန်လိုင်း မှာ စာရေးသူ Blogger ဆိုတာကို အွန်လိုင်း နဲ့ထိတွေ့ သူ တော်တော်များများက သိထားပြီးသားပါ။ ကျွန်မအခုပြောမယ့် Blogဂါ ဆိုတာက ဘလော့ဂ်အတွက် ဘဲ အချိန်တော်တော် များများမှာ စဉ်းစားနေမိတာ။ ငါ့ ဘလော့ဂ်လေးကို ဘာလေးတွေ ထပ်ဖြည့်ရင်ကောင်းမလဲ၊ စာဖတ်သူတွေ မရိုးရအောင် ဘာပို့စ်လေးတွေ တင်ရင်ကောင်းမလဲ၊ ဘာပုံလေးတွေနဲ့ တွဲဖက်တင်ရင်ကောင်းမလဲ၊ ငါ့ရေးတဲ့ စာတွေမှာ စာဖတ်သူ ကိုပေးချင်တဲ့ မက်ဆေ့ခ်ျကဘာလည်း၊ အစသာရှိပြီး အဆုံးမရှိ တဲ့ အတွေးရေယာဉ်ကြောမှာ နစ်မွန်းပြီး အိပ်မက်ထဲတောင် ဘလော့ဂ် တွေ ရေးနေမိတဲ့အတွက်၊ ဒီဘလော့ဂ်လေး အတွက် ရောဂါဝေဒနာ တစ်ခုလို ခံစားနေရတဲ့ အတွက် Blogဂါလို့ ကိုယ့်ကိုယ်ကို ပြော မိတာပါ။ :)


Blogစာ.. ဆိုတာကတော့ နဂိုကမှ စာတွေကို ကျွတ်ကျွတ်ဝါးစားသလို ဖတ်နေမိတာ. အခု ဘလော့ဂ်လေးရေးတော့ စာဖတ်ချိန်တွေ လည်း မလျှော့ နိုင်ပါဘူး။ ကိုယ့်ဘလော့ဂ်လေး အတွက်လည်း ကောင်းနိုးရာရာလေးတွေ ရှာဖွေဖတ်ရပါသေးတယ်။ မနက်အိပ်ရာနိုး လာရင် တစ်ညလုံး ဖတ်ထားတဲ့ စာအုပ်ပုံထဲကနေ တိုးဝှေ့ထွက်ရပါတယ်။ ကျွန်မရဲ့ စာအုပ်စင် လေး ဟာ လည်း စာအုပ်တွေကို မနား တမ်း သွင်းထုတ်နေ ရတော့တာပါဘဲ။ ရုံးလာ ရင် အရင်က ထမင်းချိုင့်လေးထည့်တဲ့ အိတ်ထက်နှစ်ဆလောက်ပိုကြီးတဲ့ လက်ဆွဲ အိတ် လေးထဲမှာ စာအုပ် ဘုစုခရုတွေက ထိုးထိုးထောင်ထောင်နဲ့ ပေါ့။ ရတဲ့ အားလပ်ချိန်လေး ဈာန်ဝင်စားချိန်မှာ ဘလော့ဂ်အတွက် စာလေးအလုအယက် ကောက်ရေးမိနေမိပါတယ်။ တစ်ဖက်ကလည်း အွန်လိုင်းက ဖတ်နေကျ စီနီယာများရဲ့ ဘလော့ဂ်တွေကိုလည်း ၀တ္တရားမပျက်သွား ဖတ် ပါသေးတယ်။ ဒါကြောင့် ကျွန်မ မပျက်မကွက်စာတွေနဲ့ နဘမ်းလုံးနေ ရလို့ Blogစာလို့ ခေါင်းစဉ်တပ်မိခြင်းရယ်ပါ။ :)


Blogနာ.. ဆိုတာကတော့ ဟဲ..ရိပ်မိနေလောက်ပြီ ထင်ပါတယ်။ ကျွန်မရဲ့ တစ်နေ့ကွန်ပြူတာ အသုံးပြုချိန်က ၁၂နာရီနီးပါးလောက် ရှိပါ တယ်။ ဒီ ၁၂နာရီမှာ စာရေးဘို့ အချိန်က တစ်နေ့ကို ၂နာရီလောက်ရပါတယ်။ ကျန် ၁၀နာရီကတော့ အလုပ်ကိစ္စအတွက် သုံးနေ ရတာပါ။ စာအုပ် တွေဖတ်၊ ဘလော့ဂ်မှာ စာတွေတင်၊ ကွန်ပြူတာမနားတမ်းပြူးကြည့်နဲ့ ကျွန်မရဲ့ စာကြည့် မျက်မှန်လည်း ပြီးခဲ့တဲ့လက ပါဝါတွေတိုးခဲ့ရပါပြီ။ ဇက်ကြောတွေ ထိုး၊ လက်ဆစ်တွေညောင်း၊ ခါးတွေကိုက်၊ ဈာန်ဝင်မိရင် ၀င်မိသလို ထိုင်ရာက မထတမ်းရေးတော့ ဆီးချုပ် ၀မ်းချုပ်တွေဖြစ်နဲ့ အင်း.. တစ်လဆို တော့ ဝေဒနာနဲ့ အသားတောင်ကျချင်နေပါပြီ။ ဒါကြောင့် နေမကောင်း ဖြစ်ချိန်တွေမှာ ငါတော့ ဘလော့ဂ်နာကျနေပြီလို့ ကိုယ့်ကိုယ်ကိုပြောမိပါ တယ်။ (ချောရေ.. ချောလည်း ဒီလိုဘဲ ဖြစ်တယ်လို့ ဘယ်သူမှမပြောဘူးနော်။ စိတ်ချ..) :)



တကယ်ပါ။ တစ်လဆိုတဲ့ အချိန်အတွင်းမှာ ကျွန်မဘလော့ဂ်လေးက နုနယ် လှပေမယ့် မွေးဖွား ထား ရသူအနေနဲ့ တကယ့်ကိုပီတိ ဖြစ်မိ ရပါ တယ်။ ကျွန်မရဲ့အချိန်တော်တော်များများမှာ ဒီဘလော့ဂ်လေး အတွက်ဘဲ စဉ်းစားနေမိပါတယ်။ ဒါကြောင့်ရှေ့က ရေးနေကြတဲ့ စီနီယာ ဘလော့ဂ်ဂါ များကို ချီးကျူးမိ၊ လေးစား၊ အားကျမိပါတယ်။ ဘလော့ဂ်တစ်ခု ကောင်းသ တင်း နဲ့ ရေရှည်ရပ်တည်ဘို့ဆိုတာ လက်တွေ့မှာ တော်တော် မလွယ်တဲ့ ကိစ္စ ဆိုတာ ကိုယ်တိုင် ရေးမှ သိရပါပြီ။ အရင်ကတော့ ဘလော့ဂ်တကာ မွှေနှောက်ပြီး စာတွေ ဖတ်ယုံ ဖတ်ခဲ့တာ။


အခုတော့ ……။

ကျွန်မလည်း ကြိုးစားရပါဦးမယ်။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

0 comments:

Post a Comment