
အချိန်က မနက်(၈)နာရီ ၀န်းကျင်လောက်။
နေခြည်နုနုလေးက မြက်ခင်းပေါ်ကို ဖြာကျနေတယ်။ ကျေးငှက်လေး တွေကလည်း ကျလွိ ကျလွိနဲ့ နံက်ချိန်ခါ တေးသံသာကို ဆိုညည်းလို့။ တိမ်ပြာ တွေနဲ့ အဆုပ်လိုက် အုံဖွဲ့နေတဲ့ မိုးကောင်းကင်ကြီးရဲ့အောက်မှာတော့ မြက်ခင်းစိမ်းစိမ်းနဲ့ ပဏာရလှတဲ့ ချစ်စဖွယ် အိမ်လေးတစ်လုံး ရှိနေတယ်။ မြက်ခင်းစိမ်း လေးရဲ့ အလယ်က ၀က်သစ်ချပင်ကြီးရဲ့ အောက်က သစ်သားခုံတန်းလေးရဲ့ ပေါ်မှာတော့ သားအဖနှစ်ယောက် ထိုင်နေကြတယ်။
အဖေဖြစ်သူ အဖိုးအိုက အသက် ၇၅နှစ်ခန့်။ ဘယ်ရီကက်(ပ)ခေါ်တဲ့ ဦးထုပ်ပျော့လေးကို ဆောင်း ထားပြီး သူ့ရဲ့လက်ထဲက ချယ်ရီသား တုတ် ကောက်ကတော့ မြက်ခင်းကိုထောက်လျှက်။ ငွေရောင် ဖွေးဖွေးဖြူနေတဲ့ ဆံစအချို့က ဦးထုပ်လွတ်တဲ့ နေရာ တွေမှာ ထိုးထိုးထောင်ထောင် ပြူထွက် လို့။ အဖိုးအိုက မျက်မှန်အောက်က ဝေသီနေတဲ့ မျက်ဝန်း အစုံနဲ့ ပျော်ရွှင်စွာနဲ့ ဟိုမှ သည်မှ ၀ဲပျံ နေတဲ့ လိပ်ပြာလေးတွေကို ငေးကြည့်လို့။
သားဖြစ်သူကတော့ အသက်(၃၅)နှစ် ၀န်းကျင်လောက်ရှိပြီ။ သူကတော့ လက်ထဲက မနက်ခင်း သတင်းစာကို စိတ်ပါဝင်စားစွာ ဖတ်နေလိုက် တာ များ အနားက ဖခင်အိုကိုတောင် ရှိတယ်လို့မထင်မှတ်တဲ့ ပုံစံမျိုးနဲ့။ အဖိုးအိုရဲ့ စိတ်ထဲမှာတော့ သားဖြစ်သူနဲ့ ဒီလို သာယာလှတဲ့ မနက်ခင်းမှာ စကား လက်ဆုံ ကျချင်နေမိတာ။ အနည်းဆုံး သားဖြစ်သူက ဖရိုဖရဲဖြစ်နေတဲ့ သူ့လည်စီးလေး ကို ပြင်ဝတ်ပေးနေစေချင်မိတာ။ အို..နောက်ဆုံး သတင်းစာ လေးကိုပဲ ဖြစ်ဖြစ် အသံထွက် ဖတ်ပြပေးမယ် ဆိုရင်တောင် သူက ကျေးဇူးတင်နေမိဦးမှာ..။ ခုတော့. ခုံတန်းရှည်လေး တစ်ခုမှာ အတူတူ ထိုင်နေရင်း က သားဖြစ်သူက ဟိုး ကမ္ဘာတစ်ဘက် ခြမ်း ဆီမှာ ရောက်နေသလိုမျိုး ခံစားနေရမိတယ်။
တစ်အောင့်နေတော့ အဖိုးအိုရဲ့ မျက်ဝန်းအစုံက ခြံထောင့်မှာ ရှိနေတဲ့ ပန်းခြုံတစ်ခုဆီကို ရောက် သွားတယ်။ ပန်းခြုံ လေးပေါ်မှာ တော့ စာဝါ ငှက် လေး တစ်ကောင်က ခုန်ဆွ ခုန်ဆွနဲ့။ နှုတ်သီး လေးတွေက အငြိမ်မနေပဲ ဟိုးထိုး သည်ဆွနဲ့။ ကျလွိ ကျလွိ နဲ့ အော်မြည်နေသံလေးက တိုးတိုး လေးပေမယ့် စူးစူးရှရှနဲ့။ ငှက်ကလေးကို စူးစူးစိုက် စိုက် ကြည့်နေတဲ့ အဖိုးအိုရဲ့ မျက်ဝန်း မှုန်မှုန် လေးတွေက ပြုံးယောင်သန်းသွားတယ်။ နောက်.. အဖိုးအိုရဲ့ အရေး အကြောင်းထနေတဲ့ နှုတ်ခမ်း ထောင့်စွန်းလေးက ကွေးကွေး လေးပြုံးသွားမိတယ်။ အဖိုးအိုက စာဝါငှက်လေးဆီက အကြည့်ကို မလွှဲဖယ်ပဲ သားဖြစ်သူကို မေးလိုက်လေတယ်။
“ သား.. အဲ့ဒါ ဘာငှက်လို့ ခေါ်သလဲ “
သားဖြစ်သူက ရုတ်တရက်မေးခွန်းထုတ်လာတဲ့ ဖခင်အို အသံကြောင့် လက်ထဲက ဖတ်လက်စ သတင်းစာကို ဘေးအသာချရင်း အရှေ့တူရှူက ငှက်ကလေးကို ကြည့်ပြီး ကြည့်ပြီး ဖြေလိုက် တယ်။
” ဒါ..စာဝါငှက်လေးလေ အဖေရဲ့..” လို့ပြောလိုက်ပြီး သူ့အာရုံက သတင်းစာဆီ ပြန်ရောက် သွားလေတယ်။

အဖိုးအိုက စာဝါငှက်ကလေးကို မျက်ခြေပြတ် မခံပဲ ဆက်ကြည့်နေတယ်။ စာဝါငှက်လေးကလည်း တစ်စက်မှ အငြိမ်မနေ။ ပန်းခြုံလေးပေါ်ကနေ မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာ ဟိုကြည့် သည်ကြည့် နဲ့ ခုန်ဆွခုန်ဆွ လုပ်နေပြန်တယ်။ အဖိုးအိုရဲ့ မျက်ဝန်းအစုံက စာဝါငှက်လေးကိုကြည့်နေရင်း ပြုံးရိပ် သန်းလာတယ်။ လက်ထဲက တောင်ဝှေးနဲ့ စာဝါငှက်လေးကို ညွှန်ပြရင်း ဒုတိယ အကြိမ် သား ဖြစ်သူကို ထပ်မံမေးလိုက်ပြန်တယ်။
“ သား.. အဲ့ဒါ ဘာငှက်လို့ ခေါ်သလဲ “
သားဖြစ်သူလည်း အဖိုးအိုရဲ့ ဒုတိယံမ္မိ ထပ်မေးလာတဲ့ မေးခွန်းကြောင့် အံ့သြသင့်သွားပြန်တယ်။
” ဟင်.. အဲ့ဒါ စာဝါငှက်ကလေးလေ။ ခုနလေးတင်ပဲ အဖေ့ကို ကျွန်တော် ပြောပြထားတယ်လေ”
သား ဖြစ်သူရဲ့ အဖြေက စိတ်မရှည်မှုတွေ လွှမ်းနေပေမယ့် အဖိုးအိုရဲ့ မျက်နှာပေါ်မှာ ပြုံးပန်းတို့ နောက်ထပ်တစ်ကြိမ် ထပ်မံ ဖူးပွင့် ပြန်တယ်။ သား ဖြစ်သူက မပြီးသေးတဲ့ သတင်းစာကို ဆက်ဖတ် နေပြန်တယ်။ အဖိုးအိုရဲ့ မျက်ဝန်းအစုံက စာဝါငှက်ကလေးရဲ့ နောက်ကို ထပ်ချပ်မကွာလိုက် နေဆဲ။
ဒီတစ်ခါတော့ စာဝါငှက်ကလေးက သူတို့ထိုင်နေတဲ့ ခုံတန်းနဲ့ မလှမ်းမကမ်းက မြက်ခင်းလေးရဲ့ အလယ်နားမှာရှိနေတဲ့ အလို အလျှောက် ရေဖြန်း တဲ့ ပိုက်လေးပေါ်မှာ သွားနားပြန်တယ်။ ပြီးတော့ ရေစပ်စပ်ရှိနေတဲ့ ရေအိုင်လေးထဲမှာ တောင်ပံလေးကိုဖြန့်လို့ ဆော့ကစားနေပြန်တယ်။ အဖိုးအို က မမှတ်မသုန် ကြည့်နေဆဲ ငှက်ကလေးရဲ့ မိခင်ငှက်မကြီးလို့ ထင်ရတဲ့ နောက်တစ်ကောင်က ရောက်လာပြန်တယ်။ သူတို့အချင်းချင်းနှုတ်သီးခြင်း တို့ထိပြီး ကျလွိ ကျလွိ နဲ့ အော်မြည် နေကြပြန်တာကိုကြည့် ပြီး အဖိုးအိုရဲ့ နှုတ်ခမ်း ထောင့်မှာ အပြုံးရိပ်တို့ တဖန် ခိုတွယ်လာပြန်တယ်။
အဖိုးအိုက သားဖြစ်သူကို တတိယအကြိမ်မြောက် ထူးမခြားနားမေးခွန်းကို ထပ်မေးမိလိုက် ပြန် တယ်။
“ သား.. အဲ့ဒါ ဘာငှက်လို့ ခေါ်သလဲ “
ထပ်ခါတလဲလဲ မေးလာတဲ့ အဖိုးအိုရဲ့ မေးခွန်းကြောင့် သားဖြစ်သူက ရုတ်တရက်ဒေါသထွက် သွားမိတယ်။ စိတ်တိုတိုနဲ့ ပစ်ချ လိုက်တဲ့ သတင်းစာ စာရွက်တွေက မြက်ခင်းစိမ်းပေါ်မှာ ပြန့်ကျဲ သွားတယ်။ စာဝါငှက်သားအမိလည်း လန့်ပြီး အဝေးကို ထပျံ သွားလေတော့တယ်။ သားဖြစ်သူရဲ့ နှုတ်က ဒေါသသင့်တဲ့ စကားလုံးတွေ ခုန်ပေါက်ထွက်လာတယ်။
” ဒီမေးခွန်းကိုပဲ ဘာလို့ ထပ်တလဲလဲ မေးနေရတာလည်း အဖေ။ ခုပဲပြောပြထားတဲ့ဟာ။ အဖေ မမှတ်မိလို့ မေးတယ်ဆိုရင်လည်း တစ်ခါပြောထား ရင် သေခြာမှတ်ထားမှပေါ့။ သတင်းစာလေး တောင် ဖြောင့်အောင်မဖတ်ရပါလားနော် “
သားဖြစ်သူရဲ့ တုန့်ပြန်မှုကြောင့် ဒီတစ်ခါတော့ အဖိုးအိုရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ ပထမနှစ်ကြိမ်ကလို အပြုံးတွေ ခိုတွယ်မလာနိုင် တော့ပါဘူး။ အဖိုးအိုက တုတ်ကောက်ကို အားပြု ပြီး ထိုင်ရာကနေ ထလိုက်တယ်။ ပြီးတော့ နှေးကွေးတဲ့ ခြေလှမ်းတစ်ရွေ့ရွေ့နဲ့ အိမ်ထဲကို တစ်လှမ်းချင်း လှမ်းဝင်သွားတော့တယ်။ သားဖြစ်သူကတော့ ဖခင်အိုရဲ့ နောက်ကျောကို တစ်ချက်ကြည့်လိုက်ပြီး မြက်ခင်းပေါ် ပြန့်ကျဲကျ နေတဲ့ သတင်းစာ ရွက်တွေကို စုစည်းကောက်ယူ လိုက်ပြီးတော့ ခုံတန်းလျား လေးပေါ်မှာ ပြန်ပြီး ထိုင်ကာ သတင်းစာကို ဖတ်နေပြန်တယ်။
တစ်ခဏ အကြာမှာတော့ အဖိုးအိုက အိမ်ထဲကနေ သားဖြစ်သူရှိရာ ခုံတန်းလျားလေးဆီသို့ တလှုပ်လှုပ် နဲ့ ပြန်ရောက်လာတယ်။ သူ့ရဲ့လက် ထဲ မှာတော့ သားရေဖုံး အညိုရောင်နဲ့ ဒိုင်ယာရီ စာအုပ် ဟောင်းလေးတစ်အုပ်။
အဖိုးအိုက သားဖြစ်သူရဲ့ နံဘေးမှာ ဖြေးနှေးစွာနဲ့ ၀င်ထိုင်လိုက်တယ်။ နောက်.. ဒိုင်ယာရီစာရွက်တွေကို တစ်ရွက်ခြင်း လှန်လျော ကြည့်နေတယ်။ သားဖြစ်သူက အဖေအိုရဲ့ ထူးခြားတဲ့ အပြုအမူ နဲ့ လက်ထဲက ဒိုင်ယာရီ စာအုပ်ကို ငေးကြည့်နေတယ်။ ဒီလို ကြည့် နေရင်း နေ့စွဲ တစ်နေ ရာ အရောက် မှာတော့ အဖိုးက သားဖြစ်သူကို…
” ဖတ်ကြည့် ..သား ” လို့ ပြောလိုက်တယ်။ သားဖြစ်သူက ဒိုင်ယာရီစာအုပ်ကို လှမ်းယူရင်း အဖိုးအိုရဲ့ မျက်နှာကို ဇဝေဇ၀ါနဲ့ ကြည့် လိုက်တော့…
” အသံကျယ်ကျယ်ထွက်ဖတ်ကွာ ” လို့ အဖိုးအိုက ပြောလာပြန်တယ်။
သားဖြစ်သူရဲ့ စာဖတ်သံက နံနက်ခင်းလေပြည်ထဲမှာ စည်းချက်ကျကျ ထွက်ပေါ်လာနေတယ်။
” … ဒီဇင်ဘာ ၂၃ ရက်။ သားရေ ဒီနေ့ဟာ ဖေဖေ့သားလေး ၄ နှစ်ပြည့် မွေးနေ့။ ဖေဖေတို့ မိသားစု တစ်နေ့လုံး အပြင်ထွက် လည်ကြတယ် ။ မလည်စဖူး အလည်ထူးလို့ သားက ပျော်နေရှာ တယ်။ နေ့လည်စာ စားပြီးမှာ ဖေဖေတို့တွေ ပန်းခြံတစ်ခုထဲမှာ သွားအနား ယူကြတယ်။ ဒီလိုနဲ့ ပန်းခြံထဲ မှာ ထိုင်နေကြတုန်း သားက မြက်ခင်းပေါ်မှာ …ခုန်ဆွ ….ခုန်ဆွ သွားနေတဲ့ စာဝါငှက် လေးတွေကို တွေ့ပြီး အရမ်းပျော်သွားတယ် ..”
သားဖြစ်သူရဲ့ မျက်ဝန်းတွေက ချက်ချင်းဆိုသလို ညို့မှိုင်းလာတယ်။ အသံထွက် ဖတ်ပြနေရင်းက တစ်ခဏ ရပ်ပြီး အဖိုးအိုကို လှမ်းကြည့် လိုက် တော့ နှုတ်ခမ်းထောင့်ကွေးလေး ပြုံးယောင် သမ်းနေတဲ့ ဖခင်အိုကြီးရဲ့ မျက်နှာကို တွေ့လိုက်ရတယ်။
” ဆက်ဖတ်ပါဦး သားရယ် ” လို့ သားဖြစ်သူကို မေးဆတ်ပြရင်း ပြောလိုက်တယ်။ သားဖြစ်သူက ဆက်ပြီးဖတ်လေတယ်။
“…ဖေဖေ ဒါကို ဘာငှက်လို့ခေါ်လည်းဟင် လို့ သားကမေးလာတယ်။ ဒါက စာဝါငှက်လေးတွေလေ သားရဲ့ လို့ ပြောလိုက်တော့ သားက တခစ်ခစ် ရယ်တယ်။ သားက မြက်ခင်းပေါ်မှာ ပြေးကစားလိုက် တအောင့်နေတော့ ဖေဖေ ဒါငှက်ကို ဘာငှက်လို့ ခေါ် လည်းဟင်လို့. ထပ်မေးပြန်တယ်။ ဒီလိုနဲ့ ဖေဖေ့ သား ကလည်း ဖေဖေ့ကို မမောမပမ်းမေး၊ ဖေဖေကလည်း မမောမပမ်းနိုင်ပဲ ပြန်ဖြေနဲ့။ ဒီမေးခွန်းနဲ့ ဒီအဖြေကိုပဲ ဖေဖေနဲ့ သား အပြန်အလှန် မေးနေ၊ ဖြေနေလိုက်ကြတာ အကြိမ်တွေများလွန်းလို့ ရေတွက်လို့ မမှတ်မိနိုင် လောက်အောင်ပါပဲကွယ် ။ သားရဲ့ မွေးနေ့အမှတ်တရ ဒီမေးခွန်းလေး တွေ ဖြေခွင့် ရတာ ဖေဖေ အတွက် တန်ဖိုး မဖြတ် နိုင်သလို ဘယ်သောအခါမှ မမေ့တော့ပါဘူး သားရယ်…”

ဒီစာကြောင်းလဲဆုံးရော သားဖြစ်သူလည်း ဆက်မဖတ်နိုင်ရှာတော့ပါဘူး။ အဖေအိုကြီးကို တင်းတင်း ကျတ်ကျတ် ပွေ့ဖက် မိရင်း နှုတ်မှလည်း ” အဖေ့ကို သားချစ်ပါတယ် အဖေရယ် ” … ” အဖေ့ကို သားချစ်ပါတယ် အဖေရယ် ” လို့ တတွတ်တွတ်ပြောရင်း ရှိုက်ကြီးတငင် ငိုနေမိတော့တယ်။ အဖေအို ရဲ့ အရေတွန့်လိပ်နေတဲ့ လက်တစ်စုံက တသိမ့်သိမ့် ငိုရှိုက် နေတဲ့သားဖြစ်သူရဲ့ ကျောကုန်းကို ဖွဖွညင်သာ ပွတ်သပ်ပေးနေတယ်။ အဖေအိုကြီးရဲ့ မျက်လုံးအိမ်ထဲမှာတော့ မျက်ရည်ကြည်တွေနဲ့ ပြည့်အိုင်ထွန်းလို့။
ဒါပေမဲ့ နှုတ်ခမ်းထောင့် ကွေးလေးကတော့ ဖခင်တစ်ယောက်ရဲ့ မေထ္ထာ စိတ်နဲ့ ပီပီပြင်ပြင်ပြုံး နေရှာတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်မတို့တွေဟာ မိဘတွေကို ချစ်ခင်လျှက်သားနဲ့ တစ်ခါတစ်ရံ စိတ်လွတ်လက်လွတ် ပြောမိလိုက်တာတွေ၊ သူတို့ကို ဂရုမထားဘဲ လျစ်လျူ ရှု လိုက်မိတာတွေ၊ သူတို့တွေရဲ့ ရင်တွေထဲမှာ ဘယ်လောက် များတောင်ခံစား နာကျင် နေလိုက် မလည်း ဆိုတာ နားလည် သိတတ်ဖို့ တကယ့်ကို လိုအပ် လှပါတယ်နော်။ အိုမင်းမစွမ်းလာတဲ့ မိဘတွေ အတွက် အလိုအပ်ဆုံးက သားသမီးတွေရဲ့ နွေးထွေးတဲ့ယုယမှု၊ အကြင်နာနဲ့ နားလည်ပေး မှုတွေပါဘဲ။ ဒါကြောင့် မိဘတွေကို သူတို့ အသက်တွေ ရှင်သန်ခွင့်ရနေချိန်မှာ တဖန်ပြန်ပြီး နွေးထွေးတဲ့ မေထ္ထာတွေ ပေးကြရ အောင်လားရှင်။

လွန်ခဲ့တဲ့ ၆လလောက်က အစ်မကဲ့သို့ခင်မင်ရသူ မမိုးမိုးဆီက မေးလ်တစ်စောင်ရခဲ့ပါတယ်။ မမိုးမိုးက မေးလ်တွေပို့ခဲသူပါ။ ဒါပေမဲ့ သူပို့ရင်လည်း ထူးခြားတဲ့ မေးလ်မျိုး ဖြစ်နေတတ်လို့ ဂရုတစိုက် ကြည့်လိုက်တော့ Video Clip လေးတစ်ခု ဖြစ်နေပါတယ်။ အလွန် ဆုံးရှိမှ ငါးမိနစ် စာလောက်လေးပါ။ ရုရှက ဒါရိုက်တာ တစ်ဦီး ရိုက်တာလို့ထင်ပါတယ်။ ကျွန်မ အမှတ် မမှားဘူးဆိုရင် Titleလေးက The Sparrow လို့ထင်မိပါတယ်။ တင်ပြပုံ၊ ကင်မရာရိုက်ချက်တွေ ကောင်းလွန်းလို့၊ သရုပ်ဆောင်သူ အဖိုးအိုရဲ့ အမူအရာက ပီပီ ပြင်ပြင်နဲ့ ရင်ထဲကို ထိလွန်းလို့ တစ်ထိုင်ထဲ ငါးခါလောက် ကြည့်မိပါတယ်။ ကြည့်ပြီး ပြီးချင်းလည်း မမိုးမိုးကို ကျေးဇူး တင်ကြောင်း စာချက်ချင်း ပို့ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာ ကျွန်မစက်ထဲမှာ သိမ်းထားတဲ့ ဒီဖိုင်လေး ပျောက်သွားခဲ့ ပါတယ်။ ဇာတ်လမ်းက လွဲလို့ ဇာတ်ကားအမည် နဲ့ ဒါရိုက်တာ တစ်ခုမှ မမှတ်မိ တော့ပါဘူး။ အခု မှတ်မိသလောက်ကို အတတ်နိုင် ဆုံး ပြန်စဉ်းစားပြီး ပုံဖော် ရေးထားခြင်းပါ။ ဒီ Video Clip လေးကို ကြည့်ဖူးသူများ ဒီပို့(စ်)လေးဖတ်ပြီး အဆင်မပြေဖြစ်ခဲ့ရင် မြသွေးနီရဲ့ အားနည်း ချက်ပါလို့ ကြိုတင် အယူခံဝင်ထားပါရစေရှင်။ Video Clipလေးကို မျှဝေပေးတဲ့ မမိုးမိုး ကိုလည်း ဒီနေရာ ကနေ ကျေးဇူးမှတ်တမ်း တင်ချင်ပါတယ်ရှင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ







